ဝတ္ထု
မှန်ကြည့်မိတဲ့မြွေ
နေမင်းသစ်
‘ဟောဒီ ကျောက်စရစ်ခဲလေးကို သေသေချာချာ ကြည့်ထားကြပါခင်ဗျာ။ ဒီကျောက်စရစ်ခဲလေးဟာ သာမန်မဟုတ်ပါဘူး။ ကျွန်တော် နှစ်ပေါင်း များစွာ ဆည်းပူးတတ်မြောက်ထားတဲ့ ပညာရပ်ရဲ့ အမြင့်မားဆုံးအဆင့်ကို ကျွန်တော်က ဒီကျောက်စရစ်ခဲလေးကို အသုံးပြုပြီး ပြသမှာဖြစ်ပါ တယ်။ ရွှေပွဲလာ ပရိသတ်များ ခင်ဗျား၊ တကယ်လို့များ ကျွန်တော်က ဒီကျောက်စရစ်ခဲလေးကို စိန်တုံးကြီးဖြစ်သွားအောင် လုပ်ပြမယ်လို့ပြောရင် ယုံကြမှာလားခင်ဗျား။ မယုံပါဘူး၊ ဟုတ်လား။ ဟုတ်ကဲ့၊ မယုံရင် စောင့်ကြည့်ကြပါခင်ဗျား’
‘ဒိန်း … ဒိန်း’
ကျွန်တော်က ဘင်သံနှစ်ချက်ကို ခပ်ကျယ်ကျယ်လေးမြည်အောင်ထုပြီး သူ၏စကားကို ခဏရပ်ပေးလိုက်၏။ မျက်လှည့်ဆရာက လည်ချောင်း တစ်ချက်ရှင်းလိုက်ပြီး …
‘ကဲ … ကျွန်တော် ဟောဒီ အားလုံးမြင်သာနိုင်တဲ့နေရာမှာ ဒီကျောက်စရစ်ခဲလေးကို ကလပ်လေးနဲ့တင်ပြီး ပြသထားပါ့မယ်။ တစ်ခုတော့ ကြိုပြီး မှာထားပါရစေ။ ဒီကျောက်စရစ်ခဲလေးကို မထိမိကြပါစေနဲ့ ။ မကိုင်မိကြပါစေနဲ့။ မတိုးမိ မတိုက်မိ ကြပါစေနဲ့လို့ ပရိသတ်ကြီးကို ကြိုတင်မှာကြား ထားပါရစေ။ “စည်း”ပေါက်သွားမှာ စိုးရိမ်ရလို့ပါ ခင်ဗျာ။ ဟော … ဟောဒီမှာ အသာထားပြီးရင် ကျွန်တော်က ပ၀ါအနီစ ကလေးနဲ့ အုပ်ထားလိုက် မယ်။ ပြီးရင် အခြားသောစိတ်ဝင်စားဖွယ်ရာ ပြကွက်များကို ဆက်လက်ပြီး ပြသပါ့မယ်။ အားလုံးသော ရင်သပ်ရှုမောဖွယ်ရာပြကွက်များ အပြီးမှာတော့ ပွဲသိမ်းပြကွက်အနေနဲ့ ဟော့ဒီ ပ၀ါနီစလေးကို အသာ မ တင်ရင် …’
ကျွန်တော်က ဘင်ကို ဒိန်းခနဲမြည်အောင် ခပ်ကျယ်ကျယ် ထုပေးလိုက်ရပြန်သည်။ မျက်လှည့်ဆရာက စကားကို ဆက်မပြောသေးဘဲ ခေတ္တဆိုင်းငံ့ကာ ပရိသတ်များကို ဝေ့၀ဲ အကဲခတ်လိုက်သည်။ ပြီးမှ အသံကို အနည်းငယ်မြှင့်၍ …
‘ကျောက်စရစ်ခဲလေးဘ၀ကနေ စိန်တုံးကြီးဘ၀ရောက်နေတာကို မျက်စိထင်ရှား တွေ့ကြရပါလိမ့်မယ် ခင်ဗျာ’
မျက်လုံးပေါင်းများစွာတို့သည် ကလပ်ပေါ်တင်ထားခံရသည့် သာမညောင်ည ကျောက်စရစ်ခဲလေးတစ်ခုကို စိတ်ဝင်စားစွာဖြင့် ၀ိုင်းဝန်းအကဲခတ် ကြည့်ရှုနေကြသည်။ ကျောက်စရစ်ခဲလေးကလည်း နည်းနည်းတော့ ထူးခြားသည့် ပုံသဏ္ဌာန်ရှိ၏။ စိန်တုံးတစ်တုံးလိုပင် အခြေခပ်ဝိုင်းဝိုင်းရှိပြီး တစ်ဖက်ထိပ်သို့ စုပြီး ချွန်မြနေ၏။ သေချာစွာ ပွတ်တိုက်ဆေးကြောခြင်းကို ခံထားရသဖြင့်လည်း ဖြူစင်ချောမွတ်ကာ တောက်ပနေသည်။ မျက်လှည့်ဆရာက ထိုကျောက်စရစ်ခဲလေးကို ကလပ်ပေါ်တွင် အခြေအ၀ိုင်းဘက်မှ ချထားခြင်းဖြစ်၍ တောက်ပသော နေရောင်ခြည်အောက်တွင် ပြောင်ပြောင်လက်လက် ဖြစ်ကာ ဆွဲဆောင်မှုတစ်မျိုးနှင့် ထူးခြားနေသည်။ ပရိသတ်သည် ကျောက်စရစ်ခဲလေးကို ထင်မြင်ချက်၊ ဝေဖန်ချက်များ ပေးနေကြသည်။ မျက်လှည့်ဆရာက ပရိသတ်စိတ်ဝင်စားမှု ခိုင်မာစေရန် ခဏမျှ ဆက်လက်ပြသထားပြီးနောက် ထိုကျောက်စရစ်ခဲလေးကို ပ၀ါအနီစဖြင့် အသာအုပ်လိုက်လေ၏။
.....
