အမှတ်တရ
ကျနော် ပေါ်တာအထမ်းသမား
ကလိုစေးထူး
ကမ္ဘာကြီးတခုလုံးကို ကြည့်လိုက်ရင် ဟိုး ကျောက်ခေတ်ကစပြီး တိုက်ခိုက်လာလိုက်ကြတာ ယနေ့တိုင်အောင် စစ်ပွဲတွေက မဆုံးနိုင်ကြသေးပါဘူး။ တနိုင်ငံနဲ့ တနိုင်ငံ တိုက်ခိုက်ကြတာလဲ ရှိကြသလို ပြည်တွင်းမှာ အစိုးရနဲ့ သူပုန်ရယ်ဆိုပြီး တိုက်ခိုက်ကြတာလဲ ရှိကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ပွဲတခုဖြစ်ပြီဆိုတာနဲ့ ကြားထဲက အထိနာလှတာက အရပ်သားပြည်သူတွေပါပဲ။ အချစ်နဲ့စစ်မှာ မတရားတာ မရှိဘူးလို့ ဆိုတဲ့စကားကို ဘယ်သူကများ စတင်တီထွင် သုံးစွဲခဲ့သလဲတော့ ကျနော်မသိပါဘူး။ စစ်ပွဲတခု အနိုင်ရလိုမှုကြောင့် တရားမှုတွေ ထောက်ထားညှာတာမှုတွေ အလုံးစုံကင်းမဲ့စွာနဲ့ ရက်စက်မှုမှာ ကမ်းကုန်ကြပါတယ်။ အဲဒီလို ကမ်းကုန်အောင် ရက်စက်မှုတွေရဲ့ နောက်ကွယ်မှာ အပြစ်ကင်းမဲ့လှတဲ့ ပြည်သူများဟာ အလိုလိုနေရင်းနဲ့ ဓားစာခံ ဖြစ်ကြရပါတော့တယ်။
ပေါ်တာ (Porter) ဆိုတဲ့စကားရပ်ဟာ ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်မက်ဖြစ်ပွားရာ ဒေသတွေမှာ အရပ်သားပြည်သူတွေ မကြားချင်ဆုံးနဲ့ အထိတ်တလန့် အဖြစ်ရဆုံး စကားဖြစ်ပါတယ်။ ကျနော်တို့နိုင်ငံရဲ့ အုပ်ချုပ်သူ ပုဂ္ဂိုလ်များ သို့တည်းမဟုတ် စစ်တပ်တွေဟာ သူတို့ရဲ့ ၀န်စည်စလယ်တွေကို ရှေ့တန်း စစ်မြေပြင်ကို သယ်ယူဖို့ အေးချမ်းစွာ ပညာသင်ကြားနေတဲ့ ကျောင်းသားများမှအစ နွမ်းပါးစွာ စီးပွားရှာစားနေရတဲ့ ပြည်သူတွေအဆုံး အတင်းအဓမ္မ ခိုင်းစေကြပါတယ်။ အဲဒီလို ခိုင်းစေမှုရဲ့ အစိတ်အပိုင်း တခုအဖြစ် ကျနော်ဟာလဲ တကြိမ်မှာတော့ သူတို့ရဲ့ ပေါ်တာ အထမ်းသမား ဘ၀ကို ရောက်ရှိ ခဲ့ဖူးပါတော့တယ်။
