ရန်ကုန် ကားဈေး ထိုးကျ
ကြည်ဝေ | မတ် ၂၈ ၊ ၂၀၀၈
ရန်ကုန်ကားဈေးကွက်၌ ကားဈေးနှုန်းများ များစွာထိုးကျနေသောကြောင့် ကားပွဲစားများနှင့် ကားဝယ်ရောင်း လုပ်ကိုင်သူများ အခက်အခဲဖြစ်နေကြသည်ဟု ယင်း ပွဲစားများနှင့် ဝယ်ရောင်းလုပ်သူများက ပြောပြသည်။
ကားဈေးနှုန်းများမှာ ထက်ဝက်နီးပါးခန့် ကျဆင်းလျက်ရှိပြီး ကားဝယ်မည့်သူလည်း အလွန်နည်းပါးလျက်ရှိ သောကြောင့် ကားပွဲစားလုပ်ကိုင်သူအများစုသည် တခြားအဆင်ပြေရာ လုပ်ငန်းသို့ ပြောင်း၍ လုပ်ကိုင်နေကြရ သည်ဟု ရန်ကုန်မြို့ ကျောက်မြောင်း သတိပဌာန် မှ ကားပွဲစားတဦးက ပြောသည်။
“ကားပွဲစားတွေလည်း အလုပ်ပြောင်းတဲ့သူက ပြောင်းကုန်ပြီ၊ အရင်းအနှီးရှိတဲ့သူတွေကတော့ တခြားအလုပ် တခုခုကိုပြောင်း လုပ်နိုင်တာပေါ့၊ ကျနော်တို့ ကျတော့ အရင်းအနှီးမရှိတော့ လုပ်ချင်ပေမယ့် မတတ်နိုင်ဘူး”ဟု ယင်း ကားပွဲစားက ပြောသည်။
ကားပွဲစားများသည် အရောင်းအဝယ်ဖြစ်ပါက ကားရောင်းသူနှင့် ဝယ်သူ ၂ ဦးလုံးထံမှ ၅ ရာခိုင်နှုန်းသာ ရရှိပြီး အရောင်းအဝယ်မဖြစ်ပါက မရရှိကြောင်း သိရသည်။
ယခင်က ရန်ကုန် ဟံသာဝတီနှင့် သတိပဌာန်ကဲ့သို့သော ကားအရောင်းအဝယ်ပြုလုပ်ရာ ကားဝိုင်းများတွင် နေ့စဉ် တနေ့လျင် အနည်းဆုံး ကား ၅ စီးကနေ အများဆုံး အစီး ၂၀ အထိ အရောင်းအဝယ်ဖြစ်ကြောင်း ကားပွဲစားများက ပြောဆိုသည်။
လက်ရှိကားဈေးကွက်တွင် ပြည်ပမှတင်သွင်းလာသော မော်ဒယ်လ် အမြင့်ကားဈေးနှုန်းများမှာ ကျပ်သိန်း ၅၀၀မှ ကျပ် သိန်း၁၀၀၀ ခန့်အထိ ကျဆင်းလျက်ရှိပြီး မော်ဒယ်လ် အနိမ့်ကားများမှာလည်း ကျပ် သိန်း ၁၀၀ ဝန်းကျင် ကျဆင်းနေကြောင်း ကားအရောင်းအဝယ် အသိုင်းအဝန်း ကပြောသည်။
၂၀၀၇ ခုနှစ်တွင် အမြင့်ကားဈေးနှုန်းများမှာ လင်ခရူဇာ ၂၀၀၇ မော်ဒယ်လ် ကျပ် သိန်း လေးထောင်ကျော်ဈေးမှ ၂၀၀၈ ခု မတ်လတွင် ကျပ် သိန်းသုံးထောင်ဝန်းကျင်ထိကျဆင်းခဲ့ပြီး လင်ခရူဇာ ၂၀၀၄ မော်ဒယ်လ်မှာ သိန်း ၃၅၀၀၀န်းကျင်ဈေးရှိခဲ့ရာမှ ယခုအခါ သိန်း ၂၆၀၀ ဈေးရှိသည်။
