ရသစာတမ်း
အရှေ့မြေကို ရင်ခုန်ခြင်း

မြကြေးမုံ

မှန်ပြတင်းမှ တိုးဝင်လာသော နေရောင်သည် အာရှမြေနှင့် နီးပြီဖြစ်ကြောင်း သတိပေးနေသည်။ စိမ်းစိုနေသည့် သစ်ပင်နှင့် တောင်တန်းများပေါ် နေခြည်ဖြာကျနေသည့် မြင်ကွင်းကို မြတ်နိုးစွာကြည့်မိ၏။ လေယာဉ် တရိပ်ရိပ် နိမ့်ဆင်းနေသည်ကို စိတ်မရှည်စွာ စောင့်ဆိုင်းရင်း တဒိုင်းဒိုင်း မြန်လာသည့် ကိုယ့်နှလုံးခုန်သံ ကိုယ်ပြန်ကြားနေရသည်။

လွန်ခဲ့သည့် တနာရီလောက်က ချစ်သောနိုင်ငံ၏ မြစ်ဝကျွန်းပေါ်ဒေသပေါ် လေယာဉ်ဖြတ်ပျံနေကြောင်း သိလိုက်ရချိန်မှာ ကြက်သီးမွေးညင်းထပြီး နှလုံးသွေး ဆောင့်ခုန်ခဲ့ပြီးပြီ။ ပြန်နင်းခွင့် ဆုံးရှုံးထားရဆဲမြေ၏ ကောင်းကင်ပိုင်နက်မှာ ရောက်နေ သည်ဟူသော အသိက နှလုံးသားကို ဆွဲလှုပ်ပစ်ခဲ့သည်။ ခုတော့ မြန်မာနိုင်ငံနှင့် အနီးဆုံးအရပ်ကို ပြန်ရောက်ခဲ့ပြီ။

လေယာဉ်စက်ရပ်သည်နှင့် ထိုင်ခုံခါးပတ်ကို အမြန်ဆွဲဖြုတ်ကာ ကျောပိုးအိတ်ဆွဲ၍ တဟုန်ထိုး ထွက်ခဲ့သည်။ ရှေ့ခုံတွေက ခရီးသည်တွေနောက်မှာ ခဏ တန်းစီစောင့်လိုက်ရတာကိုပင် ယားတက်လာသည့် ခြေထောက်တွေက စိတ်မရှည်ချင်။ ပြန်နင်းရပြီ အာရှမြေ။

လွန်ခဲ့သည့် ၁၈ နာရီလောက်က သူသည် ရေခဲဖုံးသော လမ်းများပေါ် ချော်မလဲအောင် သတိထားလှမ်းရင်း လူပေါ် တဖွဲဖွဲ ကျနေသည့် နှင်းဖတ်များကို လက်နှင့်သပ်ဖယ်ကာ လေဆိပ်ကို ဆင်းလာခဲ့သည်။ လမ်းဘေးမှာ တောင်လိုပုံနေသည့် နှင်းထုတွေက လူတရပ်ကျော်။ သူ အိမ်က ထွက်လာချိန်က မနက် ၉ နာရီ ပေမင့် ကမ္ဘာ့မြောက်ဖျား၏ ဆောင်းရာသီမို့ အမှောင်ထု မပြယ်သေး။ အရပ်ရှစ်မျက်နှာ ဘယ်ကြည့်ကြည့် အိမ်တွေ သစ်ပင်တွေကအစ နှင်းဖုံးပြီး ဆွတ်ဆွတ်ဖြူ နေသည်။ မြေသားကလည်း နှင်းနှင့် ရေခဲများ လွှမ်းနေ၍ ပကတိ အဖြူ။

