ဝတ္ထု
အနှုတ်နှစ်ထပ်

ဖုန်းဆိုး

(၁)

အိမ်ခေါင်ပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်နေသော မိုးသံတဗျောင်းဗျောင်းက ညရဲ့ ပတ်ဝန်းကျင်တခုလုံးကို လွှမ်းမိုးထား သည်။ ထိုအတူ တစုံတရာကလည်း ကျွန်တော့်အသိတရားကို ဗျောင်းဆန်အောင် ဆွဲရမ်းလှုပ်ခါနေသည်။ ချိနဲ့လှသော မီးအလင်းရောင်အောက်ရှိ စာကြည့်စားပွဲပေါ်၌ ဖြစ်ကတတ်ဆန်း ရှုပ်ပွနေသော စာအုပ်ပုံများ။ ပွင့်နေသော စာမျက်နှာ တချို့ပေါ်တွင် ပစ်စလက်ခတ်ဆွဲထားသော လျှပ်စီးပတ်လမ်း ဆားကစ်ပုံများ။ နားလည်သယောင်နှင့် တွက်မရသော ပုစ္ဆာများ။ အဖြေသိလျက် ရှင်းမရသော တပိုင်းတစ တွက်လက်စ မှတ်စုများကို ကျွန်တော်အံကြိတ်ပြီး စိုက်ကြည့်နေမိသည်။ အတတ်ပညာတခုနှင့် ပတ်သက်၍ တကမ္ဘာလုံး သဘောတူလက်ခံသုံးစွဲလာခဲ့ကြသော ဤလျှပ်စစ်သင်္ကေတများကိုပင် ကျွန်တော် အလိုလိုဒေါသထွက်နေမိသည်။ ခြံဝင်းထဲက စံပယ်ပန်းရနံ့တွေ ကျွန်တော့်ထံ စုပြုံတိုးဝှေ့လာသလိုလို၊ ရင်ထဲမှာ တင်းကျပ်နောက်ကျိလာ၏။

သတိကင်းကွာသူတယောက်လို ကျွန်တော် ပြတင်းပေါက်ဆီရောက်သွားပြီး တံခါးဖွင့်လိုက်မိတော့ ကြမ်းရှအေးစိမ့်သော မိုးပေါက်များက မျက်နှာကို ဆီးရိုက်သဖြင့် ကြက်သီးထသွားမိ၏။ အိမ်ပြင်ပအမှောင်ထဲသို့ မျက်လုံးကို အားကုန်စူးစိုက်၍ ကြာရှည်စွာ ကြည့်နေမိသည်။ ချောက်ချားစဖွယ် အော်မြည်ပြိုဆင်းနေသော မိုးစက်များနှင့် မကောင်းဆိုးရွားတို့ ပြေးလွှား ပုံနှယ် တိုက်ခတ်နေသည့်လေကို အံတုယင်း ယိမ်းနွဲ့နေသော မဲမဲလှုပ်လှုပ် အုန်းလက်များ၊ သစ်ကိုင်းများက တစုံတခုကို ငြင်းဆန်အော်ဟစ်နေသည့်အလား ထင်ရ၏။ လျှပ်တချက်အလက်တွင် အိမ်ရှေ့လမ်းပေါ်ဝယ် ခါရမ်းနေသော ဓာတ်ကြိုးများ ကိုတင်းခံနေသည့် ဓာတ်တိုင်မားမားကြီးနှစ်တိုင်ကို လှမ်းမြင်နေရသည်။ အိမ်ရှေ့ခြံဝင်းထဲရှိ စံပယ်ရုံလေးတွေက မိုးရေ စက်လက်နှင့်။ ထုံးစံအတိုင်း လမ်းမီးများက ပျက်နေဆဲ။ မိုးချုန်းသံများနှင့် ခက်ထန်သော မိုးပေါက်ကျသံများ၏ကြားမှပင် ကျွန်တော့်အာရုံဝယ် စူးစူးဝါးဝါး (သို့သော်) ခပ်သဲ့သဲ့ ထိတ်လန့်အော်ဟစ်သံတခုကို ကြားယောင်လာသည်။ တဖန် ထိုအသံအစား နေ့လည်က ကျောင်း၌ကျင်းပသော လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်အသင်း ဟောပြောပွဲမှအသံများက အာရုံထဲ ၀င်ရောက်လာပြန်သည်။

