ရသလွင်ပြင်
အာလူးဟင်း
ခိုင်မာကျော်ဇော | ဇူလိုင် ၄၊ ၂၀၀၇
“အမေ အာလူးဟင်းတွေ အများကြီးထည့်ပေးလိုက်တယ်”
ဖိုးချဲအသံကို ထရံပေါက်က သူ အတိုင်းသား ကြားနေရတယ်။ ဖိုးချဲက သူ ကြားအောင် တမင်အော်ပြောလိုက်တာလား။ သူ့ထုံးစံအတိုင်း ကြွားလုံးထုတ်တာပဲလားတော့ မသိ။ ဒီနေ့ ‘သူ’ ကြားလိုက်ရတဲ့ ဖိုးချဲအသံက အရင်နေ့တွေထက် ပိုကျယ်တယ်။
ဖိုးချဲကို တွေ့စက အသားမည်းမည်း သွားကျဲကျဲနဲ့မို့ သူ ဘယ်လိုမှ ကြည့်မရခဲ့။ စွာကျယ်စွာကျယ်နဲ့ အကြွားလည်းသန်တာမို့ ဖိုးချဲကို သူ ကြည့်မရတာလည်း ပါတယ်။ ကျောင်းဖွင့်စက အင်္ကျီအဖြူနဲ့ ဘောင်းဘီအပြာ။ ကျောင်းဝတ်စုံအသစ်နဲ့ ဖိုးချဲက သူတို့အားလုံးကို ကြွားလုံးထုတ်ခဲ့ဖူးတာကို သူ အမှတ်ရနေသေးတယ်။ အဲဒီဝတ်စုံဟာ အသားမည်းမည်း၊ သွားကျဲကျဲ၊ ပုလုံးပြီး မျက်လုံးပြူးတဲ့ ဖိုးချဲနဲ့ ဘယ်လိုမှ မလိုက်ဖက်ဘူးလို့ သူထင်တယ်။
ဒါပေမယ့် သူတို့အားလုံးထဲမှာ ဖိုးချဲက အထောဆုံး။ ဖိုးချဲမှာ ဖိနပ် ၃ ရန်ရှိတယ်။ ကာတွန်းရုပ်တွေပါတဲ့ အင်္ကျီတွေ ရောင်စုံရှိတယ်။ ထမင်းဘူး လှလှလေးတွေ ရှိတယ်။ အဲဒီ ထမင်းဘူးလှလှလေးတွေထဲ ဟင်းကောင်းကောင်းတွေ ထည့်ပြီး ကျောင်းကို ယူလာခဲ့လို့ပဲ သူနဲ့ဖိုးချဲ ခင်ခဲ့ရတယ်။
ဂါးဂါးနဲ့ ဖက်တီးလည်း ထမင်းဘူးတွေ ပါတာပဲ။ သူတို့ဟင်းတွေက ဖိုးချဲဟင်း လောက်တော့ မကောင်းဘူးပေါ့။ ဒါကြောင့်လည်း သူတို့အားလုံးက ဖိုးချဲ ထမင်းဘူးဆို စိတ်ဝင်စားကြတယ်။ ဖိုးချဲ ထမင်းဘူးထဲ ဘာဟင်းတွေ ထည့်လာမလဲလို့ တထိတ်ထိတ်နဲ့ မျှော်ရတာလည်း အမောပါပဲ။
ဒီနေ့မှပဲ နေ့လယ်ထမင်းစားဆင်း ခေါင်းလောင်းက ထိုးတာနောက်ကျနေတယ်။ အတန်းထိပ်က တိုင်ကပ်နာရီကြီး ဓာတ်ခဲ ကုန်သွားပြီလား၊ နာရီကြီးဟာ လိပ်ကြီးတကောင် အိပ်နေသလို မလှုပ်မယှက် ငြိမ်သက်နေတယ်။ ဆရာမကို အချိန် မေးတော့ ဆရာမက သူ့လက်ထဲက နာရီသေးသေးလေးကိုတလှည့် တိုင်ကပ်နာရီကြီးကို တလှည့် ၃-၄ ကြိမ် ကြည့်ပြီးမှ ၁၅ မိနစ်လိုသေးတယ်လို့ သူ့ ကိုပြောတယ်။
