ရသစာတမ်း
ငှက်ပျောတောတန်း လှည်းလမ်းကြောင်းနှင့် ရိုးပေါ်ကလေညှင်း

မောင်သစ်ဦး

(က)

ရိုးထဲတွင်ရေမရှိတော့သည့်တိုင် ကိုင်းပင်၊ ခြုံပင်များမှာ ထူထူထပ်ထပ် ပေါက်လျက်ရှိနေသေး၏။ ရိုးအလယ်သို့ ရောက်သည်အထိ ၀ါးတံတားထိုး ဆက်သွယ်ထားသည့် ‘ရေသိမ်’ ကလေးမှာ အကာအရံမရှိ ဖြစ်နေလေသည်။
ဝါးတံတားလေးပေါ်မှကြည့်လျှင် လေးဖက်လေးတန်ဝန်းကျင် ကောင်းကောင်းမြင်ရ၏။ အထူးသဖြင့် ‘ချောင်းချိုး’ ရွာကလေးဆီမှ ကွေ့ဝိုက်ပြီးလာနေသည့် ကုက္ကိုပင်တန်းနှင့် ငှက်ပျောပင်တန်းကို အစအဆုံးလှမ်းမြင်နေရ၏။
ဝါးတံတားထိပ်သည် လှည်းလမ်းဘေးတွင် မေးတင်လျက်ရှိပြီး လှည်းလမ်းနှင့် မလှမ်းမကမ်းတွင် ‘ဘုန်းတော်ကြီးကျောင်း’ ရှိနေလေသည်၊

‘ရေသိမ်’ လေးနှင့်ဆက်သွယ်ထားရာ ၀ါးတံတားပေါ်တွင် တဦးတည်းထိုင်နေစဉ် ကုက္ကိုပင်တန်း ငှက်ပျောတောတန်း ကလေးဆီ လှမ်းမျှော်ကြည့်မိသည်။ နောက်ထပ် နာရီဝက် (သို့မဟုတ်) တနာရီခန့်ရှိလျှင် ထိုကုက္ကိုတန်းနှင့် ငှက်ပျော တောတန်းကလေးအတိုင်း လမ်းလျှောက်လာနေသည့် “မဒေ၀ီ” ကို ကျနော်တွေ့ရမည်။ ထိုအခါ ကျနော့်နှလုံးသားများ ရုတ်တရက် စိမ်းစိုလန်းဆန်းလာကာ လှည်းလမ်းကလေးဆီကြိုပြီး ကြည့်နေမိမည်။ ငှက်ပျောတောတန်းအလွန် တောအုပ်ကလေးထိပ် ခေါင်းပြူပြီးထွက်လာသည့် လှည်းလမ်းကလေးပေါ်တွင် ဈေးတောင်းခေါင်းရွက်ပြီး လျှောက်လာ နေသည့် ‘မဒေ၀ီ’ ကို ကျနော်တွေ့ရမည်။ ခြေထောက်တွဲလောင်းချပြီး ထိုင်နေသည့် ကျနော့်ဆီသို့ ၀ါးတန်းလေးအတိုင်း သူလျှောက်လာလိမ့်မည်။ ပြီးတော့ သူသည်လည်း ကျနော့်ဘေးတွင် ခြေထောက်တွဲလောင်းချထိုင်ကာ သူ့ဘ၀တနေ့တာ အတွေ့အကြုံတချို့ကို ပြောပြနေဦးမည်။

