ဝတ္ထုတို
ဖြစ်ချင်လွန်းသူ
ဖေမြင့်
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော် ကိုလှထွန်းနှင့် ကျွန်တော် စတွေ့ကြတော့ ကျွန်တော်က အသက် ဆယ့်ခြောက်နှစ်၊ ဆယ်တန်းစာမေးပွဲပြီးလို့ ကျောင်းပိတ်ထားတုန်း။ သူက အသက်နှစ်ဆယ်သာသာခန့်ရှိမည်။ လူက ကျားကျားလျားလျား ထွားထွားကျိုင်းကျိုင်းမဟုတ်ပါ။ ရှိုးမကောင်းပါ။ မိန်းမတွေ
ကျလောက်သည့် ရုပ်မျိုးလည်းမဟုတ်ပါ။ အရပ်ခပ်ပျပ်ပျပ်၊ ခေါင်းတုံးဆံတောက်နှင့် သူလိုငါလိုထက် နည်းနည်းညံ့သော ရုပ်ဖြစ်သည်။ အလွယ်တကူအားဖြင့် ပြောလျှင်တော့ ဘုန်းကြီးကျောင်းသားရုပ် ပေါက်သည်ဟု ကျွန်တော်ဆိုချင်သည်။ စင်စစ်မှာလည်း သူက ဘုန်းကြီးကျောင်းသားပါပဲ။ အသက် နှစ်ဆယ်လောက်ဆိုတော့ ဘုန်းကြီးကျောင်းသား ရိုးရိုးမဟုတ်။ ခေါင်းဆောင်အဆင့် ရောက်နေပြီ။
ဘုန်းကြီးကျောင်းသားဆိုသော်ငြားလည်း သူလိုငါလို အနုညာတ ဘုန်းကြီးကျောင်းသားကား မဟုတ်။ စာပေဗဟုသုတ လိုက်စားသော ဘုန်းကြီးကျောင်းသားဖြစ်သည်။ ညနေတိုင်း ပြန်ကြားရေးဌာန စာဖတ်ခန်းသို့ သွားကာ သတင်းစာ ဖတ်လေ့ရှိသည်။ ကျွန်တော်ကလည်း သူတို့ ဘုန်းကြီးကျောင်းနားက ရပ်ကွက်မှာ နေသူ၊ ညနေတိုင်းလည်း သတင်းစာ သွားဖတ်သူဆိုတော့ ကိုလှထွန်းနှင့် ရင်းနှီးမိကြခြင်း ဖြစ်သည်။ ကိုလှထွန်းနှင့် ကျွန်တော် သတင်းစာဖတ်ကြသည် ဆိုသော်လည်း သတင်းစာထဲက အကြောင်းတွေ မဆွေးနွေးဖြစ်ကြပါ။ တစ်ခု ဖြစ်နိုင်သည်။ အဲဒီတုန်းက ကျွန်တော်က ပြန်ကြားရေးမှာ
မြန်မာသတင်းစာတွေထက် နေးရှင်းတို့၊ ဂါဒီယန်းတို့ကိုသာ ကောလင်းစ် အဘိဓာန်ကလေးအားကိုးနှင့် ကြိုးစားပမ်းစား ဖတ်နေသည့်အချိန်ဆိုတော့ ဘုန်းကြီးကျောင်းကလာပြီး မြန်မာသတင်းစာဖတ်သည့် ကိုလှထွန်းကို ကိုယ်နှင့် အတန်းမတူသလို သဘောထားတာလည်း ဖြစ်နိုင်သည်။
သို့သော် ဘာပဲဖြစ်ဖြစ် ကိုလှထွန်းနှင့် ခင်ခင်မင်မင်ရှိခဲ့ပါသည်။ သူ့အကြောင်းတွေ ကျွန်တော်စိတ်ဝင်စားသည်။ ဘုန်းကြီးကျောင်းမှာ ကျောင်းသားကြီးအနေနှင့် သူယူရသည့် တာဝန်များ၊ လုပ်ပိုင်ခွင့်အာဏာများအကြောင်း ဗဟုသုတ ရသည်။ ကျောင်းထိုင် ဆရာတော်ကြီးအပါအ၀င် ဦးပဉ္စင်းများ ကိုရင်များနှင့် ဆက်ဆံရေး၊ ကျောင်းသားလေးများနှင့် ဆက်ဆံရေး အကြောင်းတွေ သူပြောပြသည်။
ကျောင်းမှာ သူက အဆင်ပြေသည်။ အားလုံးနှင့် တည့်အောင်ပေါင်းတတ်သည်။ တစ်ခုပဲ ရှိသည်။ ကိုရင်ကြီး ဦးသောဘိတ တစ်ယောက်တော့ သူနှင့် မျက်နှာကြောသိပ်မတည့်။ ကိုရင်ကြီးက သက်တော် ခြောက်ဆယ်ကျော်၊ ၀ါတော် လေးဆယ် ကျော်ခန့်ရှိသည်။ ယင်းမတိုင်မီက ဘုန်းကြီးကျောင်းသား လုပ်သက်လည်း မနည်းရှိသည်။ သို့သော် ဉာဏ်ထိုင်းလွန်းသည်။ ယနေ့အထိ ရေစက်တစ်ပုဒ်ဆုံးအောင် မရချင်။ ကိုရင်ကြီး ဘ၀မှာပဲ အရိုးထုတ်မည့်သူ ဖြစ်သည်။