၁၉၉၂ ခုနှစ်ရဲ့ ဇန်န၀ါရီလ ၄ ရက်နေ့.. တနည်းအားဖြင့် ကျနော်တို့ မြန်မာပြည်ရဲ့ (၄၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခါသမယလည်း ဖြစ်ပါတယ်။ အဲဒီ ခုနှစ်ပိုင်းတွေက ကျနော်တို့နိုင်ငံမှာ. ကျနော်တို့ကို အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များက ဘာစိတ်ကူးတွေပေါက်တယ်မသိပါဘူး။ ရန်ကုန်မှာဆိုရင်လည်း လှေပွဲသဘင်. မြင်းခင်းပွဲ သဘင်တွေ ချိမ့်ချိမ့်သဲ ကျင်းပနေတာမို့ အဲဒီတုန်းကဆိုရင် ကျနော်တို့လည်း ကျနော်တို့ရဲ့ နားမှာ နားကပ်ကြီးတွေပန်၊ ခါးမှာလည်း တောင်ရှည် ပုဆိုးကြီးတွေဝတ်ပြီး နေရတော့မှာလားလို့တောင် ထင်မှတ်ခဲ့မိပါတယ်။
လှေပွဲတွေကို ရန်ကုန်မှာ လုပ်ရုံတင်မပြီးပါဘူး။ အိမ်ရှေ့ပူ အိမ်နောက်မချမ်းသာ ဆိုသလို ကျနော်တို့ နေထိုင်ရာ နယ်မြို့ ကလေးတွေကိုလည်း ဒီရောဂါကူးစက်မှုက မလုပ်မနေရအမိန့်နဲ့ ရောက်လာပါတယ်။ အဲဒါကြောင့် အဲဒီနေ့က ကျနော်တို့ မြို့မှာ လှေပြိုင်ပွဲ လုပ်ခဲ့ပါတယ်။ လှေပြိုင်ပွဲတွေ အားလုံးပြီးလို့ ဆုပေးပွဲလုပ်တော့မယ့် အချိန်မှာ မြစ်အကွေ့ကနေ အမင်္ဂလာ မြင်ကွင်းတခုက အားလုံးရဲ့ အမြင်အာရုံထဲကို ဘွားကနဲ ရောက်လာခဲ့ပါတော့တယ်။ အဲဒါကတော့ စစ်သားတွေ အပြည့် တင်ဆောင်လာတဲ့ စစ်သင်္ဘော သုံးစင်းပါ။
ကျနော်ရဲ့ မွေးရပ်မြေမြို့ကလေးမှာ ယောက်ျားလေး တယောက်ဟာ လူပျိုပေါက်အရွယ်ရောက်လာပြီ ဆိုတာနဲ့ ရှေးရှေး တုန်းက မင်းညီမင်းသားတွေ တတ်အပ်တဲ့ အဌာရသ (၁၈)ရပ်လိုမျိုး တင်စားချင်တဲ့ အတတ် တခုကို သင်ယူရပါတယ်။ အဲဒါကတော့ စစ်သားတွေ ပေါ်တာ လိုက်ဖမ်းခြင်းမှ ဘယ်ပုံဘယ်နည်း လွတ်အောင် ပြေးရမလဲဆိုတဲ့ အတတ်ဖြစ်ပါတယ်။
ညဘက်တွေမှာ အပျိုလေးတွေ အိမ်ကို လူပျိုလှည့်သွားရင်ဖြစ်စေ၊ ညနက်တဲ့အထိ လက်ဖက်ရည်ဆိုင် ထိုင်ရင်ဖြစ်စေ၊ ဗီဒီယိုရုံမှာ အပန်းသွားဖြေရင်ဖြစ်စေ မျက်စေ့နဲ့ နားကို သတိရှင်ရှင် ထားရပါတယ်။ အဲဒီလိုမှမဟုတ်ရင် အမှောင်ရိပ်ထဲက ဘွားကနဲ ပေါ်လာတတ်တဲ့ မိစ္ဆာတစုစုရဲ့ ခနလိုက်ခဲ့စမ်းပါ ဆိုတဲ့ စကားရပ်နဲ့အတူ အနိဌာရုံမြင်ကွင်းတွေ ရှိရာကို လေးလံလှတဲ့ ၀န်စည်တွေကို ထမ်းပိုးပြီး သွားရမှာမို့လို့ပါ။ အဲဒါကြောင့်မို့လို့ပဲ.. စောစောကမြင်လိုက်ရတဲ့ စစ်သင်္ဘော သုံးစင်းဟာ အဲဒီလှေပြိုင်ပွဲက ကျနော်အပါအ၀င် ယောက်ျား ဘသားတွေရဲ့ ခြေထောက်တွေကို တပ်လှန့်လိုက်ပါတယ်။ ဒီလိုနဲ့ ကျနော်ဟာလဲ ခါတိုင်း သူတို့ ပေါ်တာ လိုက်ဖမ်းနေရင် တက်ပုန်းနေကျ အိမ်နားက မန်ကျည်းပင်ကြီးပေါ်ကို သွားရောက် စံစားခဲ့ပါတော့တယ်။
လူဖမ်းပွဲကြီးအနည်းငယ် စဲသွားပီလို့ ထင်ရတဲ့ ညနေစောင်းလောက်မှာ ကျနော်ဟာ အိမ်ကို ပြန်ပါတယ်။ အဲဒီမှာ မေမေ့ကို မျက်နှာမရွှင်မလန်းနဲ့ တွေ့ရပါတော့တယ်။ မေမေ ဘာဖြစ်နေလဲ မေးတော့ ခေါင်းကို အသာ ခါပြတယ်။ ဒါပေမယ့် ခဏ အကြာမှာ မေမေနဲ့ အတူ ကျောင်းတကျောင်းတည်းမှာ ဆရာလုပ်နေတဲ့ ဦးလေးဖြစ်သူ ရောက်လာတော့မှ အကြောင်းစုံ သိရပါတော့တယ်။
အဖြစ်က ဒီလိုပါ။ အဲဒီ စစ်သင်္ဘောသုံးစင်းက စစ်သားတွေဟာ သူတို့နဲ့ မတည့်တဲ့ လူတွေ(ကျနော်တို့ရဲ့ ဆွေမျိုးညီအကို) ကို သွားရောက်တိုက်ခိုက်ရာမှာ သူတို့ရဲ့ ပစ္စည်းတွေကို ထမ်းပို့ပေးဖို့အတွက် အထမ်းသမားပေါ်တာ သုံးရာလောက်လိုပါသတဲ့။ လိုက်ဖမ်းတော့ တရာတောင် ပြည့်အောင် မရဘဲ
ဖြစ်နေပါသတဲ့။ အဲဒီလိုနဲ့ပဲ မြို့ပေါ်က ဌာနဆိုင်ရာ အရပ်ဘက်ဝန်ထမ်း တွေကို အစည်းအဝေးဆင့်ခေါ်ပီး မီးသတ်ဌာနက လူသုံးဆယ်. ကျန်းမာရေးက နှစ်ဆယ်..ပညာရေးက ဆယ်ယောက် ..တခါ. အုပ်ချုပ်ရေးဦးစီးဌာနခေါ် မ၀တရုံးက ဘယ်လောက်.. တခြားသော ဌာနတွေလည်း ဘယ်လောက်ဘယ်မျှ ဆိုပြီး ခွဲတမ်းချပါသတဲ့။ ရွှေဉာဏ်တော် စူးရောက်ချက်ကတော့ အံ့သြချီးကျူးလောက်စရာပါပဲ။ အဲဒီလိုနဲ့ပဲ မေမေတို့ ပညာရေး ဌာနမှာ မဲနှိုက်ဆုံးဖြတ်ကြတော့ မေမေနဲ့ ဦးလေးက မဲပေါက်လာပါတယ်။ မလိုက်နိုင်ရင် ငွေငါးထောင်ပေး ငှားရပါမယ်။ (အဲဒီတုန်းက လက်ဖက်ရည်တခွက်မှ ငါးကျပ်ပဲရှိပါသေးတယ်) အဲဒါကြောင့် မေမေဟာ မျက်နှာ မသာမယာဖြစ်နေရတာပါ။