၁၅ မိနစ်ဆိုတဲ့အချိန်ဟာ ဒီနေ့မှ ပိုကြာနေသလား။ သူ စိတ်တွေ ယောက်ယက်ခတ်နေတယ်။ စာရေးလည်း စိတ်က မဖြောင့်။ မှားလိုက်၊ ဖျက်လိုက်၊ ရေးလိုက် လုပ်ရလွန်းလို့ ခဲတံဖျားက ပြားကပ်နေတဲ့ ခဲဖျက်လက်ကျန်လေးလည်း မည်းညစ်ကုန်ပြီ။ ဖျက်တာတွေများလွန်းလို့ စာရွက်လည်း ပေါက်ပြဲသွားပြီ။ သူ့စိတ်တွေ ယောက်ယက်ခတ်နေတာကို ဖိုးချဲသိမှာ သူ ကြောက်တယ်။ သူ ဘာဖြစ်နေတယ်ဆိုတာကိုတော့ အယ်လေးနဲ့ ဂါးဂါး ရိပ်မိဟန်တူတယ်။
အယ်လေးက သူ့ကို စကားခေါ်တယ်။
“အိသာ ဒီနေ့ ငါတို့ အတူတူ ထမင်းစားကြရအောင်”
သူ အရမ်းကိုပျော်သွားတယ်။ ဒါပေမယ့် သူ ဘာမှပြန်မပြောခဲ့။ သူ ပျော်တာကို ဖိုးချဲကို မသိစေချင်ပါ။ ဖိုးချဲ ဘာပြောမလဲဆိုတာတော့ သူအရမ်း သိချင်တယ်။
“အေး ဒီနေ့ တို့အားလုံး ထမင်း အတူတူစားကြမယ်”
သူ ထခုန်မိမတတ် ပျော်သွားတယ်။ ဖိုးချဲပြောတဲ့ တို့အားလုံးထဲမှာ သူလည်းပါတယ် မဟုတ်လား။ သူတို့ ပြောပြောနေတဲ့ တို့အားလုံးဆိုတာ ‘ဖိုးချဲ၊ အိသာ၊ ဂါးဂါး၊ ပဒို၊ အယ်လေးနဲ့ ဖက်တီး’တို့ကို ပြောတာပါ။
သူတို့ ၆ ယောက်က တတိယတန်းမှာ တပူးပူး တတွဲတွဲ။ သူတို့အားလုံး မဲဆောက်မြို့စွန်က အလယ်တန်းကျောင်း တကျောင်းမှာ ပညာသင်ကြားနေတာပါ။ ဖိုးချဲ၊ ဂါးဂါးနဲ့ ဖက်တီးတို့က အိမ်ကနေ ကျောင်းတက်ကြပြီး အိသာ၊ ပဒိုနဲ့ အယ်လေးတို့က ကျောင်းအိပ်ကျောင်းစား အဆောင်နေ ကျောင်းသားတွေပါ။
ဖိုးချဲနဲ့ ဂါးဂါးက ရပ်ကွက်တခုတည်းက ခြေရင်းခေါင်းရင်း သူငယ်ချင်းတွေ။ သူတို့ထဲမှာ အသံသြတဲ့ အောင်အောင်ဦးကို ‘ဂါးဂါး’။ အသက်အငယ်ဆုံး အကောင်အသေးဆုံး အယ်ကော်ထူးကို ‘အယ်လေး’။ အသားဖြူဖြူ ၀၀တုတ်တုတ်နဲ့ နိုင်ရဲထွန်း ကိုတော့ ‘ဖက်တီး’။ ပဒို နာမည်က စောမူးသာ။ မူးသာ ပဒိုရူး ရူးနေတာ ကြာပြီ။ ကေအန်ယူ ပဒိုခေါင်းဆောင်တယောက် ရွာကို ရောက်လာတဲ့အချိန်ကစပြီး မူးသာ ပဒိုရူး ရူးနေခဲ့တာ။ ဖိုးချဲရဲ့ နာမည်ရင်းက ဝေလင်း။ ဒါပေမယ့် ဝေလင်းဆိုတဲ့ နာမည်ကို အိမ်မှာလည်း မခေါ်။ ကျောင်းမှာလည်း မခေါ်။ မိဘတွေရော ဆရာ ဆရာမတွေရော။ သူငယ်ချင်းတွေကပါ ဖိုးချဲလို့ပဲ ၀ိုင်းခေါ်ကြတယ်။
သူ့ နာမည်ကတော့ အိသာ။ ကရင်လိုဆိုရင်တော့ (ဆား) လို့ အဓိပ္ပာယ်ရတယ်။ သူ့ကို မွေးပြီး မီးတွင်းထဲမှာ အမေက ထမင်းနဲ့ ဆားပဲ စားခဲ့ရလို့ အိသာလို့ မှည့်ခဲ့တာတဲ့။ အရင်ကတော့ အိသာဆိုတဲ့ နံမည်ကို သူ သဘောမကျ။
