#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ

ဧရာဝတီ | စက်တင်ဘာ ၂၄၊ ၂၀၀၇

မန္တလေးမြို့-မန္တလေးတိုင်း - ယနေ့ နံနက် ၈နာ ရီ မှ စတင်သော ပြည်သူလူထုအပါအ၀င် သံဃာတော် အပါး သောင်းချီသည့် ဆန္ဒပြသူများသည် ယခုအချိန်ထိ  ဆက်လက်ချီတက် ဆန္ဒပြနေသည် ဟုသိရသည်။

တမြို့လုံးတွင်ရှိသော ကျောင်းတိုက်မှ အချိန်နှင့်အမျှ တဖွဲဖွဲထွက်၍ ဆန္ဒပြ ချီတက်နေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးကပြောသည်။

“အခုဘုရားကြီးလမ်း ၈၄လမ်း ၊ ၃၈လမ်း မှာ ဆက်လက် ချီတက်နေတယ်၊ ပြည်သူတွေကလည်း လိုက်လံကြည့်ရူ အားပေးနေတယ်” ဟု ၎င်းကပြောသည်။  

ပိတ်စ အနီပေါ်တွင် ငွေရောင် စာတန်းနှင့်  စာဝတ်နေရေး ပြေလည်ရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည်ဖြင့် ရေးထားကြောင်း၊ မဟာမြတ်မုနိပုံတော်ကိုလည်း ရှေ့ဆုံးတွင် ကိုင်ဆောင် လာကြောင်း၊ သပိတ်မှောက်ကိုင် ထားပြီး သာသနာ့ အလံကိုင်ဆောင်ထားကြောင်းလည်း မန္တလေး မြို့ခံ မျက်မြင်တဦးက ပြောသည်။

သံဃာတော်များ၏ နောက်တွင် အဖြူအစိမ်းဝတ် ကျောင်းသားများ၊ ပင်နီအင်္ကျီ ၀တ်၍ ခမောက် ဆောင်းထားသူများလည်း လိုက်ပါလာကြောင်း သိရသည်။

အမရပူရ-မန္တလေးတိုင်း - နေ့လယ် ၁၂ နာရီ ခွဲ မှ ၂ နာရီ အထိ တွင် မဟာဂန္ဓာရုံ ကျောင်း၊ သုမောင်ကျောင်းများမှ  သံဃာတော် အပါး ထောင်ချီ ဆန္ဒပြ ချီတက်သည်ဟု သိရသည်။

ယင်းဆန္ဒပြပွဲသို့ ပင်နီအင်္ကျီဝတ်ထားသော အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၀ ဦးခန့် သံဃာတော်များ နောက်မှလိုက်၍ ချီတက်ကြပြီး ပြည်သူများက သံဃာတော်များကို ဖျော်ရည်များ၊ သောက်ရေများ ဆက်ကပ်သည်ဟု မျက်မြင် တဦးကပြောသည်။

ရွှေဘို-စစ်ကိုင်းတိုင်း - ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ သံဃာတော် အပါး ၈၀ ခန့်က မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြကြောင်း မျက်မြင် တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာများကို မြို့လူထုက သောက်ရေနှင့် အစားအသောက်များ ကပ်လှူသည်ဟုလည်း သိရသည်။

စစ်တွေ-ရခိုင်ပြည်နယ် - နေ့လယ် ၂ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သံဃာတော် အပါး ၂၀၀၀၀ ခန့်က ဦးဆောင်သည့် မြို့လုံးကျွတ်ခန့် ရှိသော ပြည်သူလူထု ၁ သိန်းခန့် ငြိမ်းချမ်းစွာပါဝင် ချီတက်ဆန္ဒပြကြကြောင်း သိရသည်။

ဆန္ဒပြ သံဃာတော်များနှင့်အတူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် ဆန္ဒပြသမားများက မေတ္တာသုတ်များရွတ်ဆိုကြကြောင်း၊ လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တောင်းဆိုကြကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးက ပြောသည်။

ယင်းဆန္ဒပြပွဲကို အာဏာပိုင်များက ဟန့်တားနှောင့်ယှက်မှု လုံးဝမရှိဟုလည်း ၎င်းကပြောသည်။

