သူ့အမြင်
အဖြေရှာသင့်တဲ့ပုစ္ဆာ
မေငြိမ်း
ပြုံးနေတဲ့မျက်နှာနုနုလေးမှာ ဘယ်လို အရိပ်မျိုးမှ စွန်းထင်းမနေပါ။ မလုံမလဲ … ဒါမှမဟုတ် ... သိမ်ငယ်စိတ် ... အဲဒါတွေ လုံးဝမတွေ့ရတဲ့ မျက်နှာလေး။ သူမအသက်က ၂၄ နှစ်တဲ့။ ဒီအလုပ်လုပ်လာတာ ၄ နှစ်ရှိပြီတဲ့။ ဒါဟာ အလုပ်တခုပါပဲတဲ့။ ဒါပေမယ့် သူမကို ... ပြီးတော့ သူမတို့ကို လိင်အလုပ်သမ (Sex Worker) လို့ခေါ်တာကို မကြိုက်ပါဘူးတဲ့။ ဖြစ်နိုင်ရင် ဖျော်ဖြေသူ (Entertainer) လို့ပဲ ခေါ်စေချင်ပါတယ်တဲ့။
သူမက လက်ရှိ ကျမနေထိုင်ရာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ထဲက ချင်းမိုင်လမ်း(Chiang Mai Land) လို့ အမည်ရတဲ့ လမ်းသွယ်လေးထဲမှာရှိတဲ့ ဘားတခုမှာ လိင် ဖျော်ဖြေရေးအလုပ်ကို စနစ်တကျလုပ်ကိုင်နေသူပါ။ သူမ နာမည်က ယဉ် ... ဆိုပါစို့၊ ယဉ်က ငယ်ငယ်လေးထဲက မိဘတွေ မြန်မာပြည်မြောက်ပိုင်းကနေ ထိုင်းနိုင်ငံထဲရွှေ့ ပြောင်းစဉ် ပါလာတဲ့ တိုင်းရင်းသူ။ ဒါကြောင့် ဗမာစကားပင်
ဝေေ၀ဆာဆာ မပြောတတ်။ ဒါပေမယ့် သူမရဲ့ ခံစားချက်နှင့် ခံယူချက်တွေကိုတော့ ကျမနားပေါက်အောင် ပြောနိုင်လေ သည်။ သူမနှင့်ကျမ တနာရီလောက်ကြာအောင် စကားပြော ကြစဉ်တလျှောက်မှာ ယဉ်က သူမရဲ့ အလုပ်အကြောင်းကို စိတ်ဝင်တစားရှင်းပြခဲ့ပါသည်။ ကျမကတော့ သူမနှင့် စကားပြော နေရချိန်မှာ မြန်မာပြည်တွင်းမှာတုန်းက ကျမတွေ့ခဲ့ဖူးသမျှသော လိင်အလုပ်သမတွေကို တချိန်ထဲမှာ သတိရနေမိပါသည်။
ယဉ်ကတော့ ဒီအလုပ်ကိုရွေးချယ်ပြီးတော့ကို လုပ်ခဲ့တာ ... တချို့တွေပြောသလို အရောင်းစားခံရတာ မဟုတ်ဘူး။ လူကုန် ကူးခံရတဲ့ သားကောင် မဟုတ်ဘူး။ ဒီအလုပ်ကလွယ်လွယ်နဲ့ ရနိုင်တာမဟုတ်ဘူး။ လှလှပပနဲ့ ကျန်းမာရေးကောင်းမှ။ ဒီအလုပ်မရခင်က ပန်းရံတို့ ဈေးကူရောင်းတာတို့ လုပ်ဖူးတယ် ... သိပ်ပင်ပန်းပြီး လုပ်အားခေါင်းပုံဖြတ်ခံရတယ်။ အခု ဒီအလုပ်ကတော့ အားစိုက်ထုတ်ရတာချင်း အတူတူမှာ နဲနဲ ပိုပျော်စရာကောင်းတယ်။ ပိုက်ဆံလဲ အများကြီးပိုရတယ်။ တညအလုပ်လုပ်ရင် ဘတ်သုံးလေးထောင် အနည်းဆုံးရတာ။ ကိုယ်လုပ်ချင်စိတ်ရှိသလောက် လက်ခံလုပ်ရုံပဲ။ သက်သာ တယ်။ ပြီးတော့ ကိုယ့်သဘောပဲလေ။ ကိုယ့်စိတ်ထဲမှာ သဘောမကျရင် အဲဒီလူကို ငြင်းတယ်။ အဲဒီလူက ယဉ်တို့ကို သူတို့ရဲ့ ချစ်သူရည်းစားလို ယုယုယယ ဆက်ဆံရမယ် ... ။
