အတွေးအမြင်ဆောင်းပါး
ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့် ဗဟုဝါဒ
ငြိမ်းဝေ
( ၁ )
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒကို စဉ်းစားတဲ့အခါ ကျနော်အပါအ၀င် လူတချို့ကတော့ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးမူဝါဒဆိုတာထက် ပြဿနာတွေကို အကြမ်းဖက်မဖြေရှင်းဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့၊ ပြီးတော့ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့၊ သူမသာ ကိုယ်မနာနည်းနဲ့ ဖြေရှင်းကြဖို့ တိုက်တွန်းခဲ့တဲ့ ဆရာကြီးရဲ့စကားတွေ ကိုပဲ စိတ်ဝင်စားခဲ့ကြပါတယ်။ တကယ်တော့ အဲဒါတွေဟာ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒမဟုတ်ပါဘူး။ ဆရာကြီးရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ `နည်းနာ´များပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် အထက်ကပြောတဲ့ကိစ္စတွေဟာ ငြိမ်းချမ်းရေးရဖို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ နည်းနာများသာဖြစ်ပြီး ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူဝါဒတော့ မဟုတ်ပါဘူး။
ငြိမ်းချမ်းရေးရဖို့ ငြိမ်းချမ်းရေးရပြန်တော့ အဲဒီ ရထားတဲ့ငြိမ်းချမ်းရေးကို ထာဝစဉ်တည်တန့်အောင် ထိန်းသိမ်းနိုင်ဘို့ဆိုရင် ... ၊ အထက်က ကျွန်တော်ပြောခဲ့တဲ့ `နည်းနာ´တွေဟာ အာမခံနိုင်တဲ့ သဘောမရှိပါဘူး။ အဲဒီနည်းနာတွေဆိုတာက `ငြိမ်းချမ်းရေး´ကို တွေ့အောင်၊ ရအောင် တောရှင်းပြီး ရှာဖွေတဲ့သဘာမျှသာဖြစ်တာမို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရဘို့၊ ရထားတဲ့ ငြိမ်းချမ်းရေးကို ထာဝစဉ်တည်တန့်အောင် ထိန်းသိမ်းနိုင်ဘို့ဆိုရင် `ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံမူဝါဒ´ရှိဖို့ မှန်ဖို့ လိုအပ်လာပါတယ်။
ဒါကြောင့်မို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒက ဘာလဲဆိုတာ ကျွန်တော်သိချင်လာခဲ့ရပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ကဗျာတွေစာတွေကို တတ်နိုင်သရွေ့ကျနော်ဖတ်ပါတယ်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ ပြောစကားတွေကိုလည်း လေ့လာကြည့်ပါတယ်။ ဆရာကြီးရဲ့ စာပေသမုဒ္ဒရာထဲမှာ ကျနော်ဟာ အချိန်အတော် ကြာအောင် ကူးခတ်နေခဲ့မိပါတယ်။
၂၀၀၆ ခုနှစ်၊ သြဂုတ်လထဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၄၂) နှစ်ပြည့် အခမ်းအနားအတွက်
`ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးရပ်တည်ချက်များ´ခေါင်းစဉ်နဲ့ စာတမ်းတင်နိုင်ဘို့ ကျနော်ပြင်ဆင်ခဲ့ပါတယ်။ ဒီတုန်းက ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ နိုင်ငံရေးအမြင်ထက်မြက်ပုံ၊ သမိုင်းအချိုးအကွေ့ သမိုင်းရဲ့ စိန်ခေါ်မှုတချို့ကို ဆရာကြီးက ဘယ်လိုရပ်တည် တုံ့ပြန်ခဲ့သလဲဆိုတဲ့အဖြေကို သက်သေပြနိုင်ဖို့ ဆရာကြီးရဲ့ ကဗျာတွေကို ကျနော်ဖတ်ရပြန် ပါတယ်။ အဲဒီအချိန်မှာပဲ `ယုန်ထောင်ကြောင်မိ´ဆိုသလို ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အခြေခံ မူဝါဒကို တိတိကျကျဖော်ပြနိုင်တဲ့၊ ကွက်တိ ထင်ဟပ်ဖော်ပြနိုင်တဲ့ ကဗျာစာသားတချို့ကို ဆရာကြီးမကွယ်လွန်မီ နောက်ဆုံးရေးခဲ့တဲ့ ကဗျာတပုဒ်ထဲမှာ အခုလိုတွေ့ရပါတယ်။
`ဇမ္ဗူတခွင်တွင်ဖြင့်
လူအသွင်အပြင်နှင့်တကွ
မူအဆင်ဆင်တွေနှင့်
အယူအငင်မှာတော့
တူချင်လဲတူကြ၊
မတူချင်လဲနေကြပေါ့ …
ဖြူဖြူစင်စင် ဗြဟ္မာစရိယ ဂိုဏ်းတွေနဲ့´ဆိုပြီး တွေ့ရပါတယ်။
ဒီကဗျာစာသားတွေထဲမှာ လူတွေ တယောက်နဲ့ တယောက်၊ တဖွဲ့နဲ့ တဖွဲ့ အယူအဆရေးရာမှာ တူတာလည်းရှိမယ်၊ မတူတာ လည်းရှိမယ်။ ဒီလိုအယူအဆ မတူကြရင်လည်း ပြဿနာမရှိဘူး၊ ဖြူဖြူစင်စင် ဗြဟ္မာစရိယစိတ်ထားပြီး နေကြရမှာပဲဆိုတဲ့ မတူကွဲပြားခြားနားမှုကို သဘာဝကျကျရှုမြင်တဲ့ `ဗဟုဝါဒ´ကို ဆရာကြီး လက်ကိုင်ထားခဲ့တာ တွေ့ကြရပါတယ်။
(၂)
စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့၊ တခါ … ရရှိထားတဲ့ငြိမ်းချမ်းရေးကို ထာဝစဉ်တည်မြဲစေဖို့အတွက် အခိုင်မာဆုံး အာမခံချက် ပေးနိုင်တဲ့ ၀ါဒ (သို့မဟုတ်) အယူအဆဟာ `ဗဟုဝါဒ´ပဲဖြစ်ပါတယ်။ `ဗဟုဝါဒ´ရဲ့ အနှစ်သာရဟာ `မတူကွဲပြားခြားနားမှု တွေ ရှိနေခြင်းဟာ သဘာဝကျတယ်လို့မြင်တဲ့ အယူအဆ´ဖြစ်ပါတယ်။ ဒီလိုယူဆတဲ့အတွက် မတူတဲ့အယူအဆရှိသူ အချင်းချင်း အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုဆိုတာတွေ အလိုအလျောက်ရှိလာရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးယဉ်ကျေးမှုဟာ ထွန်းကားလာရပါတော့တယ်။ ဒီလိုနဲ့ `ဗဟုဝါဒ´က ထာဝစဉ်ငြိမ်းချမ်းရေးရဲ့ `သော့ချက်ဝါဒ´ ဖြစ်လာခဲ့ပါတယ်။
မတူကွဲပြားခြားနားမှုတွေရှိနေတာကို သဘာဝမကျဘူးလို့ မြင်တဲ့အမြင်ဟာ `ဧက၀ါဒ´ဖြစ်ပါတယ်။ ဒါကြောင့်မို့ `ဧက၀ါဒ´ ဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိုဆန့်ကျင်ပြီး ကွဲပြားခြားနားသူအချင်းချင်း အပြန်အလှန်အသိအမှတ်ပြုမှု၊ အပြန်အလှန်လေးစားမှုကို ဖျက်သိမ်းပါတော့တယ်။ ဒါကြောင့်မို့ `ဧက၀ါဒ´က နှစ်ဦးနှစ်ဖက် ပြိုကွဲပျက်စီးချင်း ပဋိပက္ခကိုပဲ ဖော်ဆောင်ပါတော့တယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း