ရန်ကုန် - ရန်ကုန်ရှိ ချီတက်ဆန္ဒပြပွဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် ၁၅၀ ခန့် ပူးပေါင်းဆန္ဒပြလျက်ရှိသည်။

၎င်း ၁၅၀ တွင် လွှတ်တော်ကိုယ်စားလှယ်များလည်းပါဝင်ပြီး အန်အယ်ဒီအလံနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဟူသည့် ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ထားသည်။

မော်လမြိုင်-မွန်ပြည်နယ် - ယနေ့နေ့လယ် ၁ နာရီခန့်က မော်လမြိုင်မြို့ရှိ သံဃာတော် အပါး ၁၀၀၀ ခန့်သည် သာသနာ့ အလံများနှင့် သပိတ်ကိုမှောက်ပြီး ကိုင်ဆောင်၍ မေတ္တာသုတ် ရွတ်ဆိုကာ ချီတက်ဆန္ဒပြကြောင်း မျက်မြင်တဦးက ပြောသည်။

ဆန္ဒပြ လမ်းတလျှောက်ရှိ မြို့လူထုက သံဃာတော်များကို သောက်ရေသန့်ဘူးများ၊ ကွမ်းယာများ ကပ်လှူ၍ အားပေးကြကြောင်း သိရသည်။

ဗန်းမော် - ကချင်ပြည်နယ် - ယနေ့နံနက် ၆ နာရီမှ ၈ နာရီအထိ ဗန်းမော်မြို့မှ သံဃာတော် အပါး ၂၇၀ ခန့်သည် မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသည်ဟု ဆန္ဒပြရာတွင် ပါဝင်သော သံဃာတော် တပါးကပြောသည်။

ရှေ့ဆုံးမှ ဆန္ဒပြ သံဃာတော်များက သာသနာ့အလံနှင့် သပိတ်တလုံးကို မှောက်၍ကိုင်ဆောင်ထားသည်ဟု လည်း ၎င်းက ဆိုသည်။

အာဏာပိုင်များက တနင်္ဂနွေနေ့ကပင် လုံခြုံရေးများချထားပြီး ယနေ့တွင်လည်း ဆန္ဒပြသံဃာတော်များနောက်မှ လိုက်လံကြည့်ရှုနေသည်ဟု သိရသည်။

ပဲခူးမြို့-ပဲခူးတိုင်း - ညနေ ၃ နာရီခွဲတွင် သံဃာအပါး ၃၀၀၀ ကျော်နှင့်အတူ ပြည်သူလူထု တသိန်းကျော်ပူပေါင်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြောင်း သိရသည်။

ဆန္ဒပြသမားများသည် ရွှေမော်ဓောဘုရားမှတဆင့် မြို့ပတ်ချီတက်လျက်ရှိပြီး မေတ္တာသုတ်ရွတ်ဆိုကြကြောင်း သတင်းရရှိသည်။

မိုးကုတ်-မန္တလေးတိုင်း - မိုးကုန်မြို့တွင် သံဃာတော်များဦးဆောင်ကာ ပြည်သူလူထုတသိန်းကျော်ပါသည့် ချီတက်ဆန္ဒပြပွဲပြုလုပ်ကြောင်း သိရသည်။

မြို့လုံးကျွတ်ဆန္ဒပြခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

စစ်ကိုင်းမြို့- စစ်ကိုင်းတိုင်း - နေ့လယ် ၁ နာရီ ခန့်တွင် စစ်ကိုင်းမြို့ရှိ ကျောင်းပေါင်းစုံနှင့် ကျောင်းတိုက်ငယ်များ ဖြစ်သည့် ဘုန်းစိုးကျောင်း၊ပေပင်ကျောင်း၊ သိတာရုံ ကျောင်းများမှ သံဃာတော် အပါး ၁၀၀၀ ကျော် ချီတက်ဆန္ဒပြသည်ဟု သိရသည်။

