ဆရာဇော်ဂျီ နှစ်တရာပြည့်အထိမ်းအမှတ်
မေပယ်လ်ရွက်အ၀ါ၊ ပိတောက်ပန်းအ၀ါ
မောင်သစ်ဦး
(၁)
နော်ဝေကဗျာဆရာများထဲတွင် “ရော့ဖ် ဂျက်ကော့ဆန်”သည်တမူထူးခြား၏။ ထိုထူးခြားချက်တချို့မှာ မြန်မာကဗျာဆရာကြီး “ဇော်ဂျီ”၏ ထူးခြားချက်တချို့နှင့် ထပ်တူနီးပါးမျှတူညီနေသဖြင့် ကျနော်က ပိုပြီး စိတ်ဝင်စား၏။ အထူးသဖြင့် မွေးခုနှစ်ချင်း တူညီနေသည့်ကိစ္စ။ နော်ဝေကဗျာဆရာကြီး ‘ရော့ဖ် ဂျက်ကော့ဆန်’နှင့် မြန်မာ ကဗျာဆရာကြီး ‘ဇော်ဂျီ’တို့ နှစ်ဦးစလုံး ၁၉၀၇ ခုနှစ်အတွင်းတွင် မွေးဖွားခဲ့ကြ၏။ နောက်ထပ်တူညီသည့် ထူးခြားချက်မှာ သည်စာဆိုကြီးနှစ်ဦးစလုံး အသက် (၂၀) ကျော်ဝန်းကျင် အရွယ်မှာပင် ကိုယ့်အမျိုးသားစာပေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပိုပြီး အတိအကျဆိုရလျှင် ကိုယ့်အမျိုးသား စာပေသမိုင်းတွင် မှတ်တိုင်ကိုယ်စီစိုက်နိုင်လောက်အောင် ထိရောက်ပေါက်မြောက်ကြသည့် စာဆိုကြီးများ ဖြစ်နေသည့် အချက် ဖြစ်လေသည်။
‘ရော့ဖ် ဂျက်ကော့ဆန်’နှင့် ဆရာ‘ဇော်ဂျီ’တို့နှစ်ဦး နောက်ထပ်တူညီသည့် အချက်တချက်ရှိပါသေးသည်။ နော်ဝေကဗျာ ဆရာကြီး ‘ရော့ဖ် ဂျက်ကော့ဆန်’၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် ‘ဖွင့်ထားသော ည’ ကဗျာစာအုပ်တွင် ‘အိုလပ် ဂရင်ဒယ်’က နိဒါန်းစာရေးရာ၌ ‘ရော့ဖ် ဂျက်ကော့ဆန်’၏ ‘အမျိုးသားရေးအမြင်’ ကို ထည့်ရေးခဲ့၏။ ‘ဂျက်ကော့ဆန်’သည် နော်ဝေမျိုးချစ်စာဆိုကြီး “ဟန်းနရစ် ၀ါဂီလန်း”လို အမျိုးသားရေး စိတ်ဓာတ် အမြင်မကျဉ်းလှဟု အတိအလင်းရေး၏။ ‘ဂျက်ကော့ဆန်’သည် နော်ဝေနိုင်ငံ၏ ရေမြေ တောတောင်အလှ၊ လူ့သဘာဝနှင့် အတွေးအခေါ်အပေါ် ပိုပြီးအားသန်သူ ဖြစ်သည်ဟုရေး၏။
မြန်မာကဗျာဆရာကြီး ‘ဇော်ဂျီ’ သည်လည်း ‘အမျိုးသားရေးစိတ်ဓာတ်’ အမြင်မကျဉ်းသူပင်ဖြစ်သည်။ ဥပမာ … ‘တို့တိုင်းပြည်’ ကဗျာ။ ထို့ပြင် မြစ်ဝကျွန်းပေါ်ဒေသ နောက်ခံထားရေးဖွဲ့သည့် သူ၏ ‘ဗေဒါလမ်း’ ကဗျာများမှာ သဘာဝ အပေါ်၊ လူ့သဘာဝ အကျင့်စရိုက်များအပေါ်၊ အတွေးအခေါ်များအပေါ် မည်မျှအထိ စူးစိုက်အားပြုထားသည်ကို ခန့်မှန်း လို့ရ၏။ သည်အချက်မှာလည်း နော်ဝေကဗျာဆရာကြီး ‘ရော့ဖ် ဂျက်ကော့ဆန်’ နှင့် မြန်မာကဗျာဆရာကြီး ‘ဇော်ဂျီ’တို့၏ ထူးခြားသောတူညီချက်တခုပင် ဖြစ်သည်။
(၂)
ကြည့်လိုက်စမ်း
လမင်းက
