ဝေဖန်ရေးဆောင်းပါး
မှားတာနော်စာစီကုံးရလျှင်
မောင်ထင်
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးကို ယနေ့ ပြန်လည်ထူထောင်၍ ခိုင်မာအောင် တည်ဆောက်ရာတွင် ရှေးယခင်က မှားခဲ့သည်တို့ကို တော်လှန်၍ အမှန်ရောက်အောင် ဆောင်ရွက်ရန် ကျွန်ုပ်တို့၌ တာဝန်ရှိနေသည်။
အမှားကို စီစစ်ဝေဖန်ပြီးလျှင် လုပ်ငန်းကို မှန်အောင်လုပ်သွားဘို့ အလုပ်သည် ယနေ့ ကျွန်ုပ်တို့ လုပ်ရမည့်အလုပ် ဖြစ်လာပြီ။
အမှားတော်ပုံများကို ခရေစေ့တွင်းကျ တင်ပြရမည်ဆိုလျှင် ဤဆောင်းပါးတပုဒ်စာလောက်နှင့် လောက်မည်မဟုတ်ပါ။ န၀ဒေးမဂ္ဂဇင်း အုပ်တွဲပေါင်း ၁၀ အုပ်၊ အုပ် ၂၀ အစရှိသဖြင့် ရေးသော်လည်း `သမုဒ်ကို မင်ရည်ဖျော်လို့ မှားတာနော် စာစီကုန်းရလျှင် ဆုံးလိမ့်မထင် …´
သို့သော် အလုပ်တခုကို စ၍လုပ်ဘို့ရာ နမူနာမျှလောက်တော့ စီစစ်ကြည့်ရမည် ထင်သည်။
ကျွန်ုပ်တို့သည် လွတ်လပ်ရေးရပြီဟုဆိုလျှင် အူမြူးလာပြီးလျှင် ကျွန်ုပ်တို့နိုင်ငံသည် လက်ဝဲနိုင်ငံဖြစ်လာပြီဟု ကျေညာခဲ့ သည်။ ထိုစဉ်က ကျွန်ုပ်တို့သည် မိမိတို့ကျေညာသည့် စကားအနက် အဓိပ္ပာယ်ကိုပင်လျှင် နားလည်ကြပါ၏လောဟု သံသယ ဖြစ်ဖွယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် လက်ဝဲညီညွတ်ရေးဟု ဟစ်အော်၍မျှ မဆုံးခင်၊ တော်လှန်ရေးသမားများ ဖြစ်ကြသော လက်ဝဲအင်အားစုတို့သည် အချင်းချင်းထ၍ ချလာကြသည်။
ဤအချက်တချက်ကို ကျွန်တော် စီစစ်ကြည့်ရာ ကျွန်တော်တို့ လုပ်ပုံလုပ်နည်း ချွတ်ယွင်းချက်တရပ်ကို တွေ့ရှိလာပါသည်။
ဤအချက်မှာ အခြားမဟုတ်ပါ၊ ကျွန်တော်တို့သည် အလုပ်မလုပ်ခင် စကား အရင်ပြောလေ့ရှိခြင်းကြောင့် ဖြစ်ပါသည်။ တနည်းဆိုသော် ကျွန်တော်တို့သည် လုပ်ငန်းတခုကို ကိုယ်ထိလက်ရောက် လုပ်မှ မလုပ်ရ သေးခင် ၀ါဒက အရင်ဖြန့် ချင်သော အကျင့်ရှိပါသည်။ ဤအကျင့်ကြောင့် နောင်သောအခါတွင် ဘာစီမံကိန်းကို လုပ်လုပ် ၀ါဒဖြန့်ခြင်းက ရှေ့သို့ အလံတရာမက ရောက်နေပြီးလျှင် လုပ်ငန်းကမူ နောက်မှာ မိုင်တရာမက ပြတ်ကျန်ရစ်ခဲ့ပါသည်။ တခါတရံ ၀ါဒကိုသာ ရှေ့ကဖြန့်၍ သွားကြသည်။ နောက်ကလုပ်ငန်းမှာ တခါတည်း ပေါ်မလာတော့ပါ၊ ထို့ကြောင့်လည်း ပြည်တော်သာဟူသော ဝေါဟာရသစ် တခုသာ အဖတ်တင်၍ကျန်ရစ်ပြီးလျှင် ထိုဝေါဟာရ၏ အဓိပ္ပာယ်မှာမူကား ရုပ်ပျက်ဆင်းပျက် ဖြစ်လာခဲ့ လေသည်။ မည်မျှ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့သနည်းဟုဆိုသော် ပြည်တော်သာဟူသော စကားကို ပလုပ်ပြည့် ပလောင်းပြည့် ပြောလာသော သူတို့ပင်လျှင် နောင်သောအခါ၌ ဤစကားကိုကြားလျှင် သူတို့ကို ဆဲနေသည်ဟူ၍ပင် ထင်မှတ်လာကြ ပါသည်။ ကျွန်တော်တို့၏ ၀ါဒဖြန့်ပုံဖြန့်နည်းမှာ ဤမျှလောက် ကမောက်ကမ ဖြစ်ခဲ့သည်။
လောက၌ အလုပ်လုပ်သူသည် အမှားရှိစမြဲပင် ဖြစ်သည်။ အလုပ်များများလုပ်လျှင် အမှားများများ မှားတတ်သည်။ ဘာမျှမလုပ်သူသည် ဘာမျှမှားစရာမလို။ အမှားကိုကြောက်လျှင် ဘာမျှမလုပ်ကြပါနှင့် …
ကျွန်တော်တို့ မြောင်းမြခရိုင်တွင် မနှစ်က ပျံလွန်တော်မူသော ကျွန်းကုန်းဆရာတော်သည် အကျော်ဇေယျ ပုဂ္ဂိုလ်တပါး ဖြစ်သည်။ ဆရာတော်သည် ရဟန်းတို့ အာပတ်နှင့်မကင်း ရှိတတ်သည့်အကြောင်းကို ကျွန်တော်တို့ တပည့်တပန်းများအား ပြောပြရင်း ဆိုဆုံးမလေ့ ရှိပါသည်။
`ရဟန်းဖြစ်ပြီး အာပတ် မသင့်စေချင်ယင် ငါ့ဆီလွှတ်လိုက်ကွ … အာပတ်မသင့်အောင်လုပ်ထာ ခက်တာလိုက်လို့´ဟု တပည့်များအား ဆရာတော်ကြီးက တနေ့တွင် ပြောပြပါသည်။
`မှန်ပါ … အာပတ်မသင့်အောင် ဘယ်လိုလုပ်ရမလဲဘုရာ့´ဟူ၍ တပည့်ရဟန်း သံဃာာတို့က လျှောက်ထားကြသည်။
`ရဟန်းဝတ်ပြီး နေ့စဉ်နေ့တိုင်း သင်္ကန်း ခေါင်းမြီးခြုံအိပ်နေယင် ဘယ်မှာ အာပတ်သင့်တော့မလဲကွ။ သူဘာမျှမလုပ်ဘဲ အိပ်လိုက်၊ စားလိုက်ဆိုတော့ အပြစ်မရှိဘူးကွဲ့´ဟု မိန့်တော်မူပါသည်။
ထို့ကြောင့် လောကလူ့ဘောင်၌ အပြစ်ကင်းအောင် နေလိုသူများသည်လည်း ကျွန်းကုန်းဆရာတော် မိန့်မှာခဲ့သလို ပုဆိုးခေါင်းမြီးခြုံ၍ အိပ်လိုက်စားလိုက်သာ လုပ်နေကြပါဟု ပြောရဘို့ရှိနေသည်။