“ဈေးသစ်နားအရောက်မှာ လူထုတွေက အားပေးထောက်ခံကြတယ်၊ ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး တို့အရေးဆိုပြီး ပြည်သူတွေက အော်ကြတယ်”ဟု စစ်ကိုင်းမြို့မှ ဒေသခံတဦးက ပြောသည်။

ရွှေစည်းခုံဘုရား အနီးတွင် အန်အယ်လ်ဒီ အဖွဲ့မှ ဖျော်ရည်နှင့် လင်ဇီးလိမ်းဆေးများ ကပ်လှူသည် ဟုလည်း ၎င်းကဆိုသည်။

ပဲခူးမြို့ - ပဲခူးတိုင်း - ယနေ့နေ့လယ် ၁ နာရီ တွင် ပဲခူးမြို့မှ သံဃာတော် အပါး ၄၀၀ ကျော်သည် မေတ္တာသုတ်ရွတ်ဆို၍ ဆန္ဒပြချီတက်သည်ဟု ဒေသခံများကပြောသည်။

ဆန္ဒပြချီတက်သည့် လမ်းတလျောက် လမ်းဘေး ၀ဲ၊ ယာမှလည်း ရာနှင့်ချီသော သံဃာတော်များ ဆက်လက် ချီတက် လိုက်ပါကြောင်း၊ ၃၀၀၀ ခန့်ရှိ မြို့လူထုကလည်း သံဃာတော်များ နောက်မှလိုက်ပါ ချီတက်နေကြောင်း သိရသည်။

ပခုက္ကူ-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် ပခုက္ကူမြို့ရှိ သံဃာတော်အပါး ၂၅၀၀ ခန့်က ဦးဆောင်ပြီး မြို့လူထု ၁ သိန်းကျော် ပါဝင် ဆန္ဒပြချီတက်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်တပါးက ပြောသည်။

ယင်းဆန္ဒပြပွဲသည် ပခုက္ကူမြို့ စာသင်တိုက်ကြီး ၄ တိုက်ရှိသံဃာတော်များက ဦးဆောင်စုစည်း၍ လူထုကို သာသနာ့ အလံများနှင့် မေတ္တာပို့မြန်မာပြန်စာရွက်များ ကြိုတင်ဝေငှထားပြီး မေတ္တာသုတ်၊ မောရသုတ်များနှင့် မေတ္တာပို့မြန်မာပြန် များကို ရွတ်ဆိုချီတက်သည်ဟု အထက်ပါ သံဃာတော်ကပြောသည်။

သံဃာတော်များက ဆန္ဒပြပွဲကို စည်းကမ်းစနစ်ကျစွာ ဦးဆောင်ပြီး မြို့လူထုက သံဃာတော်များနောက်မှ လိုက်ပါ ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြို-မကွေးတိုင်း - ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် မကွေးတိုင်း ရေစကြိုမြို့ရှိ တိုက်ကြီးကျောင်းခေါ် အောင်မြေသာယာကျောင်းတိုက်မှ သံဃာတော်အပါး၂၅၀ ကျော်သည် မေတ္တာသုတ်၊ မောရသုတ်များရွတ်ဆို၍ ချီတက်ဆန္ဒပြ သည်ဟု သိရသည်။

“သာသနာ့ အလံ ဆယ်ခုကိုင် တယ်၊ နှစ်ပါး တတန်းစီ ချီတက်တယ်၊ ပြည်သူတွေက ရှင်လောင်း ပွဲကြည့်နေသလို အရမ်းများတယ်၊ အန်အယ်လ်ဒီ တိုင်းဥက္ကဌ လည်းပါတယ်၊ ဈေးသူဈေးသားတွေလည်း ပါတယ်၊ ပြည်သူတွေက ရေကပ်လှူတယ်၊ ထိုင်ရှိခိုးကြတယ်” ဟု ရေစကြို ဒေသခံတဦးက ပြောသည်။

ယမန်နေ့ည ၈နာရီ ခန့်ကလည်း ရွေတန်းဇာ ဘုရားပေါ်တွင် လူ ၅၀ ကျော် ပါဝင်သည့် ၀တ်အဖွဲ့ နှင့် ဂေါပက ဥက္ကဌတို့က မေတ္တာသုတ်ရွတ် ကြသည်ဟုလည်း ၎င်းက ပြောသည်။

