မုန်တိုင်းဒဏ်ခံရသည့် ပြည်သူများကို စစ်ဗိုလ်ချုပ်များက လျစ်လျူရှုထား
ကိုသက် | မေ ၇၊ ၂၀၀၈

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့တွင် နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ပြီးနောက် ၂ ရက်မြောက်သည်အထိ အာဏာပိုင်တို့က လေဘေးဒဏ်ခံရသည့် ဒုက္ခသည်များကို လျစ်လျူရှုထားသဖြင့် ရှင်းလင်းမှုများကို ပြည်သူလူထုများ ကိုယ်ထူကိုယ်ထုပြုလုပ်ကြရသည်ဟု ရန်ကုန်ရှိ စာနယ်ဇင်း အသိုင်းအ၀န်းက ဆိုသည်။


(ဓာတ်ပုံ - ဧရာဝတီ)

ရန်ကုန်ရှိ စာနယ်ဇင်းသမားတဦးက “မုန်တိုင်းကျပြီး ၂ ရက်မြောက် အထိလူထုက ကိုယ့်ဝမ်းကိုကျောင်းရတယ်၊ အာဏာပိုင်အဖွဲ့အစည်းက ဘာလုပ်ပေးမယ်ဆိုတာကို လုံးဝမကြေညာဘူး” ဟု ဧရာဝတီကို ပြောသည်။

“တိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာ ပြည်သူလူထုကို ရင်ဝယ်သားလို သနားရတယ် … အခုတော့ ရေပေးတာ၊ လမ်းရှင်းတာတောင် သူတို့ မိသားစုတွေအတွက်ပဲအရင်လုပ်တယ်။ ဒါကိုကြည့်ရင် အဖြေကရှင်းနေ ပါပြီ … လူထု အကျိုးအတွက်၊ တိုင်းပြည်တိုးတက်ဖို့အတွက်အုပ်ချုပ် နေတာလား … မိသားစုကောင်းစားဖို့ အုပ်ချုပ်နေတာလားဆိုတာ” ဟု အဆိုပါ စာနယ်ဇင်းသမားက ဆက်ပြောသည်။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး နောက်တနေ့ (မေလ ၃ ရက်နေ့) တွင် ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ သီရိရတနာမွန် အရပ်သို့ တပ်မ ၇၇ မှစစ်သားများ ရောက်ရှိလာကာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏သမီး အိမ်အ၀င်လမ်းကိုရှင်းလင်း ၍ပြန်သွားကြသဖြင့် ၎င်းအရပ်တွင်နေထိုင်သူများ စိတ်ဆိုးဒေါသထွက်ခဲ့ရသည် ဟုလည်း အဆိုပါစာနယ်ဇင်းသမားက ပြောသည်။

နိုင်ငံတကာရှိ ပြည်သူများ သဘာဝဘေးဒဏ်သင့်သည့်အခါများ၌ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်များက ဘေးဒုက္ခရောက် နေကြသူများအား အားပေးစကားသွားရောက်ပြောဆိုလေ့ရှိကြသော်လည်း မြန်မာနိုင်ငံကိုအုပ်ချုပ်နေသည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် လေဘေးဒဏ်ခံစားခဲ့ရသည့် နေရာဒေသများသို့ သွားရောက်တွေ့ဆုံကြောင်း သတင်း၊ မီဒီယာများတွင် မတွေ့ရသေးပေ။

ယမန်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် စစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ လေဘေးဒုက္ခသည်များအား သွားရောက်တွေ့ဆုံကြောင်း ဖော်ပြထားသည်။

ရန်ကုန်ရှိ သတင်းထောက်တဦးက “မည်သူမသိ ကိုယ့်လိပ်ပြာကိုယ်သိ ဆိုသလို … သူတို့လိပ်ပြာ သူတို့သိပြီး တိုင်းပြည်ကို မျက်နှာမပြရဲတာရယ် … လူထုအတွက် စိုးရိမ်သောကမရောက်တာရယ်ကြောင့် လေဘေးဒုက္ခသည် တွေဆီ မသွားတာ ဖြစ်မယ်” ဟု ပြောသည်။

သံဃာတော်များက လမ်းများပေါ်တွင်ပိတ်ဆို့နေသည့် သစ်ပင်များ၊ အမှိုက်သရိုက်များ ရှင်းလင်းနေပုံများကို ယခု အပတ်ထုတ် ဂျာနယ်များတွင် မဖော်ပြရန် စာပေစိစစ်ရေး ယနေ့ခေါ်ပြောသည်ဟုလည်း သတင်းရရှိသည်။

“မုန်တိုင်းတိုက်ပြီးနောက်တနေ့မှာ လမ်းပေါ်ထွက်ပြီးသစ်ပင်တွေဖယ်တာ စစ်တပ်လဲမဟုတ်ဘူး၊  ကြံ့ဖွံ့နဲ့ မီးသတ်လည်း မဟုတ်ဘူး၊ ဘုန်းကြီးတွေ ဖယ်တာ။ ဒါကိုမကြိုက်လို့ ဖော်ပြခွင့်မပေးတာ” ဟု အဆိုပါ သတင်းထောက်က ပြောသည်။

မုန်တိုင်းတိုက်ခတ်အပြီးနောက်တနေ့၌ စစ်အစိုးရထုတ်သတင်းစာတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့၌ မသမာသူ များက ကောလာဟလသတင်းများထုတ်လွှင့်နေကြသဖြင့် ပြည်သူများချင့်ချိန်ယုံကြရန်၊ ထုတ်လွှင့်သူများကို ပူးပေါင်းဖော် ထုတ်ဖမ်းဆီးရန်နှင့် သက်ဆိုင်ရာသို့ချက်ချင်းသတင်းပို့ရန် သတိပေး နှိုးဆော်ကြောင်း ပါရှိသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!