နောက်ဆုံးရေးသားခဲ့တဲ့ ကဗျာထဲက `မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့ တူချင်လဲ တူကြ၊ မတူချင်လဲ နေကြပေါ့´ဆိုတဲ့စာပိုဒ်ဟာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆရာကြီးအနေနဲ့ ဘယ်လိုအယူအဆ၊ ဘယ်လို အတွေးအခေါ်၊ ဘယ်လိုမူဝါဒကို လက်ကိုင်ထားတယ်ဆိုတာ အတိအကျဖော်ပြနိုင်တဲ့ ကဗျာစာသားများပဲဖြစ်ပါတယ်။ ဒီစာသားတွေဟာ ဆရာကြီးကို ငြိမ်းချမ်းရေးမြတ်နိုးသူတဦးအနေနဲ့သာမက ငြိမ်းချမ်းရေးရအောင် ဘယ်လိုဆောင်ရွက်ရ မလဲဆိုတဲ့ အလုပ်လမ်းညွှန် အယူအဆအပေါ်မှာပါ အမြင်မျဉ်းပြတ်သူအဖြစ် ထင်ရှားစေတဲ့ ကဗျာစာသားတွေပဲ ဖြစ်ပါတယ်။
တခါတုန်းက စာရေးဆရာ `မောင်မိုးသူ´က ဆရာ `မြို့မငြိမ်း´ရဲ့ ခေတ်ရှေ့ပြေးနေတဲ့ အယူအဆကို သက်သေထူဖို့ ကြိုးစားရာမှာ ဆရာမြို့မငြိမ်းရေးတဲ့ `လူချွန်လူကောင်း´ သီချင်းထဲက `ကမ္ဘာကြည့် ကြည့်မြင်´ဆိုတဲ့စာသားကို ထုတ်နုတ် ကိုးကားပြီး သက်သေထူခဲ့ပါတယ်။
ကျနော်ကလည်းပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ `ငြိမ်းချမ်းရေးဆိုင်ရာမူဝါဒ´ကို အထင်အရှားဖော်ပြနိုင်တဲ့ သက်သေခံ အချက်အလက်ကို ရှာဖွေရာမှာ ဆရာကြီးရဲ့ နောက်ဆုံးရေးခဲ့တဲ့ ကဗျာထဲက `မူအဆင်ဆင်တွေနှင့် အယူအငင်မှာတော့ တူချင်လဲတူကြ၊ မတူချင်လဲ နေကြပေါ့´ဆိုတဲ့ စာသားကို တွေ့ရှိခဲ့တယ်လို့ ဆိုရမှာပါ။ တကယ်တော့ မြန်မာစာပေလောကမှာ `ဗဟုဝါဒ´ဆိုတဲ့ အယူအဆကို စတင် တင်ပြလာခဲ့သူလို့ အများကယူဆထားကြတဲ့ `ဆရာဒဂုန်တာရာ´ထက် နှစ် (၂၀) ကျော်ခန့်စောပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းက `ဗဟုဝါဒ´ကို မြင်နိုင်ခဲ့၊ ကိုင်စွဲနိုင်ခဲ့တဲ့ သဘောပါပဲ။ ဒီစာသားပါရှိတဲ့ ကဗျာကို ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ၁၉၅၉ ခုနှစ်အတွင်းမှာ ရေးဖွဲ့ခဲ့တယ်လို့ ဆရာမောင်တင်ရွှေက သူ့ရဲ့ ဆရာကြီး `သခင်ကိုယ်တော်မှိုင်း´ စာအုပ်မှာ ရေးသားခဲ့ပါတယ်။
ကျနော်တို့ဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းခင်းခဲ့တဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်လမ်းစဉ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒလမ်းစဉ်တွေအပေါ်က သွေဖီမသွားစေဖို့ဆိုရင် ဆရာကြီးရဲ့ သက်ဆိုင်ရာ မူဝါဒလမ်းစဉ်များကို ကြေညက်စွာ နားလည် ထားသင့်ကြောင်း တင်ပြလိုက်ပါတယ်။
(၁၉၇၃၊ စက်တင်ဘာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်းမှု ပျက်ပြားရခြင်း ၃၃ နှစ်မြောက်အတွက် အမှတ်တရ)
ကိုးကား။ ။ မောင်တင်ရွှေပြုစုသည့် `သခင်ကိုယ်တော်မှိုင်း´စာအုပ်
[Top] |