အလုပ်လုပ်သည့်အခါ အမှားကိုတွေ့လျှင် ထိုအမှားကို စစ်ဆေးပြီးပြင်လိုက်ပါက အမှန်သို့ ရောက်စရာရှိသည်။
သို့သော် ကျွန်တော်တို့နိုင်ငံတွင် ခေါင်းဆောင်လုပ်သူတို့သည် မိမိအမှားကို ၀န်မခံလိုသည့်အပြင် နောက်လိုက်ငယ်သား တို့က မှားနေပါပြီဟု အကျိုးအကြောင်းပြ၍ ပြောဆိုလာသောအခါ မိမိအမှားကို သူတပါးအမှားဖြစ်အောင် လှည့်ဖြားပြောဆို လာကြပြန်သည်။
အမှားတခု ပေါ်လွင်ထင်ရှားလာလျှင် ခေါင်းဆောင်လုပ်သူသည် `ရဲအဖွဲ့ဝတ္တရား လစ်ဟင်းလို့ အုပ်ချုပ်ရေးသမား နေရာမကျလို့ စစ်တပ်က လုပ်ပုံလုပ်နည်းမဟန်လို့ မှုထမ်းရာထမ်းက မလုပ်တတ်လို့ လူထုက အသုံးမကျလို့´စသဖြင့် ရေရွတ်ကြသည်။ နောက်ဆုံးတွင် အမှားကို ၀န်မခံလာရသည့်တိုင်အောင် `ကျုပ်က မှားချင်လို့မှားရတာမဟုတ်ပါဘူး၊ သူကမှားလို့ မှားရတာပါ´ဟူသော အဓိပ္ပာယ်မျိုးရောက်အောင် ကလိန်စေ့ ငြမ်းဆင်၍ ပြောကြသည်။
သို့သော် လုပ်ငန်းသဘော၌ ကံ … ကံ၏အကျိုးဆိုသည်မှာ ဤသို့ လှီးလွှဲပြော၍ မရချေ။ ကံသည် လူ့နောက်၌ အရိပ်ကဲ့သို့ ထပ်ချပ်လိုက်လာတတ်လေရာ အလုပ်ချော်သည်နှင့် တပြိုင်နက် လူသည်လည်း ကံချော်လာလေသည်။
သို့သော်လည်း အလုပ်လုပ်ရာ၌ မည်မျှပင် မှားခဲ့မှားခဲ့၊ အမှားကိုပင် ဆရာတင်၍ ပြုပြင်သွားသော် ဤအချိန်၌ ကျွန်ုပ်တို့ နိုင်ငံသည် သာယာစိုပြေစရာ အကြောင်းရှိသည်။ ဤသည်ကိုမြင်၍ ကျွန်တော်လည်း အခွင့်သင့်တိုင်း တိုက်တွန်းရေးသား နေခြင်း ဖြစ်ပါ၏။ သို့သော် ကံ … ကံ၏အကျိုးကို နားမလည်သူတို့ကမူ သက်သက်အပြစ်ရှာ၍ ကဲ့ရဲ့သင်္ဂြိုလ် လုပ်နေသည် ဟူ၍၎င်း၊ သူတို့အပေါ် ဆရာလုပ်နေသည်ဟူ၍၎င်း အထင်မှားကောင်း မှားကြပေလိမ့်မည်။ ကျနော်၏ ဦးတည်ချက်မှာကား အနာဂတ်သို့ ဦးတည်ချက် ဖြစ်ခြင်းကြောင့် ရှေးလူတို့ မည်မျှအထင်မှားကြစေကာမူ နှောင်းလူတို့အထင်မှန်လျှင် ကျွန်တော့် အလုပ်သည် အချည်းနှီးမဖြစ်ဟု ယုံကြည်သည်။
