ရသစာတမ်း
ဆရာကြီးမှိုင်း ကျခဲ့ရသော မျက်ရည်စများ
စိုးထွန်းလင်း
မြန်မာနိုင်ငံ၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်ရှုထောင့်မှကြည့်လျှင် မတ်လသည် တော်လှန်ရေး လှုပ်ရှားမှုများ နိုးကြားဖွားသစ်ရာ အချိန်အခါ ဖြစ်သကဲ့သို့၊ ဇူလိုင်လသည် အမျိုးသားကြမ္မာဆိုးများ တိုးတိုက်မိရာ ကာလမျိုးဖြစ်နေတတ် သည်ကို တွေ့ကြရပါသည်။ ထို့ကြောင့်လည်း ဇူလိုင်လ၏ မိုးရေစက်များသည် မြန်မာအမျိုးသား အသီးသီးပြည်သူများ၏ မျက်ရည်စက်များလေလားဟူ၍ပင် ထင်မှတ်မှားခဲ့ရသည်။
လွတ်လပ်ရေးရအံ့မူးမူးသမယ ပြည်သူအားလုံး စည်းလုံးတက်ကြွလှုပ်ရှားနေကြ ရသော ၁၉၇၄ခု၏ ဇူလိုင်လတွင် ရုတ်တရက် မိုးကြိုးထစ်ချုန်း ယူကျုံးမရ၊ ဖြေဆည်၍ မ၀နိုင်အောင်ပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်အပေါင်းတို့ ကျဆုံးခဲ့ရသည်။
မြန်မာ့တပ်မတော်က အမျိုးသားသစ္စာကို ချိုးဖောက်ဖျက်စီးခဲ့သော ၁၉၆၂ခု ဇူလိုင်လ၏ မိုးရေစက်များ အောက်တွင် သမိုင်းဝင် တ.က.သ. အဆောက်အအုံ အုတ်ပုံဖြစ်သွားခဲ့ရသည်။ တချိန်ထဲတွင် အောင်ကျော်ကျောက်တိုင်နှင့် အတူ ယှဉ်တွဲလျက် ဇူလိုင် (၇)ရက်တွင် ကျဆုံးခဲ့ရသော တက္ကသိုလ် ကျောင်းသား များ၏ ရာကျော်ကျောက်တိုင် ထွက်ပေါ်လာခဲ့ရသည်။
ထို့နောက် ၁၉၆၄ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးရောင်ခြည်များ ဆိတ်သုဉ်း၊ ပျောက်ဆုံးပြီးနောက် ဗြုန်းဆို ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း သည်လည်း ဇူလိုင်လ (၂၃) ရက်နေ့တွင် ရုတ်တရက်ပြိုလဲ ခန္ဓာစဲခဲ့ရသည်။ ဤတွင် ဇူလိုင်လ၏ မိုးရေစက်များသည် အလုံးစုံသော ရဟန်းရှင်လူပြည်သူအပေါင်းတို့၏ မျက်ရည်စက်များအဖြစ်သို့ ပြောင်းလဲခဲ့ရပြီ။
မြန်မာတို့၏ အမျိုးသားနိုင်ငံရေးလှုပ်ရှားမှု သမိုင်းစဉ်တလျောက်တွင် ပြည်သူလူထုလည်း အာဏာမရ၊ ဒီမိုကရေစီလည်း မိုးမှောင်ကျနေသော သမယများသာ လွှမ်းမိုးလာခဲ့သည့်အလျောက် ယနေ့တိုင် ပြည်သူတို့၏ မျက်ရည်များမှာ မစဲနိုင်အောင် ဖြိုင်ဖြိုင်ကျနေရဆဲဖြစ်သည်။