ပရာဒို ၁၉၉၇ မော်ဒယ်လ် ဈေးမှာ ယခင် ကျပ် သိန်း ၂၅၀၀ ကျော်မှ ယခု သိန်း၂၀၀၀ အောက်ထိကျဆင်းခဲ့ပြီး ဆတ်ဖ် ၁၉၉၂ မော်ဒယ်လ် ဈေးမှာ ယခင် သိန်း ၁၅၀၀ မှ ယခု သိန်း ၁၂၀၀၊ မတ်တူး ၁၉၉၄ မော်ဒယ်လ် ယခင် သိန်း ၁၃၀၀ ၀န်းကျင်မှ ယခု သိန်း ၁၀၀၀ ၀န်းကျင် ဈေးပေါက်လျက်ရှိကြောင်း သိရှိရသည်။
ကားဝယ်ရောင်းလုပ်နေသူ တဦးက“ဦးပိုင်မှာတောင် ဂျပန်ကသွင်းလာတဲ့ကားတွေ ဈေးကျကုန်တယ်၊ အဲဒီလို အမြင့်ကားတွေ ဈေးကျတော့ အနိမ့်ကားတွေလည်း လိုက်ဆင်းကုန်တယ်”ဟု ဆိုသည်။
အဆိုပါ စီးပွားရေးဦးပိုင် လီမိတက်(ဦးပိုင်)သည် စစ်တပ်က ဦးစီးတည်ထောင်ထားသည့် စီးပွားရေးလုပ်ငန်း အဖွဲ့ဖြစ်သည်။
အနိမ့်ကားဈေးများမှာလည်း ၂၀၀၈ ခု မော်ဒယ်လ်ရောင်းဈေးမှာ ယခင် ကျပ် သိန်း ၃၈၀၊ ၄၀၀ ၀န်းကျင်မှ ယခုအခါ ကျပ် သိန်း ၃၀၀ ၀န်းကျင်ထိဆင်းသွားပြီး စူပါဆလွန်း ၁၉၈၈ မော်ဒယ်လ် ယခင် သိန်း ၃၀၀ ဈေးမှ ယခု သိန်း၂၀၀ဈေး၊ ဆူဇူကီး ၁၉၈၈ မော်ဒယ်လ် ဈေးမှာ ယခင် သိန်း၅၀၀ ကျော် ယခု သိန်း ၃၀၀ကျော်ဈေး ရှိနေကြောင်း သိရှိရသည်။
ယခု ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ လကုန်ပိုင်းမှ မတ်လဆန်းအထိ ကားဈေးများမှာ ပျမ်းမျှ ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်း ကျဆင်းသွားကြောင်းလည်း ကားဝယ်ရောင်း သမားများက ပြောဆိုသည်။
“ကားအရောင်းအ၀ယ်ပါးလို့ ကားတွေဈေးကျသထက် ကျလာတာပါ၊ ကားတွေဈေးကျနေလို့ဆိုပြီး အရောင်း အ၀ယ်လည်း မရှိသလောက်ကို ဖြစ်ကုန်တာ၊ အခုကတော့ တကယ် ကားစီးဖို့ ၀ယ်ချင်တဲ့သူလောက်ပဲ ရှိတော့တယ်”ဟု ရန်ကုန် ဟံသာဝတီကားဝိုင်းအတွင်းမှ ၀ါရင့်ကားပွဲစားတဦးက ပြောသည်။
ရန်ကုန်ကားဈေးကွက်၏သဘောသည် ဈေးကောင်းနေမှသာ ၀ယ်ချင်သည့်သဘောရှိသည့်အတွက် ယခုလို ကားဈေးများကျဆင်းနေချိန်တွင် ကားလုပ်ငန်းဘက်ကို စိတ်ဝင်စားပြီး ရင်းနှီးမြှုပ်နှံမည့်သူများမရှိ တော့ သောကြောင့် အရောင်းအ၀ယ်မှာ ယခင်ကထက် ပါးသထက်ပါးလာခြင်းဖြစ်ကြောင်း သူက ပြောဆိုသည်။