ကိုရင်ကြီးနှင့် မတည့်ရသည့်အကြောင်းကို ကိုလှထွန်းက ပြောပြသည်။
‘ငါက ကျောင်းမှာ ညဘက်ဘုရားရှိခိုးပြီးတဲ့အခါတိုင်း သိဒ္ဓတ္ထမင်းသားဆုကို တောင်းလေ့ရှိတယ်၊ တို့ဘုန်းကြီးဟောတဲ့ အထဲမှာပါတယ်၊ သိဒ္ဓတ္ထမင်းသားဟာ နုစဉ်က ယသော်ဓရာဒေ၀ီအပြင် ရမ္မ သုဘ သုရမ္မ ဆိုတဲ့ နန်းမသုံးဆောင်မှာ မောင်းမမိဿံများစွာနဲ့ စံစားရတယ်၊ နောက်တော့မှ သူအို၊ သူနာ၊ သူသေ၊ ရဟန်းတည်းဟူသော နိမိတ်ကြီးလေးပါး ကိုမြင်လို့ သံဝေဂရပြီး တောထွက်တဲ့အခါမှာ ဘုရားဖြစ်ပြီး နောက်ဆုံး နိဗ္ဗာန်ကို ရောက်ခဲ့တယ်။ တို့ ဗုဒ္ဓဘာသာဆိုတာ နိဗ္ဗာန်ကို ရည်မှန်းရမယ်မဟုတ်လား။ ဒါပေမယ့် ပါရမီနုစဉ်အခါမှာ နိဗ္ဗာန်ကို ဘယ်တစ်ခါတည်း တန်းရောက်နိုင်မလဲ၊ ဘ၀အဆက်ဆက် ပါရမီဖြည့်ရဦးမယ်၊ ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ပါရမီဖြည့်ခဲ့ရတဲ့ ဘ၀ အစဉ်အဆက်ကို ကြည့်ရင် တေ-ဇ-သု-နေ-မ-ဘူ-စံ-နာ-၀ိ-ဝေ ဇာတ်တော်ကြီး ဆယ်ပါးနဲ့ ငါးရာ့ငါးဆယ် ဇာတ်တော်တွေထဲမှာပါတယ်။ လူဖြစ်ရင် လူမင်း၊ တိရစ္ဆာန်ဖြစ်တောင် တိရစ္ဆာန်မင်း သွားဖြစ်တယ်၊ ဘယ်လောက် အားကျစရာကောင်းတဲ့ ဘ၀လဲ၊ ဒါကြောင့် ငါက ဘုရားရှိခိုးတိုင်း ‘ရမ္မ၊ သုဘ၊ သုရမ္မ နန်းမသုံးဆောင်၌ ရံရွေတော်အပေါင်း ခြံရံလျက် သိဒ္ဓတ္ထမင်းသားအဖြစ်ကို ရပါလို၏ အရှင်ဘုရား’လို့ အမြဲဆုတောင်းတယ်၊ ပုရိသယောက်ျားဆိုတာ ဘုရားဆုကို ပန်နိုင်တာပဲ မဟုတ်လား’
‘ဒါပေါ့ ... ဒါပေါ့’
‘အဲဒါကို ကိုရင်ကြီးက မကျေနပ်ဘူး၊ သူ့ထက်ကျောတယ်လို့ ထင်တယ်၊ သူက နတ်ပြည် ရောက်ချင်တယ်၊ ထုံးစံအတိုင်း နိဗ္ဗာန်ရောက်ချင်တာတော့ ရှိတာပေါ့၊ ဒါပေမယ့် နိဗ္ဗာန်မှာက ဘာမှမရှိဘူးဆိုတော့ ဆုသာ တောင်းရပေမယ့် ချက်ချင်းတော့ လည်း မရောက်ချင်သေးဘူး၊ နတ်ပြည်ကျတော့ နတ်စည်းစိမ်ရှိတယ်၊ ပြီးတော့ နတ်တစ်သက်ဆိုတာလည်း လွယ်တာ မဟုတ်ဘူး။ လူ့ပြည်မှာ တစ်သက်၊ နတ်ပြည်မှာ တစ်ရက်တဲ့။ နတ်ထဲမှာမှ သိကြားမင်းက တစ်ဘက် နတ်သမီးငါးရာနဲ့ ဘယ်လောက်ဇိမ်ကျသလဲ၊ ကိုရင်ကြီးက အဲဒါအားကျပြီး သူ ဘုရားရှိခိုးတဲ့အခါ ‘သိကြားမင်း စည်းစိမ်ကို အကြိမ်ကြိမ် ခံစားပြီးမှ နိဗ္ဗာန်မဂ်ဖိုလ်သို့ ရောက်ရပါလို၏ အရှင်ဘုရား’လို့ ဆုတောင်းလေ့ရှိတယ်။ ငါလည်း ငါကြိုက်တာ ဆုတောင်း တယ်၊ သူလည်း သူကြိုက်တာ ဆုတောင်းတယ်၊ ဒါ ဘာဖြစ်သလဲ၊ အဲဒါကို ဘုရားက သိကြားရဲ့အထက်ဆိုပြီး