ယဉ်က အဲဒီစကားတွေကို ခပ်အေးအေးပဲ ပြောနေသည်။ ကျမကတော့ သူမမျက်နှာလှလှလေးကို ငေးရင်း ပြည်တွင်း မှာတုန်းက ကျမသွားတွေ့ခဲ့ဖူးတဲ့ ယဥ့်အရွယ် မိန်းကလေးကို သတိရနေမိသည်။ သူ့နာမည်က ဒေလီယာ ဆိုပါတော့။
ဒေလီယာသည်လည်း ငယ်ငယ်လှလှလေးပါ။ သူကကျတော့ ခေါင်းလျှော်ဆိုင်မှာ အလုပ်သမအဖြစ်လုပ်ရင်း တဘက်မှာ လိင်အလုပ်သမ လုပ်နေသူ။ ပြီးတော့ အဝေးသင်တက္ကသိုလ်လည်း တက်နေသေးတာ။ လွန်ခဲ့တဲ့ ၂ နှစ်ကတောင် ခေါင်းလျှော်ဆိုင်မှာ သူ့လုပ်ခက တလမှ ကျပ်တသောင်းခွဲရတာ။ ခရီးစရိတ်နဲ့ စားစရိတ်သုံးလိုက်ရင် ဘာမှမကျန်တော့။ မိသားစုကို ထောက်ပံ့နိုင်ဖို့ဝေးလို့ သူ့အတွက် ကျောင်းစရိတ်တောင်မရ။ ဒီတော့ သူ့ရုပ်လှလှလေးနဲ့ အပိုအလုပ်က လုပ်ရတော့သည်။
တကယ်တော့ သူက ယဉ်တို့လို တရားဝင်ကြေငြာ … ကြေးခေါ်ပြီးလုပ်ရတာမျိုးတော့ မဟုတ်ပါ။ မြန်မာပြည်မှာက ပြည့်တန်ဆာဥပဒေဆိုတာနဲ့ လူမှုအဖွဲ့အစည်းရဲ့ ကဲရဲ့ရှုတ်ချမှုက လိင်အလုပ်သမတွေကို အမျိုးမျိုးဒုက္ခပေးနိုင်သည်လေ။ ဒီတော့ ရင်းနှီးစရာ ဒီခန္ဓာကိုယ်ပဲရှိလို့ ရင်းတာတောင်မှ ခိုးဝှက်လုပ်ကိုင်ရသည့် အနေအထား။ ခိုးဝှက် လုပ်ကိုင်ရပြီ ဆိုကတည်းက မလိုလားအပ်တဲ့ ပြဿနာတွေက ပေါ်လာမြဲပေါ့။ အနည်းဆုံးတော့ ဧည့်သည်က မတရားသဖြင့် ဆက်ဆံတာမျိုးကို ကျိတ်ခံရတာမျိုးပေါ့။
ယဉ်ကတော့ ခပ်တင်းတင်းပဲ ပြောသည်။ အရေးကြီးဆုံးကတော့ ဧည့်သည်က ကွန်ဒုံသုံးဖို့ သဘောတူရမယ် ... တဲ့။ ထိုင်းနိုင်ငံမှာ လိင်အလုပ်သမများကို ကွန်ဒုံသုံးဖို့ တိုက်တွန်းပေမယ့် တချို့အမျိုးသားတွေက ကွန်ဒုံသုံးဖို့ ငြင်းတတ်ပါတယ်။ ဧည့်သည်က လွယ်လွယ်နဲ့သဘောမတူရင်ကော ... လို့ ကျမက စပ်စပ်စုစုမေးတော့ … အပြတ်ငြင်းပစ်လိုက်မှာပေါ့ ... တဲ့၊
