နိုင်ငံတကာအကူအညီ အမြန်လိုအပ်ဟု ဒီမိုကရေစီရေးလှုပ်ရှားသူများတောင်းဆို
အေးလဲ့ | မေ ၁၂၊ ၂၀၀၈

နိုင်ငံတကာ ကူညီထောက်ပံ့မှုများနှင့် ကျွမ်းကျင်ကယ်ဆယ်ရေး လုပ်သားများအား မုန်တိုင်းဒဏ်ခံရသည့် လေဘေးဒုက္ခ သည်များထံ အမြန်ဆုံးရောက်ရှိရန်လိုအပ်ကြောင်း ပြည်တွင်း ပြည်ပမှ မြန်မာ့ဒီမိုကရေစီ အဖွဲ့အစည်းများက ပြောဆိုကြ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်(အန်အယ်လ်ဒီ) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “တပတ်ကျော် သွားပြီ … ဘာ အကူအညီမှ သိသိသာသာရတာ မရှိဘူး။ ရောဂါဘယကပ်ဘေး ဆက်လက်ဖြစ်ပွားလာမှာ စိုးရိမ်ရတယ်။ နိုင်ငံတကာက ကျွမ်းကျင်တဲ့လုပ်သားတွေ လိုအပ်နေပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသားလူမျိုးများကောင်စီအဖွဲ့မှ အထွေထွေအတွင်းရေးမှုး လီယမ်ဆခွန် ကလည်း (Lian Sakhong) မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် နိုင်ငံတကာ၏ အကူအညီများ အရေးပေါ်လိုအပ် နေကြောင်း ပြောသည်။

နိုင်ငံခြားကယ်ဆယ်ရေးလုပ်သားမျာကို တားမြစ်ခြင်းနှင့်ပတ်သက်ပြီး ဗိုလ်ချူပ်မှုးကြီးသန်းရွှေမှာသာ တာဝန်အရှိဆုံးဖြစ် သည်ဟု မြန်မာ့အရေး လေ့လာသူဦးအောင်နိုင်ဦးက ပြောသည်။

မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစုမှ အထွေထွေအတွင်းရေမှုး ဒေါက်တာနိုင်အောင်က“ တိုင်းပြည်အတွင်း ပြည်သူတွေ ဒုက္ခရောက်နေတဲ့ အချိန်မှာ အစိုးရတရပ်က တာဝန်ယူဖြေရှင်းနိုင်မှုမရှိဘူးလို့ ပြည်သူတွေ ယုံကြည်နေကြတဲ့ အခြေအနေကို ကျရောက်နေပြီ။ ဒီလိုအနေအထားမှာ ပြည်သူတွေကို ကယ်တင်နိုင်ဖို့ လူသားချင်းစာနာတဲ့အနေနဲ့ နိုင်ငံတကာက ကျွမ်းကျင်တဲ့ကယ်ဆယ်ရေးလုပ်သားတွေ အမြန်ဆုံး ဝင်ရောက်ကူည်ီလုပ်ဆောင်ဖို့လိုတယ်” ဟု ပြောသည်။

ဒုက္ခရောက်နေသူများ၏ ပထမဆုံးလိုအပ်သည့်အဆင့်မှာ အဆင်သင့်စားသုံးနိုင်မည့်အစားအစာ၊ သန့်ရှင်းသည့်ရေ ရအောင် စီမံပေးရန်၊ ဒဏ်ရာရသူများကို ကူညီနိုင်မည့်ဆေးဝါးများ၊ ပတ်ဝန်းကျင်မသန့်ရှင်းမှုကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်မည့် ရောဂါများကို ကြိုတင်ကာကွယ်နိုင်မည့် ဆေးဝါး၊ သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်မည့် အဆောက်အဦး၊ လေဘေး ဒဏ်ခံခဲ့ရသူများကို ကူညီပြုစု နိုင်သည့်အစီအစဉ် စသည်တို့ လိုအပ် နေကြောင်းကိုလည်း ၎င်းကဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့စစ်ရေးအကဲခတ်တဦးဖြစ်သည့် ဦးဌေးအောင်က စစ်အစိုးမှ စစ်သားအင်းအားများနှင့် ထိရောက်စွာ ကူညီမည်ဆိုလျင် လုပ်ငန်းမြန်ဆန်နိုင်ကြောင်း၊ အစိုးရက ပြည်သူကိုအမှန်ကူညီချင် စိတ် ရှိလျှင် တိုင်းပြည် တွင်ရှိသည့် စစ်သားလေးသိန်းအား သဘာဝကပ်ဘေး ကျရောက်နေသည့် နေရာများ တွင် စနစ်ကျသည့် ကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရမည်ဟု ပြော သည်။

ဒေသခံများ၏အဆိုအရ ရွှေပြည်သာမြို့နယ်တွင် လေဘေးဒုက္ခသည်စခန်းများရှိ ကျောင်းများ ပြန်ဖွင့်တော့မည်ဟု အကြောင်းပြကာ သက်ဆိုင်ရာအာဏာပိုင်များက လေဘေးဒုက္ခသည်များကို နှင့်ထုတ်ကြောင်း သိရသည်။ ၎င်းမြို့နယ်တွင် လေဘေးဒုက္ခသည်စခန်းကို စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများတွင် ဖွင့်လှစ်ထားသည်။

World Vision အဖွဲ့၏စာရင်းအရ မုန်တိုင်းဒဏ်ခံစားနေရသည့် ဒုက္ခသည်ပေါင်း ၁သန်းခွဲရှိပြီး လက်ရှိအကူ အညီ ရရှိသည့် လူဦးရေ ၂၂၀၀၀ ခန့်သာရှိကြောင်း သိရသည်။

“ပြည်တွင်းမှာ ကိုယ်ထူကိုယ်ထဆောင်ရွက်နေတဲ့ စေတနာရှင်တွေ၊ နိုင်ငံတကာကကျွမ်းကျင်လုပ်သားတွေ ပူးပေါင်းဆောင် ရွက်ရင် ပြည်သူတွေ အမှန်တကယ်လိုအပ်နေတဲ့ အကူအညီတွေကို ပိုမိုမြန်ဆန်စွာနဲ့ ထိရောက်အောင် ဆောင်ရွက်နိုင်မယ်” ဟုလည်း ဒေါက်တာနိုင်အောင်က ပြောသည်။

မေလ ၂ ရက်နေ့ညက တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူပေါင်း ၂၈၄၅၈ သေဆုံးပြီး ၃၃၄၁၆ ပျောက် ဆုံးနေကြောင်းနှင့် ၁၄၀၃ ဦး ထိခိုက်ဒဏ်ရာရကြောင်း စစ်အစိုးရက စာရင်း ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေပေါင်း ၁ သိန်းနှစ်ထောင်၊ ပျောက်ဆုံးသူဦးရေ ပေါင်း ၂သိန်း၂သောင်းနှင့် အိုးမဲ့အိမ်မဲ့ ဒုက္ခသည်ပေါင်း ၂သန်းခန့်ရှိသည် ဟု ထုတ်ပြန် ထားသည်။

စစ်အစိုးရက အနောက်နိုင်ငံများမှ ကမ်းလှမ်းကြသည့် အကူအညီများကို အကြောင်းပြချက် တစုံတရာ မပေးဘဲ အကန့် အသတ်ဖြင့် လက်ခံနေပြီး နိုင်ငံတကာမှ ကယ်ဆယ်ရေးလုပ်သားများ ၀င်ရောက်ကူညီခွင့်ကို ပိတ်ပင်ထားသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!