#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

သောင်ရင်းမြစ်သည် လွန်ခဲ့သည့် ဆယ်စုနှစ်များကလို စီးမြဲပင်။ တဝေါဝေါ စီးဆင်းနေသည့်မြစ်ရေနှင့် မြစ်ကမ်းနံဘေးမှာ ၀ယ်သူ တကြော်ကြော် ခေါ်နေသည့် မြန်မာဈေးသည်တွေကတော့ ဘာမှ မပြောင်းလဲပါလား။ သူတို့ အ၀တ်အစားတွေကလည်း နွမ်းမြဲနွမ်းလျက်။ တခါက ဒီဈေးသည် တွေ ဈေးဗန်းထဲက လက်နှင့်ဆုပ်ဆုပ်ပြီး လှမ်းပေးတတ်သည့် ငါးခြောက်တွေ၊ ဟင်းရွက်တွေကို အားတုံ့အားနာ လက်ခံခဲ့ရဖူးသော သူပုန် ကောင်လေးတယောက်ကို သောင်ရင်းမြစ်ကြီးက မှတ်မိလိမ့်မည်ထင်သည်။

‘ယူစမ်းပါဟယ် ... အဘနုကိုတွေ့ရင်လည်း ပြောပေးစမ်းပါ၊ နောက်တခါ ရွေးကောက်ပွဲဆိုရင်တော့ အဘ မဲပုံးကို ထိုင်ရှိခိုးရုံတင်မကဘူး ... ကန်တော့ပွဲပါ ချထားခဲ့ဦးမယ်လို့’
ဘွင်းဘွင်းသွက်သွက် ပြောတတ်သော ဟန်ဆောင်မှုကင်းသည့် နေလောင်မျက်နှာတွေကို လေးစားမြတ်နိုးစွာ သတိရမိသည်။ ၁၉၇၀ ပြည့်လွန်နှစ်များက ဒီမြစ်၏ ဟိုမှာဘက်ကမ်းမှာ သေနတ်ထမ်းကာ ကင်းလှည့်ခဲ့ဖူးသော သူပုန်စစ်သားလေးတယောက်သည် နှစ်ပေါင်း ၃၀ ကျော်အကြာမှာ နှလုံးသားနှင့် အနီးဆုံးအရပ်သို့ ပြန်ရောက်ခဲ့ပြီ။

သောင်ရင်းမြစ်ကြီးက ဘာမှမပြောင်းလဲသော်လည်း သူကတော့ အမြဲသွက်လက်တက်ကြွနေသည့် စစ်သည်ကလေးအစား လောကဓံ အထောင်း အထုကြားက ဇရာရိပ်သန်းနေသည့် လူကြီးပိုင်းတယောက် ဖြစ်လာခဲ့သည်။ အချိန်တွေကို ပြန်ရွှေ့ယူလို့ရရင် ဟိုအရင် နှစ်သုံးဆယ်ကျော်က သူပုန်စစ်သားတယောက် ပြန်ဖြစ်ချင်ပါရဲ့။ တိုင်းပြည်ကို ချစ်တာတခုတည်းနဲ့ အသက်ရှင်နေခဲ့တဲ့ သူပုန်တယောက်။ အဲဒီတုန်းက မျှစ်နဲ့ ငှက်ပျောအူစားပြီး ရှေ့တန်းမှာ အသက်ဆက်ခဲ့ရတဲ့ ရက်တွေမှာလည်း အရယ်အမောမပျက်ခဲ့။ ညနေစောင်းရင် တတပ်လုံး ခိုက်ခိုက်တုန် ငှက်ဖျားတက်တတ်ကြတာကိုပင် ပြိုင်တူပုဆိုးခေါင်းမြီးခြုံကြရင်း ‘စတော့မယ်ဟေ့’ ဟူ၍ ရယ်စရာလုပ်ခဲ့ကြတာတွေ၊ ရိက္ခာအဆင်ပြေတဲ့အခါ ရသမျှ နို့ဆီဗူးတွေ ငါးသေတ္တာတွေကို ငတ်တုန်းက ကျွေးခဲ့သည့် ရွာသားတွေဆီ အပြေးအလွှားသွားပို့ပြီး ကျေးဇူးတုံ့ပြန်ခဲ့ ကြတာတွေ၊ ‘တာ့ပလု ... တာ့ပလု’ (ကျေးဇူးတင်တယ် ... ကျေးဇူးတင်တယ်) ဆိုသည့် စကားကို အရိုးခံမျက်နှာတွေဆီက ပြုံးပြုံးကြီး ပြန်ကြားခဲ့ရသော ကြည်နူးဖွယ် ရက်များ။