--- ဒါပေမယ့် ယဉ်တို့နဲ့တွေ့ရင် သူတို့ မငြင်းတာများပါတယ်။ ပြီးတော့ သူတို့က ကိုယ့်အပေါ်ယုယုယယဆက်ဆံရင် သူတို့ကိုယ်တိုင်တောင်မသိလိုက်ဘဲ ကွန်ဒုံသုံးပြီးသား ဖြစ်နေအောင် ယဉ်တို့ တတ်နိုင်တယ် ... ယဉ်တို့ဆီမှာ ဧည့်သည်တွေ ကိုယ့်အပေါ်အစစလိုက်လျောအောင် အထူးသဖြင့် ရှောရှောရှူရှူ ကွန်ဒုံသုံးအောင်လုပ်တဲ့နည်းတွေ အများကြီးရှိတယ်။ ပြီးတော့ Empower လို့ခေါ်တဲ့ အမျိုးသမီးစွမ်းရည်မြှင့် အဖွဲ့ကလည်း ယဉ်တို့တတွေကို ဒီလုပ်ငန်းမှာ ဘေးကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်လို့ရတဲ့ နည်းစနစ်တွေနဲ့ ပတ်သက်ပြီး သင်တန်းတွေ အများကြီးပေးထားတယ် ... တဲ့၊
ကျမအတွက်တော့ ယဉ်ဆီက သိရသမျှ ထူးခြားနေတာအမှန်ပင်။
ဒေလီယာ့တုန်းကတော့ ကျမက သူ့ဆရာမမို့ မေးသမျှမကွယ်မ၀ှက်ဖြေရပေမယ့် ရှက်ရွံ့သိမ်ငယ်နေရှာသည်။ ဒေလီယာက ကျမသူ့ကို အထင်သေးမှာ စိုးသတဲ့။ ကျမက ဘာလို့အထင်သေးရမှာလဲ ... ဆရာမက အဲဒီအလုပ်နဲ့ ရပ်တည်နေတဲ့ သူတွေရဲ့ သဘောထားနဲ့ခံစားချက်ကို သိချင်တာလို့ ပြောပြရသည်။
ဒေလီယာကတော့ ဒီအလုပ်ကို တခြားရွေးစရာလမ်းမရှိတော့လို့ လုပ်နေရတာတဲ့။ (ကျမတွေ့ခဲ့ဖူးသမျှ ပြည်တွင်းက လိင်အလုပ်သမ အားလုံးလိုလိုကလဲ ဒီအတိုင်းပဲ ပြောကြသည်)။ ပိုက်ဆံလဲ ရင်းထားရတာနဲ့ တန်အောင်မရပါဘူးလို့လဲ ပြောပြသည်။ ကွန်ဒုံကော သုံးရဲ့လားလို့မေးတော့ တချို့ယောက်ျားတွေက မကြိုက်ဘူးတဲ့။
-- ဘယ်လိုမှ ပြောလို့မရဘူး။ ဒါပေမယ့် ကိုယ်က ငြင်းလိုက်ရင် သူများဆီရောက်သွားမှာဆိုတော့ လက်ခံရတာပဲ၊ ကိုယ့်ကိုမှ ရွေးပြီးခေါ်မယ့်သူမျိုး ရဖို့မလွယ်ဘူးလေ ... ပြီးတော့ ကွန်ဒုံကို သူတို့ဆောင်မထားရင် ဘာမှမတတ်နိုင်ဘူး ... တဲ့။ ကိုယ်က ဆောင်ထားပေါ့လို့ ကျမက အကြံပေးတော့ အမလေး ... မသင်္ကာလို့ ရဲက၀င်ရှာတဲ့အခါ ကွန်ဒုံတွေ့ရင် ပြည့်တန်ဆာမှုက တန်းနေတာပဲ ... တဲ့လေ။
(ကဲ... ကျမတို့ မြန်မာပြည်ကတော့ အဆန်းပါပဲ။ အိမ်ထောင်သည်တောင် ကွန်ဒုံဆောင်ထားမိရင် အမှုပွေမယ့် ပုံပါ)။ ဒါနဲ့ပဲ မြန်မာနိုင်ငံမှာ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ အကူးစက်များနေတာပါ။ အထူးသဖြင့်တော့ ဆစ်ဖလစ်ပိုးနဲ့ အိပ်ခ်ျအိုင်ဗွီပိုးပေါ့။
