Literary Journalism
ဆူနာမိလှိုင်းတို့ အလွန်

မိုးဇော်

မိုးရိပ်ကြောင့် ပင်လယ်သည် ခါတိုင်းကဲ့သို့ စိမ်းမနေ။ ပြာမနေ။ ခဲသားနက်ရောင်ပြေး၍ မှိုင်းညို့နေသည်။ တအိအိလိမ့်တက်လာသော ရေလှိုင်း များက ကမ်းခြေကို တ၀ုန်းဝုန်းရိုက်ခတ်ကာ ဆားနံ့သင်းသည့် ပင်လယ်လေက ခပ်ကြမ်းကြမ်းတိုက်လာသည်။ ပင်လယ်ပြင်တွင် မိုးဖွဲတို့ ရွာစပြု လေပြီ။ ငြိမ်းငြိမ်းမွန် (နာမည်ရင်းမဟုတ်) ကတော့ ကျောင်းဝင်းထရံကို ဆုပ်ကိုင်ရင်း မှိုင်းပျပျပင်လယ်ဖက်သို့ မျှော်ငေးကြည့်နေ၏။ နောက် တယောက်တည်း စကားပြောကာ မျက်ရည်များ တွေတွေစီးလာသည်။

ငြိမ်းငြိမ်းမွန်သည် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဘန့်နမ့်မခင်းရွာရှိ အသက် ၁၂ နှစ်ရွယ် ကျောင်းသူလေးတစ်ဦးဖြစ်သည်။ ၂၀၀၄ ခုနှစ်က ရိုက်ခတ်ခဲ့သော ဆူနာမိလှိုင်းကြောင့် သူ့မိဘများ သေဆုံးသွားခဲ့ကြသည်။ မိဘများ၏အလောင်းကို တွေ့မြင်ရပြီးနောက် သူ့စိတ်သည် ပုံမှန် မဟုတ်တော့ဟု ငြိမ်းငြိမ်းမွန်၏ ဆရာမက ပြောပြသည်။

သူသည် စာသင်ရင်း စိတ်ဖောက်လာသည့်အခါ စာဆက်လက်သင်ကြားခြင်း မရှိတော့ဘဲ ရုပ်ပုံများကို ရေးဆွဲနေတတ်သည်။ ထိုပုံများမှာ စိတ်ကူးနှင့်မှန်းဆ၍ ရေးဆွဲသော သူ့အဖေနှင့်အမေ၏ပုံ သို့မဟုတ် ကလေးပုံနှင့် ရေလှိုင်းပုံများ ဖြစ်နေတတ်သည်။ တခါတခါ ပုံဆွဲနေရင်းက ထိုရုပ်ပုံများကို ဆုတ်ဖြဲပစ်ကာ ကျောင်းနောက်ဖက်သို့ ထွက်သွား၍ ပင်လယ်ကိုကြည့်ရင်း ငိုနေတတ်သည်။

“အဲဒီကျ ကလေးတွေက လာပြောတယ်။ ဆရာမ ငြိမ်းမွန်ငိုနေတယ်ဆို၊ ဘာကြောင့်ငိုနေတာလဲဆို ငြိမ်းမွန်ကို မေးတော့ သူပြောတယ်၊ အမေကို သတိရတယ်၊ အဖေကို သတိရတယ်၊ တူလေးကို သတိရတယ်တဲ့။ အဲဒီရေထဲမှာ သူ့တူလေးကော ပါသွားတာဆိုတော့လေ တူလေးကို သတိရ တယ်ဆို အဲဒါမျိုးပြောတယ်”ဟု ဆရာမ မမြင့်မြင့်အေးက ပြောပြသည်။

တခါတရံ ငြိမ်းငြိမ်းမွန်သည် ပင်လယ်ပြင်ကို မျှော်ငေးကြည့်ရင်း စာရွက်တွေကိုဆုတ်ဖြဲနေတတ်သလို တခါတရံတော့ ငိုင်နေတတ်သည်။

“တခါတလေကျရင် သူတယောက်တည်း စကားပြောနေတယ်၊ အဲဒီပင်လယ်ဖက်ကြည့်ပြီး သူတယောက်တည်း ဘာတွေပြောနေမှန်းမသိဘူး ပြောနေတယ်၊ ကျမတို့သွားရင် သူမပြောတော့ဘူး”။