ပြည်သူတို့ မျက်ရည်ကျခဲ့ရသည်နှင့်အမျှ ပြည်သူ့စာဆို မဟာမှိုင်း၏ကဗျာတိုင်းတွင် မျက်ရည်စ စွန်းပေခဲ့ရ၏။ ထိုမျက်ရည်စ တို့ကို ပြန်လည်ခြေရာကောက်ကြည့်လျှင် ၁၈၈၅ ခုနှစ် သီပေါမင်းပါတော်မူချိန်မှစခဲ့သည်ဟူ၍ပင် ဆိုရလိမ့်မည်ထင်ပါသည်။ သီပေါမင်း၏ ပါတော်မူရှုခင်းကို မန္တလေးမြို့ မြတောင်ကျောင်းတိုက်ပေါ်မှ လှမ်းမြင် လိုက်ရသော (၉)နှစ်သားအရွယ် မောင်လွန်းခမျာ ကြေကွဲဝမ်းနည်းခြင်း ကြီးစွာဖြင့်ရှိုက်ငိုခဲ့ရသည်။ ထိုသို့ မောင်လွန်းအဖို့ တသက်တာ မေ့ရက်စရာမရှိအောင် စိတ်ထိခိုက်ဖွယ်ရာမြင်ကွင်းကို တက္ကသိုလ်ကျောင်းသား သမဂ္ဂ၏ ဒေါင်းအိုးဝေ မဂ္ဂဇင်းဘွဲ့ လေးချိုးကြီးတွင် ဆရာကြီးမှိုင်းက ဤသို့ရေးဖွဲ့ပြခဲ့သည်။
ဆရာ့အဖြစ်မှာ ဘ၀နစ်နာဖို့
မြန်မာ့ခေတ် မသာမယာနှင့်
အညာမကွာ ကျောင်းမှာ ထားပြန်သမို့
ကျောင်းသားသူငယ် လူမမယ်ဓလေ့ပေပ
အမေ့မောင်ထေရ်ရဟန်းတွေနှင့်
ပြေမန်းမှာ စာပေသင်တော့
သာသနာမြေပလ္လင် အသရေလှပါတဲ့
ရွှေမြတောင် သာတဲ့တိုက်ဆီက
နေ၊ လ နှစ်ဆောင် ပါတော်မူတဲ့အခိုက်ကိုဖြင့်
ကတိုက်ကရိုက် အမြန်မြင်လိုက်တော့
မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နှင့် ...
၁၉၂၀ခုနှစ် ပထမမြန်မာ ယူနီဗာစီတီ ကောလိပ်၏ ကျောင်းသားသပိတ်ကြောင့် အမျိုးသားကောလိပ်ကြီး ပေါ်ပေါက် လာသောအခါ မဟာမှိုင်း ခမျာ အတိုင်းမသိတက်ကြွစွာနှင့် မဟာစာ ကဗျာဖွဲ့ကာ ဤသို့ စာရင်းပို့ခဲ့ရှာသည်။
ဆရာလဲကွာ ပထမအရင် ကနဦးဆီက
မြန်မာ့တခွင်မှာ သမ္မတ ရှင်ဘုရင် မလူးခင်ပ
ထဆင်ထူးကို တမြည်မြည်သင်ခဲ့သမို့
(ထီ)မထင် ကျောင်းတော်သားတွေရဲ့
အမည်အစဉ် ခေါင်းအမော်အဖျားမှာဖြင့်
မင်းရို့ဆရာကို စာရင်းတို့ကာ ထားလိုက်ကြပေတော့...
ဆရာမှိုင်းသည် သူစာရင်းတို့ထားခဲ့သည့်အတိုင်းပင် သူရိယသတင်းစာတိုက်ကြီး၏ အယ်ဒီတာစားပွဲကို စွန့်ခွာကာ ဗဟန်း ကောလိပ်တွင် ရာဇ၀င်ပါမောက္ခကြီးအဖြစ် ၀င်ရောက်တာဝန်ထမ်းဆောင်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် ဗြိတိသျှအစိုးရ၏ ဖိအားအမျိုးမျိုး ပရိယာယ်အသွယ်သွယ်အောက်၌ ဗဟန်းကောလိပ်ကြီး ပျက်သွားသောအခါ ဆရာကြီးအဖို့ ရွှေတောင်ကြီး ပြိုကျသွားသကဲ့သို့ ရင်ထုမနာ ခံစားခဲ့ ရကာ (ဗဟန်းကောလိပ် ဈာပန) မဟာကဗျာကို မျက်ရည်စများကြားမှ ရေးဖွဲ့ခဲ့ရပုံ ရှိပါသည်။ ခံစားကြည့်ပါ။
အထက်နယ်အညာက ကြွခဲ့ပါသကွဲ့
မျက်နှာငယ် ဈာပနပေမို့
မသာအချတွင်ဖြင့် ဧည့်လည်းမလာ
အိုကွယ် ဆရာမျှရယ်နှင့်၊ တပည့်အနည်းသာ။
ကပြာကသီ ကိစ္စအချောတွင်မှ
လိပ်ဘ၀သဘောမှာ မကောင်းကြမ္မာအလျှောက်ပေထင့်
အနိစ္စသဘောဓမ္မတာ ပြောင်းကာ ပျောက်ရှာတဲ့
ကျောင်းမသာ၊ ကောင်းရာရောက်စေဖို့
. . . . . . . . . . . . . . .
