ဆရာဇော်ဂျီ ရာပြည့် နှစ်သစ်ကူးအမှတ်တရ
တခုသော သင်္ကြန်အခါနှင့် နွေဦးကျက်သရေ ...
စိုးအောင်ဆန်း
အတာရေသဘင်နှစ်ကူး သင်္ကြန်ရောက်ပေတော့မည် ... 
နှစ်သစ်ကူးပေတော့မည် ...။
မြန်မာနှစ်သစ်ကူး သင်္ကြန်ရေသဘင် အကြိုမတိုင်မီတရက် ဧပြီလ ၁၂ ရက်သည် မြန်မာစာပေပညာရှင် အမျိုးသား စာဆိုကြီး ဆရာဇော်ဂျီ၏ မွေးရက် ဖြစ်ပါသည်။
ဆရာဇော်ဂျီသည် ၁၉၀၇ ခုနှစ် ဧပြီလ ၁၂ ရက် တွင် မွေးဖွား ခဲ့သောကြောင့် ယခုနှစ် ဧပြီ ၁၂ ရက်ဆိုပါလျှင် အသက် ၁၀၀ ရှိပြီဖြစ်သည်။ ၁၉၉၀ ခုနှစ် စက်တင်ဘာလ ၂၆ ရက်တွင် ဆရာဇော်ဂျီ ကွယ်လွန်ခဲ့ပါသည်။ ဆရာသည် ကွယ်လွန်ချိန် အထိ ကဗျာ ပုဒ်ရေပေါင်း ၂၀၀ ကျော်၊ ၀တ္ထုတို ၄၀ ကျော်၊ စာတမ်းနှင့် ဆောင်းပါး ၃၀၀ ခန့်၊ ပြဇာတ် ၈ ပုဒ်နှင့် လုံးချင်းစာအုပ်ပေါင်း ၄၀ ကျော် ရေးသားပြုစုခဲ့ကြောင်း သိရသည်။ ဆရာသည် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြရှေ့ဆောင် တဦးဖြစ်ခဲ့ပြီး ခေတ်စမ်းစာပေ၏ ခေါင်းဆောင် တဦးလည်း ဖြစ်ခဲ့သည်။
ဆရာဇော်ဂျီ အသက် ၁၀၀ ပြည့်သည့် အခါသမယတွင် ဆရာ၏ စာပေကျေးဇူးများကို အမှတ်ရနေမိပါသည်။
ယခုကဲ့သို့ နှစ်သစ်ကူး အချိန်ကာလ နွေရာသီ၏ အလှ၊ နွေရာသီ၏ကျက်သရေကို ဖော်ထုတ်ရေးဖွဲ့ခဲ့သည့် ဆရာဇော်ဂျီ၏ စာကဗျာများကို သတိတရရှိမိသည်။ နွေကိုရေးဖွဲ့ရာ၌ မြန်မာတို့၏ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုများပေါ်တွင် ခံစားရေးဖွဲ့ခဲ့သည်။
နွေဦးပေါက်လျှင် မြန်မာကျေးလက်များ၌ တွေ့ရသော ရေချမ်းစဉ်ကလေးများနှင့် ရေအလှူရှင်များ၊ မြန်မာ နှစ်သစ်ကူး သည်လည်း နွေရာသီတွင်ပင် ဖြစ်သောကြောင့် နှစ်သစ်ကူးကာလ၌ တနှစ်တွင် တခါပွင့်သည့် ပိတောက်ပန်းနှင့် အတာ ရေသဘင်ပွဲ ဆင်နွှဲကြပုံ၊ သက်ကြီးပူဇော်ပွဲ၊ ဘာသာရေးအလှူအတန်းပွဲများနှင့် ဇီဝိတ ဒါန ဘေးမဲ့ နွားလွှတ်ပွဲကျင်းပကြပုံ စသည့် ယဉ်ကျေးမှု အစဉ်အလာများအား ဆရာဇော်ဂျီရေးဖွဲ့လေ့ရှိသည်ကို သတိထားမိပါသည်။
