ရသလွင်ပြင်
ဝါဆိုပန်းတွေ ပွင့်ပါစေ
ခိုင်မာကျော်ဇော | သြဂုတ် ၂၃၊ ၂၀၀၇

လူတွေက နန်းအောင်ရဲ့ ပုလိုင်းထဲကပန်းတွေကို မြင်တော့ ‘၀ါဆိုပန်းတွေ’ ‘၀ါဆိုပန်းတွေ’ဆိုပြီး အာသာငမ်းငမ်း ဖြစ်ကြပေမယ့် ဈေးကြတော့ ဆစ်လိုက်တာ။

တစီးမှ ၁၀ ဘတ်ကို အားမနာလျာမကျိုး ခေါက်ချိုးဆစ်တဲ့လူလည်းရှိ ဈေးဆစ်တာကို ၀ါသနာပါတဲ့ လူတွေကတော့ တဘတ်နှစ်ဘတ်ကို ကတ်ကတ်သပ်သပ်လိုက်ပြီး ဆစ်ကြတယ်။ ဒီနေ့ ရှားရှားပါးပါး ဈေးမဆစ်ဘဲ ၀ယ်တဲ့လူဆိုလို့ ဆိုင်ကယ်နဲ့ အဒေါ်ကြီးတယောက် ပဲရှိတယ်။ အဲ့ဒါတောင်မှ ဘေးနားက ဘဲဥသည်က အရင်လူတွေကို ၈ ဘတ်နဲ့ပေးလိုက်တယ် မဟုတ်လားဆိုပြီး ဈေးသည်ချင်း ကိုယ်ချင်းမစာ ၀င်ပြောလိုက်သေးတယ်။

ဒါပေမယ့် အဲဒီအဒေါ်ကြီးက သဘောကောင်းပုံရတယ်။ “၀ါဆိုပန်း ဆိုတာ တနှစ်မှတခါ ရှားရှားပါးပါး”တဲ့။ “ဘုရားလှူမယ့် ပန်းကို ဈေးလည်း မဆစ်ကောင်းပါဘူး”လို့ပြောပြီး နန်းအောင်ပုလိုင်းထဲက
ဝါဆိုပန်း (၅) စီးကိုယူပြီး ၅၀ တန် အသစ်တရွက် ကမ်းပေးပြီး ဆိုင်ကယ်လေး မောင်းထွက်သွားတော့ ဘဲဥသည်မိန်းမ ပါးစပ်ကြီးဟပြီး ကျန်ခဲ့တယ်။

အဒေါ်ကြီးပြောသလိုပဲ ၀ါဆိုပန်းဆိုတာ တနှစ်မှတခါ ၀ါဆိုလတွေ မှာသာပွင့်တဲ့ ပန်းပါ။ ၀ါဆိုလမှာ ပွင့်တယ်ဆိုပေမယ့် နေရာတိုင်းမှာ ပွင့်တာလည်း မဟုတ်ဘူး။ တောထဲတောင်မှာပဲ ပွင့်တာဆိုတော့ နန်းအောင်တို့ ရွာမှာတော့ တောပန်း တောင်ပန်းလို့ပဲ ခေါ်ကြတယ်။ တချို့က တောစောင့်နတ်၊ တောင်စောင့်နတ်တွေ ဖန်ဆင်းတဲ့ ပန်းဆိုပြီး နတ်ပန်းလို့လည်း ခေါ်ကြတယ်။ နတ်ပန်းဆိုတော့ လူတွေက ကြောက်ကြတယ်။ ခူးလည်း မခူးရဲကြဘူး။ အဲဒီပန်းကိုခူးရင် နတ်တွေက မကြိုက်ဘူး။ နတ်တွေက တခုခုလုပ်မယ်လို့ အယူရှိကြတယ်။ တချို့များ ဘယ်လောက်အထိ ကြောက်သလဲဆိုရင် တောထဲမှာ ဒီပန်းကိုမြင်တော့ သေသေချာချာထိုင်ပြီး ရှိခိုးတာ နန်းအောင် ကိုယ်တိုင်မြင်ဖူးတယ်။