ဆင်ခြေဖုံး ဆင်းရဲသားရပ်ကွက်တခုဖြစ်သော ကျွန်တော်တို့ရပ်ကွက်၏ လမ်းကလေးထဲရှိ ဓာတ်တိုင်အများစုမှာ ယိုင်နဲ့နဲ့ သစ်သားတိုင်များဖြစ်ကြသည်။ တော်လှန်ရေးကောင်စီ မတက်မီခေတ်က လက်ကျန်သံဓာတ်တိုင်တချို့မှာလည်း အောက်ခြေကွန်ကရစ်များ ပဲရွဲ့လျက်ရှိကြပြီ။ ကိုယ်ထူကိုယ်ထ ငွေစု၍ထူထားသော ကွန်ကရစ်တိုင်တချို့လည်း ထောင့်မှန်ကျကျ ထောင်မတ်မနေကြ။ ဓာတ်တိုင်တတိုင်ဆီမှ ပြွတ်သိပ်နေသော အိမ်ကလေးများဆီသို့ အလုအယက် သွယ်တန်းထားကြသော ဓာတ်ကြိုးများမှာလည်း ရှုတ်ယှက်ခက်နေပြီး အလွန်နိမ့်စွာ အိကျလျက်ရှိသည်။ မကြာခဏ ကားအမိုးနှင့်တိုက်မိ၍ ဓာတ်ကြိုးပြတ်ခြင်း ဓာတ်တိုင်လဲခြင်းများ ဖြစ်တတ်သေးသည်။ လမ်းထိပ်ရှိ ဤရပ်ကွက်၏ တလုံးတည်းသော ထရန်စဖော်မာကြီးမှာလည်း အခါအားလျော်စွာ ရှောခ့်ဖြစ်ခြင်း မနိုင်ဝန် (Overload) ကြောင့် မီးခိုးအူထွက်ခြင်းများနှင့် အသားကျခဲ့ပြီ။

လိုင်းတချို့မီးပျက်ပါက ဗွီဒီယိုရုံပိုင်ရှင်တချို့နှင့် လျှပ်စစ်အကြောင်း ကြားဖူးနားဝရှိသူတချို့က မိမိတို့အိမ်သို့ သွယ်ယူသော ဓာတ်ကြိုးအား ဓာတ်တိုင်ပေါ်ရှိ အခြားမီးလာသည့်လိုင်းနှင့် ကူးယူချိတ်ဆက်လေ့ရှိကြသည်။ ထိုဖြစ်ကတတ်ဆန်းလုပ်ရပ် များကား အန္တရာယ်ရှိမှန်း သိကြမည်ဖြစ်သော်လည်း အလေ့အထသဖွယ် ဖြစ်နေ၏။ ထိုလုပ်ရပ်ကို မြန်မာ့လျှပ်စစ်ဓာတ်အား လုပ်ငန်းမှ တာဝန်ရှိသူများမြင်တွေ့ပါက အရေးယူခံရမည်ဆိုသော်လည်း ထိုတာဝန်ရှိသူများထံမှပင် ဤလုပ်နည်းလုပ်ဟန် များကို နားလည်မှုတချို့နှင့် လဲလှယ်ရရှိခဲ့ခြင်းဖြစ်၏။

တင်းကျပ်စွာ တွယ်ဆက်တုပ်နှောင်ထားခြင်းမရှိဘဲ အရှင်ချိတ်ရုံသာချိတ်ထားသည့် ဓာတ်ကြိုးများကို လျှပ်စီးဖြတ်သန်းရ သည့်အခါ လေတိုက်၍ ကြိုးများလှုပ်ရှားမှုကြောင့်ဖြစ်စေ မထိတထိ ပါးလွှာသော ကြားခံနယ်ပေါ်ပေါက်တိုင်း ထိုကြားခံနယ် လေကိုဖြတ်စီးရသည့် လျှပ်စီးပမာဏ အဆများစွာမြင့်တက်ပြီး တခါတစ်ရံ မီးပွားများပင် ပွင့်တတ်သည်။ ထိုအပူပမာဏ ကြောင့် အကြိမ်များစွာ ဒဏ်ရာအနာတရ ဖြစ်နေခဲ့သော ဓာတ်ကြိုးများ၏ အန္တရာယ်ကိုမူကား တွေးမိသူ အလွန်ရှားပေ လိမ့်မည်။ ထိုမှားယွင်းမှု စုစုပေါင်း၏ အကျိုးဆက်ဟု ဆိုနိုင်လောက်သည့် အဖြစ်ဆိုးတရပ်သည် မည်သူ့ကို အပြစ်ပုံချရမှန်း မသိနိုင်လောက်အောင်ပင် ယနေ့ညနေ ကျွန်တော်တို့လမ်းကလေးထဲတွင် လျင်မြန်တိုက်ဆိုင်လွန်းစွာ ဖြစ်ပွားခဲ့ပါသည်။

(၂)