ဘ၀ဆိုသည်မှာ အချို့သော စိတ်ကူးယဉ်ဝတ္ထုရေး ဆရာ၊ ဆရာမများ စာရွက်ပေါ်တွင် ချရေးလိုက်သလောက် မလွယ်ကူလှပါ။ အကယ်၍ ဘ၀ဟူသည် ၀တ္ထုတစ်ပုဒ်ဖြစ်ခဲ့ပါက သင်သည် ၀ါကျတစ်ကြောင်းလောက်ရေးဖို့ အချိန် အတော်ယူရပေလိမ့်မည်။ ကျွန်တော့် ဘ၀၏ အချိန်တော်တော်များများကိုတော့ ပျံကျအလုပ်များစွာကသာ ၀မ်းနည်းဖွယ် ကိုက်ဖဲ့ စားသုံးသွားခဲ့သည်။ ကျွန်တော် အခုလက်ရှိအလုပ်ကို မလုပ်ခင်က အလုပ်များစွာ လုပ်ခဲ့ ဖူးသည်။ နောက်ဆုံးအလုပ်မှာ မြင်းလှည်းမောင်းသမားဖြစ်၏။ သို့သော် ကတ်တီးကတ်ဖဲ့ နိုင်လှသော မြင်းတစ်ကောင်နှင့် စီးစီးပိုးပိုးနိုင်လှသော လူကောင်ရေ တော်တော်များများ တို့၏ ၀ိုင်းဝန်းနှိပ်စက်မှုကြောင့် ခြောက်လခန့်အကြာတွင် ကျွန်တော် ထိုအလုပ်မှ ၀မ်းပန်း တသာဖြင့် စွန့်လွှတ်လိုက်သည်။ ဤသို့အလုပ်လက်မဲ့ ဖြစ်ပြီး သုံးလခန့်အကြာတွင် ယခု လက်ရှိအလုပ်ကို ရခြင်းဖြစ်သည်။
မျက်လှည့်ဆရာ၏ လက်ထောက်၊ တစ်နည်းဆိုသော် မျက်လှည့်ဝိုင်းများ၏ နောက်ခံ တီးလုံးဖြစ်သော “ဘင်”ဟုခေါ်သည့် အနောက်နိုင်ငံလုပ် ဗုံအဟောင်း အနွမ်းကြီးကို တဒုန်းဒုန်းထု၍ လူစုခြင်း၊ မျက်လှည့်ဆရာ၏ စကားသံ အဖိအဖော့၊ အဖြတ်အတောက်များကို ပိုမိုဆွဲဆောင်မှုရှိအောင် ဘင်သံဖြင့် အချက်ကျကျ ပိတ်ဆို့ပေးရခြင်း၊ ဟိမ၀န္တာ၊ ယောနယ်၊ ဆောနယ် စသည့်ဒေသတို့မှရသော ဆေးမြစ်ထူး ဆေးမြစ်စွမ်း၊ ပစ္စည်းထူး ပစ္စည်းဆန်းများကို ရောင်းချပေးရခြင်း စသည့်အလုပ်များကို လုပ်ရသည့်ရာထူးဖြစ်၏။
မျက်လှည့်ဆရာသည် အသားညိုညို၊ အရပ်မြင့်မြင့်၊ လူကောင်ထွားထွားနှင့် အသက်လေးဆယ်ကျော်ခန့်ရှိပြီဖြစ်သော ဥပဓိရုပ်ကောင်းကောင်း နှင့် လူတစ်ယောက်ဖြစ်၏။ သူ့မျက်နှာ၏ အစိတ်အပိုင်း အတော်များများကို မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးများက ခပ်ရေးရေးလွှမ်းခြုံ ဖုံးအုပ်ပေး ထား၏။ အထူးခြားဆုံးမှာ သူ၏မျက်လုံးများဖြစ်သည်။ ဗာဒံသီး၏အဆန်လို ရှည်မျောမျောရှိပြီး အညိုရောင်မျက်ဆန်များရှိသော မျက်လုံးများ သည် အစဉ်အမြဲလိုလိုပင် (ရွာချခါနီး တိမ်တိုက်တစ်ခုလို) မှိုင်းမှိုင်းညို့ညို့ ဖြစ်နေတတ်သည်။ ဖြောင့်စင်း ရှည်လျားသော နှာတံနှင့် ထိုမျက်လုံးများပေါင်းစပ်လိုက်ပါက ထူးခြားအားကောင်းသော ပဉ္စလက်ဆန်ဆန် ဆွဲငင်မှုတစ်ခုကို ဖြစ်ပေါ်စေ၏။ မျက်လှည့်ဆရာ၏ နှုတ်ခမ်းများကတော့ အနည်းငယ် ထူအန်းပါသည်။ မည်သို့ပင် ဖြစ်စေကာမူ မျက်လှည့်ဆရာ၏ မျက်နှာအသွင်အပြင်မှာ လည်း သူ၏အလုပ်နှင့် လိုက်ဖက်ညီလောက်အောင်တော့ ဆွဲဆောင် ညို့ငင်နိုင်စွမ်း
ရှိသည်ဟုဆိုနိုင်၏။