စိတ်ကူးယဉ်ယဉ်နှင့် ၀ါဒဖြန့်သည်တို့ အားကြီးလာသောအခါ ၀ါဒဖြန့်သူသည် မိမိဝါဒဖြန့်သည်ကိုပင်လျှင် အဟုတ်ဟု ယုံကြည်လာဟန်တူသည်။ အရိပ်အယောင်ကို အစိုင်အခဲဟု ယုံကြည်လာသည်နှင့် တပြိုင်နက် ကျွန်ုပ်တို့သည် တကဲ့ဖြစ်ရပ်တို့နှင့် ဝေးလာရသည်။ ဤသည်တွင် ကျွန်ုပ်တို့သည် လူထုနှင့် ကင်းကွာလာရလေသတည်း။
ရှေးယခင်က ကျွန်ုပ်တို့ကြိုးပမ်းခဲ့ကြရာတွင် ကျွန်ုပ်တို့သည် ၀ါးဖက်ဦးထုပ်ကိုဆောင်း၍ ခုံဖိနပ်ကိုစီး၍ လူထုနှင့် တသားတည်း ကြိုးပမ်းခဲ့ကြသဖြင့် တော်လှန်ရေးကြီး အဆင့်ဆင့် အောင်မြင်ခဲ့သည်။ သို့သော် လူထုနှင့် ကင်းကွာ လာသောအခါ မိမိတခါက ခုံဖိနပ်စီးခဲ့သည်ကို မေ့လျော့၍ မားစီးဒီးကားကိုစီးရမှ လူထုအကျိုးကို ဆောင်နိုင်တော့မည်ဟု ထင်မြင်လာသည်။ မားစီးဒီးကားအပေါ်၌ သံယောဇဉ် ငြိကပ်လာသည်နှင့် တပြိုင်နက် စည်းစိမ်ယစ်လာကြသည်။ စည်းစိမ်ယစ်သည်နှင့် တပြိုင်နက် တခေတ်က အငတ်ငတ် အပြတ်ပြတ်နှင့် တယောက်အကြောင်းရှိလျှင် တယောက်က အသက်နှင့်လဲ၍ ခုခံကာကွယ်ပေးသော ရဲဘော်ရဲဘက်စိတ်ဓာတ်တို့ ကျဆင်းလေသည်။ ဤကဲ့သို့သောအခါမျိုးတွင် မိမိ၏စည်းစိမ်ကို လက်လွှတ်ရမည်စိုးသော်ကြောင့် မိတ်ရင်းဆွေရင်းတို့၏ လွတ်လပ်စွာဝေဖန်ခြင်းကို နားမခံနိုင်ဖြစ်ပြီးလျှင် ရန်သူဟု ထင်မှတ်လာသည်။ လွတ်လပ်ရေးရ၍ အခွင့်အရေး ဖွံ့ဖြိုးလာသောအခါကျမှ မိမိ၏ထံပါးသို့ကပ်၍ ဟုတ်၏ မှန်၏ဟုဆိုကာ မြှောက်ပင့် ပေါင်းသင်းသောသူတို့ကို မိတ်ဆွေရင်းဟု ယူဆလာသည်။ လွတ်လပ်ရေးနှင့် တော်လှန်ရေး ခေတ်က မိမိ၏ ရဲဘော်ရဲဘက်တို့ကို ရန်သူပမာပြုကျင့်ခဲ့သူကိုပင်လျှင် ယခု စည်းစိမ်ယစ်နေသည့်အချိန်၌ လာရောက်၍ ကပ်ပိုးကပ်မြှောင်လုပ်သည်ကို သာယာ၍ ထိုရန်သူကိုချီးမြှင့်၍ မိတ်ဆွေကို ရှုံ့ချလာသည်။ နိဂ္ဂဟပဂ္ဂဟတရားကို ဖောက်လွဲဖောက်ပြန် ကျင့်လာသောအခါ၌ ကျွန်ုပ်တို့၏ထံပါးမှ တကဲ့မိတ်ဆွေများသည် ဝေးရာသို့ ရှားကြလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့ ဒုက္ခတွေ့သောအခါ ကျွန်ုပ်တို့သည် အဖော်အဖြစ်နှင့် ကျွန်ုပ်တို့၏အရိပ်သာလျှင် ကျန်ရစ်လေတော့သည်။