နေ့လည်ကကျောင်း၌ ကျွန်တော်တို့ လျှပ်စစ်အင်ဂျင်နီယာအသင်း ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲရှိ၏။ မြန်မာ့လျှပ်စစ် ဓာတ်အားလုပ်ငန်းမှ အမှုဆောင်အင်ဂျင်နီယာချုပ်နှင့် အခြားပုဂ္ဂိုလ်များလာရောက်၍ မြန်မာနိုင်ငံ၏ ဓာတ်အားဖြန့်ဝေပုံ စနစ်များအကြောင်း ဟောပြောကြ၏။ များသောအားဖြင့် ဘာသာရပ်ဆိုင်ရာ ဟောပြောပွဲများသည် ပျင်းစရာကောင်းလေ့ ရှိသော်လည်း ယနေ့ဟောပြောပွဲကား အမှုဆောင်အင်ဂျင်နီယာချုပ်၏ ထူးခြားသော အာဝဇ္ဇန်းကြောင့် ပညာလည်းရ၊ ရင်နာနာနှင့် ရယ်လည်းရယ်ရ အလွန်ပင် စိတ်ဝင်စားခဲ့ရပါသည်။ သူသည် အဖြစ်မှန်များကို ကွယ်ဝှက်ခြင်းလည်းမရှိ၊ မည်သူ့ကိုမှလည်း မယိုးစွပ်၊ ကိုယ်လွတ်ရုန်းခြင်းလည်းမပြုဘဲ ပွင့်လင်းထိရောက်သော စကားလုံးများကို ဟာသစွက်၍ ရဲရဲဖွင့်ချသဖြင့် ကျောင်းသားထု၏ လက်ခုပ်သံမစဲအောင်ပင် ဆွဲဆောင်နိုင်ခဲ့ပါသည်။

`မြန်မာနိုင်ငံမှာ သဘာဝတောတောင်၊ မြစ်ချောင်းအင်းအိုင်၊ စိမ့်စမ်းရေတံခွန်တွေ ပေါများလွန်းလို့ ထုတ်လုပ်စားရိတ် သက်သာတဲ့ ရေအားလျှပ်စစ်ချည်းသက်သက်ကို ၃၂၀၀၀ မဂ္ဂါ၀ပ်လောက် ထုတ်ယူသုံးစွဲနိုင်မယ်လို့ ဗြိတိသျှခေတ်က ပညာရှင်တွေ ခန့်မှန်းတွက်ချက်ခဲ့ကြတယ်။ အခု လွတ်လပ်ရေးရပြီး နှစ် ၅၀ ပြည့်တော့မယ့်ကာလမှာ ရေအားလျှပ်စစ်ချည်း မဂ္ဂါဝပ် ၅၀၀ ပြည့်အောင် မထုတ်နိုင်သေးဘူး။ ၃၇၀ မဂ္ဂါဝပ်လောက်ထွက်တဲ့ ဟိုခေတ်က လောပိတကိုပဲ အားကိုးနေရတုန်း၊ အခြား အသေးစားရေအားလေးတွေရယ်၊ သာကေတနဲ့ အလုံက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ နှစ်ခုပေါင်းက ထွက်တဲ့ မဂ္ဂါဝပ် ၂၀၀ ရယ်ပေါင်းမှ စုစုပေါင်း ၆၀၀ ကျော်လောက်ပဲ ထုတ်နိုင်သေးတာ၊ လာမယ့် ခရစ်နှစ် ၂၀၀၀ မှာ ဓာတ်အားမဂ္ဂါဝပ် ၁၀၀၀ ထုတ်နိုင်ဘို့ မဖြစ်မနေကြိုးစားကြရမှာ၊ တကယ်က တပြည်လုံး လိုအပ်ချက်မပြောနဲ့ ရန်ကုန်ရဲ့ လိုအပ်ချက်ကပဲ ၁၀၀၀ မဂ္ဂါဝပ်ကျော်လာပြီ။ စက်မှုဇုံတွေ ဟော်တယ်တွေ တိုးလာပြီ၊ ဘယ်မှာလဲ လျှပ်စစ်က၊ အေး ... ဓာတ်အားမလောက်သလိုပဲ မင်းတို့လျှပ်စစ်အင်ဂျင်နီယာတွေလည်း တိုင်းပြည်က အများကြီးလိုတယ်ဆိုတာ သိထားကြ နော်၊ မီးမလာလို့ လူတွေဝိုင်းဆဲတာမျှခံဘို့ မင်းတို့ကို MEPE က ကြိုဆိုပါတယ်´။