ပထမဆုံးသော ခေတ်ဆန်းကဗျာ တပုဒ်ဖြစ်သည်ဟု စာပေပညာရှင်များက သတ်မှတ်ခဲ့ကြသော ဆရာဇော်ဂျီ၏ နွေရာသီ နှစ်သစ်ကူးသင်္ကေတ “ပိတောက်ပန်း” ကဗျာကိုလည်း သတိရမိသည်။
ပိတောက်ပန်းကဗျာသည် ယခင်ရေးသားသူများ၏ အမြင်နှင့်မတူသော သက်ရှိလူ့ဘ၀နှင့် ထပ်တူပြု၍ ရေးဖွဲ့ထားသည့် ကဗျာတပုဒ်ဖြစ်ပါသည်။
အထူးသဖြင့် ဘေးမဲ့နွားလွှတ်ပွဲနှင့် ပတ်သက်၍ ဆရာရေးသားခဲ့သည့် “တခုသော သင်္ကြန်အခါ” ဟူသည့် ကဗျာတပုဒ်နှင့် “နွေဦးကျက်သရေ ...” အမည်ရှိ စာတမ်းငယ်တပုဒ်ကို သတိတရရှိမိသည်။
ထိန့်လိုက်တဲ့ အိုးစည်
ပီကလည်း ပီသနဲ့
သီသူက သီကြ
ကသူက ကလာ
နွားကြီးလည်း ပါသဟေ့
ကျောပေါ်မှာ ကော်ဇော
အမွှေးရော သနပ်ခါး
ချိုဖျားမှာ ပိတောက်ပန်းတွေက
တလျှမ်းလျှမ်း ရွှေအဆင်
နွားစိတ်ထဲ အခဲသား ၀င်လိုက်ရ
ရွှင်လိုက်မည့် ဖြစ်ခြင်း ...။
ဤကဗျာစာပိုဒ်သည် မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလအတွင်း ဘေးမဲ့နွားလွှတ်ပွဲ တခုအကြောင်းကို ရေးဖွဲ့ထားသည့် ဆရာဇော်ဂျီ၏ “တခုသော သင်္ကြန်အခါ” ကဗျာထဲမှ ဖြစ်သည်။
ဆရာ့ကဗျာကို ဖတ်လိုက်ရရုံမျှဖြင့် နွားလွှတ်ပွဲကျင်းပပုံကို မြင်ယောင်ကြားယောင်လာမိသည်။ နွားလွှတ်ပွဲတွင် အိုးစည် ဗုံမောင်းများနှင့် သီဆိုတီးမှုတ်၍ ကကြခုန်ကြ ပျော်ပါးကြပုံ၊ ဘေးမဲ့လွှတ်မည့် နွားကြီး၏ ကျောပေါ်တွင် ကော်ဇောကြီး တခုတင်၍ ချိုဖျားတွင်လည်း ရွှေရောင်ပိတောက်ပန်းများ ချည်နှောင်ကာ အမွှေးနံ့သာရေများ ဖြန်းပက်ထားသည်ကို ကိုယ်တိုင်ကြုံတွေ့နေရသကဲ့သို့ ဘေးမဲ့နွားလွှတ်ပွဲ၏ ပျော်ရွှင်ကြည်နူးဖွယ်၊ ပီတိသောမနဿ ဖြစ်ဖွယ်ရသကို ဖတ်သူရင်ထဲ ခံစားရစေပါသည်။
ကိုယ်တွေ့ဖြစ်ရပ်အား စာရေးသူခံစားရသကဲ့သို့ စာဖတ်သူသို့ တဆင့် လက်ဆင့်ကမ်းထားသည့် စေတနာကို တွေ့ရသည်။
ကိုယ်တွေ့ ဘေးမဲ့နွားလွှတ်ပွဲကျင်းပပုံကို တင်ပြရာ၌ နွေဦးကျက်သရေ စာတမ်းကို ပို၍ သတိရစေပါသည်။
နွေဦးကျက်သရေတွင် ဆရာဇော်ဂျီ၏ ကိုယ်တွေ့ရပ်ရွာ၌ ကိုဖေ ဆိုသူက ဘေးမဲ့နွားလွှတ်ပွဲပြုလုပ်ရန် ကြိုးပမ်းလုပ်ဆောင် ပုံများအပြင် စာရေးသူ၏ အတွေးအမြင်ခံစားမှုများကိုပါ ဖော်ပြသည်။ တနေရာတွင် ဆရာဇော်ဂျီက ကိုဖေနှင့် ပတ်သက်၍ ဤကဲ့သို့ရေးသားထားသည်။