မုံရွာမြို့-စစ်ကိုင်းတိုင်း - ယနေ့ နံနက် ၁၁း ၃၀ နာရီ ခန့်က မုံရွာမြို့ရှိ သံဃာတော် အပါး ၃၅၀ ကျော်သည် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း မျက်မြင် တဦးကပြောသည်။

ထို့အပြင် မုံရွာမြို့ ပြည်ထောင်စု လမ်းမတွင် ဆန္ဒပြ သံဃာများနှင့် လိုက်ပါပူးပေါင်း ဆန္ဒပြရန်အတွက် ရာနှင့်ချီသည့် သံဃာတော်များကလည်း စောင့်ဆိုင်းလျှက်ရှိသည်ဟု ၎င်းကဆိုသည်။

ဆန္ဒပြ သံဃာတော်များသည် မုံရွာမြို့ကို ပတ်၍ ချီတက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် - သံဃာတော်များ အန်အယ်လ်ဒီ ရုံးရှေ့တွင် ပရိတ်ရွတ်အပြီး ရုံးအတွင်း၌ အစည်းအဝေးလုပ်နေသည့်  လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်လူငယ်များထွက်လာကာ ချီတက်ဆန္ဒပြပွဲကို ပူးပေါင်းသည်ဟု ဆန္ဒပြပွဲတွင်
ပါဝင်သူတဦးက ဧရာဝတီကို ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာပြီ။ အန်အယ်လ်ဒီ အလံထောင်ပြီး လိုက်လျှောက်တာ။ အခုဗားကရာထိပ်ကို ရောက်နေပြီ လှည်းတန်းကိုသွားနေတာ” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။

ဆန္ဒပြစစ်ကြောင်းသည် ကြည့်မြင်တိုင် ဘားကရာထိပ်မှ မြေနီကုန်းလမ်းစုံအထိ ရှည်လျှားကြောင်း သိရသည်။

ရန်ကုန် - နေ့လယ် ၁၂ နာရီကျော်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစတင်၍ သံဃာတော်အပါး ၁၀၀၀ ကျော်က ဦးဆောင်ကာ ပြည်သူများနှင့်အတူ ဆန္ဒပြချီတက်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

အန်အယ်လ်ဒီရုံးရှေ့သို့အရောက် သံဃာတော်များ ခေတ္တရပ်နားပြီးပရိတ်ရွတ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် သွားလာနေ သည့် ကားများပေါ်မှ ပြည်သူများဆင်းလာကာ ဆန္ဒပြစစ်ကြောင်းတွင် ပူးပေါင်းကြောင်းလည်း သူက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတွင် သံဃာတော်များအပါအ၀င် စုစုပေါင်းအင်အား တသောင်းကျော်ရှိကြောင်း သိရသည်။ ကဗျာဆရာ အောင်ဝေးဦးဆောင်သည့် စာပေသမားအများအပြားလည်း ပူးပေါင်းဆန္ဒပြကြောင်း သတင်းရရှိသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူအား ဆူးလေဘုရားအနီးတွင် အာဏာပိုင်က ဖမ်းဆီးလိုက်သည်ဟူသည့် သတင်းများလည်း ထွက်နေသည်။

နတ်တလင်း-ပဲခူးတိုင်း (အနောက်ခြမ်း) - နံနက် ၅ နာရီမှ ၆ နာရီအထိ သံဃာအပါး ၅၀ ကျော် မေတ္တာသုတ်ရွတ်ကာ နတ်တလင်းမြို့ကိုပတ်၍ ချီတက်ဆန္ဒပြသည်ဟု ဒေသခံတဦးက ပြောသည်။