ခုတော့ နွေးထွေးသော နေရောင်အောက်မှာ အရောင်အသွေးမျိုးစုံ ဖြာနေသည့် အရှေ့မြေကို ပြန်ရောက်ပြီ။ သုဝဏ္ဏဘူမိ လေဆိပ်၏ အမိုးအောက်ရောက်ချိန်မှာ အိမ်ပြန်ရောက်သူ တယောက်လို စိတ်ထဲကြည်နူး သွားရသည်။ သူ့ဇာတိမြေနှင့် ယဉ်ကျေးမှုရော ရေမြေသဘာဝပါ နီးစပ်ရုံသာမက မြေကြောချင်းပါ ထိစပ်နေသည့် နိုင်ငံ။ ပြီးတော့ သူနေခဲ့သည့် တနှစ် ကျော်ကာလမှာ သူ့ကို ယိုင်းပင်းခဲ့သော သူ ချစ်ခင်ခဲ့သော ထိုင်းမိတ်ဆွေတွေ ။ လေဆိပ်ဝင်းထဲမှာ သံလျက်ထောက်ပြီး ရပ်နေသည့် ဘီလူးကြီးကို မြင်လိုက်ရချိန်မှာတော့ သူ့ပျော်ရွှင်မှုသည် အထွတ်အထိပ် ရောက်သွားလေသည် ။

ထုထားပုံက မြန်မာဘီလူးနှင့် တထေရာတည်း။  မကိုဋ်ဆောင်းပုံ၊ အစွယ်ဖွေးဖွေးထနေပုံနှင့် ကိုယ်မှာ ဆင်မြန်းထားသည့် အစိမ်းရောင် ဘီလူးချပ်ဝတ်တန်ဆာကအစ မြန်မာပြည် ဘုရားပုထိုးတွေမှာ တွေ့ရသည့် အစောင့်ဘီလူးတွေအတိုင်း။  အသက်သာရှိမည်ဆိုလျှင် `တွေ့ရတာ ၀မ်းသာလိုက်တာ ဘီလူး´ဟု သူ ၀မ်းသာလုံးဆို့စွာ ပြေးနှုတ်ဆက်မိမည်။  ပြန်ဆုံ ဆည်းရသည့် မိတ်ဆွေဟောင်းတယောက်လို ဘီလူးကို မြတ်နိုးစွာ နောက်လှည့်ငေးရင်း လေဆိပ်ဝင်းထဲက ထွက်ခဲ့သည်။ ညတွင်းချင်း ခရီးဆက်ဖို့ ပြင်ရမည်။

လူတွေ ထူထပ်သိပ်သည်းပြီး ယာဉ်ကြောပိတ်ဆို့မှုတွေနှင့် နာမည်ကြီးလှသည့် ဘန်ကောက်သည် နတ်ဘုံနတ်နန်းထက် စည်ကားပါစေဦး၊ ခုချိန်မှာ စိတ်မ၀င်စားနိုင်ပြီ။ စိတ်က သူ့နိုင်ငံနှင့်အနီးဆုံး နယ်စပ်ဒေသကို အမြန်ဆုံး ပြန်ရောက်ဖို့သာ ဇောကပ်နေသည် ။

……

`ကောက်ညှင်းပေါင်းရမယ်၊ မုန့်ဗိုင်းတောင့် ရမယ်´
`ချဉ်ပေါင်တွေ ... တစည်းဆို ယောက္ခမအိမ်ပါ ကျွေးလို့ရတယ်  ငါးဘတ်ထဲနော်´
`စံဇာဏီဘိုရဲ့ ၁၂ ရာသီ ဟောကိန်းတွေ၊ ခုနစ်ရက်သားသမီး ဆောင်ဖို့ရှောင်ဖို့ အကုန်ပါသဗျ´ ထိုင်းနယ်စပ်မြို့ကလေးသည် မြန်မာနိုင်ငံ၏ အငွေ့အသက်များ လွှမ်းနေသည်။

လုံချည်ကိုယ်စီဖြင့် ဈေးထဲမှာ သွားလာနေကြသည့် မြင်ကွင်းကို သူ သဘောကျစွာ ငေးနေမိသည်။  ပုဆိုးတို့ ထဘီတို့ဆိုတာ ၀တ်ထားလျှင် ဒီလောက် ကျက်သရေရှိမှန်း သူ အစက သတိမထားမိခဲ့ ။