သူ့ကို အိသာလို့ ခေါ်ရင် သူအားကြီး စိတ်ဆိုးတယ်။ “ဆားဆိုတာ လူတွေအတွက် မရှိမဖြစ် အရေးပါတယ်။ အိသာဆိုတာ အရေးပါတယ်။ အရာရောက်တယ်။ ငါ့သားကို အမေက အရေးပါ အရာရောက်တဲ့လူ တယောက်ဖြစ်စေချင်တယ်”
အမေ ဒီလို ရှင်းပြတော့မှ အိသာဆိုတဲ့ နာမည်ကို သူ သဘောကျခဲ့တာ။
သူတို့ကျောင်းမှာ တိုင်းရင်းသားလူမျိုးတွေ တော်တော်စုံတယ်။ သူတို့ ၆ ယောက်ထဲမှာကို ပဲကြည့်လေ။ သူနဲ့ ပဒိုက ကရင်။ အယ်လေးက ကရင်-ပအို့ဝ်။ ဖက်တီးက မွန်။ ဖိုးချဲက ဗမာ-ရခိုင်။ ဂါးဂါးက ရှမ်း-တရုတ်။
သူတို့ ၆ ယောက်က လူမျိုးစုံသလို သူတို့ မိဘတွေရဲ့ အလုပ်အကိုင်ကလည်း အမျိုးစုံတယ်။ အယ်လေး အဖေနဲ့အမေက မဲဆောက်မြို့စွန်က နှင်းဆီခြံမှာ စိုက်ပျိုးရေး အလုပ်ကို လုပ်တယ်။ အယ်လေး အမနဲ့အကိုက မြို့ထဲက စက်ချုပ်ရုံမှာ။ အယ်လေးတို့က မောင်နှမများတယ်။ ကျောင်းအုပ်ဆရာမကြီးနဲ့လည်း ဆွေမျိုးနီးစပ်တော်တယ်။ အဲ့ဒါကြောင့်လည်း အယ်လေးကို ကျောင်းအိပ်ကျောင်းစား အပ်ထားတာတဲ့။
ဂါးဂါး အဖေနဲ့ အမေက ဆမ်လော့တစီးနဲ့ မဲဆောက်မြို့ထဲ စက်ရုံအလုပ်သမားတွေကို ဟင်းချက်ရောင်းတယ်။ ရာသီပေါ် အသီးအနှံတွေလည်း ရပ်ကွက်ထဲမှာ လှည့်ရောင်းတယ်။
ဖက်တီးအဖေက ကားဝပ်ရှော့က အလုပ်သမား။ ဖက်တီး အမေအကြောင်းတော့ သူတို့ ကောင်းကောင်းမသိ။ ဖက်တီးတို့ သားအဖကိုထားပြီး ဘန်ကောက်မှာ အလုပ်သွားလုပ်တာ။ အလုပ်ရှင်နဲ့ညားပြီး ပြန်မလာတာလို့တော့ ကြားဖူးတယ်။ ဒီအကြောင်းကို သူတို့ ဖက်တီးကို တခါမှ မမေးခဲ့။ ဖက်တီးကို သူတို့ မေးလည်း မမေးရက်ပါ။
ဖိုးချဲ အဖေက နေ့စား ပန်းရန်အလုပ်သမား။ ဖိုးချဲ အမေကတော့ ပုံမှန် အလုပ်မရှိ။ ရပ်ကွက်ထဲလှည့်ပြီး ၃-၄ ရက်ခြား
အ၀တ်လျှော်တဲ့အလုပ်ကို လုပ်တယ်လို့ ဖိုးချဲက သူတို့ကို ပြောပြဖူးတယ်။ ဖိုးချဲအမေ ပုံမှန်လုပ်တဲ့ အလုပ်ကတော့ ချဲတွက်တာပဲ။ ဖိုးချဲကိုလည်း ချဲတွက်ရင်း မွေးခဲ့တာမို့ ဖိုးချဲလို့ အမည်ပေးခဲ့တာတဲ့။ ဖိုးချဲရဲ့ စာအုပ်တွေထဲက သုံးလုံးတွဲ ဂဏန်းတွေဟာ ဖိုးချဲ အမေ လက်ရာတွေပါ။ အလယ်ခေါင် စာရွက်တွေ ပြုတ်နေတဲ့၊ နောက်ကျောစာရွက်တွေ ပြဲနေတဲ့ ဖိုးချဲရဲ့ စာအုပ်တွေဟာလည်း ဖိုးချဲ အမေရဲ့ လက်ရာပါပဲ။