နောက်ထပ် စိတ်ဝင်စားစရာကောင်းတာကတော့ မျက်လှည့်ဆရာ ၀တ်ဆင်လေ့ရှိသည့် ကုတ်အင်္ကျီကြီးပင် ဖြစ်သည်။ ထိုအင်္ကျီကြီးကို အနက်ရောင် သက္ကလတ်စဖြင့် ချုပ်လုပ် ထားပြီး လူတစ်ကိုယ်စာ မကအောင်ပင် ကြီးမားပွယောင်းလှသည်။ ထိုကုတ်အင်္ကျီကြီးတွင် အိတ်ကပ်များ၊ အိတ်ဝှက်များ၊ ကြီးမားသောအိတ်များ၊ သေးငယ်သောအိတ်များ၊ အပြင်မှ မြင်သာသောအိတ်များ၊ ရုတ်တရက်မမြင်ရ လောက်အောင်ပင် လျှို့ဝှက်ဖုံးကွယ်ထားသော အိတ်များနှင့် ပြည့်နှက်နေလေသည်။ ကျွန်တော်က ထိုကုတ်အင်္ကျီကြီးသည် လူ့ဘ၀နှင့် ဆင်တူလှသည်ဟု တစ်ခါတစ်ရံပေါင်းများစွာတို့တွင် ထင်မြင်မိတတ်သည်။ မျက်လှည့်
ဆရာသည် ထိုကုတ်အင်္ကျီကြီး အတွင်းသို့
ကြက်ဖအရှင် နှစ်ကောင်ကို ထည့်သွင်းပြီး ပြန်ထုတ်လိုက်သည့်အခါ နှင်းဆီပန်းတစ်ပွင့် ဖြစ်နေတတ်သည်။ တစ်ခါတရံ လက်ကိုင်ပ၀ါ တစ်ထည်ကို ထည့်သွင်းလိုက်ပြီး ပြန်ထုတ်ပြသောအခါ ဘဲငန်းတစ်ကောင် ဖြစ်ချင် ဖြစ်နေတတ်ပြန်သည်။ မျက်လှည့်ဆရာတွင် အခြားသော ထူးဆန်းအံ့သြဖွယ်ရာ ကောင်းသည့် ပြကွက်ဆန်းဆန်းများလည်း အများအပြား ကျန်ရှိပါသေးသည်။ သို့သော် အထက်တွင် ပြောခဲ့သလို တော့ဖြင့် ကျောက်စရစ်ခဲလေးကို စိန်တုံးကြီးဖြစ်သွားအောင် သူလုပ်ပြတာ တစ်ခါမှ မကြုံခဲ့ဖူးပါ။ ထိုကိစ္စသည် သူ၏ မျက်လှည့်ပညာဆိုင်ရာ နည်းဗျူဟာတွေထဲမှ အဓိကအကျဆုံး မဟာဗျူဟာတစ်ခု ဖြစ်သည်ဟု သူကဆိုသည်။ ထိုမဟာဗျူဟာကို ကျွန်တော်ကမေးကြည့်တော့လည်း သူ့အဖြေက အင်မတန် လွယ်ကူရှင်းလင်းလှပါသည်။
‘ငါ့ကောင်ရာ… မျက်လှည့်ပြတယ်ဆိုတာ ညာတာမှန်း လူတွေအားလုံးသိကြတာပဲ။ ဒါပေမယ့် အဲဒီလို ညာမှန်းသိသိနဲ့ကို လာပြီးအညာခံနေကြတာပဲ မဟုတ်လား။ ဒါပေမယ့် ငါတို့ဘက်ကလည်း အညာခံတဲ့လူတွေ ကြာကြာအညာခံချင်အောင် ဆွဲဆောင်မှုရှိရှိနဲ့ ညာတတ်ဖို့၊ ညာနိုင်ဖို့ လိုတယ်။ ဒါကြောင့် ငါက ဒီကျောက်စရစ်ခဲလေးကို ငါးစာ သဘောမျိုး ပြထားတာ၊ စိတ်ဝင်စားမှုကို မျှားထားတာ။ တစ်နည်းပြောရရင် မျက်လှည့်ပွဲကို ကြာကြာကြည့်ချင်အောင် မျှော်လင့်ချက်တစ်ခု ပေးထားလိုက်တာပဲ။ ပွဲပြီးခါနီးတော့မှ အဲဒီကျောက်စရစ်ခဲနားက လူတစ်ယောက်ယောက်ရဲ့ မထင်မှတ်၊ မသိသာတဲ့ အမှားအယွင်း တစ်ခုခုကြောင့် “စည်း”ပေါက်သွားတယ်လို့ပြောပြီး ပြန်သိမ်းထားလိုက်။ ဒါမှမဟုတ် လူတွေ မေ့နေရင်လည်း မသိမသာနဲ့ အသာပြန်သိမ်းလိုက်ပေါ့ကွာ။ လူဆိုတာ အမှတ်သညာ သိပ်ကောင်းလှတဲ့အမျိုးမဟုတ်ဘူး’
ဤသို့ဖြင့် ကျွန်တော်လည်း သူ၏ နည်းပရိယာယ်များနှင့် တစ်စတစ်စ ကျွမ်းဝင်လာကာ သူ့ကို ကောင်းစွာ အကူအညီ ပေးနိုင်လာခဲ့သည်။
ငါးရက်တစ်ဈေး၊ သို့မဟုတ် ဘုရားပွဲ တစ်ခုခု၏ မြေကွက်လပ် ကျယ်ကျယ်တစ်ခုတွင် ကျွန်တော်က ဘင်သံကို တဒုန်းဒုန်းနှင့် အဆက်မပြတ် မြည်နေအောင် တီးပေးရသည်။ ထိုအခါ စပ်စုတတ်သော သို့မဟုတ် စိတ်ဝင်စားမှု လွယ်ကူမြန်ဆန်သော လူတစ်ယောက်က ရပ်၍ ဘာများလဲဟု စူးစမ်းမည်။ ၀ံပုလွေတွေ၊ မြေခွေးတွေ တစ်ကောင်က စပြီးအူလျှင် ကျန်တဲ့အကောင်တွေကပါ အကုန်လိုက်ပြီး အူတတ်ကြသလိုပါပဲ။ လူတွေဟာလည်း လူတစ်ယောက် ရပ်ကြည့်နေတာမြင်လျှင် နောက်ထပ်တစ်ယောက်၊ ပြီးတော့ နောက်ထပ်နှစ်ယောက် … ခဏအတွင်းမှာပဲ ကျွန်တော့်အနားမှာ လူတွေ စုပြုံ တိုးဝှေ့လာကြတော့သည်။ သူတို့ဟာ အနီးအနားမှာ ချထားတဲ့ တွေ့ကရာ သင်္ချိုင်းကုန်းကကောက်လာတဲ့ အရိုးခေါင်းကို ကြည့်လိုက်၊ လက်ဖျံရိုးများကို ကြည့်လိုက်၊ ကြီးမားသော ထင်းရှူးသေတ္တာကြီးကို ကြည့်လိုက်နှင့် စိတ်ဝင်တစားနဲ့ လှုပ်လှုပ်ရွရွ ဖြစ်လာကြပြီဆိုလျှင် မျက်လှည့်ဆရာက ကုတ်အင်္ကျီ အနက်ကြီးကို ၀တ်လျက် ခွေးခြေအပုလေးတစ်လုံးပေါ် ထိုင်ရင်း ဆေးလိပ်ဖွာနေရာက အသာထပြီး မြေကြီးပေါ်မှာ တုတ်တစ်ချောင်းနဲ့ ပတ်ပတ်လည် စည်းတားတော့တာပါပဲ။ ပါးစပ်ကလည်း ဘယ်ဘာသာစကားမှမဟုတ်တဲ့ ဂါထာလိုလို၊ မန္တရားလိုလို တစ်ပုဒ်ကို အသံကျယ်ကျယ်နဲ့ လျောက်ရွတ်နေလိမ့်မည်။ အမှန်ကတော့ ပါးစပ်ထဲ တွေ့ကရာ လျောက်ရွတ်တာပါပဲ။
ကျွန်တော်ကတော့ အဲဒီအချိန်မှာ ဘင်သံကို “ဒုန်းဒုန်း ဒုန်းဒုန်း”နဲ့ အဆက်မပြတ် မြည်အောင်ထုပြီး လူတွေရဲ့ သွေးကြောထဲအထိ စိတ်ဝင်စားမှုတွေ ၀င်ရောက်ကခုန်နေအောင် တာဝန်ယူဆောင်ရွက်ပေးရတယ်။
စည်းဝိုင်းတားလို့ ပြီးပြီဆိုရင် မျက်လှည့်ဆရာက အခုတားထားတဲ့ စည်းဝိုင်းအတွင်းသို့ မည်သူမှ မ၀င်မိကြဖို့အကြောင်း၊ အစောင့်အကြပ်တွေ ချထားတယ်ဆိုတဲ့အကြောင်း ပြောရင်း မှင်သေသေနဲ့ စ ညာတော့တာပါပဲ။ ကျွန်တော်ကတော့ ဘင်သံကို ချောက်ချား ဖွယ်ရာဖြစ်အောင် အဆက်မပြတ် ထုနှက်ပေးနေရသည်။ ပြီးရင် မျက်လှည့်ဆရာက ကျောက်စရစ်ခဲလေးအကြောင်းကို စကား စမည်။ ကျောက်စရစ်ခဲလေးကို ကလပ်ပေါ်တင်၊ ပ၀ါအနီစနဲ့အုပ်ပြီး စောစောက တားထားတဲ့စည်းနဲ့ အနီးစပ်ဆုံးနေရာမှာထားမည်။ ဒါမှသာ မတော်တဆမှု တစ်ခုခုဖြစ်ဖို့ လွယ်ကူမှာ မဟုတ်ပါလား။ အဲဒီနောက်တော့ မျက်လှည့် ပြကွက်တွေ နည်းနည်းပါးပါး ပြသမည်။ သူ့ရဲ့ ကုတ်အင်္ကျီထဲသို့ ပစ္စည်းတွေ တစ်မျိုးပြီး တစ်မျိုး ထည့်ပြ၊ ပြန်ထုတ်ပြတဲ့ ပြကွက်တွေ၊ အရိုးခြောက်သေးသေးလေးက ထက ပြတဲ့ ပြကွက်တွေ၊ ကြိုးတစ်ချောင်းက မြွေတစ်ကောင်လို ပါးပျဉ်းထောင်ပြတဲ့ ပြကွက်တွေ၊ သေတ္တာအလွတ်တစ်လုံးထဲက ကြက်ဥတွေ နှိုက်ထုတ်ပြတဲ့ ပြကွက်တွေ၊ ဘဲဥတစ်လုံးဟာ ကြည့်နေရင်းမှာပဲ လေထဲကို ပျံတက်သွားတဲ့ ပြကွက်တွေကို တစ်မျိုးပြီးတစ်မျိုး ပြသတာပါပဲ။ ပြီးရင် ခဏနားပြီး အာဝဇ္ဇန်းရွှင်ရွှင်နှင့် ဆေးရောင်းသည်။ ဟိမ၀န္တာ တောင်တန်းပေါ်မှ အနှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ရတတ်သည့် နတ်ဆေးဂမုန်း တစ်ပင် ငါးဆယ်နှင့် ရောင်းသည်။ ကိုးဆယ့်ခြောက်ပါးသော ရောဂါ အကုန်ပျောက် သည်ဟု ဆို၏။ နီပေါနိုင်ငံ တောနက်ကြီးအတွင်းရှိ ကျောက်ဂူထဲတွင် မည်သူနှင့်မျှ အတွေ့မခံဘဲ အနှစ်ခြောက်ဆယ်တိုင်တိုင် ဂမ္ဘီရကျင့်စဉ်များကို ကျင့်ကြံနေတဲ့ ဆာဒူးကြီး၏ မညှပ်တာကြာပြီဖြစ်၍ ရှည်လျားကောက်ကွေ့ နေသော ညာဘက် ခြေသည်းကို အဆစ်ကလေးတွေပိုင်းပြီး တစ်ပိုင်းကို နှစ်ဆယ့်ငါးကျပ်နှင့် ရောင်း၏။ ဆောင်ထားလျှင် အန္တရာယ်ကင်း သည်ဟု ဆိုသည်။ အာတိတ်စက်ဝိုင်းဒေသမှ ရေခဲဖျံကြီးများ၏ အဖိုးထိုက်တန်လှသော ဖျံသိုကို အမှုန့်ပြု၍ ထိုအမှုန့်နှင့် ရောနှော ဖော်စပ်ထားသည်ဆိုသော ယောက်ျားအားတိုးဆေးကို တစ်ပုလင်းလျှင် တစ်ရာကျပ်ဖြင့် ရောင်း၏။ လကွယ်ညများတွင် သင်္ချိုင်းကိုးခုသို့ လှည့်ပတ်သွားလာ၍ အလောင်းကောင် များ၏ ပါးမှာသနပ်ခါးလိမ်း၊ ခြောက်လျှင် နှီးပြားဖြင့် ခြစ်ယူစုဆောင်းကာ ခက်ခက်ခဲခဲ စီမံဆောင်ရွက် ထားရသော ပီယဆေးတစ်ဖုံကို ခုနှစ်ဆယ့်ငါးကျပ်ဖြင့် ရောင်း၏။ ယောနယ်မှလာသော ဆရာကြီးတစ်ပါးမှ စီရင်ပေးအပ်သည့် ရေစင်မှာ တစ်ပုလင်းကို ဆယ့်ငါးကျပ်ဖြင့် အရောင်းခံရ၏။ ပယောဂရောဂါအားလုံး နိုင်နင်းသောဟူ၏။
မျက်လှည့်ဆရာရောင်းသောဆေးများမှာ အင်မတိ အင်မတန် အူကြောင်ကြောင် နိုင်လှ သော်လည်း ရောင်းကောင်း၏။ မျက်လှည့်ဆရာသည် ဆေးရောင်းပြီးလျှင် ပွဲမသိမ်းသေးဘဲ မျက်လှည့်ပြကွက် အနည်းငယ်ကို ထပ်မံတင်ဆက်ပြန်သေးသည်။ လက်ဖျောက်တီး လိုက်လျှင် မီးပွင့်သွားတာမျိုးတို့၊ အုန်းသီးတစ်လုံးကို အခွံမနွှာဘဲနှင့် အတွင်းမှအုန်းရည်ကို ပလတ်စတစ်ပိုက်ပျော့နှင့် ထိုးဖောက်စုပ်သောက်ပြတာမျိုး တို့ကို ပြကာ ပွဲကို သိမ်းလိုက် လေ့ရှိသည်။ ကျောက်စရစ်ခဲလေးကိုကား မသိမသာ ပြန်သိမ်းထား သည့်အခါ သိမ်းသည်။ ကလေးတစ်ယောက် စည်းဝိုင်းထဲဝင်သဖြင့် သူ၏စီမံထားမှု ပျက်စီးသွားပြီဖြစ်ကာ စိန်တုံးဖြစ်မလာနိုင်တော့ကြောင်း ပြော၍ သိမ်းသည့်အခါ သိမ်းသည်။ မည်သို့ပင်ဖြစ်စေ အဆင်ကတော့ ပြေနေသည်ပဲ ဖြစ်လေသည်။ မျက်လှည့်ပွဲ တစ်ပွဲပြီးလျှင် ရောင်းရသည့် ငွေမှာ တစ်ထောင်ကျော်ကျော် ၀န်းကျင်မျှ ရရှိတတ်ပြီး ပေါက်ကရလျောက်လုပ်ထားသည့် ပစ္စည်းများ၏အရင်းမှာ နှစ်ရာဝန်းကျင်ခန့်သာရှိရာ အမြတ်ရာခိုင်နှုန်းမှာ လေးရာ ရာခိုင်နှုန်း ကျော်ကျော် ရှိလေ၏။ ဤမျှ အမြတ်ရာခိုင်နှုန်းများသော အလုပ်ကို မည်သူသည် စွန့်လွှတ် လိမ့်မည်နည်း။
ဤသို့ဖြင့် ကျွန်တော်၊ မျက်လှည့်ဆရာနှင့် မျက်လှည့်ပွဲများတို့သည် ကာလအတော်အတန် ကြာသည်အထိ စက်ယန္တယားတစ်ခုလို အသားတကျ လည်ပတ်နေခဲ့လေသည်။
.....
တစ်ခုသော နွေရာသီရဲ့ နေ့ရက်တစ်ရက်မှာတော့ ထူးခြားသောအဖြစ်အပျက်က စတင်လာပါတော့သည်။ ထိုနေ့ရက်မတိုင်မီ ညက မျက်လှည့်ဆရာသည် ထူးခြားသော အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်ဟု ဆိုသည်။
‘ငါဟာ အဆောင်ဆောင် အခန်းခန်းနဲ့ နန်းတော်ကြီးတစ်ခုလို အင်မတန် ခမ်းနား ကြီးကျယ်စွာ ပြုပြင်ဆင်ယင်ထားတဲ့ အဆောက်အအုံ တစ်ခုထဲကို ရောက်သွားတယ်ကွ။ ဒါပေမယ့် ငါ့စိတ်ထဲမှာတော့ ဒါဟာ ကျောက်ဂူကြီးတစ်ခုသာ ဖြစ်ကြောင်း အလိုလို သိနေပြန်တယ်။ အဲဒီလိုနဲ့ ငါဟာ ဟိုအခန်းဝင်၊ ဒီအခန်းထွက်နဲ့ လှည့်ပတ်ကြည့်ရှုနေရင်း အခန်းတစ်ခန်းထဲကိုရောက်သွားတော့ ၀တ်ဖြူစင်ကြယ်နဲ့အဘိုးကြီး တရားထိုင်နေတာကို သွားတွေ့ရတယ်။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေကလည်း