အောက်မေ့ဖွယ်
ကွမ်ဂျူးအရေးတော်ပုံ

ငြိမ်းဝေ

၂၀ ရာစုနောက်ပိုင်း နှစ်ကာလများအတွင်း အာရှနိုင်ငံတချို့မှာ ဒီမိုကရေစီတောင်းဆိုတဲ့ လူထုလှုပ်ရှားမှုတွေ တခုပြီးတခု ပေါ်ပေါက်ခဲ့တာ တွေ့ရပါတယ်။ ၁၉၇၃ ခုနှစ်က ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူထုအုံကြွမှု အရေးအခင်း၊ ၁၉၈၀ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံ ကွမ်ဂျူးအရေးအခင်း၊ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံ ရှစ်လေးလုံးအရေးအခင်း၊ ၁၉၈၉ ခုနှစ် တရုတ်နိုင်ငံ တီယံအာမင်အရေးအခင်းတွေဟာ အင်မတန်ထင်ရှားတဲ့ ဒီမိုကရေစီရေး လူထုအုံကြွမှုတွေ ဖြစ်ပါတယ်။

၁၉၈၀ ခုနှစ် မေလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံက လူထုအုံကြွမှု အရေးအခင်းမှာ ‘ကွမ်ဂျူးမြို့’ဟာ အဓိကအချက်အချာကျတဲ့ ဒေသဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ခု ဇွန်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ကွမ်ဂျူးမြို့ အဓိကရုဏ်းကို အကြောင်းပြပြီး စစ်တပ်ကို အမာခံထားတဲ့ သမ္မတဗိုလ်ချုပ်ကြီး ‘ချွန်ဒူးဝှမ်’ အစိုးရက စစ်ဥပဒေထုတ်ပြန်လိုက်တော့ ကွမ်ဂျူးမြို့လူထုဟာ ပိုမိုနိုးကြားလာခဲ့ရပါတယ်။ အဲဒီဇွန်လကစပြီး ကွမ်ဂျူးမြို့မှာ လူထုဆန္ဒပြပွဲတွေ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။ မေလ ၁၈ ရက်နေ့မှာတော့ တက္ကသိုလ် ၆ခုက ကျောင်းသားများအပါအ၀င် အလုပ်သမားနဲ့ မြို့လူထု ပူးပေါင်းထားတဲ့ ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့ပါတယ်။ ဆန္ဒပြလူထုက ကွမ်ဂျူးမြို့ကို ရက်အနည်းငယ်ကြာ သိမ်းပိုက်ထားနိုင် ခဲ့ပါတယ်။ ဒီအရေးအခင်းမှာ ဗိုလ်ချုပ်ကြီး ချွန်ဒူးဝှမ်က စစ်တပ်နဲ့ အကြမ်းဖက်ဖြိုခွဲတဲ့အတွက် ဆန္ဒပြသူ ရာပေါင်းများစွာ သေကျေခဲ့ကြရပြီး လူတထောင်ကျော် ဒဏ်ရာရခဲ့ပါတယ်။

အဲဒီ “၁၉၈၀ မေလ ၁၈ ရက် ကွမ်ဂျူးအရေးတော်ပုံ”ဟာ ကိုရီးယားခေတ်သစ်သမိုင်းမှာတော့ အာဏာရှင် အစိုးရ ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု သမိုင်းဝင်မှတ်တိုင်တခု ဖြစ်လာခဲ့ပါတယ်။ ဒီအရေးအခင်းကြောင့်ပဲ ကိုရီးယားလူထုဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကိစ္စတွေအတွက် မျက်စေ့ပွင့် နားပွင့်လာခဲ့ကြရတယ်လို့ ဆိုရမှာပါ။ နောင် ၅ နှစ်အကြာမှာတော့ ဗိုလ်ချုပ်ကြီး ချွန်ဒူးဝှမ် ရာထူးက ဆင်းပေးရပြီးနောက် “ကွမ်ဂျူး အရေးတော်ပုံ”ဟာလည်း လူသိထင်ရှား အသိအမှတ်ပြုခြင်း ခံလာရပါတော့တယ်။

မြန်မာ့ဒီမိုကရေစီရေး တိုက်ပွဲဝင်လူထုကို ဂုဏ်ပြုတဲ့အနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၄ ခုနှစ်အတွက် “ကွမ်ဂျူး လူ့အခွင့်အရေးဆု”ချီးမြှင့်ခဲ့ပါတယ်။ ဒီဆုကို တောင်ကိုရီးယားနိုင်ငံ ‘ကွမ်ဂျူး အောက်မေ့ဖွယ်ဖောင်ဒေးရှင်း’က ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆုချီးမြှင့်တာဟာ ဒီမိုကရေစီရေး ကြိုးပမ်း နေကြတဲ့ မြန်မာလူထုအပေါ် ကိုရီးယားပြည်သူတွေက ထောက်ခံကြောင်း၊ သွေးစည်းကြောင်း ဖော်ပြ လိုက်တဲ့သဘောပါပဲ။

တောင်ကိုရီးယားနိုင်ငံ “၁၉၈၀ ခုနှစ် မေလ ၁၈ ကွမ်ဂျူးအရေးတော်ပုံ”ကို ဂုဏ်ပြုတဲ့အနေနဲ့ ကိုရီးယား ကဗျာဆရာ “Kim Nam-Ju” ရဲ့ “Massacre” ကဗျာကို မြန်မာဘာသာ ပြန်ဆိုဖော်ပြလိုက်ပါတယ်။

“လူသတ်ပွဲ”

ဒါဟာဖြင့်
မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် ကွမ်ဂျူးမြို့မှာ ဖြစ်ခဲ့တာပါ။