ဝါးတံတားလေးပေါ်တွင် တဦးတည်းထိုင်နေရင်း မနေ့တနေ့က ‘မဒေ၀ီ’ နှင့် စကားလက်ဆုံကျခဲ့သည့် အကြောင်းကို ဖြတ်ကနဲတွေးမိတော့ ကျနော့်မှာ အလိုလိုပြုံးမိလျက်သားဖြစ်သွားရ၏။ ဒီတခါ ‘အုတ်တွင်း’ ပြန်တက်ပြီး မြို့နယ်ရုံးတွင် ‘ဒေါ်အောင်ဆန်းစုကြည်’ နှင့် တွေ့ခွင့်ရသည့်အခါ ‘မဒေ၀ီ’ သိချင်သည့် မေးခွန်တချို့ကို မေးဖြစ်အောင်မေးကြည့်ဖို့ ကျနော်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ ဒါမှမဟုတ် ‘မဒေ၀ီ’ ကိုယ်တိုင်က ‘ဒေါ်အောင်ဆန်းစုကြည်’ နှင့်တွေ့ဆုံပြီး သူသိချင် သည့် သူမေးချင်သည့်မေးခွန်းကို ကိုယ်တိုင်ကိုယ်ကျ မေးခွင့်ရအောင် ကြိုးစားပြီး ဖန်တီးပေးရန် ကျနော်စဉ်းစားထားခဲ့၏။

ကုက္ကိုပင်တန်းအောက်တွင် လူတယောက်လမ်းလျှောက်လာနေသည်ကို သစ်ပင်များကြားမှ ပျောက်လိုက် ပေါ်လိုက် တွေ့နေရ၏။ ငှက်ပျောတောတန်းကလေးနှင့် ကုက္ကိုပင်တန်းအကူးတွင်မူ ဈေးတောင်းခေါင်းရွက်ကာ လှည်းလမ်းအတိုင်း လမ်းလျှောက်လာနေသည့် ‘မဒေ၀ီ’ ကို ကျနော်တွေ့ရသည်။

(ခ)

“ဘယ်လိုလဲဈေးသည်ကြီး ဆန်နီရဲ့ … နေပူတော့မယ်လေကွာ၊ အခုထက်ထိ မထွက်သေးဘူးလား”

“ရွာထဲ ခဏသွားလိုက်တာပါမောင်ရယ် … ကိစ္စရှိလို့ ဟဲ … ဟဲ …”

ကျနော်က ပြုံးပြုံးရွှင်ရွှင်ဖြစ်နေသည့် ‘မဒေ၀ီ’ ၏ မျက်နှာကိုကြည့်ကာ စိတ်ဝင်စားမိသည်။

 “ဘာကိစ္စလဲ ချဲဂဏန်းသွားတောင်းတာလား”

“အိုး … မဟုတ်တာမောင်ရယ်၊ ရွာထဲမှာ အသုဘကူငွေ လိုက်ကောက်တာပါ”

“ဘာ … အသုဘကူငွေ၊ ဘယ်သူ့အတွက်လဲကွ၊ ဘယ်သူဆုံးတာလဲ”

“အော် … ညတုန်းကမောင့်ကိုပြောပြထားတဲ့ ‘ဇရပ်ကြီး’ က အဘိုးကြီးအသုဘအတွက်ပါ မောင်ရဲ့။ ရွာထဲမှာ ကျမနဲ့နားလည်မှုရှိတဲ့ သူငယ်ချင်းတွေလိုက်ပြောပြီး စုတာ နှစ်ရာကျော်တောင် ရတယ်မောင်”

