နိုင်ငံတကာ အကူအညီရရေး လေဘေးဒုက္ခသည်များ မျှော်လင့်
အေးလဲ့ | မေ ၇၊ ၂၀၀၈
နာဂစ် မုန်တိုင်းဒဏ်ကြောင့် ဆိုးရွားစွာခံစားနေရသည့် လေဘေးဒုက္ခသည်များကို စစ်အစိုးရက ထိရောက်စွာ အကူအညီ မပေးနိုင်သဖြင့် နိုင်ငံတကာအကူအညီကို ဒေသခံ ပြည်သူများက မျှော်လင့်နေကြကြောင်း လပွတ္တာမြို့နယ် အမျိုးသား ဒီမိုကရေစီ ဒုတိယဥက္ကဌ ဒေါက်တာ အေးကြူက ပြောသည်။
“ကျနော့်အနေနဲ့ နိုင်ငံတကာက ဖြစ်နိုင်သမျှ အမြန်ဆုံးကူညီကြဖို့ တောင်းပန်ပါတယ်။ ဒုက္ခသည်တွေ အတွက်ပါ။ ပြည်တွင်း က အကူအညီတွေနဲ့ကို မလုံလောက်တော့ပါဘူး” ဟု ဦးအေးကြူကပြောသည်။
မေ ၂ ရက်နေ့နှင့်၃ ရက်နေ့တွင် ကျရောက်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ဧရာဝတီတိုင်း မအူပင် မြို့နယ်နှင့် မအူပင် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်းများစွာပျက်စီးကာ လယ်သမားများ၏ ရိတ်သိမ်းခါနီး ဧကရာချီသည့် နွေစပါးများနှင့် ပြောင်းခင်း၊ ငှက်ပျောပင်၊ ငရုတ်၊ ကွမ်းခြံ စသည့် စိုက်ခင်းများ အမြောက် အများပျက်စီး ရသဖြင့် ငွေအားဖြင့် ကျပ် သိန်းထောင်နှင့်ချီဆုံးရှုံးကြောင်း ဒေသခံ လယ်သမားများ ထံမှသိရသည်။
မအူပင်တွင် အိမ်မိုးရန် သွပ်ကို ဝယ်ယူမရနိုင်သည့်အပြင် ဓနိအချပ် ၁၀၀ကို ကျပ်ငွေ ၂၇၀၀၀ကျပ်ဖြင့်ဝယ်ယူ ရကြောင်း ဒေသခံတဦးကပြောသည်။
မအူပင်မြို့နယ်တွင် ၂ ရက်နေ့ညနေ ၆ နာရီခန့်က စတင် လေတိုက်ကာ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင်မှ လေငြိမ်ခဲ့ကြောင်း သိရသည်။ သစ်ပင်ပိခြင်း၊ သွပ်ပြားရှခြင်းကြောင့် သေဆုံးသူ ၃ ဦး ရှိပြီး မအူပင် ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော သင်္ဘော၃စီးနစ်မြုပ်သွားကြောင်းလည်း သိရသည်။
“ရန်ကုန်ကို ကုန်ပို့နေတဲ့ ရွေဇင်ယော်နဲ့ အောင်ထက်သော် သင်္ဘော ၂ စီးရယ်၊ လေးအိမ်စုနဲ့ မအူပင်ကို ဆွဲနေတဲ့ လူစီး သင်္ဘော အောင်မြင့်ဦးရယ် မြုပ်သွားတယ်” ဟု မြို့ခံတဦးကပြောသည်။
၎င်းမြို့နယ်တွင် ယနေ့အထိကယ်ဆယ်ရေး အကူအညီ လုံးဝမရသေးကြောင်းသိရသည်။
ထို့ပြင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်နှင့် ကျေးရွာပေါင်းများစွာတွင်လည်း လေဘေးဒဏ်ကို အပြင်းအထန် ခံစားလိုက် ရသည်။