မိန်းကလေး အတော်များများက သနပ်ခါးပါးပါးလိမ်းပြီး ဆံပင်ရှည်ကို နောက်ဘက်ကနေ ကလစ်ဖြင့် ခပ်မြင့်မြင့် ညှပ်ထားသည်။ တချို့ကတော့ ကျစ်ဆံမြီး နှစ်ဖက်ချလို့ ။ အများစုက မဲဆောက်တ၀ိုက် စက်ရုံတွေက ဖြစ်နိုင်သည်။

မုန့်ဟင်းခါးဆိုင်၊ ၀က်သားတုတ်ထိုးဆိုင်တွေရှေ့က ဖြတ်ပြီး ဆေးဆိုင်ဘက် လျှောက်လာခဲ့သည်။ ညနေစောင်းမှပဲ မြန်မာလူမျိုးတွေ ဈေးထဲမှာ သွားလာလှုပ်ရှားနေသည့် မြင်ကွင်းကို တခေါက်ပြန်လှည့် လာပြီး မျက်စိအရသာခံတော့မည်။  မြန်မာပြည်နှင့် ထိုင်းက ညနေခင်းမှာ ပိုလှသည်ဟု သူ ထင်သည် ။ နေရောင်က အပူငွေ့ပြယ်ပြီး အလင်းရောင် ပေးရုံ သက်သက်သာ အရာအားလုံးပေါ် ပက်ဖြန်းထားချိန်။ လေညင်းက ကဗျာဆန်ဆန်တိုက်နေချိန်မှာ လူတွေ၏ မျက်နှာတွေ ကလည်း တနေ့တာ ဇောကပ်နေခဲ့ သမျှတွေ။ ပင်ပန်းနွမ်းနယ်မှုတွေ ပြယ်လွင့်ကာ လန်းဆန်းကြည်လင်နေတတ်သည် ။

ဒီမနက်ခင်းမှာတော့ သူ ဈေးထဲရောက်လာခြင်းသည် ဆေးဝယ်ဖို့သက်သက် ဖြစ်၏။ မကျန်းမာသည့် အသိဦးလေး တယောက်အတွက် ဆရာဝန်ညွှန်းသည့် အားဆေးကို အရင်ဝယ်သည်။ နို့မှုန့်ပါဝယ်ပေးဖို့ ညွှန်းသည်သတိရသဖြင့် ဆေးဆိုင်နှင့်ကပ်လျက် ကုန်စုံဆိုင်ထဲ ဆက်ဝင်လာခဲ့သည်။

`ဒီနို့မှုန့်တဘူး လိုချင်လို့´
မေ့တတ်လွန်းသဖြင့် စာရွက်နှင့် ရေးမှတ်လာခဲ့သည့် နို့မှုန့်အမည်ကို ထုတ်ပြလိုက်တော့ ဆိုင်ရှင်တရုတ်ကြီးက `ရမယ်´ ဆိုကာ အထပ်လိုက်စီထားသည့် နို့မှုန့်ဘူးတွေထဲက တဘူးလှမ်းဆွဲသည် ။

သို့သော် လက်ထဲ ချက်ချင်း မထည့်သေး ။

`သောက်မှာက လူကြီးလား၊ ကလေးလား´

`လူကြီးပါ´

`လူကြီးဆို ဒါမဟုတ်ဘူး။ နက်စတယ်က ကလေးသောက်တဲ့ နို့မှုန့်၊ လူကြီးသောက်ဖို့ဆို အာလင် ၀ယ်ပေးလိုက်´

`ဆရာဝန်က ဒါ ၀ယ်ခိုင်းလို့ပါ´

တရုတ်ကြီးက ခေါင်းယမ်းသည် ။

`လူကြီးကို ကလေးနို့မှုန့်တိုက်လို့ မဖြစ်ဘူးလေ။  ကလေးတွေအတွက်က အသားများများဖြစ်ပြီး မြန်မြန်ထွားအောင် အဆီအများကြီး၊ မလိုင်အများကြီးနဲ့ ထုတ်ထားတာ။ လူကြီးသောက်ရင် နှလုံးအဆီပိတ်ပြီး သွေးတိုးတွေဘာတွေ ဖြစ်ကုန်မှာပေါ့ ။ သောက်မယ့်လူက ဘယ်အရွယ် ရှိပြီလဲ´

