ဒီလန်တောမတ်စ်၊ အိုစစ် မင်ဒယ်လ်စတန်းနဲ့ နှစ်ဆယ့်တစ်ရာစု စောဝေရဲ့ အာဏာရှင် ဆန့်ကျင်ရေး LG ကဗျာ
ငြိမ်းဝေ | ဖေဖော်ဝါရီ ၁၁၊ ၂၀၀၈
(၁)
၂၀၀၈ ခုနှစ် ဇန်နဝါရီလ (၂၃)ရက်နေ့ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်းကိုကြားစဉ်တုန်းက ကျနော်ဟာ ထိုင်းနိုင်ငံ နို့ဖိုးဒုက္ခသည်စခန်းမှာရောက်နေတဲ့အခိုက်ပါ။ ဆရာ “စောဝေ” အဖမ်းခံရတဲ့ သတင်း ဟာ နို့ဖိုးဒုက္ခသည်စခန်းမှာ တော်တော်လေး လှုပ်ရှားသွားစေခဲ့ပါတယ်။
ဘာပြုလို့လည်းဆိုတော့ အဲဒီနေ့မတိုင်ခင်တရက် ဇန်နဝါရီလ (၂၂)ရက်နေ့ညမှာပဲ ဒုက္ခသည်စခန်း လူထု စည်းဝေးခန်းမ ဆောင်ထဲမှာ လူတထောင်နီးပါးတက်ရောက်တဲ့ စာပေဟောပြောပွဲလုပ်ခဲ့ကြတာဆိုတော့ စခန်းထဲက စာပေချစ်သူတွေ၊ စာပေစိတ်နိုးကြားနေတဲ့အခိုက် ကဗျာဆရာ “စောဝေ” ရဲ့ သတင်းကိုကြားလိုက် ရတာပါ။ ပြီးတော့ ဆရာ “စောဝေ” ရဲ့ ကဗျာကလည်း တကယ့်ကို နည်းပရိယာယ်ပြောင်မြောက်လွန်းတော့ ကြားရတဲ့သူ ဘယ်သူမဆို စိတ်မဝင်စားဘဲကို မနေ နိုင်လောက်အောင် စိတ်လှုပ်ရှားခဲ့ကြရတယ်ဆိုပါတော့။
ကျနော့်အဖို့တော့ ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း၊ ကဗျာဆရာ “စောဝေ” ရဲ့ ကဗျာ ...၊ စဉ်းစားစရာတွေ၊ နည်းနာယူစရာတွေ၊ သုံးသပ်ချက်တွေနဲ့ တချိန်လုံး စိတ်အလုပ်လုပ်ခဲ့ရပါတယ်။
ကဗျာဆရာ “စောဝေ” အဖမ်းခံရတဲ့သတင်း ကျနော်မကြားရသေးခင် အဲဒီနေ့မနက်ပိုင်းက ဒုက္ခသည်စခန်း ရပ်ကွက်(၄) အထက်တန်းကျောင်းမှာ စာပေဝါသနာရှင်တဦးက LG ကဗျာ ( Language Poetry) နဲ့ ပတ်သက်ပြီး မေးမြန်းဆွေးနွေးခဲ့တာ ကျနော်ပြန်ပြီး တွေးမိပါတယ်။ ဒီတုန်းက ကျနော်တို့က LGကဗျာနဲ့ ပတ်သက်ပြီး အချိန်တိုအတွင်းတတ်နိုင်သလောက် ပြန်လည်ရှင်းပြခဲ့ကြပါတယ်။ ညနေပိုင်းကြတော့ ကဗျာဆရာ “စောဝေ” ရဲ့သတင်းကို ကျနော်ကြားရပါတယ်။
ကဗျာဆရာ “စောဝေ” က စစ်အစိုးရ ခေါင်းဆောင်ကို သရော်လှောင်ပြောင်ရှုံ့ချတဲ့ ကဗျာရေးလို့ အဖမ်းခံရ တာပါတဲ့။ ဒါနဲ့ ဆရာ “စောဝေ” ရဲ့ကဗျာကို ဆက်ပြီးစုံစမ်းတော့ သူ့ရဲ့နာမည်ကျော် “ဖေဖော်ဝါရီဆယ့်လေး” ကဗျာကို ကျနော်ဖတ်ရ တာပါပဲ။ ဒီကဗျာကို ဖတ်လိုက်ရတယ်ဆိုရင်ပဲ မနက်ခင်းတုန်းက စာပေစကားဝိုင်းမှာ LG ကဗျာအကြောင်း ပြောခဲ့ကြတာ ချက်ချင်း သတိရလိုက်ပါတယ်။ လက်စသတ်တော့ ဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင် ရေးကဗျာက LG ကဗျာ အမျိုးအစား ဖြစ်နေတာပဲကိုး။
