#
 
This Week Cartoon
 
Your Email:
 
 
 
 
 
 
 
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ

ဧရာဝတီ | စက်တင်ဘာ ၂၂၊ ၂၀၀၇

စစ်တွေ-ရခိုင်ပြည်နယ် - ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃမဟာနာယကအဖွဲ့ဆရာတော်များနှင့် ဒေသအာဏာ ပိုင်များက သံဃာတော်များဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်သော အရေးပေါ်အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို စစ်တွေမြို့ လောကနန္ဒာ ဘုရားတွင်ကျင်းပခဲ့ပြီး သံဃနာယက ဥက္ကဌ ဆရာတော် အပါအ၀င် ကျောင်းထိုင်ဆရာတော်အပါး ၅၀ ခန့် တက်ရောက်သည်ဟု မြို့ခံ ဆရာတော်တပါးက ပြောသည်။

“အစည်းအဝေးမှာ ဥက္ကဌ ဆရာတော်က သံဃာတွေ ဆန္ဒမပြဖို့ပြောတာ ကျန်တဲ့ ဘုန်းကြီးတွေက လက်မခံတော့ ဆန္ဒပြရင် အကြမ်းမဖက်ဖို့ ညင်ညင်သာသာ ပြဖို့ပြောပြီး အဖွဲ့တဖွဲ့လိုက်တယ်”ဟု အထက်ပါ ဆရာတော်က ပြောသည်။

ရန်ကုန် - ယနေ့နေ့လယ် ၃း ၃၀ နာရီခန့်က သံဃာတော် အပါး ၃၀၀ ခန့်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှဖြတ်ကာ မေတ္တာသုတ် ရွတ်ဆို၍ ဆန္ဒပြချီတက်သွားကြောင်း မျက်မြင် တဦးက ပြောသည်။

“ဒေါ်စုအိမ်ရှေ့က အတားအဆီးတွေကို ဘုန်းကြီးတွေက မေတ္တာသုတ်ရွတ်ရင်းကျော်ဖြတ်ပြီး ဖြည်းဖြည်း လျှောက်သွား ကြတယ်”ဟု ၎င်းကပြောသည်။

အဆိုပါ သံဃာတော်များသည် တရုတ်သံရုံးဘက်သို့ ဆက်လက်ချီတက်သွားသည်ဟုလည်း သိရသည်။

ရန်ကုန် - ယနေ့နံနက် ၁၁း ၃၀ နာရီခန့်က ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးမှ စတင်၍ သံဃာတော် အပါး ၁၀၀၀ ခန့် သည် တရုတ်နိုင်ငံ သံရုံးဘက်သို့ ချီတက် ဆန္ဒပြကြောင်း ရန်ကုန်မြို့က သံဃာတော် တပါးက ပြောသည်။

“သံရုံးရှေ့မှာ ခဏရပ်ပြီး မေတ္တာသုတ်ရွတ်တယ်၊ ပြီးတော့ ဆက်လျှောက်သွားကြတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ ဆန္ဒပြသံဃာတော်များသည် ဒဂုန်မြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့မှ ထွက်ခွာ သွားပြီး ဆက်လက်ချီတက် နေကြောင်း သိရသည်။

စစ်ကိုင်းမြို့-စစ်ကိုင်းတိုင်း - ယနေ့နံနက် ၁၂ နာရီ ကနေ စတင်၍ သံဃာတော် အပါး ၂၀၀ ခန့်သည် စစ်ကိုင်းမြို့ ကျစွယ် ကျောင်း မှ ထွက်ခွာပြီး ချီတက် ဆန္ဒပြ ကြောင်း သိရသည်။

“ရှေ့ဆုံးက ကိုယ်တော်တပါးက သပိတ်ကိုမှောက်ကိုင်လာတယ်၊ သာသနာ့အလံကို သံဃာ ၂ ပါး ကကိုင်လာ တယ်၊ ၂ ပါး တတန်းလျောက်တယ်၊ အစတုန်းက အပါး ၂၀၀ လောက် လျှောက်နေပေမယ့် နောက်ထပ် ၁၀ ပါးလောက်လိုက်လာ ကြသေးတယ်” ဟု  ဒေသခံ မျက်မြင်တဦးကပြောသည်။

စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သာအေးက သံဃာများကိုဆန္ဒမပြရန် ထိန်းသိမ်းပေးစေလိုကြောင်း စစ်ကိုင်းမှ ဆရာတော်ကြီးတပါးကို လျှောက်ထားသည်ဟု လည်း သိရသည်။

“ဆရာတော်က သံဃာ ကိစ္စဖြစ်တယ်၊ ၀ိနည်း နဲ့အညီ လုပ်ရခြင်းဖြစ်တယ်၊ ဒါကိုဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ အားလုံးမှာ တာဝန်ရှိတယ်၊ စည်းကမ်း ထိန်းသိမ်းတဲ့ အပိုင်းမှာသာ မဟုတ်ဘူးလို့ပြောတယ်”ဟု ၎င်းဆရာတော်ကြီး နှင့် နီးစပ်သူ ဒေသခံတဦးကပြောပြသည်။

အာဏာပိုင်များဘက် က ဓာတ်ပုံ မှတ်တမ်းများ ရိုက်ယူသည်ဟုလည်း ဆိုသည်။

မန္တလေးမြို့-မန္တလေးတိုင်း - ယနေ့နံနက် ၉ နှာရီမှ စတင်၍ မစိုးရိမ် ကျောင်းတိုက်သစ်၊ တိုက်ဟောင်းနှင့် မြတောင် ကျောင်းတိုက်တို့မှ သံဃာတော် အပါး ၂၀၀၀ ခန့် ဈေးချိုဘက်သို့ ဆန္ဒပြချီတက် သပိတ်မှောက်ကြောင်း ကိုယ်တိုင်
ပါဝင်ခဲ့သည့် မစိုးရိမ်တိုက်သစ်မှ သံဃာတပါးက ပြောသည်။

“သံဃာသုံးပါးက သာသနာ့ အလံကိုင်တယ်၊ ငါးယောက် တတန်းတန်းစီပြီး၊ အလွန် စည်းကမ်းရှိရှိ မေတ္တာ သုတ်ရွတ် ချီတက်နေကြတယ်၊ သံဃာတော်တွေက ပြည်သူတွေ အနှောင့်အယှက် မရှိအောင် အကပ်မခံဘူး၊ ရေသန့်ကပ်တာတောင် အကပ်မခံဘူး၊ အာဏာပိုင်တွေဘက်ကလည်း သံဃာတော် တွေအနားက ကပ်မလိုက်ရဲဘူး၊ လမ်းထောင့်တွေကပဲ ၇ ယောက်လောက်က မှတ်တမ်းယူနေတယ်ဟု”ဟု မန္တလေးမြို့နေ မျက်မြင်တဦးကပြောသည်။

လမ်းတလျှောက်တွင် ဆန္ဒပြသံဃာများကို အားပေးသည့် ပြည်သူလူထုမှာ များပြားသောကြောင့် လမ်းပိတ်ထားရသည် ဟုလည်း ၎င်းကဆိုသည်။

မစိုးရိမ်ကျောင်းတိုက်သစ်ဘက်မှ ၃၈လမ်း၊ ၈၂လမ်း မှ ဈေးချိုဘက်၊ အိမ်တော်ရာ ဘုးရား၊ ထို့နောက် အမှတ်(၅) ကားလိုင်း လမ်းအတိုင်းသွားပြီး မစိုးရိမ်းကျောင်းတိုက် ဟောင်း ဘက်သို့ ပြန်ကြွကြကြောင်း သိရသည်။
 
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
စက်တင်ဘာလ ၂၁ | စက်တင်ဘာလ ၂၀ | စက်တင်ဘာလ ၁၉ | စက်တင်ဘာလ ၁၈
 
Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.