ခုတော့ သူသည် ယူနီဖောင်းအနွမ်းနှင့် ကာဘိုင်ထမ်းထားသော ပိန်ညောင်ညောင် စစ်သားကလေး တယောက်အစား ခရက်ဒစ်ကဒ်တွေ၊ ပတ်စပို့ တွေ အိတ်ထဲထည့်ကာ ထိုင်းမြန်မာနယ်စပ်ကို အလည်အပတ် ပြန်ရောက်လာသည့် ခရီးသည်တယောက် ဖြစ်ခဲ့ပြီ။ ဟိုအရင်က တသက်နဲ့ တကိုယ် မမြင်ဖူးခဲ့သော ဒေါ်လာအထပ်လိုက်ကို ပိုက်ဆံအိတ်ထဲ ထည့်လာနိုင်ပြီဖြစ်သော်လည်း ဟန်းကောဗူးထဲက ထမင်းတကိုယ်စာကလွဲလျှင် ဘာဆိုဘာမှ မပိုင်သည့် သူပုန်ဘ၀၏ ပျော်ရွှင်တက်ကြွမှုတွေကတော့ ဘယ်ဆီများ ပျောက်ချင်းမလှ ပျောက်ခဲ့ရပါလိမ့်။

‘ဦးလေး ... ငါးရံ့ခြောက်စစ်စစ်လေးတွေ အားပေးပါဦး၊ လက်ဆောင်ပေးလို့ကောင်းတယ်နော်’
ဈေးသည်မိန်းကလေးက ငါးရံ့ခြောက်အတွဲတွေကို မြှောက်ပြရင်း ဈေးခေါ်သည်။ မိန်းကလေးနှင့် ဘေးချင်းယှဉ်ရောင်းနေသော ဟင်းရွက်သည် အမျိုးသမီးကြီးကတော့ လူပုံစံကိုကြည့်ကာ ဟင်းရွက်ဝယ်မည့်သူမဟုတ်ဟု အကဲဖြတ်မိ၍ ထင်သည်။ တချက်သာမော့ကြည့်ပြီး သူ့ဈေးဗန်းထဲက ချဉ်ပေါင်စည်းတွေကို ရေဆက်ဖြန်းနေ၏။

မိန်းကလေးကို မ၀ယ်ကြောင်း တုံ့ပြန်သည့်အနေနှင့် ခေါင်းသာ ခါပြလိုက်သည်။ သူ လိုချင်တမ်းတတာက ငွေကြေးတတ်နိုင်ပုံရသည့် ၀ယ်သူကို မျှော်သော ဒီမျက်လုံးမျိုးမဟုတ်။ သူပုန်စစ်သည်တယောက်ကို လေးစားအားကိုးစွာကြည့်သည့် ပြည်သူတယောက်၏ မျက်လုံးတွေ။ သူ့ကိုယ် ပေါ်က မီးပူအကျအန ထိုးထားသော သပ်ရပ်သစ်လွင်သည့် အ၀တ်အစားတွေသည် ဖုန်အလိမ်းလိမ်းတက်နေသည့် ယူနီဖောင်း အစုတ်တစုံ လောက်မှ လူထုအပေါ် ဆွဲဆောင်အားမရှိတော့ပြီလား။

မြစ်တဖက်ကမ်းကနေ တလူးလူးတလှိမ့်လှိမ့် ကူးဖြတ်လာသော အသက်ကယ်ဗောတခုဆီ သူ အာရုံရောက်သွား၏။ ဗောပေါ်မှာ ပါလာသည့်လူက စီးနေကျမဟုတ်၍ ထင်သည်၊ ဒီဘက်ကမ်းရောက်အောင် ရေကိုယက်ပေးနေရသည့်ကြားမှ ဗောကို ဟန်ချက်ညီအောင် မထိန်းတတ်ဘဲ ကိုးယိုးကားယား ဖြစ်နေသည်။ ဟိုဘက်လူးလိုက် ဒီဘက်လူးလိုက် ဖြစ်နေသောဗောကို မကျွမ်းကျင်စွာထိန်းရင်း တကိုယ်လုံး ရေတွေ
တဗွမ်းဗွမ်းစင်လျက်။

