ဘုရားဖူး စက်လှေမှောက်၍ လူ နှစ်ဆယ်ကျော် သေဆုံး
အေးလဲ့ | မတ် ၂၇၊ ၂၀၀၈

မန္တလေး-မေမြို့သွား ကားလမ်းပေါ်ရှိ အုန်းချောရွာအနီး ရွှေစာရံဘုရားပွဲ လာသူများသည် အမရပူရမြို့နယ်ရှိ နဂါးရုံဘုရားသို့ ရေလမ်းခရီးဖြင့် ဘုရားဖူးသွားရင်း စက်လှေမှောက်၍ လူပေါင်း နှစ်ဆယ်ကျော်သေဆုံး ခဲ့ကြောင်း သိရသည်။

ရွှေစာရံဘုရားပွဲလာရောက်သူများသည် ၎င်းဘုရားမှဆက်၍ မြစ်ငယ် မြစ်ကိုဖြတ်ပြီး စက်လှေဖြင့်နဂါးရုံဘုရား ကို သွားရောက်ဘုရားဖူးလေ့ရှိရာ လွန်ခဲ့သည့် သောကြာနေ့က ထိုကဲ့သို့သွားရောက်ကြရင်း စက်လှေ နစ်ရ ခြင်းဖြစ်ကြောင်း မန္တလေး ဒေသခံ တဦးကပြောပြသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်ရှိ အုန်းချော ရယက ရုံးမှတာဝန်ရှိသူတဦးကလည်း“အလောင်းက ၁၇ လောင်း တွေ့တယ်၊ ရှင်တဲ့သူလည်းတွေ့တယ်။ လှေပေါ်မှာက လူ ၁၀၀ လောက်ပါတယ်၊ တချို့လည်း ပျောက်နေတယ်၊ ရှေ့ကငုတ်ကို ဝင်တိုက်လိုက်တာ၊ စက်လှေ ကွဲပြီး လူတွေအကုန်နစ်ကုန်တာ”ဟု ပြော သည်။

အဆိုပါ ရုပ်အလောင်းများကို မြစ်ငယ်မြစ်တံတားအောက်ဘက်မှပြန်တွေ့ခြင်းဖြစ်ပြီး ယင်းအလောင်းတွေ့ရှိ သူများထဲမှ မန္တလေးမြို့ ရွှေတံငါဝင်း အရပ်တွင်နေထိုင်သူ နန်းစန်းစန်းဦး၏ ရက်လည်ဆွမ်းကျွေးကို ယနေ့ပြု လုပ်ကြောင်း မန္တလေးဒေသခံများက အတည်ပြု ပြောဆိုသည်။

နောက်ဆုံးရရှိသော သတင်းအရ စက်လှေ မောင်းသမားကို မြစ်ငယ်ရဲစခန်းတွင် ဖမ်းဆီးထားကြောင်းနှင့် ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး မြစ်ငယ်ရဲစခန်းမှ တာဝန်ယူဆောင်ရွက်နေသည်ဟု အုန်းချော ရယက ရုံးက ပြောသည်။

ရွှေစာရံ ဘုရားပွဲသည် နှစ်စဉ်ကျင်းပလေ့ရှိရာ ဘုရားဖူးလာသူများ၏ အပျော်ကျူးခြင်းကြောင့် လည်းကောင်း၊ ဒေသန္တရ ထုံးတမ်းစဉ်လာများကို မတော်တဆချိုးဖောက်မိ၍ သော်လည်းကောင်း နှစ်စဉ်လိုပင် လူ အသေအပျောက် ရှိကြောင်း မန္တလေး ဒေသခံများက ပြောသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!