ညစာအုပ်ကို လှပ်ကြည့်တယ်။
ဘာတခုမှရေးခြစ်ထားခြင်းမရှိသေးတဲ့
ရေကန်တခုကိုတွေ့သွားတယ်။
မျဉ်းဖြောင့်တကြောင်းဆွဲချလိုက်တယ်။
ဒါဟာ
သူလုပ်နိုင်စွမ်းသမျှပါပဲ။
ဒါဟာဖြင့်
တကယ့်ကို လုံလောက်သွားပေါ့။
မျဉ်းထူထူတကြောင်း
သင့်ဆီကို
ဖြောင့်တန်းစွာ ဦးတည်
ကြည့်လိုက်စမ်း။
သည်ကဗျာမှာ နော်ဝေကဗျာဆရာကြီး ‘ရော့ဖ် ဂျက်ကော့ဆန်’ ၁၉၇၅ ခုနှစ်ကထုတ်ဝေခဲ့သည့် ‘အသက်ရှူလေ့ကျင့်ခန်း’ ကဗျာစာအုပ်ထဲက ကဗျာတပုဒ်ဖြစ်၏။ သဘာဝရေမြေတောတောင်အပေါ် အခြေပြုကာ အတွေးတခုခုကိုပေးသည့် ကဗျာ ဖြစ်သည်။ ‘လမင်း’ နှင့် ‘ရေကန်’တို့မှာ ကဗျာဆရာပြောချင် ပေးချင်သည့်အတွေးကို ပုံဖော်နိုင်ရန် အသုံးပြုထားသည့် အာရုံခံရုပ်ဝတ္ထုများသာဖြစ်၏။ ကဗျာဆရာသည် ရေကန်ပေါ် လရောင်ကျရောက်လာခြင်းအပေါ်မူတည်ကာ တခြားဆင့်ပွား အတွေးဂယက်အနက်များကို ကဗျာဖတ်သူ၏ ခေါင်းထဲသို့ အောင်မြင်စွာထည့်သွင်းနိုင်၏။ ကဗျာရေးသူက “သည်နေရာ” တွင် ရပ်လိုက်သည့်တိုင် ကဗျာဖတ်သူက “ဟိုနေရာ” အထိရောက်အောင် မဖြစ်မနေလျှောက်ရတော့၏။ အင်မတန်နှစ်သက် စွဲမက်ဖွယ်ကောင်းသည့် ကဗျာ တပုဒ်ဟုပင် ယူဆရပါမည်။
(၃)
တင်းရပုံပဲ
ဖူးတံက ညိုတိုတို
စုန်ရေဆန်ရေနဲ့
ဗေဒါဆွေ ရေအလှ ချောင်းမတခို။
ရေငံနဲ့ ရေချို ဥဒဟိုမစဲ။
နေ့မရှောင် ညမအား နာရရှာပဲ။
နားချင်လို့ ခါတရံ
မဗေဒါ ရွာသူ့ပန်းပေမို့ ကမ်းကပ်မယ်ကြံ
အစုန်မှာကပ်ရပြန် အဆန်မှာခွာရမြဲ
အဆန်မှာကပ်လျှင်လဲ စုန်ဆင်းတော့ခွဲ။
ကပ်ပြန်ရ၀မ်းမသာ ခွါပြန်ရ၀မ်းမနည်း
မဗေဒါစုန်ဆန်ရင်း တင်းရပုံပဲ။ ။
ဆရာ ‘ဇော်ဂျီ’သည် ခေတ်စမ်းစာပေ ခေတ်တခုကို ဦးဆောင်ခဲ့သည့် ကဗျာဆရာတဦးဖြစ်သည်။ မြန်မာကဗျာနယ်ပယ် အတွင်း အတွေးသစ် အမြင်သစ်များနှင့် ရေးဖွဲ့သည့် ‘စာပေခေတ်သစ်’ တခုကို ဆရာကြီး ‘မင်းသုဝဏ်’ နှင့် တွဲဖက်ပြီး ဦးဆောင်ခဲ့သူဖြစ်သည်။ သူ၏ ‘ကြောင်မနက်ပြာ’ ကဗျာ၊ ‘ပိတောက်ပန်းကဗျာ’ အစရှိသည့် ၁၉၃၀ ခုနှစ်ဝန်းကျင်က ရေးခဲ့သည့်ကဗျာများမှာ မြန်မာကဗျာ နယ်ပယ်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့၏။