ယဉ်ကတော့ HIV ပိုးကို လိင်အလုပ်သမားတွေဆီက အများဆုံးကူးစက်တယ်ဆိုတာကို လက်မခံပါဘူး။ သူမ နှစ်စဉ် HIV ပိုးရှိမရှိစစ်ပါတယ်။ ခုထိ ဘာပိုးဘာရောဂါမှ သူမမှာမရှိပါဘူး။ အထောက်အထား ရှိပါတယ်တဲ့။ ဒါကြောင့် သူမဆီလာတဲ့ ဧည့်သည်တွေဆီကလည်း အကူးစက်မခံနိုင်ဘူးလို့ ပြောပါတယ်။ ယဉ်ကတော့ ဒီအလုပ်လုပ်ရတာ ကျေနပ်တယ်။ ခုဆို အိမ်ကိုလည်း ပိုက်ဆံအများကြီးပို့နိုင်တယ်။ ကိုယ်လဲ လှလှပပနေရတယ်၊ကိုယ့်ခန္ဓာကိုယ်နဲ့ရင်းပြီး မိဘကိုလုပ်ကြွေးရတာ ဂုဏ်တောင် ယူပါသေးတယ်တဲ့။ ယဉ်ကတော့ အခြေနေပေးသလောက် ဒီအလုပ်ကို လုပ်သွားချင်တယ် ... ခုလို စည်းကမ်း တကျ ထိန်းထိန်းသိမ်းသိမ်း လုပ်သွားရင် အကြာကြီးအလုပ်လုပ်သွားနိုင်မှာ ... တဲ့။
ယဥ့်အနားမှာရှိတဲ့ ယဥ့်သူငယ်ချင်းတွေ အားလုံးကလည်း ယဉ်နှင့် တသဘောတည်းပါဟု တညီတညွတ်တည်း ထောက်ခ့ ကြသည်။ သူတို့အားလုံး၏ အမူအရာက ယုံကြည်မှုအပြည့်နှင့်။
ဘာပဲဖြစ်ဖြစ် ... ကျမကတော့ ဘယ်သူမဆို ကိုယ့်အလုပ်အပေါ် ကျေနပ်ပျော်ရွှင်ရင် ... ဘ၀မှာ အောင်မြင်မှုတခုရတာပဲဟု ယုံသည်။ ထိုအခါ ယဉ်တို့ကို အတွေ့မှာ အားရှိသလိုခံစားရပြီး ဒေလီယာတို့ကို သတိအရမှာတော့ ၀မ်းနည်းနေမိခဲ့ရပါသည်။
ဒေလီယာတို့ခမျာမှာတော့ ...
မနက်၈နာရီလောက်ကို မြို့သစ်မှာရှိတဲ့အိမ်ကနေ ဘတ်စ်ကားကျပ်ကျပ်ကို တိုးစီး။ ဆိုင်ကိုရောက်တော့ ဆိုင်သန့်ရှင်းရေးနဲ့ လိုအပ်သမျှကို ကူလုပ်။ ပြီးတော့ ဆိုင်မှာပဲ ကမန်းကတန်းရေပြေးချိုး ... အလှအပပြင်ရ၊ ဧည့်သည်တွေလာရင် အလှည့်ကျ ခေါင်းလျှော်ပေးရ။ ညနေထိတိုင် တခါတလေ ၁၀ ခေါင်းကျော်သွားရင် လက်ချောင်းတွေ နာကျင်လာတဲ့အထိ။
ကံကောင်းရင်တော့ အဲဒီ ခေါင်းလာလျှော်တဲ့အထဲမှာ ညပိုင်းအတွက် ဧည့်သည်ရနိုင်မည်။ တခုတော့ ရင်ဆိုင်ရတတ်သည်။ ညပိုင်းအတွက် ဧည့်သည်ရဖို့ ဟန်ရေးတော့ပြရမည်။ ပြီးတော့ ကိုယ့်လို ညပိုင်းအလုပ် မလုပ်သော (အိမ်ထောင်သည် ... သို့မဟုတ် ပိုက်ဆံရှာစရာမလိုသူ) ဆိုင်က လုပ်ဖေါ်ကိုင်ဘက် တွေရဲ့ ကဲ့ရဲ့ဝေဖန်မှုတွေ မကြားတကြား ရှုတ်ချမှုတွေ ကိုတော့ ရင်ဆိုင်ရနိုင်သည်။ တော်တော်တော့ အရေထူရမယ့် ကိစ္စဖြစ်သည်။ ညဘက်အတွက် အဆင်ပြေပြီဆိုလျှင်တော့ ဆိုင်သိမ်းအပြီးမှာ အားလုံးကို လျစ်လျူရှုနိုင်အောင်ကြိုးစားပြီး ရေမိုးချိုးအလှပြင်၊ အ၀တ်သစ်တစုံလဲ ... တတ်နိုင်သမျှ ပြုံးပြုံးလေးလုပ် ... ပြီးတော့ အပြင်ထွက်လိုက်သွားရုံပေါ့။
အမှန်အတိုင်းဝန်ခံရလျှင်တော့ အဲဒီအချိန်မှာ ဒေလီယာက ပင်ပန်းညောင်းညာနေခဲ့ပြီ။ ဧည့်သည်အပေါ် တာဝန်ကျေဖို့ အားထုတ်ရတာကိုက ဒုက္ခတခုဖြစ်ခဲ့ပြီ။ ဒီတော့ ကွန်ဒုံသုံးဖို့ ... ကိုယ့်အပေါ် ယုယညှာတာဖို့တွေလဲ ပြောခွင့်မသာတော့။ မောပြီ ... အလုပ်ပြီးအေးရောပေါ့ ... ဟုတ်တယ်မို့လား။ တခါတရံ လူတ၀က် တိရစ္ဆာန်တ၀က်မျိုးနှင့်ပင် ကြုံရဖူးသေးတာ ... ယုံလား။ ဒါပေမယ့် လုပ်အားခအတွက် မျက်စေ့နာနာမှိတ်ရ။ ဒီလိုနဲ့ပဲ သန်းခေါင်ထက် ညဥ့်မနက်နိုင်တော့။ ပြီးတော့ အမြင်ကျဉ်းသော လူ့ဘောင်မို့ ဒေလီယာတို့အတွက်တော့ အနာဂတ်မှာသာယာသော အိမ်ထောင်ဘ၀တခု ရနိုင်ဖို့ဆိုတာ ကလဲ အိပ်မက်သာဖြစ်နိုင်ပါသတဲ့။ သူမတို့ဘက်မှာ ဘယ်သူမှမရှိ။ တကယ်တော့ မြန်မာပြည်က လိင်အလုပ်သမတွေ အားလုံးလိုလိုဟာ နာမည်တွေ အယောင်ပြအလုပ်တွေသာ ကွဲသွားပေမယ့် ဘ၀အခြေနေတွေကတော့ အတူတူချည်းသာ ဖြစ်သည်။
ဒေလီယာကတော့ သူမတို့ဟာ နိုင်ငံစီးပွားပျက်ကပ်ရဲ့ သားကောင်ပါပဲတဲ့။ ထိုအခါ ဒေလီယာ့စကားတွေထဲမှာ ကိုယ်ပါ အားအင်တွေ ဆုတ်သွားခဲ့ဖူးသည်။ ကျမစိတ်ထဲ ဒေလီယာ့အသံတွေက ကြေမွနေတယ်လို့တောင် ထင်နေခဲ့သေးသည်။ ပြီးတော့ ကျမ ဖတ်ဖူးတဲ့ ကင်မီလီကို သတိရသည်။ ပြီးတော့ ကျမရဲ့ခရီးသွားဝတ္ထုဆိုတဲ့ လိင်အလုပ်သမတယောက်ရဲ့ အသက်ကြီးပိုင်း နောက်ဆုံးအချိန် စိတ်ကျခံစားချက်ကိုရေးခဲ့တဲ့ ပေဖူးလွှာမဂ္ဂဇင်းထဲက၀တ္ထုတိုကို သတိရနေမိသည်။ ဒေလီယာတို့ခမျာတွေမှာတော့ နောက်ဆုံးအချိန်ဆိုတာက ခြိမ်းခြောက်ခံနေရမှု တခုပေပဲ။ နောက်ဆုံးအချိန် ဆိုတာအတွက် အသက်အပိုင်းအခြား မမှန်းနိုင်။ ရွေးချယ်ခွင့် မရသောဘ၀ထဲမှာ ရောဂါပိုးအမျိုးမျိုးရဲ့ ၀ါးမျိုခြင်းကို ခံရနိုင်ချေကလည်း များလှသည်။ ပြီးတော့ ကျပ်တည်းသောနိုင်ငံထဲ စားစရိတ်၊ ဆေးဖိုးဝါးခ ... ရသလောက် အကုန်ကုန်။ ဒီတော့ အနာဂတ် ဆိုတာ ... ဘယ်မှာလဲ။ ဒီလိုနဲ့ပဲ မိုးကလဲ ချက်ချင်းချုပ်သွားနိုင်တာလေ။