. . . . . . . . . . . . . . .
အမယ်မင်း ဘေးအထွေထွေ မခမူ၍
အေးစေမြစေလို့
ခဏခဏ အခုလို ဆုတောင်း တောင်းပြီး
အို သခင်ကျောင်းကြီးရဲ့
ပေးဝေငှလိုက်ကဲ့ အမျှ - အမျှ ကွဲ့ ဆရာ့ကုသိုလ်အပေါင်း။
၁၉၄၇ ခုနှစ်အရောက်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အသက် (၇၀) ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ အိုမင်းမစွမ်း တော့သည့် ဇရာလမ်းကိုလျှောက်လှမ်းနေရသည့်တိုင် လွတ်လပ်ရေးရောင်ခြည်များကို မြင်နေရချိန်ဖြစ်သဖြင့် ဆရာမှိုင်း တယောက် တောင်နန်း၊ မြောက်နန်း၊ အဆောင်ဆောင်၊ အခန်းခန်း၊ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်း ဆောက်ရေး စိတ်ကူးစိတ်သန်းများဖြင့် ရွှင်လန်းတက်ကြွနေချိန်ဖြစ်သည်။ သို့သော် ဇူလိုင်လ (၁၉) ရက်နေ့တွင် အတွင်းဝန်များရုံး အတွင်းမှ ဟိန်းညံစွာထွက်ပေါ်လာသော သေနတ်သံများက မဟာမှိုင်း၏ ရွှေအိပ်မက်ကို ဖြိုဖျက်ပစ်ခဲ့ပြီ။ ဇူလိုင်လ၏ မိုးရေတို့သည် အာဇာနည်တို့၏ သွေးများစွန်းပေ၍၊ ပြည်သူတို့၏ မျက်ရည်တို့ဖြင့် ပင်လယ်ဝေခဲ့ရသည်။ အိုကြီးအိုမပေမယ့် မိမိကိုယ် မိမိ တရားပြ၊ နားချ၊ တား၍မရအောင် မဟာက၀ိ၏ ကလောင်သွားမှ မျက်ရည်များ ဤသို့ ယိုစီးအိုင်ထွန်း သွားတော့သည်။
သြော် တပည့်အရင်းတွေမို့
က၀ိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ သက်ဆည်လို့မရနိုင်ဘု
သောက ဘလောင်ဆူတော့ ...
ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ကြီးများကို ဂဠုန်ဦးစောနှင့် သူ၏ နောက်လိုက် လူရမ်းကား၊ လူမိုက် တသိုက်က လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ကြားသိရသောအခါ (လူကို ခွေးသတ်လေပြီ) ဟူ၍ မြည်တမ်းငြီးငြူခဲ့သည်။ ထို့ကြောင့်လည်း အောက်ပါအတိုင်း စွဲချက်တင် ရေးဖွဲ့ခဲ့ပါသည်။
ဝသီအလို တဖြည်းဖြည်းရူးတဲ့လို့
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက
သြော် အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မိုက်ပေါ့လို့
ဗြောင်ကိုက်သဟာ ... ။
တချိန်ထဲတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးလှုပ်ရှားမှု သမိုင်းစဉ်တလျောက်လုံး အေးအတူပူအမျှ အတူ လက်တွဲလျှောက်ခဲ့ကြသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်တပည့်တပန်းတို့ အောင်ပန်းနှင့် လက်တကမ်းအလိုတွင် ကျဆုံးခဲ့ကြရခြင်းကို ကြီးစွာနှမြောတသ ကြေကွဲခဲ့ရသည်။ သို့နှင့်အမျှ ကျဆုံးသွားခဲ့ကြသူအာဇာနည်ကြီးများ၏ ဂုဏ်ဒြပ်နှင့် ဟပ်ငြိ၊ ထပ်မိစေမည့် အမျိုးသားလွတ်မြောက်ရေးအလံ၊ ဒေါင်းအလံလွှမ်းအုပ်၍ ၄င်းတို့ကို သင်္ဂြိုဟ်မြှုပ်နှံထိုက်ကြောင်းကို