ညတုန်းကအိပ်ရာမ၀င်ခင် ‘မဒေ၀ီ’ ပြောခဲ့သည့် ‘ဇရပ်ကြီး’ ရွာက အသက် ၆၀ အရွယ်လူတယောက်၏ အသုဘကိစ္စကို ကျနော်သတိရသွား၏။ စစ်တောင်းမြစ် ဟိုဖက်ကမ်း ကားလမ်းသစ်ဖောက်လုပ်ရေး လုပ်အားလာပေးရင်းက ရုတ်တရက် သေဆုံးသွားရသည့် ‘ဇရပ်ကြီး’ ရွာက အဘိုးအိုတဦးအကြောင်းကို ‘မဒေ၀ီ’ က ကျနော့်ကို စီကာပတ်ကုံးပြောပြခဲ့၏။ ရွာတွင် ကျောထောက်နောက်ခံမရှိသည့်အပြင် သူနှင့်အတူ လုပ်အားလာပေးနေကြရသည့် ဇရပ်ကြီးရွာသားများလည်း တလ ကိုးသီတင်း ရွာနှင့်ဝေးလံသည့်နေရာတွင် လုပ်အားပေးနေကြရသဖြင့် ‘အသုဘ’ ကိစ္စကို တင့်တောင့်တင့်တယ်ဖြစ်အောင် မစီစဉ်နိုင်ကြ။ တာဘေးကခြုံပုတ်အစပ် နေပူကွင်းကြီးထဲတွင် ၀ါးစင်ပေါ်ဖျာနှင့်လိပ်ပြီး အလောင်းစင် ပြင်ခဲ့ကြရ၏။ လုပ်အားပေးအချင်းချင်း တကျပ်တန်သည် နှစ်ကျပ်တန်သည်စုကာ အနီးဆုံးရွာက ဓါတ်စက်ငှားပြီးဖွင့်ရ၏။ ‘မဒေ၀ီ’ က လုပ်အားပေးများကို ဈေးတောင်းခေါင်းရွက် မုန့်လိုက်ရောင်းရင်းက အသုဘကိစ္စကို တွေ့ပြီး စိတ်မကောင်းဖြစ်မိဟန် တူလေသည်။

“ကဲ … ဒါဆိုရင်လည်းထွက်တော့ နေပူလိမ့်မယ်”

“နေအုံးမောင် … မောင့်ကိုလည်း ကျမက ပြောစရာရှိသေးလို့”

“ဘာပြုတယ်”

“မောင့်ကို ပြောစရာနည်းနည်း ရှိသေးတယ်လို့ ပြောတာပါမောင်ရယ် … တကတဲ … မျက်လုံးမျက်ဆံပြူးပြီး ဘယ်လိုဖြစ်သွားတာလဲ”

“အော် … ဈေးရောင်းထွက်ခါနီးကျကာမှ ဘာမပြောညာမပြော စကားပြောစရာရှိတယ်ဆိုတော့ အံ့သြသွားလို့ပါကွာ …။
ကဲ … ပြော … ဘာပြောမလို့လဲ”

မဒေ၀ီက တဲပေါက်ဝတွင်ပင် တင်ပလွှဲထိုင်ရင်း ကျနော့်ကို ပြုံးပြီးကြည့်နေသည်။

“မော်စီတုန်းတို့ ဟိုချီမင်းတို့က ကဗျာရေးကြတယ်နော်မောင်”

ကျနော်က သဲသဲကွဲကွဲ ကြားလိုက်သည့်တိုင် နားကိုမယုံနိုင်အောင်ဖြစ်ရသဖြင့် သူ့ကိုကြောင်ပြီး ငေးကြည့်နေမိသည်။ ရုတ်တရက် ဘာပြောရမှန်းပင်မသိ။

“အော် … ဒီလိုပါမောင်ရဲ့ … ဗီယက်နမ်က ဟိုချီမင်းတို့ တရုတ်ပြည်က မော်စီတုန်းတို့က ကဗျာရေးကြတယ်နော် မောင်”

“အင်း … ဟုတ်တယ်၊ ရေးတယ်လေ … အဲဒါ ဘာဖြစ်လဲ၊ မင်းဘာတွေ တွေးနေတာလဲ”

“ကျမ ဒါကိုစဉ်းစားနေတာကြာပြီ မောင်ရဲ့ …၊ ဗီယက်နမ်ခေါင်းဆောင် တရုတ်ခေါင်းဆောင်တွေက ကဗျာရေးတယ်၊ ကဗျာကိုခံစားတတ်တယ်ဆိုတော့ အကယ်၍များ ကျမတို့ရဲ့ခေါင်းဆောင်ကလည်း ကဗျာရေးတတ်ရင် ကဗျာကိုခံစား တတ်ရင် ဘယ်လောက်များကောင်းလိမ့်မလဲလို့ပေါ့။ ကျမက ကျမတို့ရဲ့ခေါင်းဆောင်တွေကို ကဗျာတွေရေးတတ် စေချင်တယ်၊ ဒါမှမဟုတ် ကဗျာတွေကို ကောင်းကောင်းခံစားတတ်စေချင်လိုက်တာ အရမ်းပဲ မောင်ရယ် တကယ်ပဲ”

