လိပ်ပြာဧရာ
ခိုင်မာကျော်ဇော

ဧရာဝတီကမ်းနံဘေးက ရွာကလေးကို ကျမ ဘယ်လိုမှ ပြန်မရောက်နိုင်တော့ပါဘူး။
ကျမ ဘယ်လိုမှ ရွာကို ပြန်လို့လည်း မဖြစ်တော့ပါဘူး။
အမေ့ကို ကျမ ဘယ်လိုမျက်နှာပြရမလဲ။
အိမ်ပြန်ချင်တယ်ဆိုတဲ့ ကျမရဲ့စိတ်ကူးတွေလည်း ပျက်သုန်းပျောက်ကွယ်သွားခဲ့ရပါပြီ။

ကျမအလာကို မျှော်နေတဲ့
တစ်ယောက်သောသူ သိအောင်
ကျမ အကျယ်ကြီးအော်ပြီး ပြောလိုက်ချင်ပါတယ်။
“သူ့ကို ကျမ သိပ်ပြီး ချစ်ခဲ့ပါတယ်”လို့။

ကျမကို ဧရာဝတီမြစ်ကမ်းဘေးနားက ရွာလေးတရွာမှာ မွေးခဲ့ပါတယ်။
ကျမကို မွေးတဲ့ညက ဧရာဝတီမြစ်ကြီးထဲမှာ လမင်းကြီးက ထိန်ထိန်သာလို့တဲ့။
ဧရာဝတီကိုချစ်တဲ့ အဖေက ‘ဧရာမေ’လို့ခေါ်ပြီး
လပြည့်ပြည့်ကြီးကို သဘောကျတဲ့ အမေက ကျမကို ‘မလပြည့်’တဲ့။

ကျမ သိပ်ချစ်ခဲ့တဲ့ ကျမကိုလည်း သိပ်ချစ်ခဲ့တဲ့ တစ်ယောက်သောသူကတော့
ကျမကို ‘ဧရာ’လို့ပဲ မြတ်မြတ်နိုးနိုးခေါ်တယ်။
သူလည်း အဖေ့လိုပဲ ဧရာဝတီမြစ်ကြီးကို ချစ်တယ်။
သူ အမြဲပြောတဲ့ စကားက ‘ဧရာဝတီမြစ်ကြီးကိုချစ်တယ် … ဧရာကိုလည်း သိပ်ချစ်တယ်’တဲ့။

ကျမတို့နှစ်ယောက် ဧရာဝတီမြစ်ရေကို အတူတူသောက်ပြီး ဧရာဝတီမြစ်ကြီးရဲ့ ရင်ဘတ်ပေါ်မှာပဲ ကြီးပြင်းခဲ့ပါတယ်။

သူနဲ့ကျမက ဆင်းရဲတာလည်း တူတယ်။
သူ့အဖေက ကျမအဖေလိုပဲ လှေတစ်စီးနဲ့ ငါး   ရှာတဲ့ တံငါသည်။
အမေတွေကလည်း အတူတူပဲ။ အဖေတွေရှာတဲ့ငါးကို ဈေးမှာရောင်းကြ၊ ဒိုင်မှာ သွင်းကြ။
သူနဲ့ကျမ တံငါရွာကလေးက မူလတန်းကျောင်းမှာ တက်ကြတော့လည်း အတူတူပဲ။
ဧရာဝတီမြစ်ကြီးရဲ့ လပြည့်ညတွေကို ချစ်တာလည်း သူနဲ့ကျမ တူတာပါပဲ။

ဒါကြောင့်လည်း တစ်ယောက်အကြောင်း တစ်ယောက်သိ၊
တစ်ယောက်ထိ တစ်ယောက်နာ၊ တစ်ယောက်မရှိ တစ်ယောက်ရှာပြီး
မျက်စေ့အောက်က အပျောက်မခံနိုင်အောင်
သံယောဇဉ်တွေ တွယ်ခဲ့ကြတာပါ။

အဲဒီ သံယောဇဉ်ကြိုးကို ဖြတ်ဖို့ကြိုးစားခဲ့တဲ့သူကတော့ အဖေရဲ့ညီမ ကျမအဒေါ်ပါ။
အဒေါ်က မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါဆိုတဲ့ စကားလုံးကြမ်းကြမ်းကြီးတွေနဲ့ ပစ်ပေါက်ပြီး ကျမကို မိသားစုထဲက ဆွဲထုတ်ခဲ့တယ်။

အဒေါ်က ပြေပြေလည်လည်ရှိတော့ ကျမကို သံလျင်မှာ ကျောင်းထားပေးမယ်ပေါ့။
ကျမ မိဘတွေက ပညာလည်း မတတ်၊ ဆင်းလည်း ဆင်းရဲတော့ အဒေါ်စကားကို ဘယ်လိုမှ မပစ်ပယ်ရဲကြဘူး။