`၅၀ ကျော်ပါ´

`ရောဂါဖြစ်အောင် လုပ်သလို ဖြစ်လိမ့်မယ်။ လူကြီးကို အုန်းနို့ခေါက်ဆွဲတွေ ဒညင်းသီးတွေ သွားကျွေးတာနဲ့ အတူတူပဲ။ နင် ကုသိုလ်မရဘဲ ငရဲကြီးလိမ့်မယ်။ မလုပ်နဲ့´

သူ ခေါင်းကုတ်သည်။ ဘယ့်နှယ် ကြံလိုက်ရပါ့။ ဈေးသည်ပဲ သူ့ပစ္စည်းရောင်းရပြီးရောပေါ့။ တရုတ်ကြီးကြည့်ရတာ ဇွတ်ဝယ်သွားလျှင် သူလို လူကြီးတယောက်ကို ကျန်းမာရေးထိခိုက်အောင်လုပ်မှုဖြင့် စိတ်တောင် ဆိုးမည့်ပုံ။

`ဦးလေး ဒါ ဆရာဝန် ၀ယ်ခိုင်းလို့ပါ´

ခေါင်းမာပုံရသော စိန့်တိုင်းသားကြီးက နည်းနည်းမှ မလျှော့ချေ။

`ငါလဲ ဆရာဝန် မဟုတ်ပေမယ့် ဒီအရွယ် ရှိပြီပဲ။ နားလည်ပါတယ်။ နက်စတယ်က ကလေးသောက်တဲ့ နို့မှုန့်။ အာလင်က လူကြီးသောက်တာ။ ဈေးတူပဲ။ လူကြီးဖို့ဆို လူကြီးနို့မှုန့် ယူသွား´

ဝယ်သူ အမြဲမှန်သည်ဟူသော ဆိုရိုးသည် လူကြီးသူမစကားကို လေးစားရသည့် အာရှတိုက်မှာတော့ ခြွင်းချက်ရှိမှန်း သူ ရိပ်မိစ ပြုသည်။ အနောက်တိုင်းမှာတော့ ၀ယ်သူက ဒါပဲလိုချင်ပါသည် ပြောနေလျှင် ရောင်းလိုက်မည်သာ။  ယခုမူ အာရှ သည် အာရှဖြစ်လေသည်။  နောက်ဆုံးတော့ အမိန့်ကို ဇောက်ထိုးနာခံ တတ်သည်ဟု နာမည်ရသောသူသည် လူကြီးသူမကို ချစ်ကြောက်ရိုသေရသည့် အရှေ့တိုင်း ဓလေ့ထုံးစံကို လက်မြှောက်အရှုံးပေးကာ တရုတ်ကြီးဆန္ဒအတိုင်း အာလင် နို့မှုန့် ဗူးကိုယူပြီး ဆိုင်ထဲမှ ထွက်ခဲ့ရ၏ ။ ဆိုင်ပြင်ရောက်မှ သက်ပြင်းဖွဖွ ချလိုက်ရသည်။ အော် အတော်မလွယ်သည့် အာရှပါတကား ။

……

ထိုင်း-မြန်မာ နယ်စပ်၏ညသည် လရောင်အောက်မှာ အေးချမ်းစွာ လှနေသည်။ လရိပ်မှာ ဒီလို လမ်းမလျှောက်နိုင်တာ ရက်ပေါင်းမည်မျှကြာခဲ့ပြီလဲဟု ပြန်စဉ်းစားရေတွက်ရင်း သူ ဖြည်းဖြည်းချင်း လှမ်းလာခဲ့သည်။ ရေခဲမှတ် သုညအောက် ရောက်နေသည့် ကမ္ဘာ့တဘက်ဖျား၏ ညများမှာ ဒီလို အကြောင်းမဲ့ အပြင်ထွက်ပြီး အေးအေးဆေးဆေး လမ်းသလားရဲသူ သည် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုသူ မဟုတ်လျှင် သူရူးသာ ဖြစ်လိမ့်မည်။