ကျောင်းသား လေးတွေက မြှောက်ပေးတော့ သူက စိတ်ဆိုးပြီး ငါနဲ့ စကားမပြောဘူး၊ ငါလုပ်သမျှ သူက ကိုးလို့ကန့်လန့် လုပ်ချင်တယ်၊ ဆရာတော်ကြီးကိုလည်း ဟိုဟာတိုင် ဒီဟာတိုင်၊ ဒါပေမယ့် ဆရာတော်ကြီး ဝေယျာဝစ္စတွေ အားလုံး ငါက စိတ်တိုင်းကျ ဖြစ်အောင် လုပ်ပေးထားတော့ ဆရာတော်ကြီးနဲ့ ငါနဲ့က ပြေလည်နေတယ်၊ မဟုတ်ရင် ငါ ကျောင်းမှာနေလို့တောင် ရမှာမဟုတ်ဘူး။
x x x
ကျွန်တော် ဆယ်တန်းစာမေးပွဲအောင်ပြီး ဆေးတက္ကသိုလ်ရောက်သည်။ ကျောင်းပိတ်၍အိမ်ပြန်သောအခါ ကိုလှထွန်းကို မတွေ့ရ။ အပေါင်းအသင်းများ မေးကြည့်တော့လည်း ‘အေး ... ဟုတ်တယ်၊ မတွေ့တာ အတော်ကြာပြီ’ဟု ဖြေကြသည်။ နောက်တစ်နှစ် ကျောင်းပိတ်ချိန်၌ကား ကိုလှထွန်းနှင့် ပြန်လည်တွေ့ရှိရပေသည်။ အလျင်ကလို ပုံစံမျိုးမဟုတ်။ လူက ခေါင်းလိမ်းဆီတွေ ဘာတွေလိမ်းလို့ ပြောင်ပြောင် ရောင်ရောင်၊ လက်မှာ လက်ပတ်နာရီနှင့်။
‘ကိုလှထွန်း၊ ခင်ဗျားကို မတွေ့ရတာတောင် အတော်ကြာပြီ၊ ဘယ်ရောက်နေလဲဗျ၊ အလုပ်တွေ ဘာတွေ လုပ်နေပြီနဲ့ တူတယ်’ ကျွန်တော်ကမေးသည်။
‘အေးကွ ... ဆတ်သေချောင်းဖျားက ငှက်တော်ဆိုတဲ့ရွာမှာ ကျောင်းဆရာလုပ်နေတယ်’
ကျွန်တော်သိသလောက် ကိုလှထွန်းသည် အစိုးရကျောင်းမှာ ငါးတန်းအထိပဲ နေဖူးသည်။ ငါးတန်းတောင် နေဖူးတာပဲရှိ သည်။ အောင်သည်မဟုတ်။ ကျောင်းဆရာ ဘယ်လိုဖြစ်နိုင်မည်နည်း။ ထိုအချိန်က အနည်းဆုံး ခုနှစ်တန်းအောင်မှသာ မူလတန်းဆရာဖြစ်နိုင်သည်။
‘ခင်ဗျား ဘယ့်နှယ်လုပ် ကျောင်းဆရာဖြစ်သလဲဗျ’
ကျွန်တော်က တဲ့တိုးမေးလိုက်သည်။ သူနှင့်က သည်လိုပဲ အားမနာပါးမနာ ပြောနေကျဖြစ်သည်။
‘အစိုးရခန့်တာ မဟုတ်ဘူးကွ၊ ငါ့ဘာသာ လုပ်တာ’ သူက ၀မ်းသာအားရဆိုသည်။
‘မင်းတို့ ရန်ကုန်ကျောင်းသွားတော့ ငါလည်း ပြန်ကြားရေးမှာ စာတွေ သွားသွားဖတ်ရင်းနဲ့ စဉ်းစားတယ်၊ သတင်းစာမှာ ကျေးလက်တောရွာ ဖွံ့ဖြိုးရေးအတွက် ပညာတတ်တဲ့လူတွေက တောကိုဆင်းဖို့ လိုတယ်ဆိုတဲ့ အကြောင်းတွေ ခဏခဏ ဖတ်ရတယ်၊ ငါ အဲဒါကို စိတ်ဝင်စားတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းမှာလည်း တစ်သက်လုံးမနေချင်ဘူး၊ အဲဒါနဲ့ ငါ ငှက်တော်ကို သွားတယ်၊ အဲဒီရွာမှာ ငါတို့ ဘကြီးတစ်ဝမ်းကွဲ တစ်ယောက် ရှိတယ်။ငါ ငယ်ငယ်တုန်းက တစ်ခေါက်ပဲ ရောက်ဖူးတယ်၊ သူတို့ဆီမှာ စာသင်ကျောင်းလည်း မရှိဘူး၊ ဘုန်းကြီးကျောင်းလည်း မရှိဘူး၊ ဘုန်းကြီးကျောင်းက သူတို့အနားက လက်ပံပင်ရွာမှာ ရှိတယ်၊ စာသင်ကျောင်းရှိတဲ့ ရွာကတော့ တော်တော်ဝေးတယ်၊ တောင်တွေ ဘာတွေ ကျော်ပြီးသွားရတယ်၊ ငါ ငှက်တော်မှာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ဖို့ သွားမယ်ဆိုတော့ ဘုန်းကြီးကပြောတယ်၊ ‘ဟဲ့ကောင် ... ဖြစ်ပါ့မလား’တဲ့၊ ‘ဖြစ်ပါတယ်ဘုရား၊ အဲဒီရွာမှာ တပည့်တော် ဘာသာရေးရော လူမှုရေးမှာပါ ဦးဆောင်ပြီး လုပ်ပါ့မယ် ဘုရား’ဆိုတော့ ‘မင်းက တော်တော် ကြီးကြီးကျယ်ကျယ် စိတ်ကူးတဲ့ အကောင်ပဲ၊ ဖြစ်ရင်တော့ သာဓုပေါ့ကွာ၊ မဖြစ်ရင် လည်း ကျောင်းပြန်လာခဲ့’ ဆိုပြီး ငွေတစ်ဆယ်ပေးတယ်၊ ဦးပဉ္စင်း ဦးသုမနက သူ့နေကာမျက်မှန်အမည်းကြီး ပေးတယ်၊ ငါက သူ့ဆီက ခဏခဏ ငှားတပ်တာကိုး၊ ငါ သွားတဲ့အခါ ပြန်ကြားရေးက သတင်းစာအဟောင်း တစ်စောင်လည်း တောင်းသွားတယ်၊ ငှက်တော်ရွာနားရောက်တဲ့အခါ စမ်းချောင်းမှာ ရေခပ်နေတဲ့ ကောင်မလေးသုံးယောက်၊ ဆယ်နှစ် ကိုးနှစ်လောက်စီ ရှိမယ်၊ ငါ့မြင်တော့ ‘မျက်စိဖောက်တဲ့ လူကြီးလာတယ်’ဆိုပြီး ထွက်ပြေးကြတယ်၊ ရေအိုးကွဲတဲ့လူ ကွဲလို့၊ အဲဒီရွာက ကလေးတွေက မြို့နား ရွာနား ရောက်ဖူးတာ မဟုတ်ဘူး’
‘တော်တော်ခေါင်တဲ့ နေရာပဲပေါ့နော်’
‘ဟုတ်တယ် ... ခေါင်တယ်၊ အဲဒါနဲ့ ငါလည်း ရွာထဲရောက်တော့ ငါ့ဘကြီးအိမ်မေးပြီးသွားတယ်၊ တစ်ရွာလုံး ငါ့ကိုထွက်ကြည့် နေကြတယ်၊ ငါကလည်း ဦးထုပ်နဲ့ နေကာမျက်မှန်နဲ့ လွယ်အိတ်တစ်လုံးလွယ်ပြီး လက်မှာ သတင်းစာလိပ်ကိုကိုင်လို့၊ အဲဒါ ဘကြီးအိမ်မှာ ရွာက လူကြီးတွေစုံတော့ ငါက ခေါင်းရင်းခန်းကနေ သတင်းစာဖြန့်ပြီး ဓာတ်ပုံတွေပြ၊ စာတွေ ဖတ်ပြတယ်၊ ပြီးတော့ အခုအခါ ကျေးလက်တောရွာ ဖွံ့ဖြိုးရေးကို လုပ်ကြရမှာဖြစ်တဲ့အတွက် ငါ ဒီရွာမှာ စာသင်ကျောင်းဖွင့်ဖို့လာတဲ့ အကြောင်း ပြောပြတယ်၊ လူကြီးတွေအားလုံးက သဘောကျကြတယ်၊ သူတို့ရွာမှာ လူကြီးပိုင်းက စာဖတ်တတ်တဲ့လူ လေးငါးယောက်ရှိတယ်၊ ဒါတောင် ငယ်ငယ်က ဘုန်းကြီးကျောင်းမှာ သင်ဖူးလို့တတ်တာ၊ အခုလို ကြာလာတဲ့အချိန်ကျတော့ ကကြီး ခခွေးတောင် ကောင်းကောင်း မမှတ်မိတော့ဘူး၊ မျက်စိကလည်း မှုန်ကြတယ်၊ ရွာသူကြီးတောင် သတင်းစာက ခေါင်းစီးစာလုံးတွေကို ဖတ်တာ မဖြောင့်ဘူး၊ ငါ ကျောင်းဖွင့်ရင် ကလေးတွေအားလုံး စာတတ်မယ်ဆိုပြီး ၀မ်းသာကြတယ်၊ ‘ကျောင်းဆရာကို လခပေးမှာပေါ့’ တဲ့၊ သူကြီးကပြောတယ်၊ ‘လခရယ်လို့ မဟုတ်ပါဘူး၊ ကျွန်တော် စားနေလို့ရရင် တော်ပါပြီ’ ဆိုတော့ ‘ဟာ ... ဒီလိုလည်း ဘယ်ဟုတ်မလဲ၊ မြို့မှာ ကျောင်းဆရာလခ ဘယ်လောက်ရလဲ’ တဲ့၊ ‘တစ်လကို တစ်ရာ့ နှစ်ဆယ်ခြောက်ကျပ် ရတယ်’ ဆိုတော့ မျက်လုံး ပြူးသွားကြတယ်၊ ‘အဲဒီလောက်တော့ ပေးဖို့မလိုပါဘူး’ ဆိုပြီး ငါတို့ ညှိနှိုင်းကြတော့ နောက်ဆုံး တစ်ရက်မှာ တစ်ကျပ်နှုန်းနဲ့ တစ်နှစ်ကို သုံးရာ ခြောက်ဆယ့် ငါးကျပ် ပေးမယ်လို့ သဘောတူ ကြတယ်၊ ဆေးခင်းချတဲ့ လူနှစ်ယောက်ကလဲ ဆေးလိပ်သောက်ဖို့ ဆေးရွက်ကြီး တစ်ယောက် တစ်ပိုပေးမယ်လို့ ပြောတယ်၊ ဘကြီးက သူ ထမင်းကျွေးထားမယ်တဲ့၊ သူကြီးကလည်း သူ့အိမ်စားလည်း ရပါတယ်တဲ့။ နောက်တော့ ဒီလိုပဲ ကြုံတဲ့အိမ် ၀င်စားတာပါပဲ၊ ရွာက တောင်ယာသိမ်းတဲ့ရာသီမှာ အိမ်ခြေ ခြောက်ဆယ်ကျော်ရှိတယ်၊ တောင်ယာလုပ်တဲ့ အချိန်ကျတော့ တောင်ယာဝေးတဲ့ လူတွေက ကိုယ့်တောင်ယာမှာ ကိုယ် တဲထိုးပြီး သွားနေကြလို့ ရွာမှာ ဆယ့်လေးငါးအိမ်ပဲ ကျန်တယ်၊ ငါရောက်တော့ တောင်ယာသိမ်းချိန်၊ အလုပ်အားတဲ့ အချိန်ကိုး၊ ရွာမှာ လူစည်နေတယ်၊ ဒါနဲ့ သုံးလေးရက်ဆိုရင်ပဲ ကျောင်း ဆောက်ကြတယ်၊ ဒီက မူလတန်းကျောင်းတွေလိုတော့ ဘယ်ဟုတ်မလဲ၊ ၀ါးနဲ့ပဲ တိုင်ထူ ၀ါးကြမ်းခင်းပြီး ၀ါးကပ်မိုးတယ်၊ နှစ်ရက်ပဲ ကြာတယ်၊ အဲဒါ ကျောင်းလည်းကျောင်း အိမ်လည်း အိမ်ပဲ၊ ငါအိမ်ဖို့ အခန်းလေးတစ်ခန်း ကန့်ပေးထားတယ်၊ နေတော့ ကျောင်းမှာနေ၊ စားတော့ ရွာထဲလျှောက်စားပေါ့၊ ပထမနှစ်တော့ အားလုံး သူငယ်တန်းချည်းပဲ၊ ငါ့မှာ သင်ပုန်းကြီး စာအုပ် တစ်အုပ်ပါသွားတယ်၊ ကျောက်သင်ပုန်းနဲ့ ကျောက်တံတွေ သူကြီးက လူကြုံနဲ့ မှာပေးတယ်၊ အဲဒါ မနှစ်က စသင်ပြီး ဒီနှစ်ကျတော့ သူငယ်တန်းနဲ့ ပထမတန်း၊ အခု ကျောင်းပြန်ဖွင့်ရင် ဒုတိယတန်းပါ တိုးလာပြီ’
‘အခု ခင်ဗျားလာတော့ ကျောင်းပိတ်ခဲ့ရတာပေါ့’
‘အေးလေ ... အခု နွေရာသီ ကျောင်းနှစ်လ ပိတ်ထားတာ၊ ငါ့ကျောင်းက အစိုးရကျောင်းအတိုင်း သီတင်းကျွတ် ကျောင်းဆယ်ရက်တစ်ခါ၊ အခု နွေကတော့ နှစ်လပိတ်တယ်၊ တန်ဆောင်တိုင်မှာ ဆရာကန်တော့ပွဲလည်း လုပ်သေးတယ်’
‘အံမယ် ... ခင်ဗျားကို ကန်တော့ရမှာပေါ့’
‘အေးလေကွာ ... ငါက ဆရာပဲဟာ၊ ဆရာဆိုတာ ဒီလိုပဲ ကန်တော့ရတယ်ဆိုပြီး သင်ပေးထားရတာပေါ့၊ ကန်တော့ဖို့ ယူလာတဲ့ မုန့်တွေဆိုတာ ကျောင်းမှာ ခြေချစရာတောင်မရှိဘူး’
‘ဘုန်းကြီးကျောင်းမှာတုန်းကလို နေမှာပေါ့’
‘အေး ... ဟုတ်တယ်၊ အခု ရွာမှာ ဘုန်းကြီးကျောင်းလည်း ရှိနေပြီ၊ အဲဒါလည်း ငါလုပ်တာပဲ၊ ရွာက လူတွေကို ငါက ပြောတယ်။ ‘ခင်ဗျားတို့မှာ တစ်ရွာလုံး ဗုဒ္ဓဘာသာချည်းပဲ၊ ဟိုဘက်ရွာနဲ့ နီးတာတော့ မှန်တယ်၊ ဒါပေမယ့် ကိုယ့်ရွာမှာ ဘုန်းကြီးကျောင်း သတ်သတ်ရှိတော့ ပိုမကောင်းဘူးလား’ ဆိုတော့ ‘ဘုန်းကြီး ဘယ်ကရမလဲ’ တဲ့၊ အဲဒါနဲ့ ‘ခင်ဗျားတို့ ကျောင်းဆောက်ဖို့ရယ်၊ ဘုန်းကြီးတစ်ပါးအတွက် ဆွမ်းကွမ်း ဝေယျာဝစ္စ အတွက်ရယ်သာ နိုင်အောင်တာဝန်ယူ၊ ဘုန်းကြီး ကျွန်တော်ရှာပေးမယ်’ ဆိုပြီး မြို့တက်၊ တို့ကျောင်းက ဆရာတော်ကြီး အကျိုးအကြောင်းပြောပြတော့ ကျွန်းချောင်း ကျောင်းက ဦးပဉ္စင်း ဦးဣန္ဒာစာရကို ကျောင်းထိုင်ဖို့ လွှတ်တယ်၊ ကျောင်းကိစ္စ ဆရာတော်ကြီးပဲ အစအဆုံး စီစဉ်ပေးတယ်’
