အင်းစိန်ထောင် အဆောင် (၁) မီးလောင်၊ ၁၅ ဦးထက်မနည်း သေဆုံး
ကိုသက် | မေ ၅၊ ၂၀၀၈

မေလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်က ရန်ကုန်အင်းစိန်ထောင်၏ အဆောင် ၁ (အချုပ်ဆောင်) မီးလောင်ရာမှ အဓိကရုဏ်းဖြစ်ပွားရာ အဆောင် ၁ တဆောင်လုံး ပြာကျသွားပြီး အာဏာပိုင်တို့က ပစ်ခတ်နှိမ်နင်းသဖြင့် အချုပ်သား ၁၅ ဦးထက်မနည်းသေဆုံးကြောင်း သိရသည်။

အခင်းဖြစ်ပွားပုံမှာ ယခုလ ၂ ရက်နေ့ကတိုက်ခတ်သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်းကြောင့် အဆောင် ၁ ခေါင်မိုးလန်သွားရာ အချုပ်သားများက မိုး၊ လေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် အော်ဟစ်တောင်းဆိုရာမှ ထောင်ဝန်ထမ်း ၁၀၀ ခန့် အဆောင်တွင်းသို့ဝင်ကာ အကြမ်းဖက်ရိုက်နှက်ဖြေရှင်းသဖြင့် အချုပ်သားများက အဆောင်ကို မီးရှို့ခြင်းဖြစ်သည်။

အခင်းဖြစ်ပွားနေစဉ် ထောင်အာဏာပိုင်က အခြေအနေကိုမထိန်းနိုင်သဖြင့် စစ်တပ်နှင့် လုံထိန်းရဲများကို ခေါ်ယူနှိမ်နင်းခိုင်းရာ ပစ်ခတ်နှိမ်နင်းမှုကြောင့် အချုပ်သား ၁၅ ဦးထက်မနည်း သေဆုံးခြင်းဖြစ်သည်ဟု အင်းစိန်ထောင်ဝန်ထမ်းတဦးက ပြောသည်။

အတည်မပြုရသေးသည့် သတင်းများအရ အချုပ်သား ၃၆ ဦး သေဆုံးပြီး ၇၀ ခန့် ထောင်ဆေးရုံတင်ထားကြာင်း သိရသည်။ ဆေးရုံတက်နေရသူများအနက် ၃၀ ခန့်သည် သေနတ်ဒဏ်ရာ ရထားသူများ ဖြစ်ကြသည်။

“မီးဘယ်ကစလောင်တယ်ဆိုတာ အခုမှစစ်နေတုန်း … ရိုက်စစ်တာတွေလည်းရှိတယ်။ လက်နက်ကိုင်တွေကိုတော့ အခုအထိ အစောင့်ချထားတာ တွေ့ခဲ့တယ်” ဟု ယနေ့နံနက်က ထောင်ဝင်စာတွေ့ခဲ့သူတဦးက ဧရာဝတီကိုပြောသည်။

ယခုအခါ အဆောင် ၁ မှ အချုပ်သား ၉၈ ဦးကို ပါဆယ်သာပေးခွင့်ပြုပြီး ထောင်ဝင်စာပိတ်ထားသည်ဟု အာဏာပိုင်က ထောင်ဘူးဝတွင် နာမည်နှင့်တကွကြေညာကြောင်း ထောင်ဝင်စာတွေ့ခဲ့သူက ပြောသည်။

ထောင်ဝင်စာပိတ်ခံထားရသူများသည် မီးလောင်ကမှုနှင့်ပတ်သက်ပြီး စစ်ဆေးခြင်းခံနေရသူများနှင့် ထိခိုက်ဒဏ်ရာရမှုကြောင့် ထောင်ဆေးရုံတင်ထားရသူများ ဖြစ်ကြသည်။

အဆောင် ၁ တွင် အထိန့်မချရသေးသည့် အချုပ်သားများ ထားရှိသည့်အဆောင်ဖြစ်ပြီး ၈၀၀ ခန့်ကို ချုပ်နှောင်ထားသည်။ ထိုအဆောင်၌ နိုင်ငံရေးအကျဉ်းသားတချို့ရှိသည်ဟုလည်း နိုင်ငံရေးအကျဉ်းသားတဦး၏ မိသားစုဝင်က ပြောသည်။

ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်မှ အချုပ်သားတဦးသေဆုံးသည်ဟု ထောင်အာဏာပိုင်က စာရင်းထုတ်ပြန်သည်။

ယခုအခါ အာဏာပိုင်တို့က ထောင်ဝင်စာသွားရောက်တွေ့ဆုံသူများအား ဆေးလိပ်နှင့်မီးခြစ်ပေးခွင့်ကို ပိတ်ပင်ထားသည်ဟု ထောင်ဝင်စာတွေ့ခဲ့သူက ပြောသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!