အကြောင်းစုံသိလိုက်ရပြီးတဲ့အခါမှာတော့ ကျနော်ဟာ မေမေ့ကို ဘာမှမပြောဘဲ အဲဒီတုန်းက ကျနော့်ရဲ့ တထည်တည်းသော ဂျင်းဘောင်းဘီကို ၀တ်၊ ဦးလေး လုပ်လာသလိုမျိုး ပုဆိုးတထည်ကို စလွယ်သိုင်း၊ အ၀တ်အပိုတစုံ ရေဘူး တလုံးနဲ့ ပေါ်တာလိုက်သွားဖို့ ပြင်ဆင်ပါတော့တယ်။ မေမေကတော့ ဘာမှမပြောနိုင်ဘဲ အဝေးတနေရာကိုသာ မျက်ရည်အပြည့်နဲ့ နှုတ်ခမ်းကိုက်ပြီး ကြည့်နေပါတယ်။ ကျနော်က မေမေ့ကို ကန်တော့ပီး မေမေ သားလိုက်သွားမယ်..လို့ ပြောလိုက်တဲ့အခါ မှာတော့ မေမေဟာ ချုံးပွဲချ ငိုပါတော့တယ်။ ဒါပေမယ့် ရွေးစရာလမ်းမရှိခဲ့ပါဘူး။
ပညာရေးဌာနအနေနဲ့ ခွဲတမ်းကျတဲ့ လူဆယ်ယောက် စုဝေးရာ (ကျနော် ပညာသင်နေတဲ့) အထက်တန်းကျောင်းကို ဦးလေးနဲ့အတူ ရောက်သွားတဲ့အခါမှာတော့ ကျောင်းမှာ ဆရာမကြီးက အငိုမျက်နှာနဲ့ စောင့်နေပါတယ်။ ပြီးတော့ ကျနော်တို့ သွားရမယ့် ခရီးစဉ်ကို ရှင်းပြပါတယ်။ လေးရက်ကြာမယ်လို့ ပြောကြောင်း အဲဒီလေးရက်အတွက် အခု လိုက်သွားရမယ့် လူတွေမနစ်နာအောင် ပညာရေးဝန်ထမ်းအားလုံးကို လစာ ဆယ်ရာခိုင်နှုန်းဖြတ်ပီး တဦးကို ၂၅၀၀စီပေးမယ့်အကြောင်း၊ တကယ်လို့ လေးရက်ထက်ပိုခဲ့ရင် တရက်အတွက် ငါးရာနှုန်းနဲ့ ရှင်းပေးမယ့် အကြောင်း၊ လောလောဆယ် တယောက် ငါးရာစီ ပေးလိုက်မယ့် အကြောင်းကို တုန်ယင်နေတဲ့ အသံနဲ့ ရှင်းပြပီး သူကိုယ်တိုင်ချက်ထားတဲ့ ၀က်သားဟင်းနဲ့ ကျနော်တို့ကို ထမင်းကျွေးပါတယ်။ အဲဒီတုန်းက ငွေငါးရာဆိုတာ ကျနော်တခါမှ မကိုင်ဖူးတဲ့ ငွေအတိုင်းအတာပါ။ ကျနော့်လက်ထဲ ငွေလှမ်းပေးတဲ့ဆရာမကြီးကို အဲဒီ ပိုက်ဆံ မေမေ့ကို ပေးပေးပါ ဆရာမကြီးလို့ ပြောလိုက်တော့ ဆရာမကြီးလည်း ငိုပါတော့တယ်။
ကျနော်တို့ စစ်တပ်ထဲကို ရောက်သွားတော့ ညမှောင်ခါစပြုနေပါပြီ။ အဲဒီမှာ ကျနော်တို့ ထမ်းဖို့အတွက် ကျည်ဆန် တထောင်စီဆန့်တဲ့ သစ်သားပုံးငယ်လေးတွေကို ၀ါးလုံးနဲ့ လျှိုပြီး ရှေ့နောက် နှစ်ယောက် ထမ်းလို့ရအောင် အဆင်သင့် စီထားတာကို တွေ့ရပါတယ်။ ကျနော်နဲ့ ဦးလေးက တတွဲ တွဲပီးထမ်းပါတယ်။ အဲဒီညက လေးမိုင်လောက်ပဲ သူတို့ သွားပြီး ရွာတရွာအရောက်မှာ ညအိပ်ရပ်နားကြပါတယ်။ လူတွေက တရုန်းရုန်း စစ်သားတွေရဲ့ ဆဲသံ တညံညံနဲ့ အေးချမ်းတဲ့ ရွာလေးဟာ အထိတ်တလန့် ဖြစ်နေရှာတယ်။