LG ကဗျာရဲ့အခြေခံအချက်တွေထဲမှာ ဘာသာစကားကို သူ့နဂိုဖွဲ့စည်းပုံအတိုင်းမဟုတ်ဘဲလိုသလိုအသုံးပြုတဲ့ နည်းလဲ တခုအပါအဝင်ဖြစ်တော့ ဆရာ “စောဝေ” ရဲ့ ကဗျာဟာ LG ကဗျာအမျိုးစားနဲ့ အကျုံးဝင်တဲ့ကဗျာဖြစ် နေတော့တာပေါ့။ ကျနော် အရမ်းကျေနပ်မိပါတယ်။ အာဏာရှင်ဆန့်ကျင်ရေးကဗျာ။ ဆရာ “စောဝေ” ရဲ့ LG ကဗျာ။ မော်ဒန်ကဗျာဆရာ “စောဝေ” ရဲ့ အာဏာရှင်ဆန့်ကျင်ရေး LG ကဗျာ။
(၂)
၁၉၉၂ ခုနှစ်က စပြီး ပြည်ပကိုရောက်လာတဲ့အချိန် အခြေအနေပေးရင်ပေးသလောက် နိုင်ငံတကာကဗျာတွေ ကို ကျနော် အပတ်တကုတ်လိုက်ရှာ၊ လိုက်ဖတ်ခဲ့ပါတယ်။ အထူးသဖြင့် အာဏာရှင်နိုင်ငံတွေက ကဗျာတွေ၊ အာဏာရှင်စနစ် လက်အောက်မှာ ရှိခဲ့ကြတဲ့၊ ရှိနေဆဲလည်းဖြစ်တဲ့နိုင်ငံတွေက ကဗျာတွေ၊ ပြီးတော့ အာဏာ ရှင်ဆန့််ကျင်ရေး ကဗျာတွေကို ပိုပြီး အာရုံစိုက်လေ့လာ ခဲ့ပါတယ်။
ဒီလိုနဲ့ ဗြိတိသျှကဗျာဆရာ “ဒီလန်တောမတ်စ်”ကို ကျနော်တွေ့တာပဲ။ ရုရှားက “အိုစစ် မင်ဒယ်လ်စတန်း” ကို ကျနော်တွေ့ ရတာပဲ။ သူတို့နှစ်ယောက်က အာဏာရှင်ဆန့်ကျင်ရေးကဗျာရေးခဲ့ကြတာချင်းတူတဲ့အပြင် သူတို့ အသုံးပြုတဲ့ “အာဏာရှင် ကိုယ်စားပြုသင်္ကေတ” ကြတော့လည်း တူကြတာဖြစ်လို့ သူတို့နှစ်ယောက်ကို ကျနော် ပိုပြီး စိတ်ဝင်စားခဲ့မိတာပါ။ ဗြိတိသျှ ကဗျာဆရာ “ဒီလန်တောမတ်စ်”က သူ့ရဲ့ အာဏာရှင်ဆန့်ကျင်ရေး ကဗျာ ထဲမှာ အခုလိုရေးပါတယ်။
“မင်းတရား လက်ငါးချောင်းက
အသက်ရှူမှုကို အခွန်ခွဲကြရဲ့”
“လက်များမှာ
ယိုစီးစရာ မျက်ရည်မရှိချေဘူး”
ဒီကဗျာ (၂)ပိုဒ် ဟာ “ဒီလန်တောမတ်စ်” ရဲ့ “စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ မြို့ကိုဖျက်တယ်” ကဗျာ ထဲက လိုအပ်တဲ့ အပိုဒ် (၂) ပိုဒ် ကိုပဲ ယူပြီး ဖော်ပြလိုက်တာပါ။ “လက်ချောင်း” တွေကို အာဏာရှင်ကို ကိုယ်စား ပြုတဲ့ “သင်္ကေတ” အဖြစ် အသုံးပြုသွားတာတွေ့ကြရမှာပါ။