ဆွတ်ဆွတ်ဖြူလို့၊ မျက်နှာသွင်ပြင်ကလည်း ဖြူစင်ကြည်လင်ပြီး ငြိမ်းချမ်းလိုက်တာ။ ငါလည်း အလိုလို ကြည်ညိုသွားပြီး အနားမှာသွားပြီး ဦးချလိုက်မိတော့ အဘိုးကြီးက မျက်စိဖွင့်ကြည့် တယ်။ ပြီးတော -့ ငါ့သားတဲ့၊ မင်းဆီမှာရှိတဲ့ ကျောက်စရစ်ခဲလေး ဘဘကို ခဏပေးစမ်းပါတဲ့။ အဲ … ငါကလည်း ငါ့ရဲ့ကုတ်အင်္ကျီအနက်ကြီးကို ၀တ်ထားလျက်သားကွ။ ပြီးတော့ ထူးဆန်းတာက ကုတ်အင်္ကျီရဲ့ ဘယ်အိတ်ထဲမှာ ကျောက်စရစ်ခဲလေး ပါလာတယ်ဆိုတာ အလိုလိုသိနေပြီး နှိုက်ယူပေးလိုက်တော့ အဲဒီဘဘကြီးက လှမ်းယူတယ်။ ပြီးတော့ လက်နှစ်ဖက်နဲ့ ကျောက်စရစ်ခဲလေးကို အုပ်ကိုင်ပြီး ပါးစပ်က တဖွဖွရွတ် နေတယ်။ နားက မကြားရပေမယ့် သူရွတ်နေတာကို ငါ့စိတ်ထဲက သိနေတယ်။ ကျောက်စရစ်ခဲ ဘ၀ကနေ စိန်တုံးကြီးဖြစ်သွားစမ်းတဲ့၊ အဲသလိုရွတ်နေတာ။ ပြီးတော့ လက်ကိုလည်း ပြန်ဖွင့်လိုက်ရော သူ့လက်ထဲမှာ စိန်တုံးကြီး …’
‘အဲဒီနောက် အဲဒီ့ဘဘကြီးက ငါ့ကို ပြန်ပေးတယ်။ လှလိုက်တဲ့ စိန်တုံးကြီးကွာ၊ အရောင်တွေ တဖျတ်ဖျတ်လက်လို့၊ တောက်ပကြည်လင်ပြီး လင်းလက်လိုက်ပုံများ မျက်စိကျိန်းလွန်းလို့ ခဏတောင်မှိတ်ထားလိုက်ရတယ်။ အဲ … မျက်စိလည်း ပြန်ဖွင့်လိုက်ရော အဲဒီ အဘိုးကြီးက ငါ့အဖေဖြစ်နေရော။ အဲဒီမှာ ငါလည်း အရမ်းအံ့သြပြီး လန့်နိုးလာတာပဲကွ’
သူ့အဖေသည်လည်း ကွယ်လွန်သွားခဲ့တာ ကြာပြီဖြစ်သော မျက်လှည့်ဆရာကြီး တစ်ယောက်ပင် ဖြစ်သည်၊ ဤကျောက်စရစ်ခဲလေး ဇာတ်လမ်းနှင့် ပရိသတ်ကို စတင်မြှူဆွယ်ခဲ့သူမှာလည်း သူ့အဖေပင်ဖြစ်ပါသည်။ ထိုကျောက်စရစ်ခဲလေးကို သူ့အဖေက မြစ်ကြီးနားမြစ်ဆုံ ဘက်က သူ့မိတ်ဆွေတစ်ယောက်ထံမှ မျက်လှည့်ပြရာတွင် အသုံးဝင်နိုင်သည်ဟု တွက်ဆကာ တောင်းယူလာခဲ့ခြင်းဖြစ်သည်။ သူသည် ယခင်က သူ့အဖေထံတွင် လက်ထောက်အဖြစ် ယခု ကျွန်တော်လုပ်သလို လုပ်ခဲ့ပြီး သူ့အဖေ ကွယ်လွန်ပြီးမှ မျက်လှည့်ဆရာ ဖြစ်လာခြင်းဖြစ်ပါသည်။
‘ငါလည်း အိပ်ရာက နိုးနိုးချင်း ကျောက်စရစ်ခဲလေးကို ပြေးကြည့်တာပေါ့’
‘အဲဒီတော့’
‘အလျင်အတိုင်းပါပဲကွာ၊ ကျောက်စရစ်ခဲလေးပါပဲ။ ဒါပေမယ် ငါ့စိတ်ထဲမှာ ကျောက်စရစ်ခဲ လေးကို ကြည့်ရင်း တဖြည်းဖြည်း သေချာလာတယ်။ ဒီကျောက်စရစ်ခဲလေးဟာ တစ်နေ့နေ့မှာ စိန်တုံးကြီး ဖြစ်ကိုဖြစ်လာရမယ်ကွ။ သူ့ပုံစံကလည်း စိန်တုံးပုံလေး မဟုတ်လား၊ သာမန် ကျောက်စရစ်ခဲတော့ လုံးဝ မဖြစ်နိုင်ဘူးကွ’
ဘုရားရေ … ဒီလူ ရူးများနေပြီလား။ ပုံသဏ္ဍာန်က ဘယ်လောက်ပင် စိန်တုံးနှင့် တူနေပါစေ။ ကျောက်စရစ်ခဲတစ်တုံးသည် စိန်တုံးတစ်တုံး ဖြစ်မလာနိုင်ပါ။ ထိုအကြောင်းကို ကျွန်တော်သာမက သူပါ ယခင်က ကောင်းကောင်းကြီး သိခဲ့ပါသည်။
‘အခု ငါ့အဖေက ကောင်းရာမွန်ရာနေရာ တစ်နေရာရာကနေု ကျောက်စရစ်ခဲလေးကို သေသေချာချာ ဂရုစိုက်ဖို့ ငါ့ကို အိပ်မက်ပေးတာနေမှာ။ ဟုတ်တယ်၊ ဒီအတိုင်းပဲ ဖြစ်ရမယ်။ ဒီကျောက်စရစ်ခဲလေးဟာ သာမန်မဟုတ်ဘူး၊ စိန်တုံးဖြစ်မယ့် ကျောက်စရစ်ခဲ’