သူ၏ ရူပကဆန်သည့် နိမိတ်ပုံအဖွဲ့အနွဲ့များမှာ တချိန်က စိတ်ကူးသက်သက်အပေါ် အခြေခံအားပြုသည့် မြန်မာကဗျာနယ် ပယ်အတွင်း ဗုံးတလုံးခွဲသလိုဖြစ်၏။ အထူးသဖြင့် ဆရာ‘ဇော်ဂျီ’သည် ဆရာကြီး ‘မင်းသုဝဏ်’နှင့် ခေတ်စမ်းကဗျာခေတ်ကို လက်တွဲထူထောင်ခဲ့ကြသည့်တိုင် သူတို့နှစ်ဦးမှာ မတူကြပါ။ ဆရာကြီး ‘မင်းသုဝဏ်’၏ ကဗျာများသည် ‘အသံလင်္ကာရ’ အပေါ်အားပြုပြီး ဆရာဇော်ဂျီသည် ‘ဒဿန’ အပေါ် ပိုမို အားပြုသည်ဟု ယူဆရပေသည်။
ယခု … ‘တင်းရပုံပဲ’ ကဗျာမှာ ဆရာဇော်ဂျီ၏ ၁၉၅၁ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် ‘ပိတောက်ရွှေဝါ’ ကဗျာများစာအုပ်ထဲမှာ ကဗျာတပုဒ်ဖြစ်၏။ ‘လောကဓံ’ကို ‘လောကဓံ’ အဖြစ် တည့်တည့်မတ်မတ်ကြည့်ရှုနိုင်ဖို့ ကြိုးစားရှာသည့် ‘ဗေဒါပင်’ကို ဖွဲ့ထားခြင်းဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသ၏ ဒေသိယ ထူးခြားချက်တခုဖြစ်သည့် ဒီရေအတက်အကျ၊ ရေချိုရေငန် နှစ်မျိုးစလုံးရှိသည့် အခြေအနေများကို အသုံးပြုကာ ‘လူ့ဘ၀’ ၏ ‘သဘော သဘာဝ’ကို ဖော်ကျူးထားခြင်းဖြစ်သည်။ ‘ဗေဒါပင်’ သည်ကား လူသားအားလုံးကို ကိုယ်စားပြုသည့် ‘နိမိတ်ပုံ’ ဖြစ်၏။
(၄)
နော်ဝေနိုင်ငံတွင် နှစ်ကာလအနည်းငယ်မျှ နေထိုင်ခွင့်ရရှိခဲ့စဉ် ကျနော်သည် နော်ဝေနိုင်ငံ၏ ရေမြေသဘာဝအနေအထား၊ စာပေအနုပညာ ယဉ်ကျေးမှုအခြေအနေများကို တရှိုက်မက်မက် ခံစားစွဲမက်ခဲ့၏။ ဥပမာအားဖြင့် ‘မေပယ်လ်ရွက်’ နှင့် ‘ဘယ်ရီသီးအပြာ (သို့မဟုတ်) ဘလူးဗယ်ရီသီး’ကို ကျနော်စွဲမက်ခဲ့ဖူး၏။ အထူးသဖြင့် ဆောင်ဦးကာလ မေပယ်လ်ရွက်များ တတောတတောင်လုံး ၀ါဝါလင်းနေသည့်မြင်ကွင်းကို ကျနော့်မှာ အရူးအမူးလိုက်ကြည့်ခဲ့ဖူး၏။ လမ်းဘေးက မေပယ်လ် ရွက်ဝါများကို ငေးကြည့်ခဲ့ရ၏။ ထိုသို့ ရင့်ရော်ခြောက်သွေ့နေကြသည့် ‘အ၀ါရောင် မေပယ်ရွက်’များကို ငေးကြည့်မိသည့် အချိန်တိုင်း လူ့သဘာဝအဖွဲ့အနွဲ့တွင် အားသန်သည့် နော်ဝေကဗျာဆရာကြီး ‘ရော့ဖ် ဂျက်ကော့ဆန်’ကို သတိရနေတတ်၏။ ထိုနည်းတူစွာ … ပိတောက်ပန်း ၀ါဝါများကို တွေ့မိသည့်အချိန်တိုင်း ဗေဒါပင်၊ ဗေဒါပွင့်များကို တွေ့ရသည့်အချိန်တိုင်း ဆရာကြီး ‘ဇော်ဂျီ’၏ ကဗျာများကို အစဉ်အမြဲ သတိရနေတတ်၏။
ကျနော်အဖို့မူ ‘ဘ၀ဒဿန’ ဆိုင်ရာ အကျဉ်းအကျပ်နှင့် ရင်ဆိုင်ရသည့်အချိန်တိုင်း ဆရာကြီး ‘ရော့ဖ် ဂျက်ကော့ဆန်’ နှင့် ဆရာကြီး ‘ဇော်ဂျီ’ တို့၏ ကဗျာများကိုဖတ်ကာ ဒဿနထွက်ပေါက်ကို ရှာဖွေခဲ့မိကြောင်း ၀န်ခံရပါမည်။
ကိုးကား။ ။ ဇော်ဂျီ (ကဗျာပေါင်းချုပ်) နှင့် Night Open by Jacobsen
[Top] |