ကျောက်ပန်းတောင်းတွင် ထောက်ခံမဲများ ကြိုတင်ထည့်ခိုင်း
ကိုသက် | မေ ၂၊ ၂၀၀၈

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တွင် လွန်ခဲ့သည့် ၃ ရက်မှစ၍ သက်ဆိုင်ရာအာဏာပိုင်များက ထောက်ခံမဲများ ကြိုတင်ထည့်ခိုင်းနေသည်ဟု ဒေသခံများက ဧရာဝတီကို ပြောသည်။

ရပ်ကွက်အဆင့် အာဏာပိုင်များက ဖိအားပေးခြိမ်းခြောက်မှုများပြုလုပ်၍ အိမ်တိုင်ရာရောက်လှည့်လည်ကာ ထောက်ခံမဲ များကို ထည့်ခိုင်းခြင်းဖြစ်သည်။

ကျောက်ပန်းတောင်းမြို့ရှိ ဒေသခံတဦးက “သူတို့ (အာဏာပိုင်) နိုင်လောက်တဲ့ဆင်ခြေဖုံး၊ ကြောက်လောက်တဲ့ နေရာတွေ ကိုသွားတယ်၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့အိမ်တွေ၊ သဘောတရားသိတဲ့အိမ်တွေကိုမလာဘူး။ ရွာတွေကိုလည်းသွားတယ်။ တချို့ကတော့ မထည့်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။

အိမ်တိုင်ရာရောက် ထောက်ခံမဲများ လိုက်ကောက်နေသူများတွင် လူထုဆန္ဒခံယူပွဲကော်မရှင်ကခန့်အပ်ထားသည့် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များမပါဘဲ မြို့နယ် မယက၊ ရယက၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက လိုက်လံကောက်ခံနေခြင်း ဖြစ်သည်ဟုလည်း အဆိုပါဒေသခံက ပြောသည်။

ကျောက်ပန်းတောင်းမြို့တွင်သီတင်းသုံးသည့် စာချဆရာတော်တပါးကလည်း “မဲကြိုပေးခိုင်းတာမှာ ပေးတဲ့လူက အမှားခြစ် ချင်ပါရဲ့နဲ့ အမှန်ခြစ်တာ … ဒါလေးကိုအမှန်ခြစ်လိုက်ပါဆိုပြီး မဲထည့်မယ့်လူကတောင် မခြစ်ရဘူး” ဟု မိန့်ကြားသည်။

“ဒေသခံလူထုတွေက မကျေနပ်ကြဘူး၊ ပြောပြန်တော့လည်း ပြောတဲ့လူကိုဖမ်းမယ်လို့ ခြိမ်းခြောက်တယ် … စည်းနဲ့ကမ်းနဲ့ ဥပဒေဘောင်အတွင်းကပြောပြန်တော့လည်း လက်မခံဘူး။ ဒေသခံတွေကတော့ မကျေနပ်တာက တချက်၊ ကြောက်တာက တချက်ပေါ့” ဟုလည်း ကျောက်ပန်းတောင်း ဒေသခံက ပြောသည်။

အာဏာပိုင်တို့၏ ခြိမ်းခြောက်မှုများကြောင့် ယမန်နေ့က မဲဆန္ဒရှင်တရာခန့် ထောက်ခံမဲများထည့်လိုက်ရကြောင်း သိရသည်။

“ကန့်ကွက်ရင်ဘာဖြစ်မယ်၊ ထောက်ခံရင်ဘာဖြစ်မယ်၊ ဘာကိုကန့်ကွက်၊ ဘာကိုထောက်ခံတယ်ဆိုတာတွေကို ရွာတွေက လူတွေက ဘာမှကိုမသိကြဘူး။ ဗဟုသုတ နည်းတာလည်းပါတယ်။ အဲဒီမှာ အာဏာပိုင်အဖွဲ့အစည်းက အဓမ္မထောက်ခံ ခိုင်းတော့ မထောက်ခံရင် ဖမ်းမလား ဆီးမလားနဲ့ လူတွေကကြောက်လာကြတယ်၊ နဂိုကတည်းက ကြောက်နေရတာ မဟုတ်လား” ဟု စာချဆရာတော်က မိန့်ကြားသည်။

ကျောက်ပန်းတောင်းရှိ ဒေသခံ အန်အယ်လ်ဒီပါတီဝင်များက အခြေခံဥပဒေ၊ လူထုဆန္ဒခံယူပွဲနှင့်ပတ်သက်သော ပါတီက ထုတ်ပြန်ထားသည့် စာရွက်စာတမ်းများကို အများပြည်သူသိရှိနားလည်းအောင် ဖြန့်ဝေမှုများ ပြုလုပ်နေသော်လည်း တရားဝင်လုပ်ကိုင်ခွင့်မရသောကြောင့် ကျယ်ကျယ်ပြန့်ပြန့်မလုပ်နိုင်ကြောင်းလည်း အဆိုပါ စာချဆရာတော်က မိန့်ကြားသည်။

“ဦးပဉ္ဇင်းတို့ကတော့ ကိုယ်နီးစပ်ရာ ဒကာ၊ ဒကာမတွေကို ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ရလာမယ့်အကျိုးအပြစ်ကို ပြောပြ၊ ရှင်းပြတာပဲ။ တချို့ကနားလည်ကြပေမယ့် လောလောဆယ် ကောင်းကောင်းမွန်မွန်နေရဖို့ဆိုတဲ့ လူမျိုးကလည်း ရှိသေး တာကိုး” ဟု စာချဆရာတော်က မိန့်ကြားသည်။

လွန်ခဲ့သည့်လက လူထုဆန္ဒခံယူပွဲတွင် အခြေခံဥပဒေမူကြမ်းနှင့် ဆန္ဒခံယူပွဲဥပဒေတို့သည် တရားမျှတမှု မရှိကြောင်း၊ ဆန္ဒ ခံယူပွဲ၌ ပြည်သူလူထုက ကန့်ကွက်မဲထည့်ကြရန်တို့ကို ကြေညာချက်များ ထုတ်ပြန်ထားသည်။

စစ်အစိုးရကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုထောက်ခံကြရန် ၎င်းတို့ပိုင်ရေဒီယို၊ တီဗီ၊ သတင်းစာတို့မှတဆင့် ၀ါဒဖြန့်ချိရေး များပြုလုပ်နေသည့်အပြင် ဒေသအသီးသီး၌လည်း ထောက်ခံမဲများရရှိရေးအတွက် ဖိအားပေး အကြပ်ကိုင်မှုများပြုလုပ်နေ ကြောင်း သတင်းရရှိသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!