“မနက်အစောကြီးဆိုတော့ အာဏာပိုင်တွေ ချက်ချင်းမသိလိုက်ဘူး။ သိတဲ့အခါကျမှ ဘုန်းကြီးတွေ ဆွမ်းငတ်ချင်ပြီ ထင်တယ်လို့ ကြိမ်းနေတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန် - ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့မှ စတင်၍ သံဃာတော် အပါး ၄၀၀ ခန့် ဆန္ဒပြ ချီတက်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်များသည် မူရင်းသီတင်းသုံးရာမှ ကားများစီးလာ၍ ယုဇနပလာဇာ ရှေ့တွင်စုပြီး ရွှေတိဂုံ ဘုရားသို့ ထွက်ခွာသွားသည်ဟု ရန်ကုန်မြို့က သံဃာတော်တပါးက ပြောသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လူရွှင်တော် ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ကဗျာဆရာ အောင်ဝေး အစရှိသည့် စာပေ၊ ရုရှင်၊ ဂီတ၊ မော်ဒယ်လ် အနုပညာရှင်များက သံဃာတော်များကိုနေ့ဆွမ်းကပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆရာဝန်များနှင့် သူနာပြုများကလည်း ရွှေတိဂုံဘုရားသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများလည်း ပိတ်ထားသည်ဟု ရန်ကုန်မြို့ကလာသော သတင်းများအရ သိရသည်။

အဆိုပါသံဃာတော်များသည် နေ့လယ် ၁ နာရီမှ စတင်၍ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီး
ပါဝင်သော ချီတက်ဆန္ဒပြပွဲကို သံဃာတော်များက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့ ရန်ကုန်မြို့တွင်း၌ စစ်ကားများကို တွေ့မြင်ရသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

မန္တလေးမြို့ - မန္တလေးတိုင်း - ယနေ့နံနက် ၈နာရီ မှစပြီး ၀ိသုဓ္ဒါရုံ၊ မစိုးရိမ်ကျောင်းတိုက်သစ်နှင့် ကျောင်းတိုက်ဟောင်း၊ မြတောင်ကျောင်း၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တို့မှ  သံဃာတော်အပါးတသောင်းကျော် ချီတက်ဆန္ဒပြကြောင်း ၀ိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက ဧရာဝတီကိုပြောသည်။

“သံဃာတွေကအရမ်းကို စိတ်ဓာတ်တက်ကြွနေကြတယ်။ ၈ နာရီ မထိုးခင်ကတည်းက သပိတ်မှောက်ဖို့ စိတ်စောနေ ကြတယ်”ဟု အဆိုပါဦးပဉ္ဇင်းက ပြောသည်။

မန္တလေးမြို့ဘုန်းတော်ကြီးကျောင်းစုံရှိ သံဃာတော်များ ဆန္ဒပြပွဲတွင်ပါဝင်ကြောင်းသိရသည်။ ၀ိသုဓ္ဒါရုံကျောင်းမှ သံဃာ အပါး ၇၀၀ ကျော်၊ မြတောင်ကျောင်းမှ ၁၀၀၀ ကျော်၊ မစိုးရိမ်တိုက်သစ်နှင့် တိုက်ဟောင်းမှ ၁၀၀၀ ကျော်၊ ဘုရားကြီး ကျောင်းတိုက်မှ ၁၀၀၀ ကျော် စုစုပေါင်း တသောင်းကျော် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

“မဟာမြတ်မုနိပုံတော်ကိုင်တယ်၊ သပိတ် ၂ လုံးမှောက်ပြီးပိုက်တယ်၊ တကျောင်းကို သာသနာ့အလံ တခု၊ သုံးပါးတတွဲ လျောက်တယ်။ မေတ္တာသုတ်ရွတ်မယ်၊ အရင်ရက်တွေက ပြည်သူတွေကိုလိုက်ခွင့် မပေးခဲ့ပေမယ့် ဒီနေ့တော့ ဒကာ၊ ဒကာမတွေကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ခွင့်ပေးတယ်။ တမြို့လုံးပတ်ကြလိမ့်မယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
စက်တင်ဘာလ ၂၄ | စက်တင်ဘာလ ၂၃
စက်တင်ဘာလ ၂၂ | စက်တင်ဘာလ ၂၁ | စက်တင်ဘာလ ၂၀ | စက်တင်ဘာလ ၁၉ | စက်တင်ဘာလ ၁၈

 

 

 

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.