#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ

ဧရာဝတီ | စက်တင်ဘာ ၂၃၊ ၂၀၀၇

မုံရွာ-စစ်ကိုင်းတိုင်း - နေ့လယ် ၁၂ နာရီကျော်က သံဃာအပါး ၁၀၀ ခန့် မုံရွာမြို့အတွင်း ချီတက်ဆန္ဒပြကြသည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။

ရန်ကုန် - နေ့လယ် ၃ နာရီခန့်တွင် သံဃာအပါး ၅၀၀၀ အထိတိုးမြင့်သွားပြီး ဆန္ဒပြစစ်ကြောင်းသည် ဆူးလေဘုရားသို့ ရောက်ရှိကြောင်း မျက်မြင်သက်သေတဦးကပြောသည်။

ဆန္ဒပြသံဃာများက အားပေးထောက်ခံသည့်ပြည်သူမျာအား ပူးပေါင်းပါဝင်ရန် နှိုးဆော်သည်ဟုလည်း သိရသည်။

ဆန္ဒပြသံဃာတော်များအပါအ၀င် ပြည်သူလူထု ၂၀၀၀၀ ကျော် ချီတက်နေကြောင်း သိရသည်။

ရန်ကုန် - နေ့လယ် ၂ နာရီခန့်တွင် သံဃာအပါး ၂၀၀၀ ကျော်၊ သီလရှင်အပါး ၂၀၀ ခန့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ မြို့ထဲသို့ ချီတက်ဆန္ဒပြကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ဒီနေ့တော့ ကြွေးကြော်သံတွေအော်တယ်။ တွေ့ဆုံဆွေးနွေးရေး … ဒို့အရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး … ဒို့အရေး၊ … ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး … ဒို့အရေး ဆိုပြီး အော်တယ်” ဟုလည်း အဆိုပါမြက်မြင်သက်သေက ပြောသည်။

ထို့အပြင် ဆန္ဒပြသံဃာတော်များက ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အလှူငွေများကောက်ခံကြပြီး အားပေးထောက်ခံသည့် ပရိသတ်များကိုလည်း အလှူငွေထည့်ရန် နှိုးဆော်သည်ဟု ၎င်းကပြောသည်။

ချီတက်ဆန္ဒပြနေသည့်သံဃာတော်များ၏ဘေးတွင် ကျောင်းသားလူငယ်များက လက်ချင်းချိတ် လိုက်ပါကြပြီး ပြည်သူများလည်း လိုက်ပါအားပေးနေကြောင်း စုံစမ်းသိရှိရသည်။

မန္တလေး - နေ့လယ် ၁၂ နာရီခွဲတွင် ဘုရားကြီးအရှေ့ဘက်မုခ်မှစ၍ သံဃာအပါး ၆၀၀ ကျော်ဖြင့် ချီတက်ဆန္ဒပြပွဲကို စတင်သည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။

“တခြားသံဃာတွေက မမှီလိုက်လို့ထင်တယ်၊ ဒိုင်နာကား ၂ စီးနဲ့ အခုလေးတင်လိုက်သွားတယ်။ အပါး ၁၅၀ လောက်ရှိမယ်” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။

ပြည်သူအများကလည်း သံဃာတော်များချီတက်ရာလမ်းတလျှောက် လိုက်ပါအားပေးနေကြောင်းလည်း သိရသည်။

မြစ်ကြီးနား-ကချင်ပြည်နယ် - နေ့လယ် ၁၁ ခန့်က မြစ်ကြီးနားတွင် သံဃာတော်အပါး ၃၀၀ ခန့် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြ နေသည်ဟု မြို့ခံတဦးကပြောသည်။

အဆိုပါဒေသခံနှင့် ဧရာဝတီဆက်သွယ်ချိန် နေ့လယ် ၁ နာရီအထိ မြစ်ကြီးနားတွင် သံဃာတော်များ ဆက်လက် ချီတက်ဆန္ဒပြနေကြောင်းနှင့် ပြည်သူလူထုအများအပြားလည်း အားပေးချီတက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
စက်တင်ဘာလ ၂၂ | စက်တင်ဘာလ ၂၁ | စက်တင်ဘာလ ၂၀ | စက်တင်ဘာလ ၁၉ | စက်တင်ဘာလ ၁၈

 

 

 

 

 

 

 

 

 

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.