ဆူနာမိလှိုင်းတွင် မိဘများသေဆုံးသွားပြီးနောက် ရရှိခဲ့သော စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရမှု သို့မဟုတ် စိတ်ဝေဒနာအတွက် ငြိမ်းငြိမ်းမွန်သည် မည်သည့်ကုသခံယူမှုမျှ မရခဲ့ပေ။

ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာအလုပ်သမားများအား ကူညီပေးသည့် ဆူနာမိကယ်ဆယ်ရေးအဖွဲ့များက စာသင်ကျောင်းများ ဖွင့်သည့်အခါတွင် ငြိမ်းငြိမ်းမွန်ကို သူ့အမများက ဘန့်နမ့်မခင်းကျောင်းတွင် အပ်နှံထားခဲ့သည်။

ထိုကျောင်းလေးတွင် ကျောင်းသူကျောင်းသား ၂၇ ယောက်ရှိပြီး အသက် ၁၁ နှစ်အရွယ် ၀င်းနိုင်ဦး (အမည်ရင်းမဟုတ်) မှာ ဆူနာမိတွင် မိခင် ဆုံးပါးသွားခဲ့ရသည်။

ငြိမ်းငြိမ်းမွန်နှင့် ၀င်းနိုင်ဦးသည် အခြားကလေးငယ်များနှင့် ဆက်ဆံသောအခါ သည်းခံစိတ်နည်းသည်ကို သတိထားမိကြောင်း ဆရာ ဆရာမ များက ပြောပြသည်။

“ဆော့နေရင်း သူတို့နဲ့ တွန်းမိတိုက်မိတယ်ဆိုရင် သူတို့နဲ့ရန်ဖြစ်ပြီ၊ ၀င်းနိုင်ဦးလည်း ဖြစ်တာပဲ၊ ငြိမ်းငြိမ်းမွန်လည်း ဖြစ်တာပဲ၊ သူတို့ကမရဘူး၊ သူတို့ကို နည်းနည်းထိတာနဲ့ ရန်ဖြစ်တာပဲ”ဟု မမြင့်မြင့်အေး၏ခင်ပွန်း ဆရာကိုဝင်းသန်းက ဆိုသည်။

ဘန့်နမ့်မခင်းကျောင်းအဆောင်တွင် ဆရာကိုဝင်းသန်းနှင့် ဆရာမ မမြင့်မြင့်အေးတို့က ငြိမ်းငြိမ်းမွန်၊ ၀င်းနိုင်ဦးနှင့်အတူ ရပ်ဝေးတွင် အလုပ်လုပ် နေသူ မြန်မာအလုပ်သမားများ၏ ကလေး ၆ ဦးကိုလက်ခံကာ ကြည့်ရှုစောင့်ရှောက်ထားကြသည်။

ဆရာမ မမြင့်မြင့်အေးက ငြိမ်းငြိမ်းမွန်၏ အခြေအနေကို “တခါတလေ သူ့စိတ်ထဲမှာ မထင်ရင် လုပ်ထည့်လိုက်ရော၊ အဲဒီကလေးတွေကို လုပ်တယ်ဆိုလို့ရှိရင်လည်း ညှာညှာတာတာ လုပ်တာမျိုးမဟုတ်ဘူး၊ သူရိုက်ပြီဆိုလို့ရှိရင် ပါးတွေဘာတွေ ချထည့်လိုက်ကော၊ သူက သူ့စိတ်ထဲ ရှိရင် ရှိသလိုလုပ်ထည့်လိုက်တာ”ဟု ပြောပြသည်။

“အရမ်း နူးညံ့လာတဲ့အခါကျရင်လည်း တကျောင်းလုံးမှာရှိတဲ့ကလေးတွေကို ပတ်ပြီးတော့ မွှေးနေရော၊ နမ်းနေရော၊ အတင်းချုပ် အတင်းနမ်း အဲလိုမျိုးလုပ်တယ်”ဟု ဆက်ပြောပြသည်။

တခါတရံ အချို့ကလေးများက ငြိမ်းငြိမ်းမွန်အရူးမကြီး၊ ဦးနှောက်မကောင်းဘူးဟု ပြောတတ်ကြ၏၊ ထိုကလေးများကို ငြိမ်းငြိမ်းမွန်က မှတ်သား ထားကာ တွေ့ရာနှင့် ရိုက်တတ်သည်။