နန်းအောင်ကတော့ ၀ါဆိုပန်းတွေပွင့်ရင် အဖေ့ကို အရမ်းသတိရတယ်။ တောထဲမှာ ၀ါဆိုပန်းတွေ အုံနဲ့ကျင်းနဲ့ ပွင့်တာ ကိုမြင်ရရင် နန်းအောင် အရမ်းငိုချင်တာပဲ။ နန်းအောင် မျက်စိထဲမှာ ၀ါဆိုပန်းတွေ ပုလိုင်းကြီး အပြည့်လွယ်ထားတဲ့ အဖေ့ကိုပဲ မြင်ယောင်နေမိတယ်။ အဖေရဲ့ ထက်ကြပ်မကွာ လိုက်ပါရတဲ့ နန်းအောင်ရဲ့ ကျောပေါ်က ပုလိုင်းထဲမှာလည်း
ဝါဆိုပန်းတွေအပြည့်ပဲလေ။

အဲဒီနေ့က ၀ါဆိုလပြည့်ဖို့ တရက်အလိုပေါ့။ နောက်နေ့ဆိုရင် ၀ါဆိုလပြည့်ပြီ။ ဒီလိုနေ့မျိုးမှာ ၀ါဆိုပန်းတွေ အများကြီးရတော့ အဖေရော နန်းအောင်ပါ ပျော်တာပေါ့။ အဲဒီနေ့က ရွာကထွက်ကတည်းက မိုးစရွာနေပြီ။ တောစပ်ကိုရောက်တော့ မိုးက သဲကြီးမဲကြီးကို ရွာချတော့တာပဲ။ သားအဖ နှစ်ယောက် ခမောက်တလုံးစီ၊ ပလတ်စတစ် မိုးကာတပိုင်းစီပါပေမယ့် မိုးကကြီးတော့ ဘယ်လုံမှာလဲ။ တကိုယ်လုံး ရွဲရွဲစိုကုန်တာပေါ့။ မိုးက အသားပါသလို လေကလည်းပါတော့ ချမ်းလိုက်တာ ခိုက်ခိုက်ကို တုန်နေတာပဲ။ ဒါပေမယ့် နန်းအောင်တို့ သားအဖက ဇွဲမလျှော့ဘူး။ အရင်နှစ်က ၀ါဆိုပန်းတွေ ပွင့်တဲ့နေရာကို မရောက်ရောက်အောင်သွားတယ်။ နန်းအောင်ကတော့ အုံနဲ့ကျင်းနဲ့ ပွင့်နေတဲ့ လိမ်မော်ရောင် ၀ါဆိုပန်းအုံကြီးမြင်တော့ ထခုန်မိမတတ် ပျော်သွားတယ်။ ဘယ်ပြောကောင်းမလဲ သားအဖနှစ်ယောက် ပန်းအုံကြီးကို ဘယ်ညာ နေရာယူပြီး
‘စွပ်’ ‘စွပ်’နဲ့ ချိုးပစ်လိုက်တာ ပါလာတဲ့ ပုလိုင်းနှစ်လုံးအပြင် ရင်ခွင်ပိုက် အထုပ်ကြီးနှစ်ထုပ်ပါ ရလိုက်တယ်။

အမေလည်း ပျော်မှာပဲ။ ၀ါဆိုလပြည့်ဆိုရင် ဈေးထဲမှာပန်းတွေက ရှားတတ်တယ်။ ဒီလိုဆိုရင် ၀ါဆိုပန်းတွေ ဈေးကောင်း လည်း ရတတ်တယ်လေ။ ပန်းတွေလည်းများတယ်။ ဈေးကောင်းလည်းရမယ်ဆိုရင်တော့ နန်းအောင်တို့ မိသားစုအတွက် အနည်းဆုံး ၃-၄ ရက်စာလောက်တော့ အဆင်ပြေတာပေါ့။ ပန်းတွေရလို့ ကြိတ်ပျော်နေတာလား ကိုယ့်အတွေးနဲ့ကိုယ်မို့ လားတော့မသိ အပြန်ခရီးမှာ နန်းအောင်နဲ့အဖေ စကားသိပ်မပြောကြဘူး။ ဖေ အရမ်းချမ်းပြီး ဦးချစ်တင်ဆိုင်က တောအရက် တပက်နှစ်ပက်ကိုပဲ တွေးနေသလားလည်း မပြောတတ်ဘူး။