‘ခင်ဗျား ရောက်သွားတာ ဒီရွာအတွက် အများကြီး အကျိုးကျေးဇူးရှိတာပေါ့ဗျာ၊ ခင်ဗျားလိုလူမျိုးတွေ များများ ရှိရင် တောရွာတွေ အများကြီး ဖွံ့ဖြိုးတိုးတက်လာမှာ သေချာတယ်ဗျ’ ကျွန်တော်က တကယ်ပင် ၀မ်းသာ လှိုက်လှဲစွာ ပြောလိုက် မိသည်။
‘စစ်တပ်က ဗိုလ်ကြီးထွန်းနောင်ကလည်း အဲဒီလိုပဲ ပြောတယ်၊ ခင်ဗျားကို ချီးကျူးပါတယ်’ တဲ့။
‘ဟုတ်လား ... ခင်ဗျားနဲ့ ဘယ်တုန်းက သိတာလဲဗျ’
‘တို့ရွာကို ဗိုလ်ကြီးထွန်းနောင်နဲ့ ရဲဘော်တွေ စစ်ဆင်ရေးနဲ့ရောက်လာတယ်၊ ရွာက လူတွေစုပြီး တရားဟောတယ်၊ ဗိုလ်ကြီးက မေးတယ်၊ ‘ဗမာပြည်မှာ အခု အုပ်ချုပ်နေတာ ဘာအစိုးရလဲ’ တဲ့၊ ရွာသားထဲက ဘယ်သူမှ မဖြေနိုင်ဘူး၊ အဲဒီတော့ ဗိုလ်ကြီးက ‘သူကြီးမင်း ပြောပါ’ တဲ့၊ သူကြီးကိုမေးတယ်၊ သူကြီးက ‘ဗိုလ်ချုပ်နေ၀င်းအစိုးရ’ တဲ့၊ ဗိုလ်ကြီးက ‘ဗိုလ်ချုပ်နေ၀င်း ဦးဆောင်ပြီး အုပ်ချုပ်နေတာကတော့ မှန်တယ်၊ ဒါပေမယ့် အစိုးရနာမည်ကို မေးတာ’ ဆိုပြီး ‘ကဲ ... ကျောင်းဆရာ ပြောပါဦး’ ဆိုတော့ ငါက ‘တော်လှန်ရေးကောင်စီ အစိုးရ’ လို့ ပြောလိုက်တော့ သဘောကျသွားတယ်၊ ‘ကျောင်းဆရာပြောတာ မှန်တယ်’ တဲ့။
‘ဒါနဲ့ ခင်ဗျားတို့ ရွာတွေဘက်မှာ သူပုန်တွေ ဘာတွေရှိတယ်လို့ ပြောသံကြားဖူးတယ်၊ ခင်ဗျားကော သူပုန်နဲ့ တစ်ခါမှ မတွေ့ဘူးလား’
‘ဟာ ... တွေ့တာပေါ့၊ ဒါပေမယ့် ငါ့ကိုတော့ ဘာမှ အန္တရာယ်မပေးဘူးကွ၊ ဘာဖြစ်လို့လဲဆိုတော့ တို့ဘုန်းကြီးကျောင်းမှာ ကျောင်းသားလုပ်သွားတဲ့ မောင်ဖြူ၊ မင်း သိတယ်မဟုတ်လား၊ အဲဒီအကောင်က သူပုန်ထဲမှာ၊ ဒီလိုပဲ နောက်လိုက် ငယ်သားပေါ့၊ ဒါပေမယ့် သူနဲ့ ရင်းရင်းနှီးနှီး သိနေတော့လည်း ဘာမှ အနှောင့်အယှက် မပေးကြဘူး၊ ရွာမှာ ဆက်ကြေးတွေ ဘာတွေ ကောက်လည်း ကိုလှထွန်း နေပါစေလို့ ပြောတယ်’
‘ဒါဆိုတော့ ခင်ဗျားက အဲဒီနယ်မြေမှာ တကယ် မီးသေတဲ့လူလို့ ဆိုရမှာပေါ့’
x x x
နောက်ပိုင်းနှစ်များတွင် ကျွန်တော်လည်း အိမ်ပြန်ဖြစ်သည့်အခါ ပြန်ဖြစ်၊ မပြန်ဖြစ်သည့်အခါ မပြန်ဖြစ်နှင့် မြို့သို့ အရောက် အပေါက် နည်းခဲ့သည်။ ရောက်သည့်အခါများတွင်လည်း ကိုလှထွန်းနှင့် တစ်ခါမှ ဆုံတွေ့ရခြင်း မရှိပေ။ သို့သော် သူ့သတင်း ကိုကား မြို့ပေါ်တွင်နေသည့် သူ့ဆွေမျိုးသားချင်းများနှင့် ဆုံတိုင်း မေးမိခဲ့သည်။ ကိုလှထွန်းသည် ငှက်တော်ရွာ၌သာမက ဆတ်သေချောင်းဖျားဒေသတစ်ခုလုံး၌ပင် အရာဝင်သော၊ တွင်ကျယ်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပြီဆိုသည့်အကြောင်း ကျွန်တော်ကြားသိရသည်။ တောမှာ အိမ်ထောင်ကျပြီး လယ်နှင့် ကိုင်းနှင့် ဖြစ်နေသည်ဟု ကြားရသည်။ ကျေးရွာအုပ်စု သမ၀ါယမအသင်းမှာ သူပါသည်။ ကျေးရွာကောင်စီမှာလည်း သူပါသည်ဟု သိရလေသည်။