အသက် ၁၂ နှစ်အရွယ်ထိ စာသင်ခွင့်မရခဲ့သော ငြိမ်းငြိမ်းမွန်သည် ဘန့်နမ့်မခင်းတွင် ကျောင်းဖွင့်လှစ်သည့်အခါ သူငယ်တန်းမှစ၍ စာသင်ကြား ရသည်။

သူနှင့်အတူ စာသင်ကြသူများက အတန်းတက်သွားသော်လည်း ငြိမ်းငြိမ်းမွန်သည် ကကြီးခခွေးကိုပင် မရနိုင်သေးကြောင်း စိတ်မကောင်းစွာနှင့် ကိုဝင်းသန်းက ပြောပြသည်။ “ညအခါ လသာသာ တပိုဒ်လုံးရတယ်၊ ဒီနေ့သင် ဒီနေ့ရတယ်၊ နောက်နေ့ကျ မရတော့ဘူး”

ဆူနာမိတွင် ဆွေမျိုးသားချင်းများ ဆုံးရှုံးခဲ့ကြရသော မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုဝင်များသည် ငြိမ်းငြိမ်းမွန်နှင့် ၀င်းနိုင်ဦးကဲ့သို့ပင် စိတ်ပိုင်းဆိုင်ရာ နားလည်တတ်ကျွမ်းသူ စိတ်ပညာရှင်များ၏ နှစ်သိမ့်အားပေးမှု သို့မဟုတ် ကုသမှုကို မရခဲ့ကြပေ။

ဘန့်နမ့်မခင်းရွာရှိ ရေလုပ်သားတဦးဖြစ်သူ ကိုမိုးအောင်သည် ဆူနာမိလှိုင်းတွင် တနှစ် ခုနှစ်လအရွယ် သမီးငယ် ဆုံးပါးခဲ့ရ၏။

ကိုမိုးအောင်က “ကျနော်တို့ ဆွေမျိုးထဲက သုံးယောက်ဆုံးခဲ့ရတယ်၊ ကျနော့်သမီးလေး အလောင်းကတော့ အခုထိ ရှာလို့မရဘူး”ဟု ဆို့နင့်ကြေကွဲ စွာနှင့် ပြောပြသည်။

သူသည် သမီးလေး၏ဓာတ်ပုံကို ပိုက်ဆံအိတ်တွင်ထည့်ကာ သွားလေရာသို့ ယူသွားတတ်၏။ သူ့သမီးဓာတ်ပုံကို ရီဝေနေသော မျက်လုံးများနှင့် ကြည့်ရင်း ဆူနာမိက အတွေ့အကြုံများကို ပြောပြသည်။ ပိုက်ဆံအိတ်တွင်းမှ အစွန်းထွက်နေသော ဓာတ်ပုံအနားမှာ ဆေးသားတို့ ပျက်စပြုနေပြီ ဖြစ်သည်။ သူ့ရင်မှ ဒဏ်ရာများကတော့ အသားမသေသေးပေ။

ဆူနာမိလှိုင်းရိုက်စဉ်က ကိုမိုးအောင်သည် သူငါးဖမ်းရာ (၀ါးတန်း) စက်လှေနှင့်အတူ ကမ်းပေါ်သို့ မျောပါသွားခဲ့ပြီး ထိုစက်လေက အိမ်ခြေ အဆောက်အအုံများကို တိုက်ဖျက်သွားခဲ့သည်။ သို့သော် ကိုမိုးအောင်မှာ ကံကောင်းထောက်မစွာဖြင့် အသက်မသေခဲ့။

ယခုအချိန်ထိ ဘန့်နမ့်မခင်းရွာတွင် နေထိုင်သူတို့သည် ဆူနာမိ သတိပေးကြေညာချက်ကြောင့် ၁၃ ကြိမ်တိုင်တိုင် ပြေးခဲ့ကြရပြီဖြစ်သည်ဟု ကိုမိုးအောင်က ဆိုသည်။

“ဆူနာမိအကြောင်း ပြန်ပြောရင် ကျနော့်မိန်းမက အခုချိန်ထိ ငိုငိုနေတုန်းရှိသေးတယ်”ဟု ကိုမိုးအောင်က ထားဝယ်သံဝဲ၀ဲနှင့် ပြန်လည်ပြောပြ သည်။