ကိုဖေသည် ဘုန်းကြီးကျောင်းသား ဖြစ်ကြောင်း၊ မြန်မာ့ရှေးရိုး စည်းကမ်းအစဉ်အလာနှင့် ရင်းရင်းနှီးနှီး လက်ပွန်းတတီး နေ၍ ကြီးပြင်းလာသူ ဖြစ်ကြောင်း၊ မိမိသည် လောကဓာတ်ကျောင်းသား ဖြစ်ပြီး မြန်မာ့ရှေးရိုးစည်းကမ်း အစဉ်အလာ၏ သဘောကို ကိုဖေလောက် မသိသူဖြစ်ကြောင်း၊ သို့သော် ကိုဖေကို …
“ဗျို့ကိုဖေရဲ့ ခင်ဗျာ့ နွားလွှတ်ပွဲက ကောင်းပါရဲ့ဗျာ ... နို့ပေတဲ့ တနှစ်တခါ လွှတ်ရုံနဲ့ နွားအားလုံးဘယ်ချမ်းသာမှာတုန်းဗျ ... နေ့တိုင်း နာရီတိုင်း မိနစ်တိုင်းလွှတ်မှ ဟန်မယ်ဗျ”ဟု လှောင်လို ပြောင်လိုသောသဘောဖြင့် (၀ါ) မင့်ထက်ငါတတ်သည် ဟူသော သဘောဖြင့် ငေါ့ပြောလိုက်သည်။ ထိုအခါ ကိုဖေက …
“... နွားလွှတ်ပွဲကျင်းပတဲ့ အခါတိုင်း ဘေးသင့်နေတဲ့ သတ္တ၀ါ မှန်သမျှ၊ ဒုက္ခိတ သတ္တ၀ါ မှန်သမျှဟာ ကယ်အပ် စောင့်ရှောက် အပ်တဲ့ သတ္တ၀ါတွေပါလားလို့ သတိတရား မဖြစ်နိုင်ပေဘူးလားဗျာ ... ဒီ သတိတရားဟာ ကျုပ်တို့ ခင်ဗျားတို့ကို နှစ်စဉ် နှစ်တိုင်း၊ နွေပေါက်တိုင်း နှိုးဆော်နေတာနဲ့ မတူဘူးလားဗျာ ... ဒီတော့ ကျင်းပတဲ့ပွဲက အရေးမဟုတ်ပါဘူးဗျ ... ကျင်းပတဲ့ ပွဲရဲ့ သဘောကသာ အရေးပါ”ဟု ကိုဖေက ပြန်ဖြေလိုက်ကြောင်း၊ ထိုသို့ ကိုဖေ့အပေါ်မှာ မိမိလူလည်လုပ်လိုက်မိ၍ ခေါင်းငုံ့ နေလိုက်ရကြောင်း ရေးသားထားသည်။
ထိုရေးသားဖော်ပြချက်သည် ပညာတတ်တဦးပင် ဖြစ်သော်လည်း မိမိ၏မာန်မာနအား ချိုးနှိမ်ခဲ့သည့် ဆရာဇော်ဂျီ၏ ရိုးသားမှုကို ဖတ်ရှုမှတ်သားရသည်။
ဆက်လက်၍ နွေဦးကျက်သရေ တနေရာ၌ပင် မြန်မာပြည် လွတ်လပ်ရေးမရခင်က နွားလွှတ်ပွဲတပွဲကို မြင်သဖြင့် ကိုယ့်တိုင်းပြည်ကို လွတ်မြောက်စေချင်သော စိတ်ကူးပေါ်ပေါက်ဖူးကြောင်း၊ လွတ်မြောက်ပါစေဟုလည်း ဆုတောင်းဖူး ကြောင်း ဆရာဇော်ဂျီက သူ၏ခံစားချက်ကို ဖော်ပြထားသည်။
ဆရာဇော်ဂျီ၏ ခံစားချက် ဆုတောင်းသည် စာဖတ်သူရင်ကို ရိုက်ခတ်ခဲ့ပါသည်။ ဆရာဆုတောင်းခဲ့သည်က တိုင်းတပါးသား နယ်ချဲ့အုပ်စိုးသူ လက်အောက်မှ မြန်မာပြည် လွတ်မြောက်စေလိုသည့် စေတနာဖြစ်သည်။