မနက်မိုးလင်းတော့ ကျနော့် ပုခုံးမှာ ဘုထနေပါပြီ။ တခါမှ အဲဒီလို မထမ်းဖူးတာကြောင့်ပေါ့ ။ ဦးလေးလည်း ကျနော့်လိုပဲ ပုခုံးမှာ ဘုထနေတယ်။ အဲဒီလိုနဲ့ ကျနော်တို့ကို စောင့်ကြပ်ရတဲ့ (အနည်းငယ် စိတ်ကောင်းရှိဟန် တူတဲ့) စစ်သားက ကျည်ဆန်အစား တဦးကို ဆန်ဆယ်ပြည် ထမ်းစေပါတယ်။ ဆန်အိတ်ကို ရေရှည် သယ်ပိုးနိုင်အောင် သူကပဲ သင်ပေးပါ တယ်။ ဒါလည်းပညာတမျိုးပါပဲ။ ဆန်ထည့်ထားတဲ့ ဂုန်နီအိတ်ကို ဆန်တွေကို တင်းကျပ်အောင် ကပ်ပီး ကြိုးမစည်းပဲ အိတ်ရဲ့ အ၀နားမှာ စည်းပါတယ်။ အဲဒီတော့ ဂုန်နီအိတ်ဟာ ခပ်ပြားပြားပုံစံဖြစ်နေပါတယ်။ အဲဒီခပ်ပြားပြားပုံစံအိတ်ကို ကျောပေါ် တင် ၊ ကြိုးစည်းထားတဲ့ အထုံးနေရာကို ခေါင်းပေါ်မှေးတင်ပီး သယ်တော့ ပလိုင်းလွယ်တဲ့ ပုံစံမျိုးဖြစ်သွားပါတယ်။ သွားရတာကြာလို့ ကျောက ညောင်းရင် ခေါင်းကို တည့်လိုက်၊ ခေါင်းက ညောင်းရင် ကျောကိုကုန်းလိုက်နဲ့ အနည်းငယ် သက်သာပါတယ်။
လမ်းမှာ ပင်ပန်းချက်ကတော့ ပြောမနေပါနဲ့တော့။ အဲဒီအလုပ်နဲ့ အသက်မွေးရတဲ့လူလည်း မဟုတ်တဲ့အပြင် အလေ့အကျင့် ကလည်း မရှိ.. ကြောက်စိတ်က တဖက်နဲ့ဆိုတော့ အဲဒီခရီးဟာ ကျနော့်အတွက် တကယ့်ကို စွန့်စားခန်းပါ။ မိုင်းကိုလည်း ကြောက်တော့ ဘေးဘီ ဘယ်ကိုမှမကြည့်ဘဲ ရှေ့ကလူ နင်းသွားတဲ့ ခြေရာအတိုင်း ကျနော် ထပ်ချပ်မကွာ လိုက်နင်း ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် သေနတ်သံဟာ ကျနော့်အတွက် အချိုဆုံးအသံပါ။ တမျိုးတော့ မထင်လိုက်ပါနဲ့။ သေနတ်သံကြားလို့ရှိရင် လူတန်းကြီးက ရပ်ထားရတဲ့အတွက် အကြာကြီး နားရလို့ပါ။ ဒီလိုနဲ့ပဲ အဆဲခံရင်း - အိမ်မှာ စိတ်ပူပြီး ကျန်ရစ်တဲ့ ကျနော့်မေမေကို သူတို့ရဲ့ ပါးစပ်ဖျားက မယားအဖြစ် ပေးရင်း လေးရက်အကြာမှာ သူတို့သွားချင်တဲ့ ရွာကြီးတရွာကို ရောက်သွားပါတယ်။ အဲဒီရွာမှာ.. သူတို့ တပ်အချင်းချင်းဆုံပီး ပြန်မယ့် တပ်နဲ့ ရှေ့တန်းမှာ မိုက်လုံးကြီး ကြမယ့် တပ်တွေ အလဲအလှယ်လုပ်ကြပါတယ်။ ထုံးစံအတိုင်း အဲဒီရွာဟာလည်း ကမ္ဘာပျက်ရရှာပါတယ်။