သံလျင်က အဒေါ်အိမ်မှာ အခြေအနေမတူတဲ့ မောင်နှမတွေကြားမှာ မျက်နှာငယ်ငယ်နဲ့ပဲ ကျမ ပညာသင်ခဲ့ရတယ်။
တစ်နှစ်တစ်ခေါက်တော့ အဒေါ်က ကျမကို ရွာပြန်ခွင့်ပေးတယ်။
ကျောင်းပိတ်ရက်တွေဆိုရင် ကျမ အရမ်းပျော်တယ်။
အမေတို့နဲ့ တွေ့ရမယ်။ သူနဲ့လည်း တွေ့ရမယ်လေ။

ကျမ ၉ တန်းအောင် ၁၀ တန်းအရောက်မှာ အဒေါ့်ယောက်ျားဆုံးပြီး စီးပွားရေး ကမောက်ကမဖြစ်တော့ တက္ကသိုလ်တက်နေတဲ့ အဒေါ့်သမီး ၂ ယောက်လည်း ကျောင်းကထွက်ပြီး ထိုင်းနိုင်ငံ တက်အလုပ်လုပ်ကြတယ်။
ကျမလည်း ကျောင်းထွက်ပြီး အဒေါ့်အိမ်အလုပ်တွေကို ကူရတယ်။
ကျမရွာကို ပြန်ဖို့ အကြိမ်ကြိမ်ခွင့်တောင်းပေမယ့် အဒေါ်က ခွင့်မပြုဘူး။

ဘန်ကောက်က အဒေါ်သမီးတွေက အဒေါ်ဆီကို ငွေပြန်ပို့တယ်။
သမီးတွေ အလုပ်အကိုင်အဆင်ပြေတော့ အဒေါ်က ကျမကိုပါ ဘန်ကောက်မှာ အလုပ်သွားလုပ်ဖို့ တိုက်တွန်းတယ်။
ကျမက အမေတို့ရှိတဲ့ရွာကိုပဲ ပြန်မယ်ပြောတော့
အဒေါ်က ကျမကို သူတောင်းစားနတ်ပြည်တင် မြင့်တယ်ထင်ပြီး ခုန်ချချင်တဲ့ မိန်းမတဲ့။
အဒေါ့်အပြောနဲ့ အဒေါ့်ရဲ့ အမူအယာတွေဟာ ဇာတ်ပွဲထဲက မိန်းမကြမ်းကြီးတွေနဲ့ တော်တော့်ကိုတူတယ်။

အဖေဆုံးတဲ့ အချိန်ကျမှ ကျမ ရွာကိုပြန်ခွင့်ရတယ်။ ကျမချစ်တဲ့ မွေးရပ်မြေကို ပြန်ခွင့်ရပေမယ့်
အဲဒီမြေနဲ့ အဲဒီဒေသကို သိပ်ချစ်ခဲ့တဲ့ အဖေက ဆုံးပါးသွားခဲ့ပြီလေ။
အဖေ့ရက်လည်ဆွမ်းကျွေးပြီးတော့ အဒေါ်က ကျမတို့မိသားစုကို သံလျင်မှာ လိုက်နေဖို့ခေါ်တယ်။

ဧရာဝတီမြစ်ကြီးပေါ် လမင်းကြီးထိန်ထိန်သာတဲ့ညမှာ တစ်ယောက်သောသူရဲ့ ရင်ခွင်ထဲမှာ ကျမ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ဘူးတယ်။ သူလည်း ကျမလိုပဲ ငိုကြွေးနေခဲ့တာပါ။
ကျမတို့နှစ်ယောက် လှေလေးတစ်စီးနဲ့ အားလုံးနဲ့ဝေးရာကို ထွက်ပြေးဖို့အထိ စိတ်ကူးခဲ့သေးတယ်။
ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ကျမတို့ရဲ့စိတ်ကူးတွေကို အဒေါ်က ရိပ်မိနေခဲ့တယ်။

အဒေါ့်အစီအမံနဲ့ ကျမတို့သားအမိ သံလျင်ကို ရောက်လာတယ်။ အဒေါ့်ဖိအားတွေကြောင့်ပဲ ကျမ ဘန်ကောက်ကို ရောက်ခဲ့တယ်။ ဘန်ကောက်မှာ ကျမ အိမ်ဖော်ဘ၀နဲ့တလှည့် အမ၀မ်းကွဲယောက်ျားရဲ့ အငယ်အနှောင်းဘ၀နဲ့တလှည့်၊ တိုက်ကြီးတစ်လုံးထဲမှာ သုံးနှစ်ကြာ ငရဲကျခဲ့ရတယ်။

အမ၀မ်းကွဲက အိမ်ဖော်လုပ်ရင်း အိမ်ရှင်ယောက်ျားနဲ့ တိတ်တိတ်ပုန်းညားနေတာကို အစက ကျမမသိဘူး။
ကျမ ရောက်သွားတော့ အမက ကျမကို အဲ့ဒီလူလက်ထဲထိုးအပ်ပြီး ငွေတွေယူပြီး ထွက်ပြေးသွားတယ်။
ကျမ အမက ဆေးလည်းစွဲနေတာတဲ့။ ဒါတွေကို နောက်မှ ကျမသိရတာပါ။
ကျမ ဘယ်ကိုထွက်ပြေးရမလဲ၊ ကျမ ဘယ်မှာသွားတိုင်ရမလဲ။

အဲဒီလူကလည်း မိန်းမ တော်တော်ပွေတဲ့လူ။ အမအရင် မိန်းမ ကိုးယောက်၊ ဆယ်ယောက်လောက်နဲ့ ရှုပ်ခဲ့ပွေခဲ့တဲ့လူတဲ့။
ဆေးလည်းသုံးတယ်၊ ဖဲလည်းရိုက်တယ်၊ မသေခင် ပျော်ပျော်ကြီးနေသွားမယ်ဆိုတဲ့ လူရှုပ်လူပွေရဲ့လက်ထဲမှာ ကျမ ငရဲတွေ အကြိမ်ကြိမ်ကျခဲ့ရတယ်။

အဲဒီလူဆုံးတော့ ကျမ ငရဲခန်းက လွတ်သွားပြီလို့ အောက်မေ့မိမယ်။ သူဆုံးတာ အိပ်ခ်ျအိုင်ဗွီနဲ့လို့သိရတော့ ကျမ တော်တော်တုန်လှုပ်သွားတယ်။ အိပ်ခ်ျအိုင်ဗွီအကြောင်းကို ကျမ နည်းနည်းပါးပါးလောက်တော့ သိပါတယ်။ ဒါကြောင့်လည်း ကျမကိုယ်ကျမ ဘယ်လိုမှ စိတ်မချဘူး။ ညည အိပ်မရပဲ ထထပြီး ငိုခဲ့တာတွေလည်းရှိတယ်။

အဲဒီအချိန်မှာ ကျမ စိတ်ကူးရတာက ဧရာဝတီမြစ်ကမ်းနံဘေးက ရွာကလေးကို ပြန်ပြေးဖို့ပါပဲ။
ကျမရဲ့မွေးရပ်မြေ၊ အဖေ ခေါင်းချသွားတဲ့ မြေ၊ ကျမရဲ့ တစ်ယောက်သောသူရှိတဲ့မြေကို ကျမ အပြေးကို ပြန်ချင်မိပါတယ်။
အဲဒီမြေကို ပြန်ဖို့အတွက် ကျမ အလုပ်တွေလုပ်ခဲ့တယ်။ အိမ်ဖော်၊ စားပွဲထိုး၊ ဈေးသည်။

ဒီကြားထဲမှာ ကျမ မကြာခဏဖျားတယ်။ သာမန်ပဲလို့ထင်ပြီး အကိုက်အခဲပျောက်ဆေးလေး ၀ယ်သောက်လိုက်၊ ပျောက်သွားလိုက်၊ ပြန်ဖျားလိုက်နဲ့။ ကျမရဲ့ အရေပြားတွေမှာ အနီဖုကလေးတွေပေါက်လာတော့ ကျမကိုယ်ကျမ သံသယဖြစ်လာတယ်။ ဆေးခန်းသွားပြဖို့လည်း ကျမ စိတ်မရဲဘူး။ ကျမမှာ ဟိုရောဂါရှိနေပြီဆိုရင် ကျမ ဘယ်လို ရင်ဆိုင်ရမလဲ။

စိတ်စွဲလို့ပဲလား၊ ဝေဒနာကြောင့်လား မသိဘူး။ အလုပ်လုပ်ရတာ အရင်လိုမဟုတ်ဘဲ မောမောလာတယ်။ ငါးလ ခြောက်လ အတွင်းမှာ ကိုယ်အလေးချိန်လည်း ကျလာတယ်။ အစားအသောက်လည်း ပျက်လာတယ်။ အတူတူအလုပ်လုပ်တဲ့ အဖော်တွေက ကျမကို အနားယူဖို့ ကျန်းမာရေး ဂရုစိုက်ဖို့ပြောကြတယ်။ ကျမ ဘယ်လိုနားရမလဲ။ အလုပ်နားရင် ကျမ ငွေကို ဘယ်လိုစုလို့ရနိုင်မှာလဲ။