နွေဦးကျက်သရေထဲမှ ကိုဖေ၏ နွားလွှတ်ပွဲ ရည်ရွယ်ချက် သဘောတရားသည်လည်း ဘေးသင့်နေသည့် သတ္တ၀ါမှန်သမျှ လွတ်မြောက်စေလိုသည့် စေတနာဖြစ်သည်။
ယနေ့မြန်မာပြည်သူ ပြည်သားများ အဓိကကြုံတွေ့နေရသည့် ဘေးအန္တရာယ်သည် အုပ်ချုပ်မင်းလုပ်နေသည့် အစိုးရ၏ ဘေးအန္တရာယ် ဖြစ်သည်။ ကိုယ့်လူမျိုးချင်း လက်နက်ဖြင့် အနိုင်ကျင့် ဗိုလ်ကျအုပ်စိုးနေသည့် စစ်အစိုးရ လက်အောက်က မြန်မာပြည်သူတို့ မလွတ်မြောက်နိုင်သေးခြင်း ဖြစ်သည်။
ထို့အတွက် နွေဦးကျက်သရေ၌ ဆရာဇော်ဂျီ ဆုတောင်းသကဲ့သို့ပင် မြန်မာပြည်သူများ မိမိမနှစ်သက်သော စစ်အစိုးရ လက်အောက်က အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း နှစ်သစ်ကူးဆုမွန်ကောင်း တောင်းလိုက်ရပါသည်။
မြန်မာပြည် အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ ...။ ။

တ၀ါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘ၀င် ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင် မှန်းကာပါ့ သတိစွယ်
ရည်ရွယ်တော့ သလား …။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အ၀ါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန်အတာဝင်သို့
မာန်အင်ကို ဥာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ …။
ဇော်ဂျီ
ဆရာဇော်ဂျီ၏ “ပိတောက်ပန်း” ကဗျာကို ၁၉၂၈ ခုနှစ်၊ မတ်လထုတ် တက္ကသိုလ်ကျောင်းတိုက် မဂ္ဂဇင်းတွင် ပထမဆုံးအကြိမ် ပုံနှိပ်ဖော်ပြခဲ့သည်။
၁၉၇၈ ခုနှစ်တွင် စာပေလောက စာအုပ်တိုက်က ထုတ်ဝေသော “ဇော်ဂျီ ကဗျာပေါင်းချုပ်” စာအုပ်မှ ကူးယူဖော်ပြပါသည်။ |
ပိတောက်ပန်း
မခူးချင်စမ်းပါနဲ့ နှစ်ဆန်းခါတော်မီမို့
ဇမ္ဘောရည်ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေေ၀နဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ် …။
တသိန်တင့်ပါဘိ
တိမ်မြင့် ရီပြာပြာက
ကြည်သာသာပင့်လေအဖြူးတွင်ဖြင့်
တီတာတာပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ် …။

|
[Top] |