အပြာရောင် ထီးကလေး
ခိုင်မာကျော်ဇော | ဇွန် ၂၀၊ ၂၀၀၇

အေးမြအတွက် အပြာရောင်ထီးကလေး မလိုအပ်တော့ပါ။ အခုချိန်မှာ တယောက်ယောက်က အေးမြကို အပြာရောင် ထီးကလေး ပေးမည်ဆိုလည်း အေးမြ မက်မောတွယ်တာတော့မည် မဟုတ်ပါ။ နေပူပူ မိုးရွာရွာ လုံခြုံစွာ မိုးကာပေးနိုင်မယ့် ထီးတလက် အေးမြမှာ ရှိနှင့်နေခဲ့ပါပြီ။

အေးမြတို့ကျောင်း မနက်ဖြန် စဖွင့်မည်။ အေးမြ၊ ချစ်စု၊ မိလဲ့၊ နှင်းဆီနဲ့ ခင်ထားရီတို့သည် တရွာတည်း တတန်းတည်း။ တကျောင်းတည်းက သူငယ်ချင်းများဖြစ်သည်မို့ ကျောင်းသွားကျောင်းပြန် တပူးပူးတတွဲတွဲ ရှိကြသည်မှာ အထူး ပြောစရာမလိုပါ။

အရင်နှစ်တွေနဲ့မတူဘဲ ဒီနှစ်မှာ သူတို့ သူငယ်ချင်းတွေ အပြောင်းအလဲတွေ ဖြစ်ခဲ့ရသည်ကိုတော့ အေးမြ အလွန် ကြေကွဲရသည်။ သူတို့အားလုံး (၄) တန်းအောင်ကြသော်လည်း မိဘတွေမပြေလည်သည်က တကြောင်း၊ ဟိုဘက်ရွာကို ကျောင်းပြောင်းတက်ရမည်က တကြောင်းမို့ သူတို့၏ ပညာရေးခရီးလမ်းတွင် ချစ်စုနဲ့ နှင်းဆီ ပါမလာကြတော့။

“စိတ်ကောင်းမဖြစ်ကြပါနဲ့ဟာ နင်တို့သာ တနှစ်တတန်း တက်နိုင်အောင်ကျိုးစား၊ တို့အားပေးနေမယ်” ချစ်စုက အေးမြတို့ကို အပြုံးသဲ့သဲ့နှင့် အားပေးခဲ့သော်လည်း ချစ်စုကို အေးမြပြန်ပြီး မပြုံးပြနိုင်ပါ။ ၀မ်းနည်းရိပ်တွေ စွန်းထင်းနေတဲ့ ချစ်စုရဲ့ မျက်နှာဝိုင်းဝိုင်းလေးကိုလည်း သူတို့ မကြည့်ရက်၍ မျက်နှာလွှဲကာ နေခဲ့ရသည်။

အဲဒီညက အေးမြ တော်တော်နှင့် အိပ်မပျော်ပါ။ အေးမြထင်ခဲ့သည်က သူတို့ (၅) ဦးစလုံး (၄) တန်းကို အောင်ကြသည့် အတွက် အတူတူပဲ ကျောင်းပြန်တက်ကြမည်ဟု မျှော်လင့်ခဲ့သည်။ ဟိုဘက်ရွာက တွဲဖက်အလယ်တန်း ကျောင်းကို အတူသွား၊ အတူပြန်မည့် သူတို့ (၅)ဦး၏ခရီးလမ်းတွင် အေးမြက ဂျပန်ထီးအပြာရောင်လေးနဲ့ အလွန်ကို လှပလွန်းနေသည်။

အေးမြ၏ စိတ်ကူးယဉ်ကမ္ဘာလေးထဲက ဂျပန်ထီး အပြာရောင်လေးအတွက် ကျောင်းပိတ်ရက် တနွေလုံး အေးမြ အဖေနှင့် အတူ ပဲခင်းတွေထဲ ဆင်းခဲ့သည်။ အိမ်က ပဲခင်းတွေပြီးတော့ ဦးလေးတွေရဲ့ ပဲခင်းထဲလည်း အေးမြ အငှားဆင်းခဲ့ပြန်သည်။

ကလေးငယ်နှင့် ကသီလင်တဖြစ်နေတဲ့ အမေ့အိမ်အလုပ်များကို အေးမြ သိမ်းကျူံး ကူလုပ်ခဲ့သည်။ ထမင်းချက်၊ ရေခပ်၊
အ၀တ်လျှော်အလုပ်များကိုလည်း အပြုံးတချက်မပျက်ဘဲ သီချင်းတအေးအေးနဲ့ အေးမြကူခဲ့သည့် အကြောင်းအရင်းကို အမေက အသိဆုံး ဖြစ်ပါလိမ့်မည်။