ဖိုးချဲအမေအကြောင်းကို ဆရာ ဆရာမတွေလည်း ကောင်းကောင်းသိတယ်။ သိလို့ပဲ မိဘဆရာအစည်းအဝေးမှာ ဆရာမကြီးက သတိပေးခဲ့သေးတယ်။ အဲဒီတုန်းက မိဘဆရာနှစ်ပတ်လည်အစည်းအဝေးကို ဖိုးချဲအမေ လာတက်တယ်။
အစည်းအဝေးမှာ ကျောင်းသားမိဘတွေကို ဆရာမကြီးက အမှာစကားပြောတယ်။
“သူများနိုင်ငံထဲမှာ မနားမနေ လုပ်ကိုင်စားသောက်နေရတဲ့ ကျောင်းသားမိဘတွေကို ကျမတို့ နားလည်ပါတယ်။ ကလေး တွေကို ကျောင်းမှန်မှန်တက်ဖို့နဲ့ စာကျက်ဖို့ကိုတော့ တိုက်တွန်းပေးကြပါ။ တခုလည်း မေတ္တာရပ်ခံပါရစေ။ ကလေးတွေရဲ့ စာအုပ်တွေကို ၀ိုင်းဝန်းထိန်းသိမ်းပေးကြပါ။ ကလေးတွေရဲ့ စာအုပ်တွေပေါ်မှာ ချဲတွက်တာ။ စာအုပ်တွေကို ဆုတ်ဖြဲတာတွေ မလုပ်ကြပါနဲ့”။
ဒီစကားကို ကြားတော့ ကျောင်းသားမိဘတချို့က ရယ် ကြတယ်။ အကြောင်းသိသူတချို့ကတော့ ဖိုးချဲအမေကို လှမ်းကြည့်ကြတယ်။ ဖိုးချဲအမေကတော့ ပြုံးဖြီးဖြီးနဲ့ ခေါင်းကြီးငုံ့လို့။
ပဒိုနဲ့ သူ့အကြောင်းကိုတော့ ပေါင်းပြီးပြောလို့ရတယ်။ သူနဲ့ ပဒိုက တ၀မ်းကွဲ ညီအကို တရွာတည်းသားတွေ။ သက်တူ ရွယ်တူ ဘ၀တူတွေ။ ပဒိုနဲ့ သူ့မှာ အဖေတွေ မရှိတော့တာလည်း တူတယ်။ အမေ မုဆိုးမတွေနဲ့ မောင်လေး ညီမလေးတွေ ရှိတာလည်း တူတယ်။ ပဒို့ အဖေနဲ့ သူ့အဖေ သေသွားကြတာလည်း အတူတူပဲ။ သူများတွေ အဖေ အမေအကြောင်းပြောရင် သူနဲ့ ပဒို စိတ်မကောင်းဖြစ်ရတယ်။ အမေကလည်း သူတို့နဲ့ အဝေးကြီးမှာ။
သူနဲ့ ပဒိုက ကရင်ပြည်နယ်။ လှိုင်းဘွဲမြို့နယ်က ကထိုးထာရွာက လာကြတာ။ ဒီကျောင်းမှာ သူတို့ကို သူ့တို့အဒေါ် တယောက်က လာအပ်သွားတာပါ။ အဲဒီအဒေါ်နဲ့လည်း သူတို့ သိပ်မရင်းနှီးပါ။ ငယ်ငယ်လေးကတည်းက ရွာက ထွက်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ သူ့အမေနဲ့ ညီမတော်တဲ့ အဒေါ်ဟာ အနှစ် (၃၀) ကျော်မှ ရွာကို တခေါက်ပြန်ရောက်တာ ဆိုတော့ အဲဒီအဒေါ်နဲ့ သူတို့ ဘယ်လို ရင်းနှီးကြမှာလဲ။ ရွာကို ပြန်ရောက်လာတဲ့ အဒေါ်က သူတို့ရွာကို ရွာနဲ့ မတူတော့ဘူးလို့ ပြောတယ်။ ရွာမှာလည်း သေသူသေ။ ပျောက်သူပျောက်။ ဟိုပြောင်းဒီရွှေ့လုပ်ကြ။ ဟိုပြေး ဒီပြေး ပြေးကြတော့ ရွာက ပျက်နေပြီလေ။ ရွာပျက်တော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းလည်း ပျက်ပြီပေါ့။