ကျွန်တော် မနေနိုင်တော့။ တစ်ခုခုတော့ ပြောရတော့မယ်။
‘ဒီမှာ မျက်လှည့်ဆရာ၊ ခင်ဗျား မှားနေပြီ။ ကျောက်စရစ်ခဲတစ်တုံးဟာ ဘယ်လိုနည်းနဲ့မှ စိန်တုံးဖြစ်မလာနိုင်ဘူးဆိုတာ ခင်ဗျားလည်း သိခဲ့ပါတယ်ဗျာ။ အလျင်တုန်းက ခင်ဗျားက ကျောက်စရစ်ခဲကနေ စိန်တုံးကြီးဖြစ်လာလိမ့်မယ်လို့ ပြောတဲ့အခါ ယုံကြည်သွားကြတဲ့ လူတွေရဲ့ မျက်နှာတွေအကြောင်း ကျွန်တော့်ကိုပြောပြပြီး ခင်ဗျားကိုယ်တိုင် ရယ်မောပစ် ခဲ့တာ ခင်ဗျား မေ့သွားပြီလား’
ကျွန်တော်က သူ့ကို ဖျောင်းဖျောင်းဖျဖျ ပြောပြသည်။ သို့သော် သူက ခေါင်းမာလေသည်။
‘မဟုတ်ဘူးကွ၊ ငါမှားခဲ့တာ အလျင်တုန်းက။ အခု မဟုတ်ဘူး။ ဒီကျောက်စရစ်ခဲလေးကို ခပ်ပေါ့ပေါ့ သဘောထားခဲ့မိတာ မှားခဲ့တာ။ လောကမှာ လူ့အသိဉာဏ်နဲ့ လိုက်လို့မမီနိုင်တဲ့ ဖြစ်ရပ်တွေ အများကြီးရှိတယ်ဆိုတာ ငါမေ့နေခဲ့တာ’
သူက ကျောက်စရစ်ခဲလေးကို တယုတယ ပွတ်သပ်ပေးနေရင်း ဆက်ပြောလေသည်။
မျက်လှည့်ဆရာက မျက်လှည့်ပြနေစဉ်မှာလိုပဲ အသံအနိမ့်အမြင့် အဖြတ်အတောက်တွေ၊ လက်ဟန်ခြေဟန်တွေနဲ့ စိတ်ပါလက်ပါ ပြောနေ လေ၏။ တစ်ခုပဲ ကွာခြားပါသည်။
မျက်လှည့်ပွဲများတွင် သူပြောရခြင်း၏ ရည်ရွယ်ချက်က သူများတွေ ယုံကြည်သွားစေရန် ဖြစ်ပြီး အခု သူပြောနေခြင်း၏ ရည်ရွယ်ချက်ကတော့ သူကိုယ်တိုင် ယုံကြည်မိစေရန် ဖြစ်သည်။
ကျွန်တော်ကတော့ စိတ်ထဲကပဲ ပြန်ပြောနေမိတော့သည်။ ကျောက်စရစ်ခဲတစ်လုံးဟာ ကာလတွေ ဘယ်လောက်ကြာကြာ၊ ဘယ်လို ဂါထာ မန္တန်တွေနဲ့ပဲ မန်းမှုတ်မန်းမှုတ်၊ စိန်တုံးတစ်တုံး ဖြစ်မလာနိုင်ပါ။ ဖြစ်ချင်းဖြစ်လျှင် ကာလတိုက်စား၍ သဲမှုန့်များသာ ဖြစ်သွားပါလိမ့်မည်။
မျက်လှည့်ဆရာရဲ့ မျက်လုံးတွေမှာတော့ (မျက်လှည့်ပွဲများစွာတွင် ပရိသတ်ကို ညှို့ငင်နိုင်စွမ်းသော) ထူးခြားသည့် အရိပ်အယောင်တစ်မျိုးကို ထင်ထင်ရှားရှား တွေ့နေရသည်။ ရီရီဝေေ၀ဖြစ်နေသော သူ့မျက်လုံးတွေကို ကြည့်ရင်း ကျွန်တော်ဟာ စပါးကြီးမြွေတစ်ကောင် သားကောင်ကို ညှို့နေတာကို မြင်ယောင်လာမိတယ်။ ဟုတ်ပါရဲ့၊ ဒီလူဟာ နှစ်ပေါင်းများစွာ သူများတွေကို လိမ်ညာနေခဲ့ရင်း တစ်ပြိုင်နက်တည်းမှာပဲ သူ့ကိုယ်သူပါ ပြန်ပြီး လိမ်ညာနေခဲ့မိပါရောလား။ သူ့ရဲ့အိပ်မက်ဟာ ဘယ်သူကမှ ပေးတာမဟုတ်ပါ၊ သူ့ရဲ့မသိစိတ်က ပေးတာ။ သနားစရာ ကောင်းလိုက်ပါဘိတော့။ မျက်လှည့်ဆရာ သို့မဟုတ် ကိုယ့်ကိုယ်ကိုယ် ပြန်ညှို့မိတဲ့ မြွေတစ်ကောင်။ ကျွန်တော့်အတွေးတွေ လင်းလက် ပေါက်ကွဲနေစဉ်မှာ မျက်လှည့်ဆရာကတော့ တဟဲဟဲနဲ့ရယ်မောရင်း ကျောက်စရစ်ခဲလေးကို မြတ်မြတ်နိုးနိုး ပွတ်သပ်နေပါသည်။ ကျွန်တော့်တစ်သက်တာမှာ စိတ်မချမ်းမြေ့ဖွယ်ရာ အကောင်းဆုံး ရယ်မောသံနဲ့ မြင်ကွင်းတစ်ခုပါပဲ။ ကျွန်တော့်စိတ်ထဲမှာလည်း စိုးရိမ်စိတ်တစ်ခုက ပေါ်ချည် … ငုပ်ချည်။
အိပ်မက်တစ်ခုကတော့ လူတစ်ယောက်ကို အသေအချာ ပြောင်းလဲပေးပစ်ခဲ့ပြီ ဖြစ်သည်။
.....