‘လက်နဲ့မြဲမြဲဆုပ်ထား၊ လွတ်ထွက်မသွားစေနဲ့’

မြင်နေရတာက ဗောတခြားလူတခြား ရေနစ်သွားနိုင်သည့်ပုံမို့ လှမ်းအော်သတိပေးလိုက်ရသည်။ ဗောပေါ်ကလူက လှမ်းကြည့်ပြီး သူ့ဟာသူ ဗျာများနေသည့်ကြားက ကျေးဇူးတင်သည့်မျက်နှာဖြင့် လှမ်းရယ်ပြသည်။ ရေတွေရွှဲနစ်နေသည့်မျက်နှာက ယောက်ျားလေးမျက်နှာမှ မဟုတ်ဘဲ။ လှေနဲ့ အိနြေ္ဒရရမဖြတ်ဘဲ လုပ်ပုံက ကပ်တီးကပ်ဖဲ့။

ကမ်းနားကို ကပ်မိတော့မှ စောစောက မနိုင်မနင်းဖြစ်နေသည့် အသွင်ပျောက်ကာ ဖတ်ခနဲခုန်ချပြီး ဗောကိုပါ ကမ်းပေါ်ဆွဲယူလာသည်။ ရေမကျွမ်းကျင်တာကလွဲလျှင် ပုံစံက အကြမ်းပတမ်းဘ၀နှင့် ထုသားပေသားကျ နေပုံမို့ ဈေးသည်မိန်းကလေးထဲကလား၊ ဒီဘက်ကို အလုပ်လာလုပ်တတ်သည့် ကရင်မလေးတယောက်လား မပြောတတ်။ ခြေမွေးမီးမလောင် လက်မွေးမီးမလောင်ထဲကတော့ မဟုတ်နိုင်မှန်း သေချာသည်။

‘လက်ခုပ်တီးလိုက်ရင် ကျနော်လာခေါ်မှာပေါ့၊ အစ်မဟာအစ်မ ကူးလာတတ်တယ်မှတ်လို့’

ဗောပိုင်ရှင်ဖြစ်ပုံရသည့် လူငယ်တယောက်က ကမ်းစပ်ဆင်းလိုက်လာရင်း အပြစ်တင်သည်။

‘ခေါ်နေဖို့ အချိန်မရတော့ဘူး ... အသည်းအသန်ပြေးလာရတာ’

‘ထင်သားပဲ ... ကျနော်မသွားဖို့ ပြောနေသားနဲ့၊ တွေ့သွားတယ်မဟုတ်လား’

‘တွေ့တော့ တွေ့သွားတယ် ... ဒါပေမယ့် သူတော်ကောင်းနဲ့’

ပြောရင်း စိတ်လှုပ်ရှားဟန်ဖြင့် ရယ်သည်။ ရေစိုရွှဲနေသည့် ပိုက်ဆံနှစ်ရွက်ကို လူငယ်လက်ထဲ
ထည့်ပေးတော့ ...

‘အစ်မတို့ဆီက ကျနော်မယူပါဘူး ... ကူညီတာပါ’ဟု ကောင်လေးက ငြင်းတာ တွေ့လိုက်ရသည်။

‘ဟာ ... မလုပ်နဲ့လေ၊ တခြားလူတွေဆီက ငှားခယူရင် အစ်မတို့ဆီကလဲ ယူမှပေါ့၊ သူပုန်ကို ဓားပြမှတ်နေလို့လား’

ခပ်တိုးတိုးပြောနေသည့် အသံဖြစ်သော်လည်း ကမ်းစပ်မှာ တိုက်နေသည့်လေကြောင့် ကြားဖြစ်အောင် ကြားလိုက်သည်။

မိန်းကလေး ကမ်းပေါ်တက်လာတာကို သူ စိတ်တိုတောင်းစွာ စောင့်နေလိုက်သည်။ သူပုန်ဆို ဒီလောက်မိုက်စရာလား။ မြ၀တီဘက် ပြောင်ပြောင်တင်းတင်း သွားရဲတာလောက် မိုက်လုံးကြီးသည့်
အလုပ်မရှိ။

‘ဟိုဘက်ကမ်း သွားလည်တာလား သမီး’