အဲဒီလို သေတဲ့ ပျောက်တဲ့ ပျက်တဲ့ အထဲမှာ ပဒို့ အဖေနဲ့ သူ့ အဖေပါတယ်။ သူတို့ အမျိုးတွေပါတယ်။ သူတို့ စာသင်ကျောင်း လည်း ပါတယ်။ သူတို့အဖေတွေအကြောင်းပြောရင်တော့ ရွာမှာ ပေါ်တာဝင်ဖမ်းတာကစရမှာ။ ပဒို့အဖေနဲ့ သူ့အဖေက ပေါ်တာအထမ်းသမားဘ၀နဲ့ အသတ်ခံခဲ့ရတာ။ အဲဒီတုန်းက သူတို့ အရမ်းငယ်သေးတယ်။ သူတို့ရွာလည်း မပျက်သေးဘူး။ ရွာမှာ အိမ်ခြေ ၈၀ ကျော်ရှိတယ်။ အခုတော့ ၂၀ တောင် မကျန်တော့ဘူး။ ရွာကို ဗမာစစ်သားတွေဝင်ပြီး ပေါ်တာလာဖမ်း တော့ ပြေးကြတာပေါ့။ ပြေးလို့မလွတ်တဲ့လူတွေကတော့ ပေါ်တာထမ်းပေါ့။ ပြေးလို့မလွတ်တဲ့ ရွားသား ၂၀ ထဲမှာ ပဒို့အဖေနဲ့ သူ့အဖေလည်းပါတယ်။
ဖမ်းသွားတုန်းကတော့ အယောက် ၂၀။ ရွာကိုပြန်ရောက်တာက ၁၆ ယောက်။ ပျောက်တာ ၂ ယောက်။ သေတာ ၂ ယောက်။ သေတဲ့ ၂ ယောက်က ပဒို့အဖေနဲ့ သူ့အဖေပါ။ အဖေတို့ ၂ ယောက်ထွက်ပြေးလို့ နှိပ်စက်ပြီး ပစ်သတ်လိုက်တာလို့ ရွာသား တွေက ပြန်ပြောပါတယ်။ ပစ်သတ်ပြီး တောင်ပေါ်က ကန်ချတဲ့နေရာကိုလည်း ရွာသားတွေက သိကြတယ်။ အလောင်း တွေကို ပြန်ရှာလို့ရပေမယ့် သဲသဲကွဲကွဲ မရှိတော့ဘူး။ အဲဒီတုန်းက အမေတွေငိုတော့ သူတို့လည်း ငိုခဲ့ကြတယ်။
သူနဲ့ပဒိုက ဘ၀တူတွေဆိုတော့ သွားအတူ စားအတူ။ အဖေတွေ မရှိတော့ လုပ်အားပေးတွေခေါ်ရင် အမေတွေကိုယ်စား သွားရတာလည်း တူတယ်။ သူတို့အောက်က မောင်လေး။ ညီမလေးတွေကို ကူထိန်းပေးရတာလည်းတူတယ်။ တောင်ယာထဲ ပေါင်းခုတ်။ ကျွန်းခွေ ကူလုပ်ရတာလည်း တူတယ်။ ကျောင်းနေဖို့အတွက် အဒေါ်နဲ့ ထည့်ပေးလိုက်တော့လည်း သူတို့ နှစ်ယောက်က အတူတူပဲ။
အဒေါ်က ဆရာမကြီးဆီမှာ သူတို့ ၂ ယောက်ကို သေသေချာချာတော့ အပ်ပါတယ်။ သူတို့အကြောင်းတွေကို ဆရာမကြီးကို ပြောပြတာလည်း သူတို့ ကြားနေရတယ်။ သူတို့ကိုအပ်ပြီး အဒေါ်ပြန်သွားတော့ သူတို့ ငိုမလိုလို ဖြစ်ခဲ့သေးတယ်။ အဒေါ်က ဘယ်တော့ လာတွေ့မယ်။ ဘယ်တော့ ပြန်လာမယ်။ ဘယ်တော့ ရွာပြန်ရမယ်ဆိုတာ သူတို့ကို တခွန်းမှ ပြောမသွားခဲ့။
အဒေါ်ပြန်သွားတော့ ဆရာမကြီးက သူတို့ ၂ ယောက်ကို ခေါ်တယ်။
“မင်းတို့ နာမည် ဘယ်လိုခေါ်သလဲ”
“စောအိသာ”
“စောမူးသာ”
“နာမည်တွေက တယ်ကောင်းပါလား”
“ကဲ ... သားတို့ ကြီးလာရင် ဘာလုပ်မလဲ”