“အေးမြ ဆောင်းတဲ့ထီးက အရမ်းဟောင်းနေပြီ အမေ”
“အမေ သိပါတယ် သမီးရယ်”
အမေ့ဆီက ဒီစကားကြားတော့ အေးမြ အားတက်သွားသည်။
“ဒါဆိုရင် ဒီနှစ် အေးမြကို အမေ ထီးသစ်ဝယ်ပေးမယ်ပေါ့”
“သမီးက ဘာထီးလိုချင်လို့လဲ”
“ဂျပန်ထီး အပြာရောင်လေးပါ”
အမေ့ရဲ့အမေးကို အားရ၀မ်းသာစွာနဲ့ အေးမြ ပြည့်ပြည့်စုံစုံ ဖြေခဲ့သည်။

“ပဲရောင်းပြီးရင် အမေ၀ယ်ပေးမယ်” အမေ့စကားကိုကြားတော့ အေးမြ အပျော်လွန်ကာ အမေ့ပါးကို နမ်းခဲ့သေးသည်။

အဲဒီညက အေးမြ၏ အိပ်မက်ကမ္ဘာထဲကို ရောက်လာခဲ့သည်မှာ ဂျပန်ထီး အပြာရောင်ကလေးကလွဲလို့ တခြား ဘာများ ရှိဦးမှာလဲ။ အိပ်မက်ထဲမှာ ဂျပန်ထီးအပြာလေးနဲ့ နတ်သမီးလေး အေးမြ၊ မင်းသမီးလေး အေးမြ၊ ကျောင်းဆရာမလေး အေးမြ၊ ကွမ်းတောင်ကိုင် အချောအလှ အေးမြကို အေးမြကိုယ်တိုင် ပြန်တွေ့နေရသည်။

ဂျပန်ထီးအပြာရောင်လေး အေးမြရင်ထဲကို ရောက်လာခဲ့သည်မှာ (၄) တန်းနှစ်စကတည်းက ဖြစ်သည်။ မနှစ်က အေးမြတို့ ရွာကျောင်းကို ဆရာမဒေါ်သွယ်သွယ်ထွေး ပြောင်းလာသည်။ ဒေါ်သွယ်သွယ်ထွေး၏သမီး သော်တာ ထွေး မှာ အေးမြတို့နှင့် တတန်းတည်း။ သော်တာထွေးဆောင်းလာသည့် ဂျပန်ထီးအပြာရောင်လေးက အေးမြကို ဖမ်းစားထားခဲ့သည်။

တဖွဲဖွဲကျနေသည့် မိုးစက်များအောက်တွင် ဂျပန်ထီးအပြာရောင်လေးနှင့် သော်တာထွေးကို နတ်သမီးလေးတပါး အလား အေးမြ အထင်မှားခဲ့ရသည်။ ထိုအချိန်ကစလို့ ဂျပန်ထီးအပြာရောင်လေးက အေးမြ၏ စိတ်ကူးကမ္ဘာလေး ထဲကို စိုးမိုးထားခြင်းဖြစ်သည်။

အေးမြ၏ လက်တွေ့ဘ၀ကား တရုတ်ထီးကိုင်းတဘက်ကျိုးနှင့် (၄) တန်းနှစ် တနှစ်လုံး စခန်းသွားခဲ့ရသည်။ အဖြူအစိမ်း (၂) စုံနှင့်ပဲ ထည်စိုထည်လဲ အေးမြ ကြုံခဲ့ရသည်။ ဒီနှစ်လည်း ထိုအဖြူအစိမ်း (၂) စုံနှင့်ပဲ အေးမြ ခရီးဆက်ရဦးမည်။ ဒီနှစ် (၅) တန်းတက်ဖို့အတွက် အေးမြ အကိုဝမ်းကွဲ ကျော်ကျော် လက်ဆင့်ကမ်းသည့် ဖတ်စာအုပ်များနှင့် အေးမြ ရောင့်ရဲရပါဦးမည်။