အမေနဲ့ မယူခင်တုန်းက အဖေအရက်တော်တော် သောက်ခဲ့တယ်လို့ ရွာကလူတွေ ပြောတယ်။ အဖေ့ကို မေးကြည့်တော့ “အဖေ ပင်ပန်းလို့ သောက်တာပါ သမီးရယ်”တဲ့။ အမေနဲ့ မယူခင်က အဖေက မြ၀တီဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်တယ်။ မဲဆောက်မြို့က ဆောက်လုပ်ရေးဆိုက်တွေမှာ နေပူမရှောင် မိုးရွာမရှောင် လုပ်ရတာဆိုတော့ အဖေပင်ပန်းမှာပေါ့။ မြ၀တီဆိပ်ကမ်းမှာ ကုန်တင်ကုန်ချလုပ်တဲ့အဖေနဲ့ တောင်ခြေရွာကနေ မဲဆောက်မှာ ဈေးသွားရောင်းတဲ့ အမေနဲ့တွေ့ကြပြီးမှ အဖေ့အလုပ်က တောတိုးတဲ့ အလုပ်ဖြစ်လာတာ။

နန်းအောင်တို့ မောင်နှမ (၃) ယောက်ကိုလည်း အဖေက တောတိုးပြီးရှာကြွေးခဲ့တာ။ တောတိုးတယ်ဆိုတာက တောထဲက အသီးတွေ၊ အရွက်တွေ၊ ပန်းတွေ၊ တိရစ္ဆာန်တွေရှာတဲ့ အလုပ်ကိုပြောတာပါ။ နန်းအောင်တို့ရွာက မြ၀တီနဲ့ နည်းနည်းဝေးတဲ့ တောင်ခြေမှာရှိတယ်။ ဒါကြောင့်လည်း တောင်ခြေရွာလို့ ခေါ်တာပေါ့။

ရွာမှာ ကရင်၊ မွန်၊ ပအို့ဝ်၊ ရှမ်း၊ ဗမာ လူမျိုးအစုံပဲ။ နန်းအောင်အဖေက ပအို့ဝ် နန်းအောင်အမေက ကရင်ဆိုတော့ နန်းအောင်က ပအို့ဝ်ကရင်ပါ။ နန်းအောင် ပအို့ဝ်ရော ကရင်ရော (၂) မျိုးလုံး ပြောတတ်တယ်။ အဖေက သူ့ရဲ့ ပအို့ဝ်စကား မပျောက်အောင် နန်းအောင်ကို ကောင်းကောင်းသင်ပေးတယ်။

အဖေက နန်းအောင်ကို ချစ်လည်း သိပ်ချစ်တယ်။ နန်းအောင်ကို ချစ်လို့ပဲ နန်းအောင်ကိုမွေးပြီးကတည်းက အဖေအရက် မသောက်တော့တာ။ အဖေ့သူငယ်ချင်းတွေဆိုရင် အဖေ့ကိုမြင်တော့ ယုံတောင်မယုံဘူးတဲ့။ အဖေအရက်ပြန်သောက်တာက ညီမ အငယ်ဆုံးလေးမွေးတော့မှ ပြန်သောက်တာ။ ဒါလည်း နေ့တိုင်းသောက်တာ မဟုတ်ပါဘူး။ အမေဈေးရောင်းကောင်းတဲ့ နေ့တွေ၊ အခုလို ပန်းတွေအများ ကြီးရတဲ့နေ့တွေ၊ အသီးအရွက်တွေ များများရတဲ့နေ့တွေ၊ တောကောင်တွေရတဲ့နေ့တွေမှ အဖေ သောက်တာပါ။ တောတိုးရတဲ့ အလုပ်ကလည်း ပင်ပန်းတာပဲလေ။ သူများတွေ အသွားနည်းတဲ့ တောနက်နက်ထဲကို တိုးရတယ်။ သစ်ပင်အမြင့်ကြီးတွေ ပေါ်တက်ရတာလည်းရှိ။ မြွေကင်းတွေကိုလည်း သတိထားရတာလည်းရှိနဲ့။  ဒါတောင်မှ ဘာမှမရတဲ့နေ့တွေ ရှိတယ်။ အဲဒီလိုနေ့တွေဆိုရင် အဖေက ထင်းတစီး၊ ၀ါးတစီးလောက်တော့ ပါအောင် ပြန်ခုတ်ခဲ့တာပဲ။

အဖေပင်ပန်းသလို အမေလည်း ပင်ပန်းတာပါပဲ။ အဖေရှာလာတဲ့ ပန်းတွေ၊ အသီးအရွက်တွေ၊ ရှဥ့်ငပေါ၊ တောကြောင်၊ လိပ်၊ ကြက်၊ ငှက် စတာတွေကို မဲဆောက်ဈေးမှာ သွားရောင်းရ၊ အပြန်မှာ အိမ်အတွက် လိုအပ်တာတွေကိုဝယ်ရတဲ့ အမေ့ဒုက္ခ ကလည်း မသေးပါ။ ရောင်းရတာကနည်းနည်း လိုအပ်တာက များများဆိုတော့ အမေလည်း စိတ်ညစ်တာပဲ။

