လူ့အခွင့်အရေးသမား ဦးမြင့်အေး အရိုက်ခံရ
ကိုသက် | မတ် ၂၈၊ ၂၀၀၈
လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ အဖွဲ့၏ခေါင်းဆောင် ဦးမြင့်အေးသည် ယမန်နေ့ည ၉ နာရီခန့်က စမ်းချောင်းမြို့နယ် တွင် အရိုက်ခံရသဖြင့် ခေါင်းတွင် ၅ ချက်ချုပ်ရကြောင်း သိရသည်။
 |
ဦးမြင့်အေး |
“မနေ့ည ၉ နာရီလောက်က အဖော်တွေနဲ့လမ်းခွဲပြီးအပြန် နောက်ကနေရိုက်သွားပါတယ်။ ခဏတော့ မိုက်ကျသွားတယ်၊ ပြန်သတိထားမိတော့ ကျနော်ကသွေးတွေနဲ့ လမ်းလျှောက်နေပြီ … taxi နဲ့ အိမ်ရောက်အောင်ပြန်သွားတယ်။ အိမ်ရောက်ပြီး အနောက်ပိုင်းဆေးရုံကိုသွားတော့ ညာဘက်နားထဲက သွေးတွေထွက်နေလို့ ရန်ကုန် ဆေးရုံကြီးကိုသွားပါဆိုလို့ သွားရတယ်” ဟု ဦးမြင့်အေးက ဧရာဝတီကို ပြောသည်။
အကြမ်းဖက်ရိုက်နှက်သူသည် မည်သူဖြစ်သည်ကို ဦးမြင့်အေးကိုယ်တိုင် မတွေ့လိုက်ရပေ။
“ကျနော့်အသက်က ၅၇ နှစ်ပါ။ လမ်းပေါ်မှာ ကလေးကလား ရန်ဖြစ်ရမယ့်အရွယ်နဲ့ အခြေအနေမဟုတ်ပါဘူး။ ရန်ငြိုးရန်စလည်း မရှိပါဘူး။ လူ့အခွင့်အရေးကိုသာ ကျနော်လုပ်တယ်၊ လူ့အခွင့်အရေးကိစ္စတွေကို ထဲထဲဝင်ဝင် ဆောင်ရွက်တယ်။ ဒီလုပ်ရပ်တွေကို မကျေနပ်တဲ့သူက ရိုက်တာဖြစ်မှာပါ” ဟုလည်း ဦးမြင့်အေးက ဆက်ပြောသည်။
ဦမြင့်အေးသည် ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့်အာရုံကြောဌာနတွင် တညတာဆေးဝါးကုသမှုခံယူ၍ ယနေ့ညနေ ၄ နာရီကျော်တွင် ဆေးရုံကဆင်းခွင့်ပြုလိုက်သည်ဟု ဦးမြင့်အေး၏မိတ်ဆွေတဦးက ပြောသည်။
ဦးမြင့်အေးအရိုက်ခံရသည့်အမှုကို စမ်းချောင်းရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။
“တကယ်လို့ ကျနော့်ကိုရိုက်တဲ့ပုဂ္ဂိုလ်ကြားမယ်၊ သိမယ်ဆိုရင် ပြောချင်ပါတယ် … လူ့အခွင့်အရေးလုပ်လို့ ခြိမ်းခြောက်တဲ့အနေနဲ့ရိုက်တာဆိုရင် ကျနော်ဆက်လုပ်ဦးမယ်လို့ ပြောပါရစေ” ဟု ဦးမြင့်အေးက ပြောသည်။
ဦးမြင့်အေးသည် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီ၏ ဥက္ကဌဟောင်းလည်းဖြစ်ပြီး လူ့အခွင့်အရေး စာရွက်စာတမ်းများဖြန့်ဝေသည့်အတွက် ၂၀၀၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်တွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာ ၁၃ ရက်တွင် ပြန်လည်လွတ်မြောက်သည်။
လွန်ခဲ့သည့်နှစ် ဧပြီလအတွင်းကလည်း ရန်ကုန်တိုင်း ဟင်္သာတမြို့နယ် အုတ်ပုံရွာတွင် လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူ အဖွဲ့ဝင်များ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လှည့်လည်ရှင်းလင်းစဉ် ကြံ့ဖွံ့များ၏ တုတ်၊ ဓား၊ လေးဂွတို့ဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
အဆိုပါအကြမ်းဖက်မှုကြောင့် လူ့အခွင့်အရေးသမားများဖြစ်ကြသည့် ကိုမြင့်နိုင်နှင့် ကိုမောင်မောင်လေးတို့ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရကြပြီး ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဆေးဝါးကုသခဲ့ကြရသည်။ [Top]
|