စည်းကမ်းကောင်းပြီး စာတော်သည့် ကျော်ကျော်၏ စာအုပ်များကို ကိုင်ရသည့်အတွက် အေးမြ ကျေနပ်ပါသည်။ အေးမြ ကြောင့် အမေတို့ အကုန်အကျ သက်သာသည်ကိုလည်း အေးမြ ကျေနပ်မိသည်ပင်။ အမေ့ရင်ကို အေးမြ မပူလောင်စေ ချင်ပါ။ အထူးသဖြင့် အေးမြကြောင့် အမေ့ရင်ကို မပူလောင်စေချင်ပါ။ သို့သော် အေးမြ အလွန်နှစ် သက်စွဲလမ်းခဲ့ရသည့် ဂျပန်ထီးကလေးကို တောင်းတမိသည့်အတွက် အမေရော အေးမြပါ ပူလောင်ခဲ့ရပါသည်။

“ပဲတွေ အရောင်းထိုင်းလို့ ပွဲရုံမှာပဲ ထားခဲ့ရတယ်”
အဖေ့ စကားကြားတော့ အေးမြရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။
ပဲတွေသိမ်းပြီးတော့ မိုးသံက တချိမ်းချိမ်းပေးလာသည်။ ပွဲရုံကရသည့် စရံငွေတချို့ အိမ်မိုးဖို့အတွက် ခုန်ထွက်ကုန်သည်။

အိမ်ကလည်း မမိုးလို့မဖြစ်တော့။ အိမ်ခေါင်မိုးက ဒိုးယိုပေါက်ပင်မက လင်ပန်းကြီးတောင် ယိုကျတော့မည်။ အိမ်မိုးပြီးတော့ မီးဖိုချောင် ရေကပြင်အတွက် ခွဲသားအကြမ်းတွေဝယ်တော့ အဖေ့အိတ်ကပ်မှာ ပြောင်သလင်း ခါသွားတော့သည်။

နောက်ဖေးက ရေကပြင်ကလည်း မပြင်လို့မဖြစ်တော့။ ဒီနှစ်မှ မပြင်ရင်လည်း အေးမြတို့ တအိမ်လုံး မသန်မစွမ်းဘ၀ ရောက်ကုန်ကြတော့မည်။ အေးမြရဲ့ ခြေသလုံးက သေရာပါအမှတ်ကြီးဟာ ဒီရေကပြင်က အမွေပေးခဲ့တာပါ။ ဒီရေကပြင် ကြောင့် အမေ့ ဒူးနာလည်း ဒီနေ့အထိ မပျောက်သေးပါ။ ပဲခင်းထဲကို အဖေ တပတ်လောက် မဆင်းနိုင်တာကလည်း ဒီရေကပြင်ကြောင့်ပါပဲ။ ဒီရေကပြင်ကြောင့် အေးမြအောက်က ညီမလေး ညာဘက်ခြေတဘက် သွင်သွင်ကျိုးတော့မှ အဖေနှင့် အမေ စကားထများတော့သည်။

“ပြင်လိုက်ပါလို့ ကျမ ပြောနေတာ ကြာပြီ”
“ပြောတာတော့ လွယ်လိုက်တာ”
“မပြင်လို့ ဒီလိုဖြစ်နေတော့ ကောင်းသလားရှင့်”
“မကောင်းတာတော့ မင်းဗိုက်ထဲက ကလေးတောင်သိတယ်။ အိမ်မှာ ပြင်ရမယ်ဆိုရင် ကပြင်တခုတည်း မဟုတ်ဘူး။  ခွေးကတက် က စပြီး တအိမ်လုံးပြင်ရမှာကွ”
ဒေါသတကြီးအော်လိုက်တဲ့ အဖေ့အသံကြောင့် အမေငြိမ်ကျသွားသည်။

အဖေပြောသလိုပဲ အေးမြတို့ အိမ်မှာ ပြင်ရမှာတွေကတော့ တပုံကြီးပါ။ အိမ်ရှေ့ ဖိနပ်ချွတ် (ခွေးကတက်) မှာ ပျဉ်တချပ် လပ်နေတာ ကြာပြီ။ ဒီအတွက် အတက်အဆင်းလုပ်တိုင်း အမြဲသတိထားရသည်။ အိမ်ရှေ့လှေကား လက်တန်းတဘက် လည်း ပြုတ်နေသည်။ အဲဒီလက်တန်းတဘက်ကြောင့်လည်း မောင်လေး ခဏခဏ ပြုတ်ကျဖူးသည်။