ပရိုဂျက်တာပေါ်မှာ မြေပုံနဲ့စာရင်းဇယားတွေပါသည့်ဖလင်ပြားများကို တခုပြီးတခုတင်ရင်းရှင်းပြလိုက်၊ `၀ှိုက်ဘုတ်´ပေါ်တွင် လက်ရေးဖြင့် ပုံကြမ်းခြစ်ပြီးရှင်းပြလိုက်နှင့် သူ၏အသံနှင့်စကားလုံးများသည် ကျောင်းခန်းမကြီးတခုလုံးကို အင်အား ကောင်းစွာ လွှမ်းမိုးထားခဲ့သည်။ စာညံ့သော၊ ပေတေတေကျောင်းသားတယောက်ဖြစ်သော ကျွန်တော်သည် တစုံတရာကို နှမြောသလို၊ နောင်တရသလိုနှင့် စိတ်လှုပ်ရှားနေခဲ့သည်ကို ကိုယ်တိုင်ပြန်၍ သတိပြုမိခဲ့၏။ ဒီဘွဲ့နဲ့ လုပ်စားလို့လည်း ရမှာမဟုတ်ပါဘူးဟူသော အတွေးများ၊ စကားလုံးများနှင့် ၎င်းတို့ကို ထောက်ခံသကဲ့သို့ ညိတ်ခဲ့မိဖူးသော မိမိ၏ခေါင်း အတွက် ပြန်အရှက်ရနေမိခဲ့သည်။ ပညာကို လခကိန်းဂဏန်းဖြင့် ချိန်ထိုးကြည့်တတ်ခဲ့ကြသော ကျနော်အပါအ၀င် ခပ်ညံ့ညံ့ ဆင်ခြင်တုံသမားများကို အထင်သေးသလိုလည်းဖြစ်မိ၏။ တဆက်တည်းမှာပင် ကျောင်းမှ ဆရာ ဆရာမများ၏ မွန်မြတ် သောရပ်တည်မှု၊ ရောင့်ရဲပြည့်ဝမှု၊ အေးချမ်းသော ဘ၀အမြင်နှင့် ပညာဂုဏ်တို့ကို လေးမြတ်ကြည်ညိုလာမိသည်။

`ကဲ ... ကောင်းပြီ၊ မဂ္ဂါဝပ် ၆၀၀ လောက်ထွက်မယ့် ဧရာမဓာတ်အားပေးစက်ရုံကြီး သူများအကူအညီနဲ့ ချေးငှားပြီးဖြစ်ဖြစ် တည်နိုင်ပါပြီတဲ့၊ လျှပ်စစ်ဓာတ်အားတွေ ထွက်ပါပြီတဲ့၊ ဘာနဲ့ထိန်းချုပ်မလဲ၊ ဘာတွေနဲ့ ပို့လွှတ်ဖြန့်ဖြူးမလဲ၊ အဲ ... ဒီစနစ်တွေ ကိရိယာတွေက မလုံလောက်ပြန်ဘူး၊ တချို့ကေဘယ်လ်တွေဆို ဗြိတိသျှလက်ထက်ကထဲက အဟောင်းတွေပဲ ဆက်သုံးနေ ရသေးတာ၊ စနစ်တခုလုံး အစားထိုးပြောင်းလဲပစ်ရမှာ၊ ဒါကြောင့် မြန်မာပြည်က အင်ဂျင်နီယာတွေဆိုတာ တခြားနိုင်ငံခြား တွေကလို ကိုယ့်ပညာရပ်၊ ကိုယ့်အလုပ်လေးပဲ စဉ်းစားရုံနဲ့ ရတာမဟုတ်ဘူး၊ ပြဿနာပေါင်းစုံ ခေါင်းထဲထည့်ပြီး မဖြစ်နိုင် တာတွေလည်း ဖြစ်အောင်လုပ်ကြရတာ၊ တချို့လည်း ခေါင်းထဲထည့်မနေတော့ဘဲ အိပ်ထဲပဲ ထည့်ကြတော့တယ်´

အထူးသဖြင့် လျှပ်စစ်အင်ဂျင်နီယာဆိုတာ မသိကိန်း ၂ လုံးပါတဲ့ ညီမျှခြင်း ၂ ကြောင်းကို ဖြေရှင်းနေရတာမဟုတ်ဘူး၊ ညီမျှခြင်းတကြောင်းထဲမှာ မသိကိန်း ၆ လုံးလောက်ကို တပြိုင်ထဲအဖြေရှာနေရတာ၊ ဒါတွေ ကျောင်းက သင်မပေးနိုင်ဘူး၊ MEPE ကို လာခဲ့ကြစမ်းပါ။ လောလောဆယ်တော့ ကျွန်တော့်အိမ်လည်း မီးမလာတာ နှစ်ရက်ရှိပြီ၊ ဒီညတော့ မီးပြန်လာ မယ်လို့ အမျိုးသမီးကပြောတာပဲ´