အပြန်ခရီးမှာ ကျနော်ထမ်းဖို့ တာဝန်ကျတာက ဒဏ်ရာရနေတဲ့ မိစ္ဆာကောင်ပါ။ လူနာ တထမ်းကို လေးယောက်နှုန်း စကေး ချပေးပါတယ်။ အလဲအလှယ်နဲ့ ထမ်းရတာပေါ့။ အဲဒီမှာလည်း လူနာထမ်းနည်း ပညာတခု ရပြန်ပါတယ်။ လူနာအထမ်း တခုစီမှာ ခွထောက်ပုံစံ အရှည်လေးပေကျော်ခန့် သစ်ကိုင်းခပ်တုတ်တုတ် နှစ်ချောင်းစီ ပါရပါတယ်။ နှစ်ယောက်က ထမ်းနေတဲ့အချိန်မှာ တခြား နှစ်ယောက်က အဲဒီ သစ်ကိုင်းတုတ် တချောင်းစီကို ကိုင်ပီး ဘေးကနေ လိုက်ပေးရပါတယ်။ အကြောင်း တခုခုကြောင့် သွားနေတဲ့ လူတန်းကြီးက ရပ်သွားရင် အဲဒီခွထောက်တွေကို ရှေ့နောက် ထောက်ပေးပြီး ထိန်းကိုင်စောင့်ခြင်းအားဖြင့် အမောဖြေရပါတယ်။ အဲဒီ လူနာ အထမ်းတာဝန်ကျတဲ့လူတွေဟာ မိုင်းအန္တရာယ်လည်း အတော်ကြီးပါတယ်။ သွားနေတဲ့ လမ်းကြောင်းကနေ ဘေးကို ခနခနထွက်ထွက်သွားတော့..ရှေ့လူသွားတဲ့ခြေလှမ်းအတိုင်း လိုက်နင်းလို့ မရလို့ပါ။
ပြောရမယ်ဆိုရင်တော့ အဲဒီခရီးမှာ ကျနော်ဟာ ခြောက်ရက်ကြာခဲ့ပါတယ်။ မြို့ကို ပြန်ရောက်လို့ အဲဒီစစ်တပ်ထဲကနေ ထွက်လာတော့ လူက ယိုင်တိယိုင်ထိုးနဲ့ပေါ့။ စစ်တပ်အ၀မှာ သားကြီးလို့ အကျယ်ကြီးလှမ်းခေါ်လိုက်တာက မေမေပါ။ ချွေးတွေနဲ့ နံစော်နေတဲ့ ကျနော့်ကို မေမေဟာ အားပါးတရဖက်ပီး ငိုပါတယ်။
ကျနော်တို့ ကမ္ဘာမှာ စစ်ပွဲတွေဖြစ်နေကြဆဲပါ။ အဲဒီစစ်ပွဲတိုင်းမှာ လူတိုင်းမသိနိုင်ကြတဲ့ ကျနော်တို့လို ကြားခံ ဓားစားခံတွေ ဘယ်လောက်ရှိနေသေးပါသလဲ ကျနော်မသိပါ။ အခုအချိန်မှာရော ဒါတွေပြီးဆုံးသွားပြီလို့ ကျနော်မထင်ပါ။ ထောင်ဝတ်စုံ ပြာပြာနဲ့ ထောင်သားတွေကို ပေါ်တာအထမ်းသမားအဖြစ် အသုံးချနေတာကို ကျနော်တို့နိုင်ငံမှာ တွေ့နေရဆဲပါ။ ဒီလို လူကို လူက နှိပ်စက်နေတာတွေ သတ်ဖြတ်နေတာတွေ..ရပ်ကြပါစေတော့လို့ပဲဆုတောင်းနေရတာပဲ။ ။ [Top] |