နှင်းမရှိ။ ရေခဲမဖုံးသည့် ပကတိ မြေသားပေါ် လရောင်ဖြာကျနေသည့် မြင်ကွင်းက သူ့အတွက် အသစ်အဆန်းလို ပြန်ဖြစ် နေသည် ။ လမင်းကို ကျောခိုင်းလျှောက်နေသဖြင့် အရိပ်က လူရှေ့မှာ ။ ဟိုးငယ်ငယ် လူမှန်းသိစက ဒီလို လရောင် အောက်မှာ လျှောက်ရင်း ကိုယ့်ရှေ့က အရင်သွားနေသည့် အရိပ်ကို ကျော်တက်ဖို့ သူ အားထုတ်ဖူးသည် ။ သစ်ပင်တွေ ကြားက ငှက်သံသဲ့သဲ့ကို ကြားလိုက်ရ၏ ။ ဇီးကွက်လား ဘာလား သူ မခွဲတတ်။

နာရီလက်တံက ည ၉ နာရီကို သီသီစွန်းနေသော်လည်း အိမ်ဘက် ပြန်မလှည့်ချင်သေး ။ အိမ်နဲ့လည်း သိပ်ဝေးသေးတာမှ မဟုတ်တာ။ ပြန်လျှောက်လိုက်ရင် ၁၀ မိနစ်ပါဟု ဖြေတွေးတွေးကာ ဆောင်းညချမ်းမှာ သူ့နိုင်ငံနှင့် အနီးဆုံးမြေပြင်ထက် နင်းလျှောက်နေရသည့်အဖြစ်ကို ကြည်နူးစွာ ဆက်ခံစားနေမိသည်။
`ဝေး ... မှောက်ပြီ မှောက်ပြီ၊ မကောင်း´

ထိုင်းသံဝဲ၀ဲနှင့် ထော့ကျိုးထော့ကျိုး မြန်မာစကားကြောင့် နောက်လှည့်ကြည့်လိုက်ရသည် ။ သူတည်းသည့် အိမ်နှင့် ဘေးချင်းကပ်လျက် အိမ်ရှင် ထိုင်းကြီးက ခြေလှမ်းကျဲကြီးများနှင့် နောက်က လိုက်လာပြီး လက်ယပ် ခေါ်နေသည် ။ ဒီနယ်စပ်မြို့ကလေးက ထိုင်းအတော်များများ မြန်မာလို အနည်းအကျဉ်း တတ်ကြသည် ။

ထိုင်းလို ဆက်ပြောနေသည့် ၀ီဝီ ၀ီဝီ စကားတွေကို သူ ဘာမှန်းမသိ ။ သို့သော် မိုးပေါ်ကိုတလှည့်။ လက်ကနာရီကိုတလှည့် ညွှန်ပြနေသည့် နိုင်ငံတကာသုံး ဘာသာစကားကြောင့် ညမှောင်နေပြီဟုဆိုလိုမှန်း နားလည်လိုက်သည် ။ `မှောင်ပြီ မကောင်းဘူး´လို့ ပြောချင်တာကိုး ။

`အိမ်နားလေးတင်ပဲဥစ္စာ ။ လူလဲ မပြတ်သေးပါဘူး´

သူရယ်ရင်း ပြန်ပြောတာကို ထိုင်းကြီး ကောင်းကောင်း နားလည်ပုံမရသော်လည်း ဆင်ခြေတက်မှန်းတော့ သိပုံ ပေါ်သည် ။

`နင် မိန်းကလေး၊ မကောင်း ... ဘေးရှီးတယ်´

`ဘေးမရှိပါဘူး၊ လူတွေ ဒီလောက် ကောင်းနေတာပဲ´

ကြည်ကြည်နူးနူး အထွန့်တက်လိုက်သော်လည်း ခြေလှမ်းများကတော့ ထိုင်းကြီးကျေနပ်အောင် နောက်ကြောင်း ပြန်လှည့် ပေးလိုက်သည်။ ထိုင်းကြီးက သူနှင့် ဘေးချင်းယှဉ်လျှောက်ကာ စောင့်ရှောက် လိုက်ပါလာသည်။  တိကျပုံရသည့် ထိုင်း ကြီးက သူတည်းသည့် နေအိမ်ရှေ့ ခြံဝင်းဝရောက်အောင် လိုက်ပို့ကာ တံခါးဖွင့်ပြီး အထဲဝင်သည်အထိ စောင့်ကြည့် လေသည် ။