ကျွန်တော် စူးစိုက်နားထောင်နေရင်း လွန်ခဲ့သည့်နှစ်အနည်းငယ်က အလုံဓာတ်အားပေးစက်ရုံတွင် လျှပ်ပန်းများထွက်၍ ကိုင်တွယ်သူ ကျွမ်းကျင်ပညာသည်များ အသက်ဆုံးရှုံးခဲ့သည့်သတင်းကို ဖျတ်ခနဲ သတိရလိုက်မိသေး၏။ မလောက်ငှသော လျှပ်စစ်ဓာတ်အားကိုပင် စံနစ်တကျမထိန်းချုပ်နိုင်သေးသော မပြည့်မစုံအခြေအနေသည် မကြာသောကာလတွင် ကျနော်တို့ ပုခုံးများကို လေးပင်စေတော့မှာပါလားဟု ကြီးကြီးကျယ်ကျယ် တွေးမိခဲ့ပါသေးသည်။

(၃)

ညနေအိမ်အပြန်တွင် မိုးက သဲသဲမဲမဲရွာလာသည်။ ဘတ်စ်ကားစီးစဉ်တလျောက်လုံး လမ်းဘေးမှ ဓာတ်တိုင်၊ ဓာတ်ကြိုးများ ပေါ်သို့ အကြည့်ကို မခွာတမ်းတင်ထားမိ၏။ ဓာတ်ကြိုးများထဲမှ တစ်စုံတစ်ခုက ကားအလျင်အတိုင်း ရွေ့လျားလိုက်ပါလာ သလိုလို၊ ဖျတ်ခနဲ ဖျတ်ခနဲ ဓာတ်တိုင်များက မြင်ကွင်းအစဉ်တန်းကို ပုဒ်ဖြတ်ချနေသလို ထင်ရ၏။ ထရန်စဖော်မာများ ထားရာနေရာတွင်  အရိုးခေါင်းတခုကို အောက်မှ အရိုးနှစ်ချောင်းဖြင့် ကြက်ခြေခတ်ထားသော အန္တရာယ် သတိပေးချက်ပုံ ကိုလည်း အကြိမ်ကြိမ်တွေ့ဖူးပါလျက်နှင့် ယနေ့မှ မိမိတို့ဘာသာရပ်နှင့်ဆိုင်သော သင်္ကေတပါလားဟု တွေးမိပြီး ဂရုစိုက် ကြည့်နေမိသည်။ ကျွန်တော်နားမလည်သော တစုံတခုကြောင့် ရင်၌ လေးလံသလို ခံစားမိနေ၏။

ကျောင်းမှပါလာသော ကျွန်တော့်စိတ်လှုပ်ရှားမှုကို အဆပေါင်းများစွာ ပိုမိုသိပ်သည်းနက်ရှိုင်းအောင် ဖိညှစ်ဆုတ်ချေပစ်မည့် အဖြစ်အပျက်သည် လမ်းကလေးထဲမှ တိုက်ဆိုင်စွာ စောင့်ကြိုနေတော့သည်။ လမ်းထဲဝင်ဝင်ချင်း ရပ်ကွက်လူကြီးများ၊ မီးသတ်များနှင့် လျှပ်စစ်လုပ်သားများ ယောက်ယက်ခတ်နေသည်ကို တွေ့ရ၏။ တအိမ်အိမ် မီးလန့်လို့များလားဟု ထိတ်ကနဲ ဖြစ်သွားသည်။ ရပ်ကွက်ထဲမှလူများ အားလုံးလိုလို လမ်းပေါ်ထွက်၍ အကြောင်းရာတခုခုကို အထိတ်တလန့် ပြောဆိုနေကြ ၏။ ယိုင်စောင်းနေသော ဓာတ်တိုင်တတိုင်မှ ဓာတ်ကြိုးတချောင်း ပြတ်ကျနေသည်ကို တွေ့ရ၏။ ခြံဝရောက်ရောက်ခြင်း အမေ့ကိုတွေ့၍ ဆီးမေးတော့ ... `စံပယ်လေးလေ သားရယ် ... ဟောဟိုတိုင်ကြီးနားမှာ ဓာတ်လိုက်ပြီး လဲကျသွားတာ၊ အဖော်ကောင်မလေးကအော်လို့ လူတွေသိသိချင်းဝိုင်းသယ်ပြီး ဆေးရုံပို့လိုက်ကြတယ်၊ သူ့အမေတော့ သတိလစ်ပြီး တက်သွားလို့တဲ့ အိမ်မှာကျန်နေခဲ့တယ်၊ သွားအားပေးလိုက်ပါ သားရယ်´။

