#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ

ဧရာဝတီ | စက်တင်ဘာ ၃၀၊ ၂၀၀၇

ရန်ကုန် - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီတို့ ယနေ့တွေ့ဆုံကြောင်း အေပီ သတင်းတွင် သံတမန်များကိုကိုးကား၍ ရေးသားထားသည်။

မစ္စတာ ဂန်ဘာရီသည် စစ်အစိုးရခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်ဟုလည်း အေပီသတင်းက ဆိုသည်။ တွေ့ဆုံခဲ့သူများတွင် နအဖ ထိပ်ပိုင်းခေါင်းဆောင် ၂ ဦးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး မောင်အေးတို့မပါဝင်ဟု ကုလသမဂ္ဂသတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်အစိုးရ ယာယီဝန်ကြီးချုပ်၊ ဒုတိယ၀န်ကြီးချုပ်၊ ယဉ်ကျေးမှုဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးတို့က မစ္စတာ ဂန်ဘာရီကို နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။

မစ္စတာ ဂန်ဘာရီသည် ယမန်နေ့က မြန်မာနိုင်ငံကိုရာက်ရှိခဲ့ပြီး ရန်ကုန်သို့မလာမီ နေပြည်တော်တွင် တည်းခိုခဲ့သည်။

မန္တလေးမြို့ - မန္တလေးတိုင်း - ယနေ့ နေ့လယ် ၁း ၃၀ နာရီခန့်တွင် စတင်၍ မန္တလေးမြို့ ၇၃x၃၅ လမ်း တက္ကသိုလ် ၀န်းကျင်နှင့် ဘူတာကြီးတလျှောက်တွင် ဆိုင်ကယ် အစီး ၁၀၀ ကျော် လှည့်လည် ဆန္ဒပြကြောင်း သိရသည်။

အဆိုပါဆန္ဒပြ ဆိုင်ကယ်များကို ၄း၁၅ နာရီခန့်တွင် ဘူတာကြီးဝန်းကျင်၌ အာဏာပိုင်များက ဖမ်းဆီး လိုက်သည်ဟု မြို့ခံတဦးက ပြောသည်။

မန္တလေးမြို့၌ ယနေ့ လုံခြုံရေးများကို ပိုမိုတင်းကျပ်ထားပြီး စစ်ကား ၃ စီး လျှင် စွမ်းအားရှင်နှင့် ကြံ့ဖွံ့က ဒိုင်နာကား (၅) စီးဖြင့် လှည့်လည်ကြောင်း၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များ၏ အင်္ကျီကော်လာများတွင် အပ်ချိတ်များဖြင့် ထိုး၍ ခွဲခြားထားကြောင်းသိရသည်။

မိုးကုတ် - မန္တလေးတိုင်း - ယမန်နေ့က မန္တလေးတိုင်း မိုးကုတ်မြို့နယ် ကြပ်ပြင်တွင် သံဃာတော်အပါး ၆၀ ခန့်နှင့် ပြည်သူ ၅၀၀၀၀ ခန့်တို့ ဆန္ဒပြကြရာ စစ်တပ်နှင့် လုံထိန်းများက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းက သံဃာတော်များဦးဆောင်သည့် ဆန္ဒပြသူများ ကသဲဆုတောင်းပြည့် ဘုရားမှ စတင်၍ ကြပ်ပြင်အနောက်ပိုင်း ဈေးဘက်သို့သွားရာတွင် ကြပ်ပြင်တံတားအနီး၌ အင်အား၂၀ ခန့်ရှိ ရဲနှင့်လုံထိန်းများက တားဆီး သောကြောင့် ဆန္ဒပြသူများက ရှောင်းသွားကြရာ ၎င်းတို့က နောက်မှလိုက်လာကြောင်း၊ ခေါင်းမာ ရပ်ကွက် အရောက်တွင် စစ်တပ်ကပါရောက်ရှိလာပြီး ရှေ့နောက်ပိတ်၍ ရိုက်ကြရာ ဆန္ဒပြသူများ ထိခိုက်ဒဏ်ရာ ရကြကြောင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သူ တဦးကပြောသည်။

“ရဟန်း သံဃာတွေရော လူတွေရော အရိုက်ခံရပြီး ခေါင်းကွဲတဲ့သူကွဲတယ်၊ မိန်းမတယောက်ဆိုရင် သွားတွေ ကျွတ်ထွက်သွားတယ်၊ ဒဏ်ရာရတာ အားလုံး ၅ ယောက်လောက် ရှိတယ်”ဟု ၎င်းက ပြောသည်။