တဖန်လည်း မိမိ၏စည်းစိမ်အပေါ်၌ တဏှာကပ်ငြိလာသောအခါ မိမိ၏အကျိုးကိုသာလျှင် ရှေ့ရှု၍ အာဏာရှိလျှင် လူထုကို လွှမ်းမိုးနိုင်သည်ဖြစ်၏ဟု ထင်မှတ်မှားလေသည်။ ဤခေတ်သည် အာဏာ မိုးပေါ်က ကျလာသောခေတ် မဟုတ်ချေ။ ရှေးခေတ်က အုပ်စိုးသောမင်းသည် နတ်ကပေး၍ရသည်၊ ထာဝရဘုရားက ပေး၍ ရသည်ဟူ၍ လူတို့ယုံကြည်ကြသည်။ ထိုခေတ်က ဘုရင်မင်းမြတ်ဟူသည်မှာ မျိုးရိုးအလိုက် အာဏာကို အမွေခံယူ၍ ရလာသည်။ ထိုအာဏာသည် မိုးပေါ်မှ ကျလာသောအာဏာဖြစ်၍ ထိုအာဏာနှင့် လူထုကို လွှမ်းမိုးလျှင် ဖြစ်နိုင်ပေသည်။ သို့သော် ဤခေတ်၌ မင်းမျိုးလည်း မရှိတော့ပြီ။ အာဏာလည်း လူထုမှ ဆင်းသက်လာသည်။ လူထုထံမှရသော အာဏာဖြင့် လူထုအား မိမိတကိုယ်ကောင်း အလို့ငှာ လွှမ်းမိုးပါလျှင် ကံ … ကံ၏အကျိုးကို ကျွန်ုပ်တို့ ခံရဘို့သာရှိသည်။
နေရာတကာတိုင်း အာဏာကိုချည်းသာ အားကိုးသောအကျင့် ထွန်းကားလာသောအခါ ကျွန်ုပ်တို့သည် ရှေးယခင်က လူထုနှင့် တသားတည်း ကြိုးပမ်းခဲ့သော လုပ်နည်းလုပ်ဟန်တို့ကို မေ့ပျောက်သွားကြသည်။ ရွှေမိုးငွေမိုး ရွာစေသတည်းဟု အမိန့်ပေးလျှင် ရွှေမိုးငွေမိုးရွာလိမ့်မည်ဟု ယုံမှတ်လာကြသည်။ ဤအချိန်တွင် ကပ္ပါးရပ်စားတို့က မိမိအား ဘုန်းရှင် ကံရှင် သမ္ဘာရှင်ဟု မြှောက်ပင့်ပြောဆိုလာသောအခါ မိမိသည် လူထုအပေါ်၌ ယုံကြည်ကိုးစားမှုမရှိချေ၊ လူထုကို အားကိုးသည် ထက် ယတြာကို အားကိုးလာသည်။ နတ်တို့အား ပူဇော်ပသခြင်းကို အားကိုးလာသည်။ သို့နှင့်ပင် လူထုအား အကျိုးပြုသော လုပ်ငန်းတို့သည် ပြီးပြတ်သည်မရှိ ဖြစ်ခဲ့ရလေသည်။