“ကျနော် ကြီးလာရင် ပဒိုလုပ်မယ်”
ဆရာမကြီးက ပဒိုဖြေတာကို သဘောကျပြီး ပြုံးနေတယ်။
ပဒို ဒီလို ဖြေမယ်ဆိုတာ သူသိသားပဲ။
သူကတော့ ပဒိုလို ချက်ခြင်း အဖြေမပေးတတ်။ သူလုပ်ချင်တာ သူဖြစ်ချင်တာတွေက အများကြီးပါ။ အမေနဲ့အတူတူ တောင်ယာ ကူခုတ်ပေးချင်တယ်။ ရွာက ဆရာလေးလို ကလေးတွေကို စာသင်ပေးချင်တယ်။ ရွာသားတွေ အားထားရတဲ့ ဟိုဘက်ရွာက ဆေးမှူးလေးကိုလည်း သူအားကျတယ်။ တခါတခါတော့လည်း ကေအန်ယူ တပ်ထဲဝင်ပြီး အဖေ့ကို သတ်သွားတဲ့ လူတွေကို ပြန်သတ်ချင်တယ်။ ဒါကြောင့်လည်း သူကြီးလာရင် ဘာလုပ်မလဲလို့ မေးရင် သူမဖြေတတ်ခဲ့။
သူတို့ ၂ ယောက်ကို ဆရာမကြီးက ဘော်ဒါဆောင်က ဆရာလေးဆီမှာ အပ်တယ်။ ဒီလိုနဲ့ သူတို့ ကျောင်းအိပ်ကျောင်းစား ကျောင်းသားတွေ ဖြစ်ခဲ့တယ်။ ဒီကျောင်းမှာနေရတာ ရွာမှာလို မလွတ်လပ်ပေမယ့် ပညာသင်ရတယ်။ ကစားရတယ်။ စားရတယ်။
ဒါပေမယ့် သူပြောချင်တာ တခုတော့ရှိတယ်။ သူတို့ကျောင်းက ထမင်းချက်တဲ့ အဒေါ်ကြီးအကြောင်းပဲ။ ဒီအဒေါ်ကြီးက အရင်ဘ၀က ဟင်းရွက်စုံရောင်းခဲ့သလား။ ဟင်းသီးဟင်းရွက်တွေပဲ စိုက်ခဲ့သလားတော့မသိ။ အဒေါ်ကြီးရဲ့ စိတ်ကူးထဲမှာ ဟင်းသီးဟင်းရွက်တွေပဲရှိတယ်။
သူတို့ကို အဒေါ်ကြီး ဒိုင်ခံချက်ကျွေးနေတာကလည်း ဗူးသီး၊ ပဲသီး၊ ခရမ်းသီး၊ ခ၀ဲသီး။ ရွှေဖရုံသီး၊ သခွားသီး၊ ကန်စွန်းရွက်၊ မုန်လာရွက်၊ ချဉ်ပေါင်ရွက်တွေပဲဆိုတော့ သူတို့ ဗိုက်ထဲကို ခွဲကြည့်ရင် အသီးအရွက်တွေပဲ တွေ့ရလိမ့်မယ်။ မိုးဗြဲဒယ်ကြီးထဲ လက်ပစ်ကူးနေကြတဲ့ လောက်စာလုံးသာသာ ၀က်သားတုံး၊ ကြက်သားတုံးလေးတွေကိုတော့ တလမှတခါ ရှားရှားပါးပါး တွေ့ရတတ်တယ်။
ဒါကြောင့်မို့လည်း သူတို့မှာ ဖိုးချဲ၊ ဂါးဂါးနဲ့ ဖက်တီးတို့ကို အားကိုးနေရတာ။ အထူးသဖြင့်တော့ ဖိုးချဲကိုပေါ့။ ဖိုးချဲအမေက ဟင်းချက်လည်း ကောင်းတယ်။ ဟင်းကောင်းလည်း စားတယ်။ စေတနာလည်း ကောင်းတယ်။ ချဲထိုးတာတော့ ထိုးတာ ပေါ့လေ။ ဒါကလည်း ဖိုးချဲအဖေ လုပ်အားခမပါဘဲ သူ့ လုပ်အားနဲ့ သူထိုးတာပါ။ အ၀တ်လျှော်ခလေးနဲ့ထိုးလို့ ဘေးတိုက်ပဲ တိုးတိုး။ နောက်ကပဲ တိုးတိုး။ အရှေ့တည့်တည့်ပဲ တိုးတိုး။ ဘယ်လိုပဲ တိုးတိုး။ တိုးတဲ့နေ့ကတော့ သိပ်သိသာတယ်။ ဖိုးချဲ လက်ထဲ ၃ ဆင့်ချိုင့်ကလေး ပါလာပြီဆို ‘တိုး’ ပြီလို့သာမှတ်။ အဲဒီလိုနေ့ဆိုရင် အသားမည်းမည်း သွားကျဲကျဲနဲ့ ဖိုးချဲလေး ဟာလည်း သူတို့အားလုံးထဲမှာ အလှဆုံးလေး ဖြစ်နေရောပဲ။