အနားရောက်လာသည့် သူငယ်မက မော့ကြည့်ပြီး ခေါင်းညိတ်ပြသည်။ စိတ်လှုပ်ရှားနေပုံရသော မျက်နှာမှာ ပျော်ရွှင်ခြင်းတွေနှင့်၊ ထောင်ထဲ ရောက်မသွားတော့လည်း ပျော်နိုင်သေးတာပေါ့။

‘ညည်း ဒီလိုပဲ ကူးနေကျလား’

ရုတ်တရက် ဖြေရကျပ်သွားပုံဖြင့် ရယ်သည်။

‘မြ၀တီမြို့ပေါ် ကူးဖြစ်တာက ခုမှပါ၊ ဒီဘက်ကနေ မြန်မာပြည်ဘက်ခြမ်း လှမ်းလှမ်းကြည့်နေရတာ အားမရဘူး ... မြေကြီးပေါ် နင်းလိုက်ရမှ’

မျက်ကန်းတစ္ဆေမကြောက် ပြောပုံကြောင့် အူထဲက ယားသွားသော်လည်း မသိကျွမ်း မရင်းနှီးဖူးဘဲနှင့် ချက်ချင်းဆူလို့ မသင့်တော်ဟု တွေးမိသဖြင့် စိတ်ကို ဆွဲဆန့်လိုက်ရသည်။ သူတို့တုန်းကလည်း ဒီလိုပါပဲ။ မြန်မာပြည် သူပုန်နယ်မြေထဲ ဘယ်လောက်ပဲ ဖြတ်သွား ကျင်လည် နေရပေစေ၊ တဖက်နိုင်ငံနယ်စပ်ကနေ မြ၀တီမြို့ကလေးဘက်ဆီလှမ်းကြည့်ရချိန်မှာ နိုင်ငံပျောက်သူတယောက်လိုဆွေးဆွေးမြေ့မြေ့ခံစားရမြဲ။

‘ဟိုဘက်ကမ်းကူးချင်ရင် ကူးလို့ရတဲ့နေရာတွေ ရှိရဲ့သားနဲ့ မြ၀တီဘက်ကိုမှ ရွေးကူးစရာလား ... တမြို့လုံး ထောက်လှမ်းရေးတွေ ဒီလောက်ပြည့်နေတာ’

မိန်းကလေး အံ့အားသင့်သွားဟန်ဖြင့် မျက်လုံးဝိုင်းသွားသည်။ ပြီးမှ သိလည်း ပြဿနာမရှိသည့်နေရာမို့ စိတ်ပေါ့ပါးစွာ ရယ်သည်။

‘ကေအင်ယူနယ်ထဲကတော့ သွားနေကျပါ ... မြို့ပေါ်သာ တခါမှပြန်မတက်ဖူးသေးလို့၊ ဦးလေးရော မသွားချင်ဘူးလား၊ အဲ ... ဦးလေးကရော ဘယ်သူလဲ’

ရင်းရင်းနှီးနှီးလေသံဖြင့်ပြောရင်း သူ့ကို စေ့စေ့ငုငုကြည့်သည်။ ပြီးမှ ‘ဂိုဏ်းသားထဲကပဲလား’ဟု ရယ်ကျဲကျဲမေးလေသည်။

‘ဘာလဲကွ ... ဂိုဏ်းသားဆိုတာ’

ဘာမှပြန်မပြောဘဲ ရယ်နေသဖြင့် ရေးရေးတော့ သဘောပေါက်လာသည်။

‘အင်း ... ဆိုပါတော့ကွယ်၊ ဂိုဏ်းသားဟောင်းကြီးပဲ ထားပါတော့၊ မင်း ... ဘယ်လိုလုပ်သိလဲ’

‘လူပုံစံကြည့်ရင် ရိပ်မိတာပေါ့၊ ဒီကမ်းနားလာပြီး ဟိုဘက်ခြမ်းကို လွမ်းလွမ်းဆွေးဆွေးမျက်နှာနဲ့ ငေးနေရင် အဲဒါ ဂိုဏ်းသားထဲကပဲ၊ ဦးလေး ကျမကို ဆူလိုက်ကတည်းက ထင်တော့ထင်တယ်၊ သူပုန်အချင်းချင်းဆို ပိုင်စိုးပိုင်နင်း ပိုရှိတယ်လေ’