ဒီမိုကရေစီဟူသော ပန်းတိုင်ကို ရှေ့ရှုရင်းနှင့် ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ မိုးကျရွှေကိုယ်ဟု ထင်မြင်လာသောအခါ `ဘုရင်မင်းမြတ်တို့ လုပ်သမျှ ဘယ်တော့မှမမှား´ဟူသော ၀ါဒသည် ခေါင်းပြူ၍ ထွက်လာသည်။ ထိုအခါ ဘာလုပ်လုပ် မမှားနိုင်ဟု ထင်မြင်လာသူသည် ဝေဖန်မှုကို မခံနိုင်ဖြစ်လာသည်။ ထို့ကြောင့် ဝေဖန်မှုကို ပိတ်သည်။ သို့သော် လူထု၏ သဘောသည် လွန်စွာဆန်းကြယ်၏။ လူထုသည် ပါးစပ်နှင့်ဖွင့်၍ မဝေဖန်နိုင်လျှင် စိတ်နှင့်ဝေဖန်သည်။ လူထုစိတ်ဓာတ်အင်အားသည် လွန်စွာစူးရှသည်။ ယနေ့အဖို့၌ လူထု၏စိတ်ဓာတ်အင်အား ပြင်းထန်မှုကြောင့် ကျွန်ုပ်တို့သည် အာကာသကို လှည့်ပတ်နိုင်လာကြပြီ မဟုတ်လော။
ဤသည်တို့ကား ကျွန်ုပ်တို့၏ အမှားများဖြစ်ခဲ့သည်။ ဤအမှားတို့ကို ပြင်ဆင်ရန် ကျွန်ုပ်တို့ ကြိုးပမ်းလာခဲ့ကြသည်မှာ လွန်ခဲ့သော သုံးလေးနှစ်ခန့်ကပင် ဖြစ်သည်။ သမိုင်း၌ သုံးလေးနှစ်မျှသော ကာလသည် လျှပ်တပြက်မျှသာ ရှိလိမ့်မည်။ ထို့ကြောင့် အမှားပြင်ပါပြီဟု ဆိုသောခဏ၌ပင်လျှင် ကျွန်ုပ်တို့ အမှန်ကို မရောက်နိုင်သေး။ သို့သော် တနေ့သောအခါ၌ ကျွန်ုပ်တို့ အမှန်သို့ ရောက်ကြရဦးမည်။ ကျွန်ုပ်တို့အဖို့ စိတ်ရှည်ဘို့သာ လိုပေသည်။ ထို့ကြောင့် ဤအချိန်တွင် ကျွန်ုပ်တို့ သည် စိတ်ပျက်နေရန် မသင့်ချေ။ အမှားကို စီစစ်တိုင်း စီစစ်တိုင်း အမှားတွေ တပြုံတခေါင်းကြီးကို တွေ့လာရလိမ့်မည်။ ထိုအခါ ကျွန်ုပ်တို့သည် နိုင်သလောက် နိုင်သလောက် တာဝန်ကို ထမ်းဆောင်သွားနိုင်လျှင် တစတစနှင့် အမှန်သို့ ရောက်လာလိမ့်မည်မှာ ဒိဋ္ဌဖြစ်သည်။
ယခု ကျွန်ုပ်တို့သည် ရှေးက မှားခဲ့သည်တို့ကို အဖတ်ဆယ်နေကြသည်။ အဖတ်ဆယ်နေသူတို့ နောက်ထပ်မမှားစေဘို့ အရေးကြီးသည်။ ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ တော်လှန်ရေးခေတ်က နည်းတူ လူထုနှင့် တသားတည်း တည်ရှိနေပါလျှင် မှားနိုင်မည် မဟုတ်ချေ။ မတော်တဆ မှားစေဦးတော့ ယင်းအမှားတို့ကို ကျွန်ုပ်တို့ ချက်ချင်း ပြင်နိုင်လိမ့်မည်။ ။ [Top]
(၁၉၆၂ ခုနှစ် မေလထုတ် နဝဒေးမဂ္ဂဇင်းမှ မောင်ထင်၏ မှားတာနော် စာစီကုံးရလျှင် ဟူသော ဆောင်းပါးကို မူရင်းသတ်ပုံအတိုင်း ပြန်လည်ဖော်ပြလိုက်ပါသည်) |