ဘိုကလေးအောက်ပိုင်းရှိ မုန်တိုင်းကြီးရွာမှ ဒေသခံတဦးက “လှိုင်းလုံးကြီးတွေပုတ်လို့ အိမ်ခေါင်တွေပါ မြုပ်ကုန်တယ်လို့ သေဘေးက လွတ်လာတဲ့ လူတယောက်က ပြောပြတယ်။ အဲဒီလူရဲ့ မိန်းမနဲ့ ကလေးကတော့ ပျောက်နေတယ်တဲ့။ သူ့ရှေ့တင် သားအဖသုံးယောက်ကို ရေကဆွဲချသွားတာ တွေ့လိုက်ရတယ်တဲ့” ဟုပြောသည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်သေးသဖြင့် ရေရှည်တွင် လေဘေးဒုက္ခသည်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေးအတွက် စိတ်ပူပန်သည်ဟု ဒေသခံများက ပြောသည်။
တချိန်တည်းတွင် လေဘေးဒုက္ခ ခံစားခဲ့ရသော ရန်ကုန်တိုင်းတွံတေးမြို့နယ်မှာ ဒေသခံတဦးကလည်း “တွံတေးမှာ လူ ၈ ဦးသေတယ်။ ၄ ဦးက အဆောက်အဦနဲ့ သစ်ပင်ပိသေတာ။ ကျန်တဲ့ ၄ ဦးက မြစ်ကိုဖြတ်ကူးရင်း သေရတာ” ဟု ပြောသည်။
အထူးသဖြင့် ကျွန်းတောရပ်ကွက်ရှိ ကျွန်းပင်ကြီးများ အိမ်များပေါ်လဲကျသဖြင့် လွတ်မြောက်ရာသို့ ထွက်ပြေးသည့် လူတချို့ ဒဏ်ရာရကြောင်း မြို့ခံများကပြောသည်။
မြို့ပေါ်ရပ်ကွက်များအားလုံးတွင် နေအိမ်အမိုးများပွင့်ကာ ပျက်စီးရပြီး ဓနိမိုး ထရံကာအိမ်များနှင့် ပျဉ်ထောင်အိမ်များ အားလုံးပြိုကျသွားကြောင်း သိရသည်။ ရန်ကုန်နှင့် မေ ၅ ရက်နေ့အထိ အဆက်အသွယ် ပြတ်နေပြီး ဈေးဆိုင်ခန်းများ ပိတ်ထားသဖြင့် အစားအသောက်ပြတ်တောက်နေကြောင်း သိရသည်။
နာဂစ်မုန်တိုင်း မြန်မာနိုင်ငံသို့ ဖြတ်သန်းတိုက်ခိုက်ချိန်က ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ လပ္ပတ္တာမြို့နယ်သည် မုန်တိုင်းဒဏ်ကို ပထမဆုံးခံခဲ့ရပြီး ၎င်းမြို့နယ်ရှိ ရွာပေါင်း ၂၂ ရွာရေမြုပ်ကာ ဒေသခံအများစု အိုးမဲ့ အိမ်မဲ့ ဖြစ်သွားသည်ဟု ဒေသခံများက ဧရာဝတီကိုပြောသည်။
“တချို့လူတွေကလည်းအိမ်ခေါင်တွေမှာ လွတ်ရာလွတ်ကြောင်းထိုင်နေကြတာပဲ။ ဒါပေမယ့် လှိုင်းလုံးကြီးတွေကြောင့် ရေထဲပြုတ်ကျပြီး သေတဲ့သူတွေရှိတယ်” ဟု ဒေါက်တာအေးကြူက ပြောသည်။
လပွတ္တာမြို့ထဲမှ ဘုန်းကြီးကျောင်းများတွင် လူငယ်များ၊ ကျောင်းသားများက လေဘေးဒုက္ခသည်များကို ကူညီ၍ အစား အသောက်များ စီစဉ်ပေးနေကြောင်းသိရသည်။ တချို့ကို ရဲတပ်ဖွဲ့မှလာရောက် ကူညီသည် ဟု ဆိုသည်။
ရန်ကုန်မြှို့၊ ဗဟန်းမြို့နယ်တွင် နေထိုင်သူ တဦးက ဗဟန်းရပ်ကွက်များတွင် အလှူခံကာ လေဘေးဒုက္ခ ခံစားခဲ့ရသည့် လှိုင်သာယာ ဘက်သို့ ထမင်းထုပ်များဝေရန် စီစဉ်နေကြောင်း ပြောပြသည်။ [Top] |