သြော် အဆောင်ဆောင်နန်းတွေ ကြငှာန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စာတန်းချို့စေဖို့၊ အောင်ပန်းညှို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၄င်းကံကြမ္မာအလုပ်ပေထင့်
သောင်းမြန်မရဏာ စမုတ်မှာတော့ ချုပ်သနှင့် ယင်းအလိုတွင်
ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်...ဟု ရေးဖွဲ့ ဆန္ဒပြုခဲ့၏။
ထိုမျှမက များပြားလှသော အာဇာနည်တို့၏ ရုပ်အလောင်းများကြောင့် သုဿာန် တန်ဆောင်းတို့သည်ပင်လျှင် တိမ်းစောင်း ယိမ်းယိုင်သွားနိုင်ချေရှိသည်။ ထိုအာဇာနည်တို့ကို ကမ္ဘာတည်သရွေ့ အရှည်တည်တံ့စေမည့် ကြီးကျယ်ခမ်းနားသော ဗိမာန်ကြီးဆောက်ကာ စောင့်ရှောက်သင့်သည်။ ထိုသို့သော အာဇာနည်ဗိမာန်ကြီးများ တည်ဆောက်ထူထောင်နိုင်ခဲ့ကြမည် ဆိုလျှင် တပည့်ရင်းများကိုပင်လျှင် မဟာမှိုင်းက ၀ပ်တွားခယ ဦးနှိမ်ချ၍ ကန်တော့ပြလိုက်ချင်ကြောင်းကိုလည်း ...
သုဿာန်တံခွန် စောင်းရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန် ပုထိုးကိုဖြင့်
ပါရမီအဓိဌာန် တစ်မျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ပါရဲ့ ... ဟူ၍ ရေးဖွဲ့ဦးညွတ်ခဲ့သည်။
နောက်ဆုံးတွင်မှ အောင်စည်အောင်မောင်း ထုနှက်ကာ ရာဇပလ္လင်ထက် နန်းတက်ဘိသိက်ခံကြရမည့် တပည့်ရင်းတွေနှင့် မရဏမင်းကြောင့် ကွေကွင်းခဲ့ရသည့်အဖြစ်ဆိုးကို ရင်ထုမနာခံစား ခဲ့ရရှာသော မဟာမှိုင်းက ကဗျာကသိုဏ်းဖြင့် ဤသို့ ...
သြော် တောင်နန်း မြောက်နန်း အဆောင်ကြငှာန်းနှင့်
အခေါင်မမြန်းရခင်က
အောင်ပန်းညှို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော ... ဟူ၍ သူ၏ ငိုချင်းကို အဆုံးသတ်ခဲ့သည်။
ဇူလိုင်လသို့ ရောက်လျှင် သဘာဝအတိုင်းပင် ကောင်းကင်တခွင်လုံး၊ အုံ့ဆိုင်းမှိုင်းညို့ကာ မိုးစက်မိုးရည်တို့ ဖြိုင်ဖြိုင်ရွာကြ ပါလိမ့်ဦးမည်။ ဂျူလိုင်လ (၇)ရက်နေ့ရောက်လျှင် တသသရင်ပြင်တွင် မျက်ရည်ပင်လယ်ပြင် လွှမ်းပါလိမ့်မည်။ ဂျူလိုင် (၁၉) ရက်နေ့ ရောက်ပြီဆိုလျှင် မြန်မာပြည်သူလူထု တရပ်လုံး၏ မျက်ရည်များ ချောင်းစီးလာမှုကြောင့် ဧရာဝတီမြစ်ရေ ဖြိုးမောက်လှိုင်းထန်လာပါလိမ့်မည်။
ဇူလိုင်လ (၂၃)ရက်နေ့တွင်မူ ပြည်သူတို့၏မျက်ရည်ကြောင့် မြန်မာပြည်တပြည်လုံးမှ ငြိမ်းချမ်းရေးပန်းတို့လည်း မိုးထဲလေထဲ မှာပင် သွေ့ခြောက်ညှိုးရော်နေကြပါလိမ့်မည်။ သို့ဖြင့် ...
ဇူလိုင်လ၏ မိုးရေစက်များသည် မြန်မာအမျိုးသားတို့၏ ကံကြမ္မာဆိုးအမျိုးမျိုးကို ညွှန်းဆိုဖော်ပြသည့် ပြည်သူတို့၏ မျက်ရည်စများလေလားဟူ၍ ထင်မှတ်မှားစရာပင်။ ။ [Top] |