`ဘယ်လိုအမေ ... ဓာတ်လိုက်တာ ဟုတ်လား ... ဘယ်လိုဖြစ်ရတာလဲဗျာ´
ရင်ထဲဆို့တက်လာ၏ `ဖြစ်ရလေကောင်မလေးရယ် ... ဓာတ်လိုက်ရတယ်လို့´
ကျွန်တော် အိမ်ထဲမ၀င်နိုင်တော့ဘဲ လမ်းပေါ်သို့ ပြေးထွက်လာမိသည်။ အိပ်မက်ထဲပြေးနေရသလို ခံစားရ၏။ ယောင်ချာချာ ဟိုသည်ကြည့်ရင်း မျက်နှာချင်းဆိုင် တွေ့သမျှလူများအား`ဘယ်လိုဖြစ်ရတာတဲ့လဲဗျာ´ဟူသော မေးခွန်းကို အတင်းကာရော လိုက်မေးနေမိသည်။ အိပ်မက်ထဲ စကားပြောနေရသလိုသာ ခံစားရ၏။

စံပယ်ပန်းကလေးများနှင့် ပတ်သက်၍ သိကျွမ်းရင်းနှီးခဲ့ကြပြီးနောက် ရံဖန်ရံခါ ကျွန်တော့်ထံ စာလာမေးတတ်သော ဆယ်တန်းကျောင်းသူမလေး။ နံနက်စောစော ကျောင်းတက်သွားတိုင်း ခြံထဲဝင်လာပြီး အမေ့ကို ပန်းဝိုင်းခူးပေးယင်း `ဦးမနိုးသေးဘူးလား´ဟု ကျွန်တော့်အား ရည်ရွယ်မေးတတ်ပြီး သူ့အတွက် စံပယ်ပွင့်ကလေးများကို ပျော်ရွှင်စွာ ကွန်ပါဗူးထဲ ထည့်ယူသွားနေကျ ပွင့်လင်းသန့်စင်သော ခင်မင်ဖွယ်ကောင်မလေး၊ ဘာမှမဖြစ်ပါစေနဲ့ မိန်းခလေးရယ်။ ကြည်လင်စွာ ပြုံးရွှင်နေလေ့ရှိသော သူမမျက်နှာကလေးကို တရစ်ဝဲ၀ဲ မြင်ယောင်နေမိသည်။

`ဦး ... စံပယ်ပန်း နဲနဲဝယ်လို့ရမလား´

`ဟေ ... ငါမရောင်းတတ်ဘူးဟ ... ပန်းသည်တွေကို ဖောက်သည်ပေးတဲ့ပန်းတွေ ... လိုချင်နဲနဲယူသွားလေ´

`ဟာ ... ပျော်စရာကြီး ... ဟီးဟီး ကျေးဇူးပဲ၊ သမီးက ဖြတ်သွားတိုင်း မျက်စောင်းထိုး ကြည့်နေတာကြာပြီ´

အဲသည်မနက်ခင်းရဲ့ နောက်ပိုင်းမှာတော့ ကျွန်တော့်နဲ့မတွေ့လည်း အမေ့ကို စကားရောဖောရောနဲ့ ခွင့်တောင်းပြီး စံပယ်ပန်း နဲနဲ ခူးခူးသွားတတ်သည်။ နောက်တော့ တစတစ သူမသူငယ်ချင်းများပါ ကျွန်တော်တို့ စံပယ်ခြံကလေးနှင့် ရင်းနှီးလာ ကြသည်။

`နင် အခုဘယ်နှစ်တန်းလဲ´

`ဆယ်တန်း´

`သိပ္ပံလား´

`ဟုတ်ကဲ့´

`ဒါနဲ့ ဦးက ၀ိုင်အိုင်တီကဆို´

`အေး ... ဟုတ်တယ်၊ အာရ်အိုင်တီမှာတက်နေတာ ဆယ်နှစ်ရှိပြီ´

`အွန် ... ဘယ်မေဂျာယူလဲ´

`အံမယ် ... အလာကြီးပဲ၊ အီလက်ထရစ်ကယ်ပါခင်ဗျ´

`ဟင် ... လျှပ်စစ်ဓာတ်လိုက်မှာ မကြောက်ဘူးလား၊ အဲ ... သမီး ဖိဆစ်တွေမသိတာ နဲနဲလာမေးလို့ရမလား´

