#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 

စာတမ်းငယ်
ရှင်ဘုရင်လုပ်ချင်တဲ့လူ လက်ညှိုးထောင်

ဇေယျ

‘ရှင်ဘုရင် လုပ်ချင်တဲ့လူ လက်ထောင်’ဟု ဆိုလျှင် မိန်းမထဲက အချို့ နောက်တွန့်သွားကြမည် ဖြစ်သော်လည်း ယောက်ျားထဲကမူကား နို့စို့ရွယ်မျှ မကျန် အားလုံးလက်ထောင်ကြမည် ဖြစ်လေသည်။

ရှင်ဘုရင်၏ တန်ခိုးအာဏာ၊ ရှင်ဘုရင်၏စည်းစိမ်၊ ရှင်ဘုရင်၏ အခမ်းအနားများကား လူတိုင်း တောင့်တဖွယ်ဖြစ်ပေသည်။ လောက၌ ရှင်ဘုရင်
ဖြစ်ရသောသူသည် အလွန် ကုသိုလ်ထူးပေသည်။ လူတို့၏ အထွဋ်အမြတ် ဖြစ်ပေသည်။ အချို့ရှင်ဘုရင်ဖြစ်ရသူသည် လူဇာတ်ပင် မဟုတ်။ နတ်တမျိုးဖြစ်သည်ဟု ဆိုကြလေသည်။ လောကသမုတိနတ်ဟု မှတ်ယူကြလေသည်။ ဆိုင်လေသမျှ ‘တော်’ တစ်လုံး တပ်ရလေသည်။ နိုင်ငံ တွင်းရှိ အညွန့်အဖူးကောင်း မှန်သမျှ သူတစ်ထူးထက် အလျင်ဦးအောင် သုံးဆောင်ရလေမည်။ ရွှေဘုံ ရွှေနန်းထဲတွင်နေ၍ မိဖုရားကြီးလေးပါး၊ နန်းရမိဖုရား၊ ဆောင်ရမိဖုရား၊ ခြေတော်တင် လက်တော်တင်တို့နှင့် ရှင်ဘုရင်တို့၏ စည်းစိမ်ကား ကြီးမားလှသောကြောင့် လူတိုင်း တောင့်တ ရသောအရာ ဖြစ်ပေသည်။

သို့သော် လောကကြီးကား အလွန်ထူးခြားလှ၏။ လူတို့၏ စိတ်ကူးသည် အချုပ်အချယ် အကန့်အသတ် မရှိသောအရာ ဖြစ်သောကြောင့် ပြန့်လွင့် ချင်သမျှ ပြန့်လွင့်လျက် ဆန်းချင်သမျှ ဆန်းနိုင်လေသည်။ သို့သော် လောကကြီး၏ အချို့သော တကယ့်အဖြစ်အပျက်တို့ကား စိတ်ကူးထက်ပင် ထူးဆန်းသောအရာများစွာပင် ရှိချေသည်။

လောက၌ ရှင်ဘုရင်မလုပ်ချင်သူ မရှိဟု ထင်ရပေသည်။ သို့သော် ‘မင့်ကို ရှင်ဘုရင် ခန့်တော့မယ်ဟေ့’ဟု ဆိုလျှင် အသက်ဆံဖျား ဖနောင့်နှင့် ခြေဖ၀ါး တသားတည်းကျအောင် ပြေးရသော အရပ်များစွာ ရှိပေသည်။

ကျွန်ုပ်တို့ မြန်မာရာဇ၀င်နှင့်တကွ အခြားရာဇ၀င်ကြီးများတွင် ရှင်ဘုရင် လုပ်လိုသူ များရုံသာမကဘဲ မရလျှင် သေရတော့မလိုလို၊ မနေနိုင် မထိုင်နိုင်ဖြစ်ကာ တပ်တောင်တာ ဗိုလ်ထုနှင့် နန်းလုပွဲကြီးကျင်းပသော ထုံးပုံများနှင့် ပြည့်နှက်လျက် ရှိပေသည်။ သို့သော် ကျွန်ုပ်တို့ မြန်မာပြည် အရှေ့ ခမင်းတို့၏ဒေသဖြစ်သော ကမ္ဗောဇပြည်၌မူကား မီးဘုရင် ရေဘုရင်ခေါ်သော မင်းဧကရာဇ်ရာထူးများ လစ်လပ်သွားလျှင် အရိုက်အရာ တော်ကို ဆက်ဆံထိုက်သူအား အတင်းအဓမ္မ မရမကပြုလုပ်၍ ပေးရလေသည်။ ပစိဖိတ်သမုဒ္ဒရာအတွင်း ဆဲဗိတ်အမည်ရှိသော ကျွန်းတွင် `ရှင်ဘုရင်ရာထူးကား အလွန် ကြောက်မက်ဖွယ်ကောင်းသောအရာဟု ယူဆကြသဖြင့် နောက်ဆုံး အရိုက်အရာတော်ကို ဆက်ခံမည့်သူ မရှိသောကြောင့် မင်းဆက်ပြတ်ခဲ့ရလေသည်။