“ကားအရောင်းအဝယ် ပါးသွားတာရဲ့ အဓိကအချက်က လုပ်ငန်းရှင်တွေ စီးပွားကျပြီး ငွေကြေး အကြပ်အတည်း များလာတာက အဓိက အကြောင်းပဲ၊ နောက်တကြောင်းက အရင် ငါးနှစ် ခြောက်နှစ်ကလို ကားဈေး ကောင်း၊ အရောင်းအ၀ယ်ကောင်းတဲ့ အနေအထားမျိုး ပြန်မဖြစ်နိုင်တော့ဘူး ဆိုတာကို လူတွေသိလာတာလည်းပါတယ်” ဟု သတိပဌာန်ကားဝိုင်းမှ ကားပွဲစားကပြောသည်။
မြန်မာနိုင်ငံ ကားဈေးကွက် အရောင်းအဝယ်အေးသွားခဲ့သည်မှာ ၂၀၀၇ ခုနှစ် စက်တင်ဘာ အရေးအခင်း နောက်ပိုင်းကတည်းက ဖြစ်သည်ဟုလည်း ဆိုသည်။
ယခင်က ကားဈေးကွက်ကောင်းရခြင်းအချက်တချက်မှာ ကားတင်သွင်းခွင့် ပါမစ်ကို အစိုးရက ချုပ်ကိုင် ကန့်သတ်ခဲ့သည့် အချက်ပါဝင်ကြောင်း၊ ယခုအခါ ယင်းသို့ ထိန်းချုပ်ရန် ခက်ခဲလာပြီး ပြည်တွင်းသို့ ကားဝင် ရောက်မှုသည် တရားဝင်လမ်းရော၊ တရားမဝင်လမ်းများကပါ ဝင်ရောက်မှုများရှိနေသောကြောင့် ကားဈေးကွက် ထိခိုက်ရခြင်းဖြစ်ကြောင်း ကားတင်သွင်းသူ လုပ်ငန်းရှင် တဦးကပြောသည်။
“တလတလ ပမာဏအားဖြင့် ဘယ်လောက်ဝင်နေတယ်ဆိုတာ သေချာမသိပေမယ့်၊ ကားသစ်တွေကတော့ တောက်လျှောက် ၀င်နေတာပဲ၊ ၉ (ခ)နံပါတ် ဆိုရင် ခဏလေးနဲ့ နံပါတ်ကုန်သွားတယ်၊ အခု ၁ (ဂ) နံပါတ်ဆိုရင် လည်း ၂၀၀၀ ကျော်တော့မယ်” ဟု ၎င်းက ဆိုသည်။
ယခုနှစ် သင်္ကြန်အပြီးတွင် ကားဈေးအတွင်းသို့ ဝင်လာစရာရှိသည့် ကားအစီး ၂၀၀ ကျော်အတွက် ယခုအချိန် အထိ ကြိုပွိုင့် သမားများမှာ မဝယ်ရဲသေးကြကြောင်း၊ ထို့အပြင် အစိုးရက ကားပါမစ်များနှင့်လိုင်စင်များကို ထပ်မံချပေးဦးမည်ဟူသော သတင်းများ ထွက်ပေါ်နေသောကြောင့် ကားဈေးများ ထပ်ကျဖွယ် ရှိကြောင်းလည်း အထက်ပါ ကားတင်သွင်းသည့် လုပ်ငန်းရှင်ကပြောပြသည်။
“သင်္ကြန်ပြီး ကျောင်းဖွင့်ရာသီတွေမှာ ကားဈေးတက်လေ့ရှိပေမယ့် ဒီနှစ်ကတော့မျှော်လင့်ချက်မရှိဘူးလို့ပြောရ မှာပဲ” ဟု လည်း ကားတင်သွင်းသူ က ပြောဆိုသည်။ [Top]
|