`အာ ... အေးအေး ... နဲနဲပါးတော့ ရပါတယ်၊ နင်တို့အိမ်က ဘယ်မှာလဲ´

`သမီးက နောက်လမ်းထဲမှာနေတာ´

`နင့်နာမည်ကိုတော့ ငါ စံပယ်လို့ပဲ ခေါ်တော့မယ်´

`ဟဲဟဲ ... ကောင်းတယ်၊ အဲသည်နာမည်´

(၄)

`လျှပ်စစ်ရဲ့အလျင်က အလင်းအလျင်နဲ့ အတူတူပဲကွ၊ တစက္ကန့်ကို ကီလိုမီတာ ၃ သိန်းထိရောက်နိုင်တယ်၊ မိုင်နဲ့ပြောရင် တစက္ကန့်ကို ၁ သိန်း ၈ သောင်း ၆ ထောင်မိုင်နှုန်း ရွေ့လျားနိုင်တယ်ပေါ့၊ ဟုတ်ပြီလား´

`ဦး ... အဲဒီလောက်မြန်တဲ့ လျှပ်စစ်အလျင်ကို ဘယ်သူတွေက ဘယ်လိုလုပ်ပြီး အတိအကျတိုင်းထားတာလဲ´

`ဟာ ... ဒီကောင်မလေး၊ ပြောတာမှတ်ဘို့မစဉ်းစားဘူး၊ ဟိုမေး ဒီမေးနဲ့၊ နိုင်ငံခြားက ရှေးလူကြီးတွေက လေ့လာပြီး တွက်ထားတာပေါ့´

`သမီးက လျှပ်စီးလက် မိုးချုန်းရင် မိုးကြိုးပစ်ခံရမှာ သိပ်ကြောက်တာပဲ´

`ညည်း ... တော်တော်စကားများတာပဲ၊ လျှပ်စီးလက်တာကို မြင်လိုက်ချိန်မှာပဲ လျှပ်စစ်ဓာတ်က စီးသွားပြီးပြီ၊ မိုးချုန်းသံက နောက်စက္ကန့်အတော်ကြာမှ ကြားရတာ၊ ဘာမှကြောက်စရာမလိုဘူး … သိပြီလား´

နေ၀င်ရီတရော မိုးစဲသွားချိန်တွင် တာဝန်ရှိသူနှင့် လျှပ်စစ်ကျွမ်းကျင်လုပ်သားများ ရောက်ရှိလာပြီး ဓာတ်တိုင်တည့်မတ်ခြင်း၊ ဓာတ်ကြိုးများဆက်ခြင်း၊ မလွတ်သောသစ်ကိုင်းများ ခုတ်ပစ်ခြင်းများ ပြုလုပ်နေကြ၏။ လူများက ရပ်ကြည့်ယင်း စုစု စုစုနှင့် တယောက်တပေါက် ပြောဆိုနေကြ၏။

မိုးလေသည်းချိန်က ဓာတ်ကြိုးများရမ်းခါ၍ ဖျန်းခနဲမီးပွင့်သည်ကို မြင်လိုက်ရသေးသည်ဟု တဦးကပြော၏။ သစ်ကိုင်းကျိုး ပိ၍ တိုင်ယိုင်ပြီး အိကျနေသော ဓာတ်ကြိုးကို ထီးနှင့်တိုက်မိကာ ဓာတ်လိုက်ခံရတာဟု အခြားတဦးကပြောပြန်၏။ လျှပ်စီး လက်မိုးချုန်းသည်ကို ကြောက်အားလန့်အားပြေးရာမှ ပြတ်ကျနေသော ဓာတ်ကြိုးနားအရောက်တွင် လဲကျမေ့မြောသွား သည်ဟု အဖော်မိန်းကလေးကပြောကြောင်း နောက်တဦးက ဆိုပြန်၏။ ရေမှတဆင့် လိုက်တာဖြစ်မည်ဟု ထင်မြင်ချက်ပေး သူက ပေး၏။

တိမ်တောက်၍ အစွမ်းကုန်လှပနေသော ညနေဆည်းဆာအောက်တွင် ကျွန်တော်တို့ ရပ်ကွက်အတွင်းသို့ တထင့်ထင့် စောင့်ခဲ့ရသော အမင်္ဂလာသတင်းက တရှိန်ထိုးဝင်ရောက်လာခဲ့ပါသည်။

ဆေးရုံမရောက်မီကလေး လမ်းခုလတ်တွင်ပင် သူမသေဆုံးသွားခဲ့သည်ဟူသော သတင်းဆိုးဖြစ်ပါသည်။ အသက်တချောင်း၊ နုနယ်ဖြူစင်သော အပြစ်မဲ့ ကျောင်းသူကလေး၊ မည်သူမှ မကယ်တင်နိုင်လိုက်မီမှာပင် တိုက်ဆိုင်လျင်မြန်လွန်းသော ကြမ္မာဆိုးအောက်မှာ ဖြစ်ရလေ မစံပယ်လေးရယ်။