ကိုမိုးအောင်၏ဇနီးသည် သူ၏သမီးငယ် ပြန်လာမည့်အချိန်ကို တိတ်တခိုးမျှော်လင့်နေလေသလား ဆိုသည်ကိုတော့ မည်သူမျှမပြောနိုင်ပေ။ တီတီတာတာ ပြောဆိုတတ်စသမီးငယ်၏ပုံရိပ်ကို သူမအိပ်မက်တွင် မက်မိနေဆဲ။ အိပ်မက်မက်မိတိုင်း ငိုကြွေးရစမြဲပင်။

ဘန့်နမ့်မခင်းကျောင်းမှ ဆရာတဦးဖြစ်သူ ကိုအောင်နိုင်ဝင်းနှင့် သူ့ဇနီးမတင်တင်ချိုတို့မှာ ဆူနာမိလှိုင်းတွင် ၈ ရက်သားအရွယ် သားဦးလေး ပျောက်ဆုံးသွားခဲ့သည်။ ထိုစဉ်က ငါးအ၀ယ်ဒိုင်တွင် အလုပ်လုပ်နေသူ ကိုအောင်နိုင်ဝင်းနှင့် မီးထွက်ခါစ သူ့ဇနီးသည်တို့မှာ ဆူနာမိကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး သားငယ်အလောင်းကို မရှာနိုင်ဘဲ မြန်မာပြည်သို့ ပြန်သွားခဲ့သည်။ ဘန့်နမ့်မခင်းတွင် လုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာ တော့မှ မြန်မာပြည်မှ ပြန်လာခဲ့သည်။

သားငယ်၏အလောင်းကို ယခုနှစ်မတ်လတွင်မှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး သင်္ဂြိုလ်ခွင့်ရခဲ့ကြသည်။ မတ်လ ၂၅ ရက်နေ့က သားငယ်အား ရည်စူး၍ သံဃာတော်များကို ဆွမ်းကပ်လှူခဲ့သည်။

ဆွမ်းကပ်လှူပြီးနောက် မတင်တင်ချိုက “သားငယ်အတွက် လုပ်ပေးစရာတွေလုပ်ပေးလိုက်ရတော့ စိတ်ထဲမှာပေါ့သွားတယ်” ဟု ပြောပြသည်။

သို့သော် သူ့သားအရွယ် ကလေးများကို တွေ့တိုင်း “ငါ့သားသာ အသက်ရှင်ခဲ့ရင် ဒီအရွယ်ရောက်နေပြီ ” ဟုဆိုကာ တမ်းတမိနေဆဲဖြစ်သည်။

ထိုစဉ်က မြန်မာအလုပ်သမားများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးသူ ကိုထူးချစ်က အလုပ်သမားများအတွက် အခြား အရေးပေါ်ကိစ္စများကို ဦးစားပေးဆောင်ရွက်ပေးနေခဲ့ရသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ပြုစုပျိုးထောင်ရေးကို မလုပ်နိုင်ခဲ့ဟုဆိုသည်။

“သေဆုံးသွားတဲ့သူတွေအတွက် ဗုဒ္ဓဘာသာဘုန်းကြီးတွေ ပင့်ပြီး တရားနာကြတယ်၊ စုစုပေါင်း တရားပွဲ ၃၀ ကျော်လောက် လုပ်ခဲ့တယ်၊ တရားပွဲတွေမှာ ဘုန်းကြီးတွေက တရားပြတာမျိုးတော့ ရှိတယ်၊ တဦးချင်းကို လိုက်ပြီး နှစ်သိမ့်ဆွေးနွေးတာမျိုးတွေ မလုပ်ခဲ့နိုင်ဘူး၊ စိတ်ပညာရှင်တွေနဲ့ တွေ့ဆုံပေးနိုင်တာတွေ မရှိခဲ့ဘူး”ဟု ၎င်းကပြောပြသည်။

၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရိုက်ခတ်ခဲ့သော ဆူနာမိလှိုင်းကြောင့် လူ ၂ သိန်း၈ သောင်းခန့် သေဆုံးခဲ့ရသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း၌ နိုင်ငံခြားခရီးသွားများ အပါအ၀င် ၅၃၄၉ ယောက် သေဆုံးပြီး ၂၈၀၀ ကျော် ပျောက်ဆုံးခဲ့သည်။