မဒေ၀ီကို ကျနော် သြချယူရလောက်အောင် ဖြစ်သွားရ၏။

“အဲဒီတော့”

“အဲဒါ … နောက် နှစ်ရက်ရှိရင် မောင်အုတ်တွင်းကို သွားရမယ်မို့လား၊ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးကအပြန် အုတ်တွင်းရုံးကို ၀င်အုံးမှာပဲမို့လား။ အဲဒါ ဒီတခါ မောင် အုတ်တွင်းသွားရင် ကျမလိုက်ချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တယ်။ ပြီးတော့ သူ့ကို ကဗျာရေးတတ်သလား၊ ဒါမှမဟုတ် ကဗျာဖတ်သလား၊ ကဗျာခံစားတတ်သလားဆိုတာ မေးမယ်။ အဲဒါ ကျမတွေးနေတာကြာပြီ။ ကျမ ဒီကိစ္စအရမ်းသိချင်တာပဲ မောင်ရယ်။ မောင်ဒီတခါ အုတ်တွင်းကိုသွားရင် ကျမလိုက်လို့ရမလားဟင် မောင် … ကျမလိုက်ချင်တယ်၊ ကျမလိုက်ပါရစေမောင်ရယ်”

ပြောချင်တာပြောပြီး ကျနော်နှင့်ဆွေးနွေးညှိနှိုင်း ကျေနပ်ကာမှ ဈေးတောင်းခေါင်းပေါ်တင်ကာ ဈေးရောင်းထွက်သည့် မဒေ၀ီ၏ ကျောပြင်ကိုငေးကြည့်ကာ ကျနော့်မှာ သက်ပြင်းချမိလေသည်။

(ဂ)

တောအုပ်ကလေးထဲမှ လမ်းလျှောက်ပြီးထွက်လာနေသည့် ‘မဒေ၀ီ’ ကို ကျနော်ငေးကြည့်နေရင်းက ‘မဒေ၀ီ’ နှင့် ပြောရ ဆိုရမည့် စကားလုံးများကို ကြိုတင်စဉ်းစားမိသည်။ အမှန်စင်စစ် မဒေ၀ီကိုယ်တိုင် အုတ်တွင်းရုံးကို လိုက်လာနိုင်လျှင် ကောင်းလေစွဟူ၍လည်းတွေးမိသည်။ ယခုတော့ အုတ်တွင်းရုံးကိုမလိုက်လာနိုင်ခဲ့သည့် မဒေ၀ီအဖို့ သူသိချင်သည့် မေးခွန်းများကို ဘယ်လောက်အထိ စိတ်လှုပ်ရှားစွာသိချင်နေခဲ့မည်ကို ကျနော်ခန့်မှန်းမိသည်။ သူ့ကိုကျနော်နားလည်သည်။

ထိုနေ့က အုတ်တွင်းမြို့ အမျိုးသားဒီမိုကရေစီရုံးကို မဒေ၀ီမလိုက်နိုင်ခဲ့ပါ။ အငယ်ဆုံးသားဖြစ်သူက ထိုနေ့ကျကာမှ အထက်လှန်အောက်လျှောဖြစ်ကာ ရုတ်တရက်နေမကောင်းသဖြင့် သူ့ခမျာ ကျနော်နှင့်အတူ အုတ်တွင်းရုံးကို မလိုက်နိုင်ခဲ့ပါ။ သူသိချင်သည့် မေးခွန်းများကိုသာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့သည့်အခါ မေးဖြစ်အောင်မေးခဲ့ဖို့ ကျနော့်ကို အတန်တန် မှာရင်း ရွာတွင် ကျန်နေရစ်ခဲ့၏။

ရွာမှထွက်ပြီး နောက်တနေ့တွင် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ ကျွဲပွဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ၀င်ရောက်လာ ခဲ့ကြ၏။ အမှန်စင်စစ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့မှာ ကျွဲပွဲကိုဝင်ရောက်ဖို့ရန် အစီစဉ်မရှိ။ ကျနော်သည်ပင် ကံကောင်း ထောက်မစွာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့လိုက်ရခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်တို့၏ မူလအစီအစဉ်က အုတ်တွင်းမြို့နယ်ရုံးတွင်သာ ခေတ္တ၀င်ရောက်ရန် ဖြစ်၏။ မူလအစီအစဉ်အတိုင်း အုတ်တွင်းရုံးကို ညနေပိုင်းတွင် ရောက်မည်ဟု အကြောင်းကြားပြီးမှ မမျှော်လင့်ဘဲ မနက်ခင်းတွင်ရောက်လာခဲ့သဖြင့် ထိုစဉ်က ကျွဲပွဲရုံးတွင် ရှိနေသည့် ကျနော်မှာ အုတ်တွင်းသို့သွားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဖို့အခွင့်မသာခဲ့။ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ကို ကျွဲပွဲ ရုံးတွင်သာ ထိုင်စောင့်နေခဲ့ရ၏။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ကျွဲပွဲရုံးတွင် (၅) မိနစ်မျှသာ ကားရပ်ပြီးနောက် ခရီးဆက်ကြရ၏။ စုပြုံဝိုင်းအုံလာ သည့်လူထုကို ကျေနပ်အောင် ကားဘေးတွင်ရပ်ကာ စကားတခွန်းနှစ်ခွန်းမျှသာ ပြောဆိုပြီး ခရီးဆက်ကြရခြင်း ဖြစ်လေ သည်။ တိုတောင်းလှသည့်တွေ့ဆုံပွဲကလေးထဲတွင် မဒေ၀ီသိချင်သည့်မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်အား မေးခွင့် မရနိုင်ခဲ့။ ထို့ကြောင့် ကျနော့်မှာ မဒေ၀ီအတွက် စိတ်မကောင်းဖြစ်ခဲ့ရ၏။

မဒေ၀ီ သိချင်သည့်မေးခွန်းများကို မေးခွင့်မရခဲ့သည့်တိုင် သူကျေနပ်စေမည့်ကိစ္စတခုကိုမူ ကျနော်ယူလာနိုင်ခဲ့သည်ဟု ဆိုရပါမည်။ ရွာသို့ ပြန်လာသည့် ကျနော့်လက်ထဲတွင် မဒေ၀ီနှစ်သက်မည်ထင်သည့် စာစောင်တခုပါရှိလာခဲ့၏။ ထိုစာစောင် ထဲတွင် ကဗျာတပုဒ် ပါလာခဲ့သောကြောင့်ဖြစ်သည်။ ထိုကဗျာကိုပြကာ မဒေ၀ီကို ဖျောင်းဖျရမည်ဟု ကျနော်တွေးထားခဲ့၏။

“ဟေး … ဘာငေးနေတာလဲ၊ လူကို မမြင်ဘူးလား”

“အော် … ဟုတ်သားပဲ၊ အဝေးကြီးကတည်းက မောင်မြင်ပါတယ်ကွာ၊ အတွေးလွန်သွားလို့ပါ”

မဒေ၀ီက တောင်းအလွတ်ကို ခါးတွင် လက်တဖက်ဖြင့်ချိတ်ကာ ၀ါးတံတားအတိုင်းလျှောက်လာ၏။

“ကဲ … ပြော … ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုဖြေလိုက်သလဲ”

“အို … အမောပြေအောင် ထိုင်စမ်းပါအုန်းလေ၊ ပြောတာပေါ့ကွာ၊ လာဒီမှာ ထိုင်အုန်း”

“မောင့်ကို ဟိုးအဝေးကြီးက မြင်ကတည်းက ကျမအမောပြေပြီးသား၊ ပြောမှာသာ ပြောစမ်းကွာ၊ ဘာလဲ … မောင်နော် … ကျမသိချင်ပါတယ်ဆိုမှ ဈေးတင်နေတာလား”