နောက်ထပ်ပြီး ရုရှားက ရဟူဒီကဗျာဆရာ “အိုစစ် မင်ဒယ်လ်စတန်း” ရဲ့ “မဟာခေါင်းဆောင်ကြီး စတာလင်” ကဗျာထဲက ကဗျာတပိုဒ်ကို ဖတ်ကြည့်ပါ။
“သူ့ရဲ့တုတ်ခိုင်လှတဲ့ လက်ချောင်းဆယ်ချောင်း
သူ့စကားတွေဟာ အလေးချိန်တိုင်း ကိရိယာတွေပါပဲ”
ဒီမှာလည်း “အိုစစ် မင်ဒယ်လ်စတန်း” က လက်ချောင်းတွေကို “အာဏာရှင်ကိုယ်စားပြုသင်္ကေတ” အဖြစ် အသုံးပြုသွားတာ တွေ့ကြရမှာပါ။
ဒီနေရာမှာ ပြောစရာတခုရှိတာက “ဒီလန်တောမတ်စ်” နဲ့ “အိုစစ် မင်ဒယ်လ်စတန်း” တို့ နှစ်ယောက်စလုံးဟာ အာဏာရှင် တွေရဲ့ ဖိနှိပ်ကန့်သတ်ချုပ်ချယ်မှုတွေနဲ့လွတ်အောင် တမင်ဖန်တီး တီထွင်တဲ့အနေနဲ့ “လက်ချောင်း” တွေကို “အာဏာရှင် ကိုယ်စားပြုသင်္ကေတ” တွေအဖြစ် အသုံးပြုခဲ့ကြတာ မဟုတ်ဘူးဆိုတဲ့ အချက်ပါပဲ။ သူတို့ ခေတ်တုန်းက ဘယ်စာပေ စိစစ်ရေးမှလည်း မရှိသေးပါဘူး။ ဒါပေမယ့် သူတို့ သင်္ကေတအသစ် ဖန်တီးပြီးရေး ခဲ့ကြပါတယ်။
ဒီနောက်ပိုင်းကြတော့ အာဏာရှင်တွေဟာ စာပေလောကကို မျက်လုံးဒေါက်ထောက်ပြီးကြည့်ကြ၊ သူတို့ကို ဆန့်ကျင် တယ်လို့ ထင်ရတဲ့စာပေတွေကို ဖြတ်ကြတောက်ကြ ပိတ်ပင်ကြ။ ရေးတဲ့ စာရေးဆရာ၊ ကဗျာဆရာ တွေကို ဒုက္ခပေးကြ ဆိုတော့ စာရေးဆရာတွေ ကဗျာဆရာတွေဟာ အာဏာရှင်တွေရဲ့ရှေ့မှောက်မှာ ကိုယ်ရောင် ဖျောက်ပြီး လမ်းလျှောက်နိုင် တဲ့ကဗျာအမျိုးအစားတွေကို တီထွင်လာခဲ့ကြပါတယ်။
ဒီလိုနဲ့ အုပ်စိုးသူနဲ့ ကဗျာဆရာတွေ ဥာဏ်ချင်းပြိုင်တဲ့ခေတ်ကြီးတခေတ် ပေါ်လာခဲ့ပါတယ်။ အဲသလို ခေတ်ဆိုး၊ ခေတ်ပျက်၊ ခေတ်ကြပ်ကြီးကပဲ ကဗျာဆရာ“စောဝေ”ဆိုတဲ့ ဥာဏ်ကြီှးရှင် ကဗျာဆရာတယောက်ကို မွေးထုတ် လိုက်တာပဲလို့ ဆိုရပါလိမ့်မယ်။
(၃)
ဖေဖော်ဝါရီဆယ့်လေး
အာရင်ဘက်က ပြောတယ်
နာနာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
ကြီးတောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ ။ ။