UUSC (Unitarian Universalist Service Committee) ခေါ် လူ့အခွင့်အရေးအဖွဲ့က မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စာရင်းကောက်ယူခဲ့ပြီးသည့်နောက်  မြန်မာအလုပ်သမား ၃၀၀၀ ခန့်သေဆုံးပြီး ၇၀၀၀ ခန့် ပျောက်ဆုံးနိုင်ကြောင်း ခန့်မှန်းထားသည်။

သို့သော် ဆူနာမိဖြစ်ပွား၍ တနှစ်ကျော်လာသည့်တိုင် ဆူနာမိတွင် သေလွန် ပျောက်ဆုံးခဲ့ရသော မြန်မာ အလုပ်သမားများစာရင်းကို အတိအကျ ကောက်ယူနိုင်ခြင်း မရှိပေ။ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအစိုးရတို့သည် မြန်မာအလုပ်သမားများနှင့် ပတ်သက်၍ ထိရောက်စွာ ကူညီဆောင်ရွက် ခဲ့ခြင်း မရှိခဲ့။ ထို့ပြင် စိတ်ပိုင်းဆိုင်ရာ  ပြန်လည်ပြုစုပျိုးထောင်ရေးလုပ်ငန်းများကို မည်သည့်အစိုးရကမျှ အလေးမထားခဲ့ပေ။

ဆူနာမိဖြစ်ပွားပြီး နှစ်ပတ်ခန့်အကြာတွင် (ဆွေမျိုးသားချင်းများနှင့် ပစ္စည်းဥစ္စာများ ဆုံးပါးခဲ့ရသော ) အသက်ရှင်ကျန်ရစ်သူများမှာ ၎င်းတို့ဘ၀ ရှေ့ရေးကို တွေးကာ စိတ်ဝေဒနာ စတင်ခံစားခဲ့ကြရသည်ဟု ထိုင်းအမျိုးသား စိတ်ပညာရှင်များက ပြောသည်။ ထိုစိတ်သောကခံစားရသူတို့ကို ထိုင်းစိတ်ပညာရှင်များ၊ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်များနှင့်အတူ တက္ကသိုလ် ကျောင်းသားကျောင်းသူများက အားပေး နှစ်သိမ့် ခဲ့ကြသည်။

ဆူနာမိလှိုင်းကြောင့် ချစ်ခင်တွယ်တာသူတို့ ဆုံးပါးခဲ့၍ စိတ်တွင်း၌ နာကျင်ကြေကွဲခဲ့ရသူ မြန်မာအလုပ်သမား မိသားစုများမှာ အချိန်ဟူသော သမားတော်မှတပါး အားထားရာ မရှိခဲ့ကြပေ။  သို့သော်ငြိမ်းငြိမ်းမွန်ကဲ့သို့ နုနယ်ငယ်ရွယ်သူတို့ကား ဖြေဆည်ရာ မဲ့ခဲ့ကြသည်။ ဆူနာမိက သူတို့၏မိဘများကို ခေါ်ဆောင်သွားပြီး စိတ်ဝေဒနာနှင့် မရေရာသော အနာဂတ်များကို ချန်ထားခဲ့လေသည်။

သူတို့ ရင်ထဲကဒဏ်ရာများသည် ဘယ်အခါမှ ပျောက်ကင်းနိုင်မည်နည်း။

မိုးသည် ဖွဲရာမှ သည်းလာသည်။ မိုးကြောင့် မှိုင်းညို့နေခဲ့သော ပင်လယ်သည် ညရိပ်အောက်တွင် ပို၍ပို၍ နက်မှောင်လာနေသည်။ ငြိမ်းငြိမ်းမွန် ကတော့ ကျောင်းဝင်းထရံကို ဆုပ်ကိုင်ရင်း ပင်လယ်ဖက်သို့ ငေးမျှော်ရင်း စကားပြော၍ကောင်းနေဆဲပင်။ သူ၏ မျက်ရည်များက မိုးစက်တို့နှင့် ရောကာ စီးဆင်းကျနေကြသည်။

“ဆရာမ ... ဆရာမ ... ငြိမ်းမွန် ငိုနေပြန်ပြီ”

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!