ဤကဲ့သို့ လောက၌ စုံမက်ဖွယ်အကောင်းဆုံးရာထူးကို အလွန်လျှင် ကြောက်ရွံ့ကြသည်မှာ ထိုဒေသများ၌ ရှင်ဘုရင်လုပ်ရသူတို့မှာ မသက်သာလှ သောကြောင့် ဖြစ်လေသည်။ ရှင်ဘုရင်ဖြစ်ရသည်နှင့် တပြိုင်နက် နေချင်သလိုမနေရ၊ စားချင်သလို မစားရ၊ ပြောချင်သလို မပြောရ။ လူ့ဘ၀ လွတ်လပ်ရေးကို လုံးဝဆုံးရှုံးရချေတော့သည်။ ထို့ကြောင့် အချို့မှာ ရှင်ဘုရင်ဖြစ်ရမည်ဆိုလျှင် သေမင်းတမန်နှင့် တွေ့ဆုံဘိသကဲ့သို့ အလွန် ကြောက်ရွံ့လေသည်။

အာဖရိကတိုက် အနောက်ပိုင်း အချို့ဒေသများတွင် ရှင်ဘုရင်သေလျှင် ဘယ်သူကို ရှင်ဘုရင်မြှောက်မည်ဟု မပြောဝံ့ဘဲ ဆွေတော်မျိုးတော် များက တိတ်တဆိတ် တိုင်ပင်ကြပြီးလျှင် ရှင်ဘုရင်မြှောက်ရန် သဘောတူသူကို ရုတ်တရက်မိအောင်ဖမ်း၍ နတ်ကွန်းလှောင်အိမ်၌ ရှင်ဘုရင် လုပ်ပါတော့မည်ဟု ၀န်မခံမချင်း ချုပ်နှောင်ထားရလေသည်။ တခါတရံ နတ်ကွန်းတွင် ချုပ်နှောင်ထားရာမှ မလွတ်လွတ်အောင် အမျိုးမျိုး ကြံဖန်ထွက်ပြေးရသဖြင့် ရှင်ဘုရင်ဖြစ်မည့် ဘ၀ဆိုးကြီးမှ ကျွတ်လွတ်သွားရလေသည်။ တစ်ခါကလည်း စော်ဘွားတဦးသည် မိမိအား ၀ိုင်းဝန်းကာ မင်းမြှောက်ကြတော့မည်ကို ကြိုတင်သိရှိသောကြောင့် သွားလေရာရာ လှံဓား အမြဲစွဲကိုင်လျက် လာလာသမျှတို့ကို တွန်းလှန်ခုခံ၍ နေပြီးမှ ရှောင်ရှား ထွက်ပြေးရလေသည်။

အာဖရိကတိုက် ဆီးရီးယား လျောင်းနယ်ရှိ တင်းမီးလူမျိုးတို့မှာ ရှင်ဘုရင် နတ်ရွာစံပြီးလျှင် နောက်တယောက်ကို တိုင်းသူပြည်သားများက ရွေးကောက်တင်မြှောက်ရလေသည်။ ထိုသို့ ရွေးကောက်ပြီးနောက် ရှင်ဘုရင်လောင်းကို ရာဇဘိသိက်ခံခါနီး ရွေးကောက်သူများက ၀ိုင်းဝန်း ရိုက်နှက်ခွင့်ရသည်။ ရှင်ဘုရင်ဖြစ်ပြီးသည့် နောက်မူကား မျက်နှာကိုမျှ ဖူးမြှော်ခွင့်ရကြတော့မည် မဟုတ်သောကြောင့် မိမိတို့ အခွင့်ရတုန်း ရိုက်ချင်သလောက် ၀ိုင်း၍ရိုက်နှက်ကြသဖြင့် အချို့မင်းလောင်းများမှာ ဘိသိက်တော် မခံရမီကပင် ရိုက်ဒဏ်ကြောင့် သေကြရလေသည်။ အချို့ အတော်အတန် ခံနိုင်ရည်ရှိ၍ ပွဲချင်းပြီးမသေသော်လည်း ဘိသိက်ခံပြီး နန်းတော်ပေါ်ရောက်ပြီးနောက် မကြာမြင့်မီမှာပင် နတ်ရွာလားကြရလေ သည်။ အတော်သန်မာလျက် ရေစိမ်ကျွဲကြီးများလောက် ခံနိုင်ရည်ရှိသူများသာလျှင် ဘုန်းတော်ကြီး၍ သက်တော်ရှည်ခွင့် ရကြလေသည်။