အိမ်ပြတင်းပေါက်တွေလည်း ပြင်ဖို့လိုသည်ပင်။ ပျက်နေသည့် ပြတင်းပေါက်တွေကို မပြင်ဘဲ သွပ်ဟောင်း၊ သစ်ဟောင်း တွေနဲ့ ပိတ်ရိုက်ထားတဲ့အတွက် အလင်းရောင်နှင့် အပြင်လေမရတာလည်း ကြာပြီဖြစ်သည်။ အဆိုးဆုံးက အိမ်အမိုး မလုံခြင်းပင်။ အိမ်အမိုးမလုံတော့ အိမ်အခင်း။ အကာတွေသာမက ပြတင်းပေါက်။ မီးဖိုချောင်နှင့် လှေကားတွေပါ ယိုင်နဲ့လာသည်။

ဒါကို အေးမြသိသလို အဖေနှင့် အမေကလည်း ကောင်းကောင်းသိကြပါသည်။ အေးမြတို့ အိမ်မှာ ပြင်ရမှာတွေက တပုံ တပင်ပါ။ အိမ်ခေါင်မိုးကြီး ပြင်ပြီးရင်တော့ ကျန်တာတွေ တခုချင်းပြင်သွားလို့ရမည်ဟု အေးမြထင်သည်။ အိမ်အကြောင်း တွေးတော့ အေးမြ ရင်မောရသည်။

ပဲဒိုင်ကရသည့်ငွေကို အမေနှင့် အဖေ ခွဲတမ်းချသည်ကို အေးမြ ကြားနေသည်။ မျိုးစပါးဖိုး၊ မြေသြဇာဖိုး၊ သူရင်းဌားခ၊ မျိုးနှုတ်ခ၊ ကောက်စိုက်ခ။ ပေါင်ထားတဲ့ ပစ္စည်းတွေအတွက် အတိုးသတ်ဖို့နဲ့ ကလေးတွေ ကျောင်းအပ်ဖို့ဆိုတာကို ပြောနေကြပြီး အေးမြရဲ့ ထီးကလေးအကြောင်းတော့ တခွန်းမှ မဟကြ။ ကလေးတွေ ကျောင်းအပ်ဖို့ဆိုတဲ့အထဲမှာ အေးမြကို အမေ ကတိပေးထားတဲ့ ဂျပန်ထီးကလေး ပါနိုင်သေးသည်ပဲလေဟု အေးမြ ဖြေတွေးတွေးခဲ့ရသည်။

ညဘက် အဖေနဲ့အမေ တီးတိုးပြောနေသည့် အထဲမှာတော့ အေးမြအကြောင်း ပါလာသည်။ အဖေ့စကားကို ကြားလိုက် ရတော့ အေးမြနားကိုပင် အေးမြမယုံချင်ပါ။ အေးမြပါးပြင်ပေါ်ကို မျက်ရည်တွေ တလိမ့်လိမ့်နဲ့ စီးကျလာသည်။

“မင်းဘယ်လို စိတ်ကူးထားလဲ”
“ဘာကိုလဲ”
“ကလေးတွေ ကျောင်းအပ်ဖို့ကိစ္စလေ၊ ဒီနှစ်အငယ်ကောင်ပါ ကျောင်းအပ်လို့ရနေပြီ၊ အေးမြကလည်း ဒီနှစ် (၅) တန်း တက်ရမှာ၊ အဲဒါကြောင့် မင်းဘယ်လို စိတ်ကူးထားလဲလို့”
“ရှင်ရော ဘယ်လို စိတ်ကူးထားလို့လဲ”
“ငါ့စိတ်ကူးက အေးမြကို ဒီနှစ် ကျောင်းနှုတ်ထားမလားလို့”
“အို ... ဒီနှစ်အတွက် သူ အတော်အားတက်နေရှာတာ”

အမေ့စကားကို ကြားရတော့ အေးမြ ရှိုက်ကြီးတငင် ငိုခဲ့ရသည်။ အမေ ဘာကိုဆိုလိုသည်ကို အေးမြသိပါသည်။ စီးပွားရေး ကြပ်တည်းသည့်အတွက် (၈) တန်းနှစ်တ၀က်နှင့် ကျောင်းထွက်ခဲ့ရသည့်အမေက အေးမြ၏ ပညာရေး ကို အဖေ့ထက် ပိုပြီးအားပေးသည်ကို အေးမြ အသိဆုံးပင်။

“သမီး စာကျိုးစားနော်။ အမေက သမီးကို ပညာတတ်ကြီးပဲ ဖြစ်စေချင်တာ”
ထိုစကားကို အမေက အေးမြကို တဖွဖွပြောခဲ့သည်။ အခုတော့ အေးမြ၏ စိတ်ကူးယဉ်ကမ္ဘာလေး ပျက်ခဲ့ရပါပြီ။