သူငယ်ချင်း တစ်ယောက်က ပြောသည်။ ‘မင်းလူ လှထွန်း အလျင်ပုံစံ မဟုတ်တော့ဘူးကွ၊ လူတွေ့လိုက်ရင် အမြဲတိုက်ပုံနဲ့ လက်ကိုင်အိတ်နဲ့၊ စီးကရက်နဲ့၊ ဘုန်းကြီးကျောင်းသားတုန်းကလို မှိန်မှိန်ကုပ်ကုပ် ရို့ရို့ကျိုးကျိုးရုပ်မျိုး လုံးဝ မရှိတော့ဘူး၊ ပြောတာ ဆိုတာကအစ ပုံစံပြောင်းသွားပြီ၊ ငါ တစ်ခါတွေ့လို့ မေးကြည့်သေးတယ်၊ ‘ဟေ့လူ ... ခင်ဗျား ဘုန်းကြီးကျောင်း မေ့သွားပြီလား’ ဆိုတော့ ‘မမေ့ပါဘူးကွာ၊ ငါ ဒါလုပ်တာ (လက်မထောင်ပြီး ပါးစပ်ထဲ အရက်မော့သည့်ဟန် လုပ်ပြသည်) ဘုန်းကြီးသိသွားလို့ တစ်ကြိမ်းတည်း ကြိမ်းနေတာနဲ့ ငါ ရှောင်နေတာ’ လို့ ပြောတယ်၊ တောမှာနေတော့ ဘယ့်နှယ်နေသလဲ
မသိဘူး၊ မြို့ပေါ်တက်လာရင်တော့ မနက်ပိုင်းတွေလည်း အနံ့ကလေးနဲ့ကွ’
‘အေးကွာ၊ သူလည်း လူကြီးသူကြီးဖြစ်လာတော့ လူကြီးသူကြီးအလုပ်တွေ အတုခိုးလုပ်ကြည့်တာ နေမှာပေါ့၊ တို့ကသာ သူ့ကို ဘုန်းကြီးကျောင်းသား ဆိုတဲ့အမြင် မပျောက်ဘဲ ရှိနေတာကိုး၊ ပြီးတော့ တကယ့်တကယ်မှာ သူလည်း ခေသူမှ မဟုတ်ဘဲ၊ သိဒ္ဓတ္ထမင်းသားဆု တောင်းထားတဲ့ ပုဂ္ဂိုလ်ပဲဟာ’
x x x
ကိုလှထွန်းနှင့် ဆယ့်ငါးနှစ်လောက် ကွဲကွာနေခဲ့ပြီးမှ ပြန်လည်ဆုံတွေ့ရလေသည်။ တွေ့သည့်နေရာက မြို့နယ်ဆေးရုံမှာ။ ကျွန်တော် လက်ထောက်ဆရာဝန် အလုပ်ရပြီးနောက် နှစ်နေရာ နှစ်ဒေသ သွားရောက်
တာဝန်ထမ်းဆောင်ခဲ့ရသေးသည်။ ထိုနောက်မှ ကျွန်တော့်မြို့ရွာ ကျွန်တော့်ဇာတိသို့ ပြန်လည်ရောက်ရှိလာသည်။ ကျွန်တော်ရောက်ပြီး သုံးလခန့်အကြာတွင် ကိုလှထွန်းနှင့် ပြန်လည်ဆုံစည်းရသည်။ ဆေးရုံသို့ လူနာအဖြစ် ရောက်ရှိလာခြင်း။
လူတစ်ကိုယ်လုံး ၀ါနေသည်။ အသားဝါ အသားရောင်ရောဂါ။ သည်တစ်ကြိမ်နှင့်ဆိုလျှင် ဖြစ်တာ သုံးခါရှိပြီ။ ဖြစ်ပြီဆိုတိုင်း ဖျားလိုက် နာလိုက်၊ မစားနိုင်၊ မသောက်နိုင်၊ အော့လိုက်၊ အန်လိုက်နှင့်ဆိုတော့ အားပြတ်သည်။ ပိန်ချုံးလာသည်။ တိုက်ပုံနှင့်၊ လက်ဆွဲပတ္တူအိတ်နှင့်၊ အရက်ကလေး တမြမြနှင့် ဒူးယားလက်ကြားညှပ်ကာ မြို့မှာစည်းအဝေးလာတက်သည့် ကိုလှထွန်း၏ပုံကို သူများ ပြောသံကြားနှင့် စိတ်ထဲက မြင်ယောင်ကာ ဘာပဲပြောပြော ကိုယ့်လူဆိုတော့ သဘောကျနေသော ကျွန်တော့်မှာ တစ်ကိုယ်လုံး ၀ါထိန်ပြီး ညှင်းသိုးသိုး ပိန်ညှောင်ညှောင်နှင့် အဘိုးကြီးအိုကလေးပုံပေါက်နေသည့် ကိုလှထွန်း ကို မြင်လိုက်ရသည့်အခါ အတော်ပင် စိတ်မကောင်း ဖြစ်သွားမိသည်။