အဲဒီနောက်ပိုင်း မျက်လှည့်ပွဲတွေမှာတော့ မျက်လှည့်ဆရာဟာ ကျောက်စရစ်ခဲကို စိန်တုံးဖြစ်စေမယ့် ဂါထာကို လေးလေးနက်နက်နဲ့ ယုံယုံကြည်ကြည် ရွတ်ဆိုနေ ပါ တော့သည်။ စိတ်ထဲ အသည်းထဲက အူလှိုက်သဲလှိုက် ယုံကြည်မှုနဲ့ ရွတ်ဆိုခြင်းမျိုး၊ နတ်ဝင်သည်တစ်ယောက်လို မေ့မြောစူးနစ်ဝင်ပြီး ရွတ်ဆိုခြင်းမျိုး။ မျက်နှာထားကလည်း အင်မတန် ကြိုက်နှစ်သက်တဲ့ အစားအစာတစ်ခုကို မြိန်မြိန်ရှက်ရှက်ကြီး စားသုံးနေရတဲ့ လူတစ်ယောက်ရဲ့ မျက်နှာထားမျိုးနဲ့ ရွတ်ဆိုနေပါတော့သည်။
ကျွန်တော့်စိတ်ထဲမှာတော့ ဒီလူနဲ့ပတ်သက်ပြီး ၀င်ရောက်နေတဲ့ ပူပန်သောကတွေက သမုဒ္ဒရာထဲက ရေခဲတုံးကြီးတွေလို လေးနက်အေးစက်လို့ နေခဲ့သည်။ သိပ်မကြာခင်မှာပဲ အပြောင်းအလဲနေ့သို့ ဆိုက်ရောက်လာခဲ့သည်။
အဲဒီနေ့ဟာ ရက်စက်ပြီး ပူပြင်းတဲ့နေ့ဖြစ်သလို ဖုန်တွေ တထောင်းထောင်းထနေတဲ့ နေ့လည်း ဖြစ်ပါသည်။ အဲဒီနေ့မှာ ကျွန်တော်တို့ဟာ မြေလတ်ဒေသ မြို့လေးတစ်မြို့ရဲ့ ငါးရက်တစ်ဈေးလေးတစ်ခုမှာ မျက်လှည့်ပွဲတစ်ခု ကျင်းပဖို့ ပြင်ဆင်နေခဲ့ကြသည်။ သူက အင်္ကျီအနက်ကြီးကို ၀တ်လို့၊ ခွေးခြေပုလေးမှာ ကျောက်စရစ်ခဲလေးကို ပွတ်သပ်ကျေနပ် နေလေရဲ့။ ကျွန်တော်ကတော့ ဘင်ကြီးကို တဒုန်းဒုန်းထုလို့။ ခဏလောက် လည်းကြာရော ထုံးစံအတိုင်း လူတွေ စုပြုံအုံခဲ ကျလာပါလေရော။ မျက်လှည့်ဆရာကလည်း ထိုင်ရာက ထပြီး “စည်း”တား ၊ ရွတ်ဆိုနေကျ ဂါထာလိုလို မန္တန်လိုလိုကို ရွတ်။ ပြီးတော့ ကျောက် စရစ်ခဲလေးကို ကလပ်ပေါ်တင်ပြီး ပြောနေကျ စကားလုံးတွေကို ဌာန်နဲ့ မာန်နဲ့ ရွတ်ဆိုနေ ပြန်သည်။ အဲဒီအထိ ဘာမှမထူးခြားသေးပါဘူး။ ဒါပေမယ့် ကျောက်စရစ်ခဲ လေးကို ကလပ်ပေါ်တင်ပြီး ထုံးစံအတိုင်း စည်းဝိုင်းနဲ့ အနီးဆုံးနေရာ သွားအထားမှာ … နေရောင်ခြည်က တောက်ပလွန်းလို့ ကလပ်ပေါ်က ကျောက်စရစ်ခဲလေးဟာ ဖျတ်ခနဲ လင်းလက်သွားခဲ့သည်။ ဒါကို မျက်လှည့်ဆရာရော၊ ကျွန်တော်ရော၊ ပရိသတ်ရော အားလုံးမြင်လိုက်ရခြင်း ဖြစ်ပါသည်။ ဒါပေမယ့် မျက်လှည့်ဆရာကတော့ ရုတ်တရက် လောင်စာဆီကုန်သွားတဲ့ စက်ရုပ်တစ်ရုပ်လို ရပ်တန့်ပြီး ကျောက်စရစ်ခဲလေးကို အတော်ကြီးကြာတဲ့အထိ စိုက်ကြည့်ငေးမော နေခဲ့သည်။ ခဏကြာတော့ သူ့မျက်နှာကြီးဟာ ရုတ်တရက်ဝင်းလာပြီး ကျွန်တော့်ဆီ အရူးတစ်ပိုင်း ပြေးလွှား ရောက်ရှိလာပါသည်။
‘ဟေ့ကောင် တွေ့လား … ပြောတာမမှန်ဘူးလား၊ ဒီမှာကြည့်စမ်း၊ စိန်တုံးကြီးကွ … စိန်တုံးကြီး၊ နောက်ဆုံးတော့ ကျောက်စရစ်ခဲလေးဟာ စိန်တုံးကြီး ဖြစ်သွားရတာ မဟုတ်လား’
သူက ပျော်ရွှင်စွာ ရယ်မော ဟစ်အော်နေပါသည်။ ဟင့်အင်း … စိန်တုံးကြီးမဟုတ်ပါ၊ သူ့လက်ဖ၀ါးပေါ်မှာ တင်ထားသောအရာသည် စိန်တုံးကြီးမဟုတ်ပါ။ ကျောက်စရစ်ခဲပါပဲ။ ကျောက်စရစ်ခဲလေးပါပဲလေ။ သူကတော့ ကျွန်တော့်မျက်နှာရှေ့သို့ သူ့လက်ဖ၀ါးကြီး ထိုးထိုးပြကာ “စိန်တုံးကြီး … စိန်တုံးကြီး”ဟု အော်ဟစ်ကာ ကခုန်နေပါတော့သည်။ ကျွန်တော် ရုတ်တရက် ကြောင်အ ပြီး သူ့ကိုငေးမောကြည့်နေမိတုန်း။ သူကတော့ လူသူရှုပ်ထွေးများပြားလှသော ငါးရက်တစ်ဈေးလေးထဲသို့ ပြေးလွှားအော်ဟစ်ရင်း ပျော်ရွှင်စွာ ၀င်ရောက်ပျောက်ကွယ်သွားပါသည်။
......
အဲဒီနေ့က မျက်လှည့်ပွဲကို လာကြည့်တဲ့ပရ |