ဒီတညလုံး ကျွန်တော့်စိတ်တွေ ပြင်းထန်စွာလှုပ်ခါတုန်ရီနေ၏။ အာရုံလည်း နောက်ကျိရှုပ်ထွေးနေပြီး ရင်တခုလုံး နာကျင် ပူလောင်နေ၏။ စာအုပ်ထူထူတွေ။ ရှုပ်ထွေးသော ဆားကစ်ပုံတွေ။ ရှင်းလို့ကိုမကုန်နိုင်တဲ့ ညီမျှခြင်းတွေ။ လက်တွေ့ခန်းထဲက မီတာမျိုးစုံတွေ။ နေ့လည်က ကျောင်းဘာသာရပ်ဆိုင်ရာ ဟောပြောပွဲက စကားလုံးတွေနဲ့ အသံတွေ။ ပြီးတော့ ချောက်ချား သွေးပျက်စွာ အော်ဟစ်လိုက်သည့် စူးစူးဝါးဝါးအသံတသံနဲ့အတူ စံပယ်ပွင့်ကလေးလို လန်းဆန်းတက်ကြွသည့် အပြစ်ကင်း မဲ့သော သူမမျက်နှာကလေး။ မိုးတွေက သည်းမည်းပြင်းထန်စွာ ထပ်၍ရွာချလာပြန်သည်။ သည်တရပ်ကွက်လုံးလည်း ညနေက သူမအဖြစ်အပျက်ကိုသာ တသသ ပြောနေကြမည်ဖြစ်၏။

ပစ္စက္ခပေါ်သို့ ပြန်လည်သတိဝင်ချိန်မှာ ကျွန်တော့်တကိုယ်လုံး စိုရွှဲအေးစက်လို့။ သန်းခေါင်ကျော်ခဲ့ပြီ။ မိုးကမစဲသေး။ နာရီအတော်ကြာကြာ ပြတင်းပေါက်၌ ရပ်နေမိခဲ့ခြင်းဖြစ်၏။ မျက်နှာပေါ်က မိုးပေါက်တွေက လည်ပင်းမှတဆင့် ကိုယ်ထဲ အထိစီးဝင်လို့၊ ပြတင်းမှ ကျနော့်ကိုကျော်၍ ပက်ထားသောမိုးရေများကလည်း အိမ်ကြမ်းပြင်၌ အိုင်ထွန်းနေ၏။ လမ်းပေါ်တွင် တရွေ့ရွေ့လှုပ်ရှားယင်း ဓာတ်တိုင်နှင့်ကြိုးများကို ထိုးကြည့်သွားသော လက်နှိပ်ဓာတ်မီးတ၀င်းဝင်းကို မြင်လိုက်ရ၏။

နီကျင်ကျင်မီးရောင်အောက်က စာကြည့်စားပွဲဆီ လည်ပြန်လှမ်းကြည့်မိတော့ ၀ိုးတ၀ါးအမြင်တွင် ဖြစ်ကတတ်ဆန်းဆွဲ ထားသော ဆားကစ်ပုံများ၊ တစုံတရာ မှားယွင်းမှုကြောင့် ရှေ့ဆက်ဖြေရှင်းမရသော ပုစ္ဆာများက ပွစာကျဲလျက်။ နားထဲတွင် မစံပယ်လေး၏ စာမေးနေကျအသံလေးများကို ပြန်ကြားယောင်လာသလိုလို။

ကျွန်တော့်အကြည့်ကို စားပွဲဆီမှခွာ၍ ပြတင်းအပြင်ဘက် ပြန်လှည့်လိုက်တော့ ကောင်းကင်မှာ လျှပ်စီးတွေက တ၀င်းဝင်း။ အိမ်ရှေ့စံပယ်ရုံလေးတွေမှာ နံနက်ခင်းပွင့်တော့မယ့် စံပယ်ဖူးကလေးတွေကို တလက်လက် မိုးရေစက်များကြောင့် မမြင်ရ၏။ စံပယ်ငုံကလေးတွေ စံပယ်ရွက်ကလေးတွေက တလှုပ်လှုပ်နှင့် ရေပေါက်ကလေးများကို ချွေချနေကြသည်။ မစံပယ်လေးရေ ... စံပယ်ပင်ကလေးတွေ မင်းအတွက် ငိုနေကြပြီကွယ်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!