ဒီအချိန်မှာ ကျမတို့ရဲ့ စားသောက်ဆိုင်ကို ရဲတွေဝင်ဖမ်းတယ်။ ကျမနဲ့အတူ မြန်မာနိုင်ငံသား
 ၅ ဦး အဖမ်းခံခဲ့ရတယ်။ ကျမတို့ မြ၀တီကို ပြန်ပို့ခံရတယ်။ မြ၀တီရောက်တော့ ဆေးခန်းပြဖို့ ကျမ အကြိမ်ကြိမ်ကြိုးစားသေးတယ်။ ဆရာဝန်ဆီက ကြားရမယ့် အဖြေကိုလည်း ကျမ ကြိုပြီးတော့ တွေးကြောက်နေတယ်။ ဒီလိုနဲ့ မဲဆောက်ကိုတက်လာပြီး အလုပ်တစ်ခုခုရဖို့ ကျမ ကြိုးစားခဲ့တယ်။ အလုပ်ကတော့ အိမ်ဖော်ပဲပေါ့။

ကျမ စိတ်ကူးက ငွေစုပြီး အိမ်ပြန်မယ်။ အမေလည်း အသက်ကြီးပြီ။
တစ်ယောက်သောသူလည်း ကျမကို မျှော်နေရော့မယ်။
ကျမ အပြင်းဖျားပြီး မခံမရပ်နိုင်လောက်အောင်ဖြစ်တော့ မယ်တော်ဆေးခန်းကို သွားပြတယ်။
သူတို့က ကျမကို ဆေးပြားလေးတွေ ပေးလိုက်တယ်။ ဒါပေမယ့် ကျမ ဝေဒနာက မသက်သာဘူး။
အနာတခြား ဆေးတခြား ဖြစ်နေတယ်ဆိုတာ ကျမကိုယ်တိုင် သိနေသလိုလိုပဲ။

နောက်တစ်ကြိမ်သွားပြတော့ ကျမကို ဆရာတွေက ဆေးစစ်ဖို့တိုက်တွန်းတယ်။ ကျမ တော်တော့်ကို တုန်လှုပ်သွားတယ်။
အဖြေသိရမယ့်ရက်မှာ စိတ်လှုပ်ရှားစွာနဲ့ ကျမ ဘုရားစာတွေ အကြိမ်ကြိမ် ရွတ်ဆိုနေခဲ့တယ်။
ကျမ ဆုတောင်းမပြည့်ခဲ့ပါ။ ကျမကိုယ်ထဲမှာ ကျမ ကြိုတင်သိနေတဲ့ရောဂါပိုးက စွဲကပ်နေပြီလေ။

ကျမ ဘယ်လိုမှ အိမ်ပြန်လို့မရတော့ဘူး။ ဒီလိုဘ၀နဲ့ ကျမ အိမ်ကိုလည်း မပြန်ရဲဘူး။ ကျမအတွက်နဲ့ အမေ စိတ်ဆင်းရဲရမယ်။ ကျမစိတ်နဲ့ အမေသေချင်လည်း သေသွားနိုင်တယ်။
ကျမအတွက်နဲ့ ကျမသိပ်ချစ်ရတဲ့သူတစ်ယောက် ဒုက္ခရောက်လိမ့်မယ်။ ကျမအတွက်နဲ့ အားလုံး အရှက်ရကြလိမ့်မယ်။

အခုချိန်မှာ ကျမအတွက် အားကိုးရာက ဘုရားပဲရှိတော့တယ်။
ဘုရားစာတွေနဲ့ပဲ ကျမရဲ့ ချောက်ချားမှုတွေကို ကျမ ဖြေရတယ်။
ဘုရားစာတွေနဲ့ပဲ ကျမကိုယ် ကျမ တရားချတယ်။
ဘုရားစာတွေနဲ့ပဲ ကျမကိုယ် ကျမ အားပေးနေရတယ်။

ကျမသာသေသွားရင် ကျမရဲ့ လိပ်ပြာလေးဟာ
ဧရာဝတီ မြစ်ကမ်းနံဘေးက ရွာလေးတစ်ရွာမှာ ပျံဝဲနေမှာပါ။
ကျမကို သိပ်ချစ်တဲ့၊ ကျမကလည်း သိပ်ချစ်ခဲ့တဲ့ တစ်ယောက်သောသူရဲ့ထံပါးမှာ လိပ်ပြာလေးတစ်ကောင် ပျံဝဲနေမယ်ဆိုရင်လေ အဲဒီလိပ်ပြာလေးဟာ ဧရာလိပ်ပြာလေးပဲလို့ ယုံကြည်စွာနဲ့ နားလည်လက်ခံပေးကြပါနော်။     ။


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!