ထို့ကြောင့် ဆီးရီးယား လောင်းနယ်၌ ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ရေမြေ့ရှင် ဘ၀ရှင်မင်းတရားကြီး နာမကျန်းဖြစ်တော်မူသည်ဟု ကြားရသည်နှင့် တပြိုင်နက် အရိုက်အရာတော်ခံ ထီးဆက် နန်းရံဖြစ်သော သားတော် တူတော်မှစ၍ နီးစပ်သမျှလူတိုင်း အသည်းတထိတ်ထိတ် နှင့် နားစွင့်၍ နေကြရလေသည်။ ဘုန်းတော်ကြီးဘုရား ရောဂါအနာတော် မသက်သာ မေ့မြောနေသည်ဟု ကြားရသည်နှင့် တပြိုင်နက် ဖ၀ါးနှင့် တင်ပါး တသားတည်းကျအောင် လွတ်ကြောင်း ပြေးကြရလေသည်။

ဤသို့လျှင် ထိုအရပ်၌ မှူးကြီးမတ်ကြီးများက လူတစုံတယောက်ကို မျက်မုန်းကျိုးလျှင် တိတ်တိတ်ပုန်း သတ်ပစ်ခြင်း၊ အမှုရှာ၍ ထောင်ချခြင်း မပြုဘဲ ထိုသူကို အများသဘောတူ ၀ိုင်းဝန်း၍ ရှင်ဘုရင် မြှောက်လိုက်ကြလေသည်။ ထိုသို့ တင်မြှောက်လိုက်သည်နှင့် တပြိုင်နက် ထိုသူမှာ အိုးအိမ်သားမယားကိုပစ်၍ ပြေးနိုင်လျှင် ပြေး၊ ဘိသိက်တော်ပွဲ ပဏာမတွင် နိုင်ငံဥပဒေအတိုင်း မှူးမတ်များက ၀ိုင်း၍ရိုက်သည်နှင့်ပင် သေကျေ ပျက်စီး ရလေသည်။

ယခင်ဆိုခဲ့သည့်အတိုင်း အကယ်၍ မင်းလောင်းသည် ဘိသိက်မခံမီ ၀ိုင်းရိုက်သည့်ဘေးဒဏ်မှ မသေမကြေ လွတ်မြောက်ခဲ့သော် ၎င်းအား တုပ်နှောင်ထားသော သံကြိုး သံခြေကျင်းများကိုဖြုတ်၍ မင်းဧကရာဇ်တို့၏ အဆောင်အယောင်ဖြစ်သော လူသတ်ရာ၌ အသုံးပြုသည့် ပုဆိန်ကြီး တလက်ကို အပ်နှင်းလေသည်။

အာဖရိကတိုက် အရှေ့ပိုင်း ဂျင်ဂီရောနယ်တွင်လည်း ရှင်ဘုရင် နတ်ရွာစံ၍ အရိုက်အရာကို ဆက်ခံရန် နန်းတက်ရမည်ဆိုလျှင် အလွန်ကြောက်
ကြလေသည်။ ထိုအရပ်၌ ရှင်ဘုရင် နတ်ရွာစံသည်ဆိုလျှင် သားတော် တူတော် စသည်တို့က အလောင်းတော်ကို အဖိုးထိုက်တန်သော အ၀တ် တန်ဆာများနှင့် ရစ်ပတ်ရလေသည်။ ထို့နောက် နွားမ တစ်ကောင်ကိုသတ်၍ နွားရေကိုယူပြီးလျှင် အလောင်းတော်ကို နွားရေတွင်းသို့ ထည့်သွင်း ရလေသည်။ ဤသို့ပြုပြီးသည်နှင့် တပြိုင်နက် ခြေဦးတည့်ရာပြေး၍ တောတောင်များအတွင်း လွတ်ရာကျွတ်ရာ၌ ပုန်းအောင်းကြရလေသည်။ ထိုအခါ စုန်းကဝေပညာကို တတ်မြောက်သော မှော်ဆရာကြီးများက မည်သူ့အား မင်းမြှောက်မည်ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် ဂါထာမန္တန် များဖြင့် ဆေးစီရင်ပြီးလျှင် လီဘားခေါ် သိန်းစွန်ရဲကဲ့သို့သော ငှက်ကြီးတစ်ကောင်ကိုလွှတ်၍ ထိုငှက်ကြီးပျံသန်းရာသို့ မျက်ခြေမပြတ်အောင် လိုက်သွားကြရလေသည်။ ထိုငှက်ကြီးလည်း တောတောင်များကို ဖြတ်သန်းပျံသွားပြီးနောက် တနေရာရာတွင် နားလေသည်။ ငှက်ကြီးနားသည် ကို မြင်သည်နှင့်တပြိုင်နက် နားနေရာနေရာကို သတ္တိကောင်း လူသန်မာများက လက်နက်များကိုင်၍ ကျားဖမ်းသလို ၀ိုင်းဝန်း၍ ဖမ်းကြလေသည်။ ကံအားလျော်စွာ ဤသို့ ၀ိုင်းဝန်းထားသောနေရာ၌ ပုန်းအောင်နေသူများရှိလျှင် ထိုသူများကလည်း ၀ိုင်းဝန်းလာသမျှကို အတင်းခုခံ ထိုးခုတ်ကြရ လေသည်။ ၀ိုင်းသူများကမူကား မင်းလောင်းကို မနာမကျင်စေဘဲ အမိသာ ဖမ်းကြလေသည်။ တခါတရံ ဖမ်းသူများမှာ မင်းလောင်း၏ ဓားချက်
ဖြင့် အသက်သေကြရလေသည်။ သို့သော် မည်သူမျှ နောက်မဆုတ်ဘဲ အရဖမ်းပြီးလျှင် အတင်းချုပ်နှောင်၍ နန်းတော်အရောက် ခေါ်ယူလာ ပြီးလျှင် နန်းတင်ကြလေသည်။