နန်းအောင်က သမီးအကြီးဆုံးဆိုတော့ အဖေနဲ့အတူတူ တောတိုးဖူးသလို အမေနဲ့အတူတူ ဈေးလည်း လိုက်ရောင်းဖူးတော့ ဒါတွေကို သိနေတာပေါ့။ အဲဒီလို သိနေလို့ပဲ အဆင်မပြေလို့ နန်းအောင်ကို ကျောင်းထုတ်ခဲ့တာကို နန်းအောင် ဘာမှ မပြောဘဲနေခဲ့တာ။

တကယ်ဆိုရင် နန်းအောင် ကျောင်းနေချင်သေးတယ်။ နန်းအောင်အသက်က အခုမှ (၁၂) နှစ်ကျော်ကျော်ပဲ ရှိသေးတာ။ အမေနဲ့အတူ ဈေးရောင်းသွားဖို့ မနက်စောစော နန်းအောင် အိပ်ရာထတဲ့အချိန်မှာ သူငယ်ချင်းတွေ စာအော်အော် ဖတ်နေတာကို ကြားရရင် နန်းအောင်ရင်ထဲမှာ တမျိုးကြီးပဲ။ ဒါပေမယ့် နန်းအောင်တို့က ဆင်းရဲတော့ ဘာတတ်နိုင်မှာလဲ။

ဒီကြားထဲ အဖေကလည်း အရင်လို ကျန်းမာရေးမကောင်းဘူး။ အဖေ ခဏခဏဖျားတယ်။ အဖေဖျားတဲ့ နေ့တွေဆိုရင် ရွာကလူတွေနဲ့ပဲ နန်းအောင် တောထဲသွားရတယ်။ နန်းအောင် မသွားတဲ့နေ့ဆို အမေသွားတယ်။ အမေနဲ့ နန်းအောင်က အဖေ့လိုတော့ တောကောင်တွေ ဘယ်ရှာတတ်မှာလဲ။ အသီးအရွက်နဲ့ ပန်းတွေပဲပေါ့။ အဖေဖျားပြီဆိုရင် ဈေးကိုလည်း ရက်ခြားပဲ သွားရောင်းရတယ်။ ဒီလိုဆို ၀င်ငွေလည်း နည်းတာပေါ့။ ၀င်ငွေနည်းတော့ အဖေလည်း ဆေးမကုနိုင်ဘူး။

အဖေဖျားတာကို ရွာက လူတွေက “တောစောင့်နတ် တောင်စောင့်နတ်တွေ ဖမ်းစားတာ”တဲ့။ အဖေက တောကောင်တွေဖမ်း၊ နတ်ပန်းတွေခူးတာ ကြိုက်လို့ “တောစောင့်နတ် တောင်စောင့်နတ်တွေက အဖေ့ကိုဖျားအောင်လုပ်တာ”တဲ့။ အဲ့ဒါ တောစောင့်နတ်၊ တောင်စောင့်နတ်တွေကို တောင်းပန်တဲ့အနေနဲ့ အသားတွေ၊ အရက်တွေနဲ့ “ခေါစာပစ်ရမယ်”တဲ့။

အဖေနဲ့ အမေကတော့ အယုံအကြည် မရှိပါဘူး။ နန်းအောင်လည်း မယုံပါဘူး။ အဖေက နေ့တိုင်းတောတိုးနေတာဆိုတော့ ပင်ပန်းပြီးဖျားမှာပေါ့။ အဖေဆုံးတော့လည်း ခေါစာမပစ်လို့ တောစောင့်နတ်တွေက ခေါ်သွားတာတဲ့။ တချို့ကြတော့လည်း ငန်းဖမ်းတာတဲ့။ တချို့ကလည်း ငှက်ဖျားပိုး ဦးနှောက်ထဲဝင်တာတဲ့။ ပြောလိုက်တာ စုံနေတာပဲ။ နန်းအောင် သိတာကတော့ အဖေ အအေးမိတာပဲ။ မနှစ်က ဒီလိုအချိန်မှာ အဖေနဲ့ နန်းအောင် ၀ါဆိုပန်းသွားခူးတော့ မိုးရွာလိုက်တာ သဲကြီးမဲကြီးပဲ။ အသွားရောအပြန်ပါ နန်းအောင်နဲ့ အဖေ အအေးမိတာ။ အဲဒီညက သားအဖနှစ်ယောက်စလုံး ဖျားတာပဲ။