အမျိုးသမီး ၁၅ ဦးခန့်နှင့် အမျိုးသား ၈ ဦးခန့်ကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။

တာမွေ - ရန်ကုန် - ယနေ့ နေ့လယ် ၁၂ နာရီခန့် က ကျောင်းသား လူငယ် ၂၀ ခန့်သည် တာမွေမြို့နယ် တာမွေ ဗလီရှေ့တွင် ကြွေးကြော်သံများကြွေးကြော်၍ ဆန္ဒပြကြရာ အာဏာပိုင်များက ဖမ်းဆီးပြီး အင်းစိန်ဘက်သို့ ခေါ်သွားသည်ဟု မျက်မြင်သက်သေ တဦးကပြောသည်။

ကျွန်းတောလမ်း (စမ်းချောင်းမြို့နယ်)-ရန်ကုန် - မွန်းလွဲပိုင်းက ကျွန်းတောလမ်းရှိ ဘုန်းကြီးကျောင်း ၂ ကျောင်းကို စစ်ကား ၃ စီးဖြင့်လာဝိုင်းရာ ရပ်ကွက်လူထုက စစ်သားများအားထပ်ဝိုင်းသဖြင့် ပြန်လည်ထွက်ခွာသွားသည်ဟု စမ်းချောင်းဒေသခံတဦးက ဧရာဝတီကို ပြောသည်။

“စစ်သားတွေကို ရပ်ကွက်ပြည်သူက၀ိုင်းလိုက်တော့ ကျောင်းထဲဝင်ဖို့မဟုတ်ပါဘူး၊ ကင်းပုန်းဝတ်ဖို့လာတာပါလို့ ပြောပြီး စစ်ကားတွေပြန်ထွက်သွားတယ်” ဟု အဆိုပါ စမ်းချေင်းဒေသခံက ပြောသည်။

မြောက်ဥက္ကလာပမြို့နယ်-ရန်ကုန် - ယမန်နေ့ညက မြောက်ဥက္ကလာပမြို့နယ်ရှိ ဒေါ်မေ၀င်း၊ ကိုလှမြင့်ဌေး၊ ဒေါ်နွဲ့နွဲဝင်းနှင့် ကိုလှသိန်းတို့ကို အာဏာပိုင်တို့ကဖမ်းဆီးလိုက်ကြောင်း အထိန်းသိမ်းခံများနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

အရှေ့ကြို့ကုန်း-ရန်ကုန် - အင်းစိန်မြို့နယ် အရှေ့ကြို့ကုန်း ၈ လမ်းရှိ ရွှေညောင်ပင်ကျောင်းတိုက်ကို ည ၇ နာရီကျော်တွင် စစ်တပ်က စီးနင်းရန်ကြိုးစားရာ မြို့နေလူထုကလက်မခံဘဲ တပ်ကိုပြန်ဝိုင်းသဖြင့် ပြန်လည်ဆုတ်ခွာပေးရသည်ဟု ရန်ကုန်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

“ဘုန်းကြီးကျောင်းဆိုတာ စစ်ကားနဲ့ဝင်စရာမလိုဘူး။ ဆွေးနွေးစရာရှိရင် တာဝန်ရှိတဲ့သူ ၄ ယောက်ဆိုလည်း ၄ ယောက်ဝင် … စစ်ကားနဲ့ဝင်တာကိုတော့လက်မခံနိုင်ဘူးလို့ ရပ်ကွက်လူထုကပြောတော့ ပြန်ဆုတ်သွားတာ” ဟု ရန်ကုန်မြို့ခံက ပြောသည်။

စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသောကြောင့် ရွှေညောင်ပင်ကျောင်းတိုက်ကို လုံခြုံရေးမပေးနိုင်သော်လည်း အရေးပေါ်အန္တရာယ်ကြုံပါက တုံးမောင်းခေါက်ရန် ရပ်ရွာလူထုက ဆရာတော်ကိုလျှောက်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။

 

 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
စက်တင်ဘာလ ၂၉ | စက်တင်ဘာလ ၂၈
စက်တင်ဘာလ ၂၇ | စက်တင်ဘာလ ၂၆ | စက်တင်ဘာလ ၂၅ | စက်တင်ဘာလ ၂၄ | စက်တင်ဘာလ ၂၃
စက်တင်ဘာလ ၂၂ | စက်တင်ဘာလ ၂၁ | စက်တင်ဘာလ ၂၀ | စက်တင်ဘာလ ၁၉ | စက်တင်ဘာလ ၁၈

 

 

 

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.