“မဟုတ်ရပါဘူးဗျာ”

“ကဲ … ဒါဖြင့်ပြောလေ … ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်မို့လား”

“တွေ့တယ် … အင်း … တွေ့တော့ တွေ့တယ်”

ကျနော်က ဖြစ်ကြောင်းကုန်စင်ပြောပြနေစဉ် ကျနော့်ဘေးတွင် ၀င်ထိုင်စဉ်က ရွှင်လန်းတက်ကြွနေသည့် မဒေ၀ီမှာ ခေါင်းငိုက်စိုက်ချကာ နားထောင်နေလေတော့သည်။

“အေးကွာ … ကျမအရမ်းသိချင်တယ်ဆိုကာမှ နောက်တခေါက်တွေ့မှ မေးမယ်ဆိုရင် သူက ဘယ်တော့မှ နောက်တခေါက် လာမှာလဲဟင်”

“ဒါတော့ မသိဘူးပေါ့ … မင်းသိချင်တဲ့မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အဖြေမပေးလိုက်နိုင်ပေမယ့်။ မင်းစိတ်ကျေနပ်လောက်အောင် အဖြေပေးမယ့် စာစောင်တခုကို မောင်ယူလာခဲ့ပါတယ်ကွာ … ဒီစာစောင်ထဲမှာ ဒေါ်အောင်ဆန်စုကြည် ဘာသာပြန်ထားတဲ့ ကဗျာတပုဒ်ပါတယ်။ မူရင်းကဗျာဆရာက အင်္ဂလိပ်စာရေးဆရာ ရူးဒီးယက် ကစ်ပလင်း။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က ဘာသာပြန်ထားတာ။ ကဲ … မင်း သိချင်တဲ့ မင်းဖြစ်စေချင်တဲ့ ဆန္ဒကို
အဖြေပေးလိုက်တဲ့သဘောဖြစ်မယ်လို့ မောင်ထင်တယ်”

ရိုးထဲသို့ ခေါင်းငိုက်စိုက်ချပြီးငုံ့နေသည့် မဒေ၀ီ၏ခေါင်းမှာ ရုတ်တရက်မော့လာကာ ကျနော့်လက်ထဲမှ စာစောင်ကို ဖြတ်ကနဲဆွဲယူလိုက်၏။ စာစောင်ကို စိတ်လှုပ်ရှားစွာ ဖြန့်ကြည့်လေသည်။

“ဒီ … ဒီလိုလုပ်ပါလားမောင်ရယ်၊ ကျ … ကျမစိတ်လှုပ်ရှားလွန်းလို့ မောင်ကပဲ အသံထွက်ပြီးဖတ်ပြပါလားဟင် … ကျမ နားထောင်မယ်။ ဖြေး … ဖြေးဖြေးဖတ်နော်မောင် … အောင်မယ်လေး … အံ့သြဖို့ကောင်းလိုက်တာ … ကျမဘယ်လို နားလည်ရမှန်းတောင် မသိတော့ပါဘူးမောင်ရယ်။ ကြည့်စမ်းပါဦး … ကဗျာခေါင်းစဉ်ကလည်း “အကယ်၍” တဲ့ … မောင် ဖတ်ပြနော် … ရော့ … သေသေချာချာဖတ် … ကျမနားထောင်မယ်”

ကျနော်က မဒေ၀ီအတွက် ကျေနပ်စွာ “အကယ်၍” ကဗျာကိုဖတ်သည်။

ရိုးထဲတွင် ကဗျာဖတ်သည့် ကျနော့်အသံမှာ ထင်ထင်ရှားရှားဖြစ်နေ၏။ ရွာနှင့်မလှမ်းမကမ်းတွင်ဖြစ်သဖြင့် လူသွားလူလာ လည်း မရှိဖြစ်နေ၏။ ရိုးထဲသို့ ခေါင်းထိုးပြီးဝင်လာသည့် ဆောင်းလေမှာ ကဗျာရွတ်သံနောက်က ကပ်ပြီးလိုက်နေ၏။