မြန်မာနိုင်ငံဘက်ကမ်းမှ တိုက်ခတ်လာသည့်လေက သောင်ရင်းမြစ်ကို ဖြတ်ကာ မျိုးဆက်တခုဆီမှ သူပုန်နှစ်ယောက်ဆီ ပြေးဝင်တိုးဝှေ့နေသည်။ ရင်ထဲမှာ ဂုဏ်ယူခြင်းလား ၀မ်းနည်းကြေကွဲခြင်းလား မပြောတတ်သော ဝေဒနာတရပ်ကို စူးစူးနစ်နစ် ခံစားလိုက်ရ၏။ မဆုံးသေးသော တိုက်ပွဲ တခုအတွက် ဘယ်သူ့မှာများ တာဝန်ရှိခဲ့ပါလိမ့်။

‘စိတ်တော့ မကောင်းစရာပဲ၊ ဒီဘက်ကမ်းကနေ ဟိုဘက်ကမ်းကူးလိုက်ရင်ကို နိုင်ငံနှစ်ခုက အရမ်းကွာသွားတာ၊ ဒီဘက်မှာ ကတ္တရာလမ်းတွေက ဖြူးလို့၊ မြ၀တီမှာကျတော့ မြေနီလမ်းတောင် ချိုင့်တွေ ခွက်တွေ တပုံကြီးနဲ့၊ ဆိုက်ကားတစင်း ချိုင့်ထဲဘီးကျွံပြီး ခရီးသည်အမေကြီး လိမ့်ကျလို့ ထူပေးခဲ့ရသေးတယ်’

မိန်းကလေးက မြစ်၏ ဟိုမှာဘက်ကမ်းကို ငေးရင်း သက်ပြင်းချသည်။

‘ညည်းပြောတဲ့ ဆိုက်ကားဆိုတာ ပြန်မြင်ဖူးချင်ရင်တောင် ဟိုဘက်ကမ်း သွားကြည့်မှ ရမှာ၊ ဒီဘက်က၂၁ ရာစုထဲ တကယ်ရောက်နေပြီ၊ အခုသွားတဲ့အကြောင်း ပြောပါဦး ... ဘာတွေ တွေ့ခဲ့လဲ ဟိုဘက်မှာ’

‘ပျဉ်ထောင်အိမ် အဟောင်းတွေ၊ ဗွက်ပေါက်နေတဲ့ လမ်းကြိုလမ်းကြားတွေ၊ နေပူထဲ မုန့်ဖက်ထုပ်တို့ အုန်းနို့သာကူတို့ အော်ရောင်းနေတဲ့ ဈေးသည်ကလေးတွေ တွေ့ခဲ့တာပေါ့။ ဒီဘက်နဲ့ ယှဉ်လိုက်ရင် စုတ်တာကတော့ စုတ်ပြတ်သတ်နေတာပဲ၊ ဒါပေမယ့် ဒီတိုင်းပြည်အစုတ်လေးကိုပဲ လွမ်းနေရတာပါပဲလေ’

‘တိုင်းပြည်အစုတ်လေး’ဟူသော စကားလုံးကြောင့် ပြုံးမိရက်သား။ ဒါပေမယ့် ခမ်းနားကြီးကျယ်သော မြို့နိုင်ငံတွေ၊ ပေါ်ထွန်းခဲ့သည့် သူရဲကောင်းတွေ၊ ဓားလွတ်ဖွေးဖွေးထ ကာကွယ်ခဲ့ရသည့် ဧရာဝတီမြစ်ဝှမ်းကို ‘တိုင်းပြည်အစုတ်လေး’ဟု ဆန့်ကျင်ဘက် ဥပမာဖြင့် တင်စားလိုက်တာ ဟိုဘက်ကမ်းက ကြားလျှင် ရယ်မောခွင့်လွှတ်ကောင်းပါရဲ့။

‘ခင်ဗျားတို့ မေရီမိဖုရားရဲ့ နှလုံးသားထဲမှာ ကာလေးမြို့ ရှိသလို ကျုပ်အသည်းနှလုံးထဲမှာ ကက်ရှ်မီးယား အမြဲရှိတယ်’