ဤသို့ရှင်ဘုရင်လုပ်ရန် ကြောက်ကြသည်မှာ ရှင်ဘုရင်မဖြစ်မီ မင်းဧကရာဇ်တို့၏ အင်္ဂါလက္ခဏာနှင့် ပြည့်စုံသည် မစုံသည်၊ ဘုန်းကံရှင်ကံရှင် မှန်သည် မမှန်သည် စမ်းသပ်သော ‘ရှင်ဘုရင် စာမေးပွဲ’ ကြီးမှာ အထက်ဖော်ပြခဲ့သည့်အတိုင်း အလွန်ပြင်းထန်လှသောကြောင့် စစ်ဆေးဆဲတွင် သေ၊ မသေပြန်လျှင်လည်း တသက်လုံး လူစဉ်မမီသော ဘ၀သို့ ရောက်ရခြင်းကတမျိုး၊ ဤဒဏ်မှလွတ်မြောက်၍ ရှင်ဘုရင်ဘ၀သို့ ရောက်ပြန် သောအခါလည်း တိုင်းသူပြည်သားတို့က ဆက်သသော အခွန်တော်နှင့် မလောက်ဘဲ ကိုယ်တိုင်အပင်တပန်း ရှာဖွေရသော ရတနာစုကလေးကို ရှင်ဘုရင် စရိတ်တော်ထဲ ထည့်ရသဖြင့် တသက်လုံး နလန်မထူ မွဲပြာကျရသောဘ၀သို့ ရောက်ရခြင်းကတမျိုး၊ ဤဒဏ်နှစ်မျိုးကြောင့် ရှင်ဘုရင် အာဏာ၊ ရှင်ဘုရင် စည်းစိမ် ဆိုသည်များနှင့် မကာမိဘဲ ကြီးလှစွာသော ဒုက္ခကြီးနှင့် ကြုံတွေ့သည်သာ ဖြစ်သဖြင့် ‘ခမည်းတော် ဘ၀ရှင် မင်းတရားကြီး လူ့ပြည်ငြီး၍ နတ်ထီးဘုံပျံစံလွန်တော်မူပြီ’ ဟူသော ရွှေနန်းတော်အတွင်းမှ သတင်းထွက်လာသည်နှင့်တပြိုင်နက် ကွမ်းကလေး တယာမှ ရပ်၍ မ၀ါးဝံ့၊ သားမယားကိုမျှ နှုတ်မဆက်နိုင်တော့ဘဲ ဂျပန်ခေတ်က ချွေးတပ်ဆွဲသည်ထက် ထိတ်လန့်ကာ လွတ်ရာ ကျွတ်ရာသို့ ပြေးကြရခြင်း ဖြစ်ပေသည်။

ထို့ကြောင့် လက်ညှိုးထောင်မည်ကြံလျှင် ရွှေဘုံ ရွှေနန်း မိဖုရား မောင်းမ မိဿံများနှင့် ‘စမတ်ကျကျ’ စည်းစိမ်တော်များကိုသာ မကြည့်ဘဲ ရှင်ဘုရင်မဖြစ်မီ ၀င်ရောက် ဖြေဆို ရမည့် အစမ်းခံစာမေးပွဲကြီးကိုလည်း ကြည့်ရှုဆင်ခြင်လျက် မိမိတို့စိတ်ကို မိမိတို့နိုင်မှ လက်ညှိုးထောင်ကြ ရမည် ဟူသတည်း။     ။
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.