ဆရာ “စောဝေ” ရဲ့ “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ စာကြောင်းရေ (၈)ကြောင်းနဲ့ ဖွဲ့စည်းထားတဲ့ကဗျာပါ။ ဖော်ပြဖို့ ပို့ထားတဲ့ ဂျာနယ်ကလည်း အချစ်ဂျာနယ်ပါ။ စာပေစိစစ်ရေးက ဦးစားပေးခံရ၊ တစုံတရာ အခွင့်အရေး ပေးခံရတဲ့ ဂျာနယ်ပါ။ တနည်းအားဖြင့် အုပ်စိုးသူရဲ့ လစ်ဟာနေတဲ့ နေရာတနေရာ၊ အပါးဆုံးနေရာသဘောပါ။ ဒီိလို ဂျာနယ်၊ ဒီလို နေရာမျိုးကိုမှ ဆရာ “စောဝေ” က ရွေးချယ်ခဲ့တာပါ။ ဒီလို အပါးဆုံးနေရာကိုထိုးတော့ အလွယ်တကူနဲ့ ပေါက်တော့တာပေါ့။ အလွယ်တကူ နဲ့ပဲ စာပေ စိစစ်ရေးရှေ့က ရင်ကော့ပြီးလမ်းလျှောက် လာနိုင်ခဲ့တာပေါ့။
ပြီးတော့ စာကြောင်းတကြောင်းချင်းစီကလည်း ဘာနိုင်ငံရေးမှ မပါ။ ဘာဘဝသရုပ်ဖော်မှ မပါ။ အချစ်သက်သက်ရေးဖွဲ့မှု။ ဆိုတော့ ... “ဖေဖော်ဝါရီဆယ့်လေး” ကဗျာဟာ စာဖတ်သူတွေရဲ့ရှေ့ကို အလွယ် တကူပဲ ရောက်လာနိုင်တော့တာပေါ့။ ဒါပေမယ့် ဆရာ“စောဝေ” က ဒီကဗျာမှာ ဘာသာစကားကို အသုံးပြုထားပေမယ့် သမားရိုးကျ ဘေးတိုက်ဖတ်တဲ့နည်းကို ရှောင်ပြီး ဒေါင်လိုက် အထက်ကအောက် တလုံးချင်းစ်ီဖွဲ့စည်း အသုံးပြုတဲ့ LG နည်းကို အသုံးပြုလိုက်ပါတယ်။
ဒီလိုနဲ့ ဆရာ“စောဝေ” ရဲ့ကဗျာဟာ ပစ်မှတ်ကိုအသေအချာထိမှန်သွားနိုင်လို့ “သမိုင်းဝင်ကဗျာ တပုဒ်” ဖြစ်ခဲ့ရပါတော့တယ်။ နောင်အခါ ကျနော်တို့ လူမျိုး ကျနော်တို့နိုင်ငံရဲ့သမိုင်းမှာ အင်မတန်အောင်မြင်ထိရောက်တဲ့ အာဏာရှင်ဆန့်ကျင်ရေး ကဗျာတပုဒ်အဖြစ် ကဗျည်းထိုးရမယ့်ကဗျာ ဖြစ်လာခဲ့ပါတယ်။
အာဏာရှင်ကြီးစိုးတဲ့ခေတ်မှာ အာဏာရှင်တွေနဲ့ ဥာဏ်ချင်းယှဉ်ပြိုင်ရတဲ့အလုပ်ကို ကဗျာဆရာတွေ အခုလို တပျော်တပါး ကြီး ဝင်ရောက်ဆင်နွှဲနေကြတဲ့ခေတ် ဘယ်တုန်းကမှ မရှိခဲ့သေးဘူး။ ရှိတယ်ဆိုရင်လည်း ဒီခေတ် လောက် မပြင်းထန် ခဲ့ပါဘူး။ ဒါ့အပြင် အာဏာရှင်တွေကို နားရွက်တံတွေးစွတ်တဲ့ကဗျာ၊ အမြီးလိမ်ချိုး တဲ့ ကဗျာ၊ ညို့သကျည်း ဆောင့်ကန်တဲ့ ကဗျာ မျိုးတွေဆိုတာလဲ ဒီခေတ်လောက် ဘယ်ခေတ်မှာမှ မရှိခဲ့သေးပါဘူး။
ဆရာ “စောဝေ” လို ကဗျာဆရာ၊ စာရေးဆရာတွေဟာ၊ အာဏာရှင်စနစ်ပြိုကျ ပျက်စီးသွားတဲ့အထိ ကဗျာ လက်နက်အသစ် တွေ တီထွင်သထက် တီထွင်ကိုင်ဆွဲ တိုက်ပွဲဝင်ကြလိမ့်မယ် ဆိုတာကို ကျနော် သံသယမရှိ ယုံကြည်နေမိပါတယ်။ ။ [Top]
ကိုးကား။ ။ မောင်သာနိုးရဲ့ “ထင်းရှူးပင်ရိပ်”
SELECTED POEMS : OSIP MANDELSTAM
ဇေယျာလင်းရဲ့ LANGUAGE POETRY
|