အခုရက်ပိုင်းမှာ အိမ်အလုပ်တွေကို ခပ်သုတ်သုတ်လုပ်ပြီး အဖေနှင့် အမေကို မျက်နှာချင်းမဆုံမိအောင် အေးမြ နေခဲ့သည်။ အဖေက အပြင်သွားတာများသည်မို့ အေးမြအတွက် မခက်လှသော်လည်း အိမ်တလုံးတည်းမှာ အမေနှင့် အေးမြ ရှောင်မရဘဲ ဖြစ်နေသည်။

မနက်ဖြန်ဆို ကျောင်းတွေ ဖွင့်တော့မည်။ မိလဲ့နှင့် ခင်ထားရီတို့ ကျောင်းတက်ကြတော့မည်။ ၄ တန်းအောင် ၅ တန်း။ တွဲဖက်ကျောင်း ပြောင်းတက်ရမည့် လေးအိမ်တန်းနှင့် အလယ်ရွာခရီးတွင် ချစ်စုနှင့် နှင်းဆီသာမက အေးမြပါ ခရီးမဆက်နိုင်သည်ကိုတော့ မိလဲ့နှင့် ခင်ထားရီတို့ သိနေလောက်ပါပြီ။ ဒီအကြောင်းတွေးရင် အေးမြ မျက်ရည်စို့ရသည်။

“သမီးကို ပြောစရာရှိလို့ ဒီကို လာပါဦးကွယ်”
မျက်ရည်တွေကို ကမန်းကတမ်းဖယ်ရှားပြီး မီးဖိုချောင်ထဲက အေးမြ ထွက်ခဲ့သည်။ အမေ့ရင်ထဲ ဘယ်သို့ရှိမည်ကို အေးမြသိပါသည်။ အေးမြ အမေ့ကို မကြည့်ရဲပါ။ ကြည့်လည်း မကြည့်ရက်ပါ။ အေးမြ ကြမ်းခင်းတွေကိုသာ ခေါင်းကြီးငုံ့ပြီး စိုက်နေခဲ့သည်။ အမေက အေးမြရဲ့ မေးစေ့လေးကိုကိုင်ကာ အေးမြ၏ မျက်နှာကို ဆွဲမော့လိုက်ပြီး အပြုံးတွေနှင့် ကြည့်နေသည်။

“မနက်ဖြန် ကျောင်းသွားဖို့ပြင်တော့ အမေ သမီးကို ကျောင်းအပ်ပြီးပြီ”
“တကယ်လား အမေ”
“တကယ်ပေါ့ သမီးရယ်”
အေးမြ အမေ့ကို ဖက်ပြီး အားရပါးရ ငိုချပစ်လိုက်သည်။

“၀မ်းသာလိုက်တာ အမေရယ်”
“သမီးဝမ်းသာရင် အမေလည်း ၀မ်းသာပါတယ်”
ဝမ်းသာနေတဲ့ အမေ့မျက်နှာမှာလည်း မျက်ရည်တွေနဲ့ပါ။

“ဒါပေမယ့်”
“ဒါပေမယ့် ဘာဖြစ်လဲ အမေ”
“သမီးကို အမေ ကတိပေးထားတဲ့ ဂျပန်ထီးကလေးလေ”
“အမေ မမေ့သေးဘူးနော်”
“အမေ မမေ့ပါဘူး သမီးရယ်”
“အို အမေရယ်”

ဒီတခါတော့ အေးမြ နင့်နင့်သည်းသည်းကို ငိုချပစ်လိုက်သည်။ မျက်ရည်တွေနဲ့ ကြည်နူးကြေကွဲနေတဲ့ အမေ့မျက်နှာမှာ အမေ့ရဲ့ နားရွက်လေးနှစ်ဘက်မှာ လစ်ဟာသွားတဲ့အရာဟာ ...။

“အို ... အမေရယ်”

အေးမြ စာကိုပဲကျိုးစားပါ့မယ် အမေ။ အေးမြအတွက် ဘာထီးမှမလိုတော့ပါဘူး။ တနှစ်တတန်း မှန်မှန်အောင် အောင်လည်း အေးမြကျိုးစားမယ်။ အေးမြအနားမှာအမေရှိတယ်။ အမေဆိုတဲ့ထီးတလက်ရှိနေတဲ့ အေးမြ အ တွက် တခြားဘာထီးမှ မလိုတော့ဘူး။ အေးမြအတွက် အပြာရောင်ထီးကလေးမလိုတော့ပါဘူး အမေရယ်။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!