အိန္ဒိယ၀န်ကြီးချုပ်နေရူးက မောင့်ဘက်တန်ကို တခါကပြောခဲ့ဖူးသည့်စကားကို ပြန်သတိရ၏။ တိုင်းပြည်ကို နှစ်ပေါင်းများစွာ ခွဲခဲ့ရပြီးသည့် သူ့နှလုံးသားထဲမှာရော မြန်မာပြည်၏ ဘယ်အစိတ်အပိုင်းကများ ကြီးစိုးမှာ ပါလိမ့်။ အိပ်မပျော်သော ညပေါင်းများစွာမှာ သတိရမြင်ယောင် တတ်တာကတော့ သက်ကယ်မိုး တဲကုပ် လေးတွေနှင့် ဖုန်ထောင်းထောင်းထနေသည့် မြေနီလမ်းဟောင်းတခုကလွဲလျှင် ဘာဆို ဘာမှ မရှိသော သူ့ဇာတိရွာကလေး ဖြစ်လေသည်။

ခုဆို သူ့ဇာတိရွာကလေးသည် မြန်မာပြည်မြေပုံထဲက အပြီးတိုင် ပျောက်ကွယ်သွားတာ ၁၅ နှစ်ရှိခဲ့ပြီ။ မိုးအကြီးအကျယ် ခေါင်သည့်နှစ်က ရွာမှာရှိသမျှ သက်ကြီးရွယ်အိုနှင့် မွေးစကလေးတွေ သုံးပုံနှစ်ပုံကျော် ပျက်စီးခဲ့ရသည်တဲ့။ အလောင်းများကို သင်္ဂြိုဟ်ပြီး ညှိုးခြောက်နေသည့် စပါးခင်းများကို ကြေကွဲမျက်နှာဖြင့် ငေးကာ ရွာပျက်ကို စွန့်ခွာသွားကြမည့် မိသားစုများကို စိတ်မှာ မြင်ယောင်သည်။

‘ဒီမှာလေ ... ဟိုဘက်ကမ်းက သယ်လာတဲ့မြေကြီး’

မိန်းကလေးက လက်သီးဆုပ်ဖွင့်ကာ လက်ကိုင်ပုဝါဖြင့်ထုပ်လာသည့် မြေမှုန့်ညိုညိုတွေကို ပြသည်။ ကလေးကလား လုပ်ရပ်အတွက် ရယ်ချင်ပေမယ့် သူ မရယ်ရက်။ ကမ္ဘာ့တဘက်ခြမ်းက သူနေသည့် အိမ်ခန်းမှာလည်း အမြတ်တနိုး သိမ်းဆည်းထားသော မြေကြီးခဲတခဲ ခုထိရှိသည်။ တခါက သူတို့ တိုက်ပွဲတွေ ရင်ဆိုင်ခဲ့ကြသည့် သံလွင်မြစ်ကမ်းနဘေးကမြေ ။ နှစ်ပေါင်းများစွာ သွားလေရာ ကိုယ်နှင့်မကွာ သယ်ခဲ့သော မြေကြီးကို မြန်မာပြည် ပြန်နိုင်သည့်တနေ့မှာ သံလွင်မြစ်ကမ်းနဘေးပြန်သွားပြီး မြတ်နိုးစွာကြဲပက်၍ ပြန်လည်အပ်နှင်းမည်ဟု လူငယ်ဘာဝ စိတ်ကူးတွေယဉ်ကာ သိမ်းဆည်းထားခဲ့သည့်မြေ။

တခါက လူငယ်ကလေးတဖြစ်လဲ စစ်သည်အိုသည် မြစ်တဖက်ကမ်းကို ကြေကွဲလွမ်းဆွတ်စွာ ငေးသည်။ ဟိုအရင်ကလိုတော့ သဲကွဲကြည်လင်စွာ မမြင်ရတော့ပြီ။ ပါဝါမျက်မှန်ထူကြီး အားကိုးပြုသည့်ကြားက မြစ်၏ ဟိုမှာဘက်ကမ်း မြင်ကွင်းကေ၀၀ါးဝါး။

‘မင်းတို့တော့ မပြောတတ်ဘူး၊ ဦးလေးတို့တုန်းကတော့ အလွန်ဆုံး လေးငါးနှစ်ဆို ရန်ကုန်ပြန်နိုင်ပြီ ထင်ခဲ့ကြတာ’

ကလေးမ သက်ပြင်းချသည်၊ ခဏတိတ်နေပြီးမှ ‘ဒုက္ခသည်စခန်းထဲမှာ အမယ်ကြီးတယောက် တွေ့ဖူးတယ်’ဟု အဆက်အစပ်မရှိစွာ စကား စလေသည်။