`ခေါ့ခွမ်းခ´

ခြံဝင်းတံခါးကို ပြန်ဆွဲစေ့ရင်း `ကျေးဇူးတင်ပါတယ်´ဟု နှုတ်ဆက်တော့ ထိုင်းကြီးက သွားဖွေးဖွေးတွေ လရောင်အောက်မှာ လက်သွားသည်အထိ ပြုံးရယ်တုံ့ပြန်သည် ။

`အေး ... အိပ်တော့၊ လင်းမှ ထွက်´

သြ၀ါဒချွေပြီး ထွက်ခွာသွားသည့် ထိုင်းကြီး၏ကျောပြင်ကိုကြည့်ရင်း အာရှတိုက်၏ နေရောင်တွေ လရောင်တွေကို ပြန်လည် ရရှိခြင်းထက် သာလွန်ကြည်နူးသည့် စိတ်ခံစားမှုတရပ်သည် ရင်ထဲ စီးဝင်လာသည်။

လူသားတဦးချင်း၏ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို မြတ်နိုးတပ်မက်သော သူ့အတွက် နို့မှုန့်လေးတဘူးပင် ကိုယ့်စိတ်ကြိုက် ကိုယ်မ၀ယ်ရသော၊ လသာသည့် ညချမ်းမှာပင် အေးအေးဆေးဆေး လမ်းမလျှောက် ရသော အရှေ့မြေသည် ပုဂ္ဂိုလ်ရေး လွတ်လပ်မှု အတန်အသင့် ဆုံးရှုံးသည်ဟု ဆိုရမလား။ သို့သော် သေချာသည်က ထိုဆုံးရှုံးမှုကို သူ ကြည်နူးစွာ လက်ခံနေ မိခြင်း ဖြစ်သည်။

`အစ်မ … အရမ်းအေးတယ် အိမ်ထဲ မ၀င်ချင်သေးရင် ဒါ ၀တ်ထားပါလား´

ဘယ်အချိန်က အနားရောက်လာမှန်းမသိသော အိမ်ရှင် မိန်းကလေးက သူ့ဂျင်းဂျာကင်ကို လှမ်းပေးနေသည်။ နှင်းဖုံးပြီး ဖွေးဖွေးဖြူနေသော အိမ်မိုးစွန်းတွေပေါ်ကနေ ရေခဲများ ပန်းဆွဲလို ထိုးထိုးထောင်ထောင် ကျနေသည့် ကမ္ဘာ့မြောက်ဖျားက ပြန်လာခဲ့သူအတွက် နှင်းပင်မခဲသည့် ဆောင်းညသည် အေးသည် မခေါ်နိုင်။  သို့သော် အိမ်ရှင်မိန်းကလေး စိတ်ချမ်း သာအောင် ဂျာကင်ကို ဆွဲယူဝတ်လိုက်သည်။

လမ်းသွက်သွက်လျှောက်ပြီးစ ချွေးစို့နေချိန်မှာ ဂျင်းဂျာကင် အထူကြီးကို စွပ်ထားရသဖြင့် ဒုက္ခစရိယာ ကျင့်ရသလို ခံစားမှုက ကိုးယို့ကားယား ။ သို့သော် ထို ကိုးယို့ကားယား ခံစားမှုကြားကပင် သူ စိတ်ချမ်းမြေ့စွာ ပြုံးမိသည် ။ သူဘေး အရပ်ရှစ်မျက်နှာမှာတော့ အာရှတိုက်၏ တောင်တန်းညိုတွေ၊ သစ်ပင်ရိပ်တွေသည် မပီဝိုးတ၀ါး လရောင်အောက်မှာ လှချင်တိုင်း လှနေလေသည်။     ။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!