ဝါဆိုလပြည့်ဆိုတော့ မိုးကလည်း တနေကုန်ရွာတယ်။ နောက်နေ့ကျတော့ အဖေဆုံးတာပဲ။ အဖေဆုံးတဲ့ နေ့ကလည်း မိုးတနေ့လုံးရွာတာပဲ။ အဖေ့ကို မြုပ်တဲ့နေ့ကတော့ နေသာတယ်။ အဲဒီလို မိုးတွေ ၂-၃ ရက် ဆက်တိုက်ရွာပြီးလို့ နေသာရင် တောထဲမှာ ၀ါဆိုပန်းတွေ အုံနဲ့ကျင်းနဲ့ပွင့်တတ်တယ်။ အဲ့ဒါကို နန်းအောင်သိသလို အဖေလည်းသိတယ်။

ဝါဆိုပန်းတွေ အုံနဲ့ကျင်းနဲ့ပွင့်ရင် နန်းအောင်အဖေ့ကို အရမ်းသတိရတယ်။ နန်းအောင် ငိုလည်း အရမ်းငိုချင်တာပဲ။ အဖေ ဆုံးပြီးနောက် ရွာမှာ ၀ါဆိုပန်းအများဆုံးရတဲ့ အိမ်က နန်းအောင်တို့အိမ်ပဲ။ ဘယ်အချိန်မှာ ၀ါဆိုပန်းတွေ အုံနဲ့ကျင်းနဲ့ ပွင့်မယ်ဆိုတာ နန်းအောင်တို့သိတာကို ရွာက လူတွေက တမျိုးပြောကြတယ်။ “နန်းအောင်အဖေက မကျွတ်ဘူး”တဲ့။ “တောထဲမှာ တောစောင့်နတ်ကြီး ဖြစ်နေတာ”တဲ့။ “တောစောင့်နတ်ဘ၀ကနေ မိသားစုကို စောင့်ရှောက်နေတာ”တဲ့။ “ဒါကြောင့် နန်းအောင်တို့အတွက် ရွာဆိုပန်းတွေပွင့်အောင် လုပ်ပေးတာ”တဲ့။

နန်းအောင်ကတော့ မယုံဘူး။ ဒါပေမယ့် နန်းအောင် အဖေနဲ့တွေ့ချင်တယ်။ ၀ါဆိုပန်းတွေ ပွင့်တာကိုလည်း နန်းအောင် မြင်ချင်တယ်။ ဒီလို ရာသီရောက်တိုင်း ရွာဆိုပန်းတွေ များများပွင့်ပါစေလို့လည်း နန်းအောင်ဆုတောင်းတယ်။ ၀ါဆိုပန်းတွေ ပွင့်တိုင်းလည်း အဖေနဲ့ ပြန်တွေ့ရတယ်လို့ နန်းအောင်ခံစားရတယ်။ နန်းအောင်က အဖေ့သမီးလေ။ ဘယ်လိုအချိန် ဘယ်လိုနေရာမှာ ၀ါဆိုပန်းတွေ အုံနဲ့ကျင်းနဲ့ ပွင့်တတ်တယ်ဆိုတာ အဖေက နန်းအောင်ကို သင်ပေးခဲ့တာမဟုတ်လား။

နန်းအောင်အတွက်တော့ အဖေနဲ့ ၀ါဆိုပန်း၊ ၀ါဆိုပန်းနဲ့ အဖေဟာ ဘယ်လိုမှ ခွဲမရဘူး။ ဒါကြောင့်လည်း ၀ါဆိုပန်းတွေ ပွင့်ပါစေလို့ နန်းအောင်ဆုတောင်းတာပေါ့။ တကယ်ဆိုရင် နန်းအောင်က ၀ါဆိုပန်းကို ၀ါဆိုလတွေရောက်မှ ပွင့်စေချင်တာ မဟုတ်ပါဘူး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ရာသီတိုင်းမှာ ၀ါဆိုပန်းတွေ ပွင့်ပါစေလို့ နန်းအောင်က ဆုတောင်းချင်တာပါ။     ။ [Top]                 

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!