‘ရွာပြန်ရင် မီးရှို့ခံလိုက်ရတဲ့ ဘုန်းကြီးကျောင်း ပြန်ပြင်ပေးဖို့တဲ့။  စခန်းထဲမှာ ၁၂ နှစ်လုံးလုံး ဟင်းရွက်ရောင်းလို့ရတဲ့ထဲက ဖဲ့စုလာတဲ့ပိုက်ဆံတွေ ကော်ရုပ်ဗူးနဲ့ အပြည့်ပဲ။ ဖျားလို့ ဈေးမရောင်း နိုင်ရင်တောင် စုဗူးအဖောက်မခံဘူး။ ဒါပေမယ့် သူ့မြေးအကြီးလေးက အဘွားကွယ်ရာမှာ ပြောတယ်။ ‘မင်းတို့အဖီးကို စိတ်ချမ်းသာအောင်ထားတော့၊ နေရလှ သုံးလေးလပဲ’လို့ ဆေးမှူးက မှာတယ်တဲ့’

မိန်းကလေးက သူ့လက်ဖ၀ါးအစုံကို ပြန်ငုံ့ကြည့်သည်။ ကြည့်ပုံက ဒီလက်ဖ၀ါးများသည် အပြစ်တစုံတရာ ရှိနေသည့်နှယ်။

‘ဒီလို ရိုးသားတဲ့လူထုက တာဝန်မကျေရကောင်းလားလို့ ကျမတို့ကို ပါးရိုက်လည်း ခံမှာပါ’

ဆတ်ခနဲတုန်သွားသော နှလုံးသားနှင့်အတူ တုံ့ပြန်ဖြေရှင်းဖို့ သူ ချက်ချင်းကြိုးစားသည်။

‘မဟုတ်ဘူး ကလေး ... မဟုတ်သေးဘူး၊ ဦးလေးတို့တုန်းကလည်း တိုက်တဲ့ပွဲတွေ ရှုံးခဲ့တာပဲ။ ဦးလေးတို့ အသုံးမကျခဲ့လို့ ဒါတွေဆက်ဖြစ်နေတာလို့ မင်း အပြစ်ပြောမလား’

မိန်းကလေးမော့ကြည့်ပြီး ခေါင်းယမ်းသည်။

‘ရှေ့မျိုးဆက်ကို နားလည်ပေးနိုင်ရင် မင်းတို့ကိုယ်မင်းတို့လည်း ဘာလို့ အပြစ်တင်နေမှာလဲသမီး’

‘ဘောလုံးပွဲတွေမှာဆို ကစားသမားတယောက်ယောက် ခြေညံ့နေရင် ပရိသတ်က ဆဲတာပဲလေ။ မြန်မာပြည်က ကျမတို့ကို ခုထိမဆဲသေးတာ ကျေးဇူးတင်ရမလို ...’

မိန်းကလေးအသံ တိမ်ဝင်သွားသည်။

‘ဒါ ဆုကြေးအတွက်ကစားရတဲ့ဘောလုံးပွဲ မဟုတ်လို့ပေါ့။ အသက်တွေ ဘ၀တွေရင်းပြီး မျိုးဆက်နဲ့ချီပြီး အချိန်တွေစတေးပြီး တိုက်ယူပေးနေရတဲ့ စစ်ပွဲတခုဆိုတာ မြန်မာပြည်က နားလည်လို့ပေါ့ ကလေးရယ်’

ပြောစရာစကားမရှိတော့သော သို့သော် ပြောချင်သည့်စကားတွေ ရင်ထဲမှာပြည့်ကျပ်မွန်းသိပ်နေသော သူပုန်နှစ်ယောက်သည် ဆုံးရှုံးထားရသော နိုင်ငံဘက်ဆီ တိတ်ဆိတ်စွာ ငေးနေမိသည်။ မြန်မာပြည်ဘက် ဆီမှ တိုက်ခတ်နေသောလေသည် ခွင့်လွှတ်နားလည်ခြင်းနှင့် ပြစ်တင်ဝေဖန် လိုခြင်း ဘယ်အရာကို ရွေးချယ်ဆောင်ကြဉ်းလာသလဲ မပြောတတ်ပြီ။     ။
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.