ကျွန်တော့်ကိုမြင်တော့ သူလည်း ၀မ်းသာ ၀မ်းနည်း။ ‘ကျွန်တော့်ကို ကယ်ပါဦး ဒေါက်တာ’ ဟု ဆိုသည်။ ‘ဒေါက်တာတွေ ဘာတွေ လုပ်မနေပါနဲ့ဗျာ၊ အချင်းချင်းတွေပဲဟာ၊ ပြီးတော့ ခင်ဗျားရောဂါက ကယ်ပါယူပါ ပြောရမယ့် ရောဂါမျိုးလည်း မဟုတ်ပါဘူးဗျ၊ တော်ကြာကောင်းသွားမှာပေါ့’ ဆိုပြီး ကျွန်တော်က သူ့အား ရင်းရင်းနှီးနှီး ပြောင်ပြောင်လှောင်လှောင် သဘောမျိုးနှင့် ‘ခင်ဗျားကလည်း ရွာမှာ လူကြီးဆိုပြီး ဖမ်းလို့ရတဲ့ အရက်ပုန်းတွေ တစ်ယောက်တည်းချည်း သောက်သောက် ပစ်တာကိုးဗျ၊ အဲဒါကြောင့် အသည်းမကောင်း ဖြစ်ပြီး ဒီရောဂါ ခဏခဏ ပြန်ဖြစ်တာ’ ဆိုတော့ သူက မျက်ရည်ကလေး လည်ကာ ‘ကျွန်တော်အခု အဲဒါတွေ မလုပ်တော့ပါဘူး ဒေါက်တာ၊ လယ်ပဲ ပြန်လုပ်နေတယ်’ဟု ဆိုသည်။ ကျွန်တော်လည်း ဘာမှ ဆက်မပြောဖြစ်တော့။
နောက်တစ်နေ့ ကျွန်တော်ဆေးရုံရောက်၍ ကိုလှထွန်းတို့ လူနာခန်းဘက်သို့ မျှော်ကြည့်မိသောအခါ သူ့ခုတင်ဘေးတွင် အမျိုးသမီးရွယ်ရွယ်တစ်ယောက် ထိုင်လျက် ခြေထောက်ကို နှိပ်နယ်ပေးနေပြီးနောက် ခပ်ငယ်ငယ် မိန်းကလေး တစ်ယောက်က သံပရာရည် ဖျော်နေတာတွေ့ရသည်။ ကျွန်တော်ကြည့်နေတာမြင်တော့ အနားက ဖြတ်သွားသည့် ဆရာမ တစ်ယောက်က ရပ်ပြီး ပြောသည်။ ‘ဆရာ့လူနာက ချောင်းဖျားကလာလို့သာ တော်တော့တယ် ဆရာရေ့၊ ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့၊ အဲဒီ မိန်းမနှစ်ယောက်စလုံးနဲ့ တစ်အိမ်တည်းနေတယ်လို့ပြောတယ်’
ကျွန်တော် လူနာလှည့်ကြည့်သည့်အချိန် ကိုလှထွန်းကုတင်ရောက်တော့ သူ့ရောဂါအခြေအနေ မေး၊ စမ်းသပ်ကြည့်ရှုပြီး သည့်နောက် ဟိုတုန်းကအကြောင်း သတိရသည်နှင့် ပြုံးကာ သူ့ကို မေးကြည့်မိသည်။
‘ကိုလှထွန်း ... ရမ္မ သုဘ သုရမ္မ နန်းမသုံးဆောင်မှာ ရံရွေတော်များ ခြံရံလျက်ဆိုတာ မှတ်မိသေးသလားဗျ’
‘မှတ်မိတာပေါ့ ဒေါက်တာ၊ အဲဒီ သိဒ္ဓတ္ထမင်းသားဖြစ်အောင် ကြိုးစားတာမှာ ကျွန်တော် အလုပ်ကပြုတ်တာပဲ’ ကိုလှထွန်းက စိတ်နာဟန်နှင့် ဆိုလေသည်။ အနီးရှိ ဇနီးမယား နှစ်ယောက်ကတော့ ပြုံးတုံ့တုံ့။ ။ [Top]
(ဤ၀တ္ထုကို ချယ်ရီ မဂ္ဂဇင်း ဇွန်၊ ၁၉၈၆ တွင် ပထမ ဖော်ပြခဲ့သည်။ ထိုနောက် မရဏာနုဿတိနှင့် အခြားဝတ္ထုတိုများ စာအုပ်တွင် ဒုတိယအကြိမ် ထည့်သွင်းခဲ့သည်။ အခက်အခဲများကြောင့် ကြိုတင်ခွင့်ပြုချက်တောင်းရန် ပျက်ကွက်ခဲ့ခြင်းကို တောင်းပန်ပါသည်) |