ဖိုးချဲက စွာကျယ် စွာကျယ် လုပ်တတ်ပေမယ့် အစားအသောက် မတွန့်တိုဘူး။ ဝေစား မျှစား အမြဲရှိတယ်။ သူ့ အလိုက် သူ့အကြိုက်လေးသာပြော ပေါင်းလို့သင်းလို့ တအားကောင်းတယ်။ သူ့ဟင်းကို ကပ်စားမှတော့ သူ့အကြောင်းကိုလည်း သိဖို့လိုတယ်။ သူပြောခဲ့တဲ့ ဖိုးချဲရဲ့ အာလူးဟင်းကောင်းကြောင်းကတော့ ဖိုးချဲ အကြိုက်ကိုလိုက်ပြီး သူ ပြောခဲ့တာမဟုတ်ပါ။ ဖိုးချဲဆီက စားခဲ့ရတဲ့ အာလူးဟင်းတဖတ်ကိုတော့ သူ ဘယ်တော့မှ မမေ့။ အဲဒီ အာလူးဟင်းကြောင့်ပဲ ဖိုးချဲကို သူ ခင်တွယ်ခဲ့ရတာပါ။
သူ ဒီကျောင်းကိုရောက်စက ငှက်ဖျား ခဏခဏတက်တယ်။ အဖျားတက်ရင် ပါးစပ်လည်း ပျက်တယ်။ အဲဒီအချိန်မှာ ဖိုးချဲ ဆီက အာလူးဟင်းတဖတ်ကို သူစားခဲ့ရတာ။ နူးအိနေတဲ့ အာလူးဟင်းတဖက်ကို ဖိုးချဲက သူ့ကို ပထမဆုံး ကျွေးခဲ့တာလေ။ ဒါကိုတော့ သူ အမြဲ အမှတ်ရနေမှာပါ။
အရင်က သူ တခါမှ အာလူးဟင်း မစားခဲ့ဘူးပါ။ အမေလည်း သူ့ကို မကျွေးဖူးတော့ အာလူးရဲ့ အရသာကို သူဘယ်လို သိမှာလဲ။ သူတို့ရွာမှာ ဟင်းစား သိပ်မငတ်ပါ။ အိမ်မှာ ကြက်တွေ ၀က်တွေမွေးတော့ သူ ဒါတွေစားရတယ်။ ရွာက တောနဲ့နီးတော့ ဂျီသား၊ ဆတ်သား၊ တောဝက်သားလည်း သူ စားဖူးတာပဲ။ တောင်ယာထဲက ဗူးသီး၊ ပဲသီး၊ သခွားသီး၊ ဖရုံသီးကတော့ သူ မုန်းအောင်စားရတယ်။ ဒါပေမယ့် အာလူးကိုတော့ သူ မစားဘူးတာ အမှန်ပါ။ သူတို့ တောင်ယာမှာ ဘာကြောင့် အာလူးပင်တွေ မစိုက်ကြတာလဲလို့ သူ့ကိုယ်သူ မေးမိသေးတယ်။
အဲဒီနေ့က ဖိုးချဲကျွေးတဲ့အာလူးဟင်းတဖတ်နဲ့ ထမင်းတပန်းကန်ပြောင်အောင် သူစားခဲ့တယ်။ သူအားတွေ ပြည့်လာသလိုပဲ။ အာလူးနဲ့ သူ ရေစက်ဆုံချင်တော့လည်း ဆရာမကြီးမွေးနေ့မှာ ကျွေးတာလည်း အာလူးနဲ့ ကြက်သား။ ဘာပြောကောင်း မလဲ။ အာလူးဖတ်တွေကိုပဲ သူ ရွေးရွေးပြီးစားခဲ့တယ်။ သူ အာလူးကို ဘယ်လောက် ကြိုက်သလဲဆိုတာ သူတို့အားလုံး သိသွားခဲ့တယ်။