ထိုင်းနိုင်ငံမှာ ယဉ်တို့ကတော့ တနေ့ခင်းလုံး ဆိုင်ကယ်တစ်စီးနှင့် ဈေးလျှောက်ဝယ်နိုင်သည်။ အင်္ဂလိပ်စာသင်တန်း တက်နိုင်သည်။ မျက်နှာပေါင်းတင် ဆံပင်အလှပြင်တာတွေ သွားလုပ်နိုင်သည်။ အနှိပ်ခံချင်လည်းရသေးသည်။ လိင် အလုပ်သမဆိုတာ လှဖို့လိုသည် ... သူ့တန်ဖိုးနဲ့သူရှိသည်လို့ လူတိုင်းက လက်ခံသည်။ ကဲ့ရဲ့ပြစ်တင် မျက်လုံးတွေ မရှိ။ လိုချင်သလို ကြေးကိုင်လို့လည်း ရသေးသည်။ ပြီးတော့ ဒီမှာက ဗဟုသုတလည်း များကြတာမို့ အမျိုးသားအများစုက လိင်ကိစ္စမှာ စည်းကမ်းရှိဖို့ သတိထားကြသည်။ ဒီတော့ ယဉ်တို့အတွက်က စည်းကမ်းရှိရင် ရှိသလောက် သတိထားရင် ထားသလောက် အန္တရာယ်ကင်းမှာ သေချာသည်။ ဒါဆို လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါပိုးတွေရဲ့ရန်ကလည်း လွတ်နိုင်မှာ သေချာသည်။ ပြီးတော့ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းနိုင်တဲ့ နိုင်ငံမှာမို့ ငွေကြေးကလဲ ပိုလျှံသည်။ ဒီတော့ အနာဂတ်ဆိုတာကိုလည်း စိတ်ကူးယဉ်နိုင်သည်။ အဲဒီအပြင် လွတ်လပ်သော လူ့ဘောင်ထဲမှာမို့ အိမ်ထောင်ရေး ဘ၀တခုကိုပင် ရွေးချယ်ခွင့်ရနိုင်သေးသည်။ ဘယ်လောက်အားသာသော ဘ၀တွေပါလဲ။ ပြီးတော့ ဒေလီယာတို့ဘ၀တွေနှင့် ဘယ်လောက် ကွာခြား လိုက်ပါသလဲ။ သေချာတာကတော့ ယဉ်တို့၏ နောက်ဆုံးချိန်တွေက ဒေလီယာတို့၏ နောက်ဆုံးချိန် တွေ ထက်တော့ အများကြီး လှနိုင်သေးတယ်ဆိုတာပါပဲ။
တကယ်တော့ ခုခေတ်မှာ လိင်အလုပ်သမလို့ ခေါ်တဲ့ ပြည့်တန်ဆာဆိုတာ ဟိုးရှေးအစဉ်အဆက်ကတည်းက ရှိခဲ့တာဖြစ် သည်။ ဗုဒ္ဓ၀င်မှာရော ... ရာဇ၀င်မှာရော ရှိခဲ့ပါသည်။ ယေရှုခရစ်ရဲ့ ဘ၀မှာတောင် ပြည့်တန်ဆာပြဿနာရှိခဲ့သည်ပဲ။
သေချာတာကတော့ အိမ်ထောင်မရှိသော ... အိမ်ထောင်ရေးဘ၀ထဲမှာ မသာယာတော့သော ... လိင်ကိစ္စဖြင့် ဘ၀ ထွက်ပေါက်ရှာရသော အမျိုးသားများအတွက် လိင်အလုပ်သမတွေ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေ ရှိနေမှာပဲဖြစ်သည်။ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် လိင်လုပ်ငန်းဟာ တားမြစ်လို့ရမယ့် ... ဒါမှမဟုတ် တားမြစ်ရမယ့် ပြဿနာတခု မဟုတ်ပါ။ ဒါဆိုရင် ... ထိုအလုပ်ကို အန္တရာယ်ကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ် လုပ်နိုင်အောင်သာ ကူညီပေးသင့်သည်ဟု ထင်ပါသည်။