သန်းခေါင်ယံအချိန်မှာ
အဓိကရုဏ်းနှိမ်နင်းရေးရဲတွေက
ရိုးရိုးရဲတွေရဲ့နေရာမှာ ၀င်ယူလိုက်တာ
ငါမြင်ခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
စစ်သားတွေက
အဓိကရုဏ်းနှိမ်နင်းရေးရဲတွေရဲ့နေရာမှာ ၀င်ယူလိုက်တာ
ငါမြင်ခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
အမေရိကန်နိုင်ငံသားတွေ
မြို့တော်က ထွက်ခွာသွားတာ
ငါမြင်ခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
မြို့တော်အ၀င်ဂိတ်ကို မော်တော်ယာဉ်တွေ ၀င်မလာနိုင်အောင် ပိတ်ဆို့ထားလိုက်တာ
ငါမြင်ခဲ့တယ်။

အို ... ဘယ်လောက်များကြောက်မက်ဖွယ်ကောင်းတဲ့ သန်းခေါင်ယံပါလိမ့်။
အို ... ဘယ်လောက်များနှေးကွေးလွန်းတဲ့ သန်းခေါင်ယံပါလိမ့်။

ဒါဟာဖြင့်
မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် ကွမ်ဂျူးမြို့မှာ ဖြစ်ခဲ့တာပါ။

မွန်းတည့်ချိန်မှာ
အုပ်စုလိုက် လှံစွပ်သေနတ်ကိုင်စစ်သားတွေကို
ငါမြင်ခဲ့တယ်။
မွန်းတည့်ချိန်မှာ
အုပ်စုလိုက်စစ်သားတွေဟာ လူတွေကိုတိုက်ခိုက်ဖို့အသင့်ဖြစ်နေတာ
ငါမြင်ခဲ့တယ်။
မွန်းတည့်ချိန်မှာ
အုပ်စုလိုက်စစ်သားတွေဟာ လူတွေကို လုယက်ဖို့အသင့်ဖြစ်နေတာ
ငါမြင်ခဲ့တယ်။
မွန်းတည့်ချိန်မှာ
စစ်သားယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို အုပ်စုလိုက်
ငါမြင်ခဲ့တယ်။

အို ... ဘယ်လောက်များကြောက်မက်ဖွယ်အတိပြီးတဲ့ မွန်းတည့်ချိန်ပါလိမ့်။
အို ... ဘယ်လောက်များ ပြောင်ပြောင်တင်းတင်း မွန်းတည့်ချိန်ပါလိမ့်။

 

ဒါဟာဖြင့်
မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် ကွမ်ဂျူးမြို့မှာ ဖြစ်ခဲ့တာပါ။

သန်းခေါင်ယံအချိန်မှာ
မြို့တော်ကြီးဟာ ၀ရုန်းသုန်းကားဖြစ်နေတဲ့
ပျားအုံတခုလို ဖြစ်နေခဲ့တယ်။
သန်းခေါင်ယံအချိန်မှာ
လမ်းတွေဟာ ချော်ရည်တွေ စီးကျသလိုဖြစ်နေတဲ့
သွေးမြစ်ကြီးတစင်း ဖြစ်သွားတယ်။
သန်းခေါင်ယံအချိန်မှာ
အသတ်ခံခဲ့ရတဲ့ မိန်းကလေးရဲ့ သွေးစွန်းနေတဲ့ဆံပင်တွေကို
လေပြေညှင်းက တွန်းတိုက်လှုပ်ရှားနေတယ်။
သန်းခေါင်ယံအချိန်မှာ
ကျည်တတောင့် ကန်ထွက်သလို ထွက်ကျလာတဲ့
ကလေးတဦးရဲ့ မျက်လုံးကို
အမှောင်ထုကြီးက ၀ါးမျိုသွားတယ်။
သန်းခေါင်ယံအချိန်မှာ
လူသတ်သမားတွေဟာ
လူသေအလောင်းတွေကို တနေရာရာကို သယ်ထုတ်သွားခဲ့ကြတယ်။

အို ... ဘယ်လောက်များ ထိတ်လန့်ဖွယ်ကောင်းတဲ့ သန်းခေါင်ယံပါလိမ့်။
အို ... ဘယ်လောက်များ စံနစ်တကျစီစဉ်ထားတဲ့ သန်းခေါင်ယံပါလိမ့်။

ဒါဟာဖြင့်
မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့ တနေ့မှာ ဖြစ်ခဲ့တာပါ။
ဒါဟာဖြင့်
၁၉၈၀ မေလရဲ့တနေ့ ညနေခင်းအချိန် ကွမ်ဂျူးမြို့မှာ ဖြစ်ခဲ့တာပါ။

အဲဒီညနေ
ကောင်းကင်ဟာ သွေးနီပိတ်စတခုဖြစ်နေခဲ့တယ်။
အဲဒီညနေ
လမ်းတွေထဲမှာ မငိုကြွေးတဲ့အိမ် တအိမ်မှ မရှိခဲ့ဘူး။

‘မူဒေါင်’တောင်မဟာဆိုရင်
ဒုမင်္ဂလ၀တ်စုံကိုဝတ်ပြီး မျက်နှာကို ၀ှက်ထားခဲ့တယ်။
အဲဒီညနေ
‘ရောင်ဆန်’မြစ်ဟာ အသက်ရှူရပ်ပြီး ရင်တမမဖြစ်နေခဲ့တယ်။

အို ... ဒါဟာဖြင့်
ဂွါရာနီကာ လူသတ်ပွဲထက် ပိုမိုကြမ်းကြုတ်ပြီး
ကမ်းကုန်အောင်ရိုင်းတဲ့
ယုတ်မာသူတို့ရဲ့ ရက်စက်မှုကြီးပဲဆိုတာ
အသေအချာပါပဲ။


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!