အကယ်၍
မင်းအသိုင်းအ၀ိုင်းက တုန်လှုပ်ချောက်ချားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ ခေါင်းအေးအေးနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် …

ကဗျာဖတ်နေရင်းက မဒေ၀ီကို ကျနော်မသိမသာ အကဲခတ်သည်။ မဒေ၀ီ၏ခန္ဓာကိုယ်မှာ ကျနော့် ခန္ဓာကိုယ်နှင့် ပိုမိုထိကပ်လာနေသည်ကို ကျနော်သတိပြုမိခဲ့သည်။

အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပမ်းနေနိုင်မယ်ဆိုရင်
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်တရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုံ့ပြန်ဘူးဆိုရင် …

ကျနော့်လက်ကို ဆုပ်ကိုင်လာသည့် မဒေ၀ီ၏လက်တဖက်မှာ ပိုမိုတင်းကျပ်လာနေသည်ဟု ထင်မိသည်။ ကျနော်က ကျန်ကဗျာပိုဒ်များကို အာရုံမြှင့်ပြီးမှ ဖတ်၏။

အကယ်၍
အောင်မြင်မှုသုခနှင့် ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင်

ကဗျာဖတ်နေရင်းက ကျနော့်မှာအသက်ရှူကြပ်သလိုဖြစ်လာရသည်။ ကဗျာစာသားများမှာ
ကျနော့်နှလုံးသားအပေါ် နင်းဖိပြီးတက်လာကြ၏။

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ် အသုံးချနိုင်မယ်ဆိုရင် …

နောက်ဆုံးကဗျာပိုဒ်ကို ဆက်လက်ရွတ်ဆိုရန် ကျနော်သည်အသက်ကို ပြင်းပြင်းရှူပြီး အားယူလိုက်၏။ ပြီးတော့မှ နောက်ဆုံးကဗျာပိုဒ်ကို ရွတ်သည်။ ကဗျာပိုဒ်အဆုံးတွင် မဒေ၀ီ၏အခြေအနေကို အကဲခတ်ရန် ခေါင်းကို ငဲ့လိုက်မိ၏။

“ဟေး …”

“ဟ … ဟ … ဘယ်လိုလုပ်လိုက်တာလဲကွာ … ဘာပြုလို့ တောင်းကို ပစ်ချလိုက်တာလဲ၊ ဒုက္ခပါပဲ … တကတည်းမှပဲ … ဒီလောက်တောင်ဖြစ်ရသလားကွာ … ဖြစ်မှ ဖြစ်ရပလေ”

မဒေ၀ီက ရိုးထဲသို့ လွင့်ကျသွားနေသည့် ခေါင်းခုပုဆိုးနှင့် တောင်းအလွတ်ကို ကြည့်ကာ တဟေးဟေးနှင့် အော်နေသေး၏။

“ကျမ အရမ်းဝမ်းသာတာပဲ မောင်ရာ … တကယ့်ကိုအံ့သြစရာပဲ။ ဒီကဗျာကို ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်တာ ဟုတ်လားမောင်။ ကျမ၀မ်းသာလွန်းလို့ ရုတ်တရက် စိတ်မထိန်းနိုင်လို့ တောင်းကိုလွှင့်ပစ်လိုက်မိတာပါ … အံ့သြစရာပဲ … အံ့သြစရာပဲ”

ရိုးထဲသို့ ခုန်ချပြီးနောက် ခြုံပုတ်များပေါ်က တောင်းနှင့်ပုဆိုးကို လိုက်ကောက်ရင်းက ၀ါးတံတားပေါ်ကို ကျနော် မော့ကြည့်မိသည်။ မဒေ၀ီသည်မူ ကဗျာစာရွက်ကလေးကို ကိုင်ကာ စိတ်လွတ်လက်လွတ် အော်ဟစ်နေဆဲ …။  ။

မောင်သစ်ဦး

[Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!