မြန်မာနိုင်ငံမှာကတော့ လိင်လုပ်ငန်းက ကဲ့ရဲ့ ပြစ်တင်စရာအလုပ်တမျိုးလို ဖြစ်နေပြီး နိုင်ငံရဲ့ စီးပွားရေးကျပ်တည်းမှုကြောင့် အများစုက မလုပ်ချင်ဘဲ လုပ်နေကြရတယ်လို့သာ ပြောကြပါသည်။ ပိုဆိုးတာကတော့ ပြည့်တန်ဆာမှုဆိုပြီး အဖမ်းဆီးခံရ နိုင်တဲ့အပြင် အမျိုးသမီးတယောက်ဆီမှာ ကွန်ဒုံတွေ့လျှင်တောင် ပြည့်တန်ဆာလို့ စွပ်စွဲတဲ့ပြဿနာမျိုး ခုထိရှိနေဆဲပါ။ (ပြီးတော့ ထိုပြည့်တန်ဆာမှုနှင့် ဆွဲထားသူကိုပင် တာဝန်ကျ ရဲတချို့က အဓမ္မကျင့်တာမျိုးတောင် ရှိသေးတာ)။
တကယ်တမ်း ညကလပ်တွေထဲက လိင်အလုပ်သမတွေကိုကျတော့ အရေးမယူတာကြောင့်မို့ လမ်းပေါ်က လိင်အလုပ်သမ တွေခမျာ ဈေးကွက်လုရတဲ့အတွက် တန်ဖိုး သတ်သတ်မှတ်မှတ်မထားနိုင်ဘဲ အလုပ်လုပ်ကြရတာပင်။ ဒီလိုနဲ့ပဲ ... မြန်မာ နိုင်ငံ မြို့တကာရဲ့ လမ်းမတွေမှာ ... အဝေးပြေးလမ်းမတွေ တလျှောက်မှာ ... လူသူကင်းတဲ့ အမှောင်ရိပ်တွေမှာ ကွန်ဒုံ မဆောင်ရဲတဲ့၊ ဖောက်သည်အပေါ် ဈေးမကိုင်နိုင်တဲ့၊ နေရာဌာနရွေးခွင့်မရှိတဲ့ ပြီးတော့ ရောဂါပိုးတွေ သယ်ဆောင်ထားတဲ့ လိင်အလုပ်သမတွေ ... တနေ့တခြား များများလာနေပါပြီ။ ဆိုးတာကတော့ အများစုက စားဝတ်နေရေး အကျပ်အတည်း ကြောင့် ဒီလုပ်ငန်းကို ရွေးရတာမို့ ဒီအလုပ်ကို စည်းကမ်းတကျလုပ်ဖို့ မစဉ်းစားနိုင်ကြတော့တဲ့ ပြဿနာပါပဲ။
တကယ်က လိင်ဆက်ဆံရာကနေ မကူးစက်ဖို့ဆိုတာ ကွန်ဒုံလို့ခေါ်တဲ့ လိင်တံအစွပ်ကလေးသုံးလိုက်ရုံ။ ဒါပေမယ့် ... မိုက်မဲသူတွေကဖြင့် ကွန်ဒုံကလေး သုံးဖို့အရေး အလွှာပါးပေမယ့် ကမ္ဘာခြားတယ်လို့ထင်တယ် ... ဘာညာနဲ့ ပြက်လုံးထုတ် စာချိုးကြသေးတာ။ တကယ်တော့ ဒါဟာ ပြက်လုံးထုတ်စရာ မဟုတ်ပါ။ လူ့တန်ဖိုးကို လူတယောက်ရဲ့ ဘ၀ကို လက်လွတ်စပယ်ပြုတဲ့ သဘောပါပဲ။ လိင်အလုပ်သမတွေအပေါ် မငဲ့မညှာ စော်ကားနေတာနဲ့ အတူတူပါပဲ။
ဒီလိုနဲ့ပဲ အခုတော့ လိင်ဆက်ဆံရာကနေ အဓိကကူးစက်တဲ့ HIV ပိုးကတဆင့်ဖြစ်လာတဲ့ AIDS (ခုခံအားကျ) ဝေဒနာတွေက မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အကြီးအကျယ် ခြိမ်းခြောက်လာခဲ့ပြီ။ တကယ်တော့ HIV ပိုးနဲ့ AIDS ဝေဒနာဟာ မြန်မာနိုင်ငံမှာ ကြော်ငြာထားသလို ကုရာနတ္ထိဆေးမရှိတဲ့ ကြောက်လန့်ရွံရှာစရာ ရောဂါကြီးမဟုတ်ပါဘူး။ တကယ်တမ်းသာ ကရုတစိုက်နဲ့ ကုသစောင့်ရှောက်မှုပေးမယ်ဆိုရင် HIV နဲ့နေထိုင်သူ (PLWHA – People Living with HIV/AIDS) တွေဟာ သာမန်လူ တွေလိုပဲ သက်တမ်းစေ့နေသွားနိုင်တာပါ။
ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အာဏာပိုင်တွေကတော့ ရောဂါပိုးကူးစက်နှုန်းကို ထိန်းပေးဖို့၊ HIV ပိုးနဲ့ နေထိုင်သူတွေကို ကူညီစောင့်ရှောက်ဖို့တွေကို လျစ်လျူရှုထားတဲ့အပြင် ကိုယ်ထူကိုယ်ထ ကူညီနေကြတဲ့ သူတွေကိုပါ အနှောက်အယှက် ပေးနေတာပါပဲ။ ခုတော့ UNDP ရဲ့ ၂၀၀၅ ခုနှစ် စစ်တမ်းအရ မြန်မာနိုင်ငံမှာ HIV ပိုးရှိသူ အရေအတွက် ၆ သိန်း ၆ သောင်းကျော်သွားပြီဟု ဆိုသည်။
ကျမမှတ်မိသလောက် ၁၉၇၀ ခုနှစ်များကစပြီး မြန်မာနိုင်ငံမှာ ညမွှေးပန်းစစ်ဆင်ရေး၊ ညငှက်စစ်ဆင်ရေးဆိုပြီး လိင် အလုပ်သမတွေကို မကြာခဏဖမ်းဆီးရှင်းလင်းခဲ့ဖူးသည်။ တချို့ကိုတော့ ပြုပြင်ရေးစခန်းတွေဆီပို့သည်ဟု ကြားဖူးသည်။ သို့ပေမယ့် တကယ့် မိသားစုဘ၀တွေအတွက် စားဝတ်နေရေးကို ပြေလည်အောင် ဖြေရှင်းပေး နိုင်တာမျိုးမဟုတ်ဘဲ နှိပ်စက်ဒုက္ခပေးသလိုသာ ဖြစ်နေခဲ့တာပါ။ အခုအချိန်မှာရော ... တဲ့၊ အခုဆို နှစ် ၃၀ ကျော် ခဲ့ပြီ။ ခေတ်အလိုက် ရောဂါ တွေသာ ဆန်းပြားလာသည်။ နိုင်ငံတကာမှာ လူ့အခွင့်အရေးတွေ၊ အမျိုးသမီး အခွင့်အရေးတွေသာ ထွန်းကားလာသည်။ မြန်မာနိုင်ငံက လိင်အလုပ်သမတွေရဲ့ဘ၀နဲ့ အဆင့်အတန်းတွေ၊ အခြေအနေတွေကတော့ မပြောင်းလဲသေးပါ။
ဒါကြောင့် ကျမကတော့ မြန်မာနိုင်ငံမှာ အာဏာပိုင်တွေကိုယ်တိုင်ကိုက လိင်အလုပ်သမတွေကို စော်ကားထိပါး နေသည် ဟုသာ မြင်သည်။ ထိုအခါ ၁၉၇၀ နှစ်များမှာကတည်းက ရေးခဲ့တာဖြစ်ပေမယ့် ခုချိန်ထိ မရိုးနိုင်သေးတဲ့ ကဗျာတပုဒ်ကိုသာ သတိရနေမိပါတော့သည်။
သိနားလည်သူတို့၏ ကစားနည်း
ဘ၀ဆိုးအကြောင်း
တိုးတိုး တိုးတိုးနဲ့
ရိုးရိုးလေးပြောရှာရဲ့  ...။
သနားလိုက်တာကွယ် ... ပေါ့လေ။
ပြီးတော့လဲ
အိပ်လိုက်တာပါပဲ ...
အ၀င်းဆိုတဲ့ဖာသည်မလေးကို
အဲလို စော်ကားလိုက်ပါတယ်။
( အောင်ခြိမ့် - သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ)
* * *
[Top] |