ဒီနေ့ ဖိုးချဲ ထမင်းဘူးမှာ အာလူးဟင်းပါတယ်။ ဒါကို ဖိုးချဲက အတိအလင်း ကြေညာပြီးသား။ ခက်နေတာက သူနဲ့ဖိုးချဲ ရန်ဖြစ်ထားတယ်။ သောကြာနေ့က ဘောလုံးကန်ရင်း တွန်းမိတိုက်မိတာကို ဖိုးချဲ စွာကျယ် စွာကျယ်လုပ်လို့ ဖိုးချဲကို သူ ထိုးမိတယ်။ ဖိုးချဲက ဆရာမကိုတိုင်တော့ သူ အရိုက်ခံရတာပေါ့။ သူထိုးတာက နည်းနည်း ဆရာမရိုက်တာက များများ ဆိုတော့ သူ ဖိုးချဲကို စိတ်ဆိုးတယ်။ ကျောင်းဆင်းတော့ သူနဲ့ ဖိုးချဲ စကား မပြောကြတော့။
စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက် ၂ ရက်လုံးလုံး သူ ဖိုးချဲကို စိတ်ဆိုးနေတုန်းပဲ။ ဖိုးချဲကို သူ မခေါ်ဘူး။ ဒါ သူ့ဆုံးဖြတ်ချက်။ အခုတော့ ဖိုးချဲက “တို့ ထမင်းအတူတူ စားရအောင်” တဲ့။ ဖိုးချဲ ထမင်းဘူးထဲမှာ သူကြိုက်တဲ့ အာလူးဟင်းရှိတယ်။ သူ ဘယ်လို ဆုံးဖြတ်မလဲ။
“ကလောင် ကလင်” “ကလောင် ကလင်” ခေါင်းလောင်းထိုးတော့
သူ ပျော်သွားတယ်။ စာအုပ်ကို လွယ်အိတ်ထဲ အကြိတ်အနယ်ထိုးထည့်ပြီး မီးဖိုဆောင်ဆီ သူပြေးတော့ သူ့အရင်ရောက်နေတဲ့ ကျောင်းသားတွေက ထမင်းအိုးကြီးနားမှာ
ဝိုင်းနေကြပြီ။ ထမင်းထည့်ပြီးတော့ ချည်ပေါင်ရွက်ဖတ်တွေ ပေါလောပေါ်နေတဲ့ မိုးဗြဲဒယ်ကြီးနားမှာ ရစ်သီရစ်သီ သူ လုပ်နေတယ်။
“အိသာ ဒီကိုလာကွာ တို့ အတူတူစားရအောင်”
ဒါ ဖိုးချဲအသံ၊ မိုးဗြဲဒယ်ကြီးနားက သူ နည်းနည်းမှ မရွေ့ပါ။ ဟင်းခပ်တဲ့ ယောက်ချိုဇွန်းကြီးကို သူမလိုက်တော့ သူ့အနားကို ဖိုးချဲရောက်လာတယ်။
“မင်းနဲ့ ငါ ဟင်းလဲပြီး စားရအောင်”
ဖိုးချဲက သူ့ ပန်းကန်ထဲကို အာလူးတွေ ထည့်ပေးတယ်။ ဖိုးချဲကို သူ မော့ကြည့်တော့ ဖိုးချဲက သူ့ကို ပြုံးပြီးကြည့်နေတယ်။ မိုးဗြဲဒယ်ထဲက ချဉ်ပေါင်ဟင်းကို ဖိုးချဲ ချိုင့်ထဲ သူ ထည့်ပေးပြီး ဖိုးချဲကို သူ ပြန်ပြီး ပြုံးပြလိုက်တယ်။
သူတို့ ထမင်းဝိုင်းမှာ ဟင်းတွေစုံတယ်။ ဖိုးချဲက အာလူးဟင်း။ ဂါးဂါးက ငါးဟင်း။ ဖက်တီးက ပဲတောင့်နဲ့ ကြက်ဥကြော်။ သူ၊ ပဒိုနဲ့ ဟန်လေးတို့ကတော့ တပင်တိုင်ဒေါ်ကြီးရဲ့ ချဉ်ပေါင်ဟင်း၊ ငါးပိရည်နဲ့ သခွားသီး တို့စရာ။ ဒီနေ့ ထမင်းဝိုင်းကိုတော့ သူ့တသက် မမေ့ပါ။
ဖိုးချဲဟာ သူထင်သလောက် မဆိုးပါ။ အသားမည်းမည်း သွားကျဲကျဲ ဖိုးချဲဟာ ဒီနေ့ အလှဆုံး။ ပြူးတယ်လို့ သူ ထင်ခဲ့တဲ့ ဖိုးချဲရဲ့ မျက်လုံးလေးတွေကလည်း ပြုံးလို့ပါ။ ။ [Top] |