မစိုးရိမ် ဆရာတော်ကြီး ပျံလွန်တော်မူပြီ
အေးလဲ့ | ဧပြီ ၃၀၊ ၂၀၀၈

မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဦးကောဝိဒါဘိဝံသသည် အင်္ဂါနေ့ မြန်မာစံတော်ချိန် ည ၁၁ နာရီ ၇ မိနစ်တွင် နှလုံးရောဂါ ဝေဒနာဖြင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ ပျံလွန်တော်မူသွားကြောင်း သိရသည်။


ဆရာတော် ဦးကောဝိဒါဘိဝံသ

သက်တော် ၈၁ နှစ်ရှိ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချူပ် ပဓာနစာရ ဆရာတော်ဦးကောဝိဒါ ဘိဝံသကို ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အသယ်ကြီးအရပ် ရှိ ခမည်းတော် ဦးမောင်စီ၊ မယ်တော် ဒေါ်သိန်းတင် တို့မှ မြန်မာ သက္ကရာဇ် ၁၂၈၉ ခု ကဆုန် လဆုတ် ၈ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။

ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပြီး နောက် ဓနုဖြူမြို့ ခင်မကန်တိုက်၊ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် များတွင် ပညာသင်ကြားခဲ့သည်။

ဆရာတော် ဦးကောဝိဒါသည် မန္တလေး မစိုးရိမ်ကျောင်းတိုက်တွင် နှစ်၅၀ ကြာ စာချ ဆရာတော် အဖြစ် သင်ကြား ပို့ချခဲ့သည်။ ပရိယတ္တိစာပေများကိုလည်း ရေးသားခဲ့သည်။ ရန်ကုန်မြို့ ငွေကြာယံ ကျောင်းတိုက် တွင်လည်း နှစ်များစွာ စာပေသင်ကြားပို့ချခဲ့သည်။ ဓမ္မာစရိယ ပိုင်းဆိုင်ရာ ဝိနည်း ကျမ်းဂန်များ ပို့ချရာတွင် ကျော်ကြားခဲ့သည်။

ဆရာတော်ကြီးသည် ၂၀၀၁ ခုနှစ်တွင် အမေရိကန်နိုင်ငံနယူးရောက်မြို့ရှိ သာသနာ့ဇောတိက ကျောင်းတိုက်သို့ကြွရောက်၍ သတင်းသုံး နေထိုင်ခဲ့ပြီး နှစ်စဉ် မြန်မာနိုင်ငံသို့ ပြန်ကြွခဲ့ကြောင်း သိရသည်။

၂၀၀၇ခုနှစ် စက်တင်ဘာလ သံဃာတော်များဦးဆောင်သည့် ငြိမ်းချမ်းစွာဆန္ဒပြပွဲကို စစ်အစိုးရမှအကြမ်းဖက် နှိမ်နင်းပြီး သည့်နောက်ပိုင်း သာသနာ့အန္တရာယ် ကာကွယ်ရန်အတွက် သာသနာ့ မောလီ အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချူပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့သည်။

ဆရာတော်ကြီး ဦးကောဝိဒါသည် ၁၉၉၀ သပိတ်မှောက်ကံဆောင်ရာတွင်လည်း ဦးဆောင်ပါဝင်ခဲ့သည်။ ယင်း သပိတ် မှောက်ကံဆောင်သည့်အတွက် စစ်အစိုးရက ၁၉၉၀ မှ ၁၉၉၃ ခုနှစ်အထိ  မန္တလေးထောင်တွင် ထောင် ၃ နှစ် ချခဲ့ဖူးသည်။

ပြည်ပ အခြေစိုက် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုမှ  ဦးပဉ္ဖင်း ဦးပညာဇောတက “ဆရာတော်ကြီးဟာ ရဟန်း သံဃာတွေကို ပညာတတ်စေချင်တယ်၊ ပညာတတ်ရင် တတ်တဲ့အလျောက် အကျိုးရှိရှိ အသုံးချ စေချင်တယ်၊ မြန်မာပြည် သူတွေ ဆင်းရဲခြင်းမှ လွတ်မြောက်စေချင်တဲ့ ဆန္ဒ၊ အများအကျိုးကို ဆောင်ရွက်လို တဲ့ ဆန္ဒရှိတယ်၊ ဓမ္မနဲ့တရားနဲ့ အညီ ကျင့်ကြံနေထိုင်တယ်၊ အမျိုးဘာသာ သာသနာနဲ့ ပတ်သက်လာရင် သာသနာ့ ဝိနည်းနှင့် အညီ သာသနာ့တာဝန်ကို ကျေကျေပွန်ပွန် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တယ်” ဟု ပြော သည်။

ဆန္ဒခံယူပွဲ မဲပေးရေးနှင့် ပတ်သက်ပြီး ဆရာတော်ကြီး၏ သဘောထားကို ဦးပညာဇောတက ယခုလိုပြော သည်။

“၄ လပိုင်း ၂၆ရက်နေ့ မတိုင်မီ ဆရာတော်ကြီး ပြောခဲ့သည့် သြဝါဒ ထဲမှ ပြည်တွင်းပြည်ပရှိ သံဃာတော်များ၊ ဒီမိုကရေစီ အင်အားစု နှင့် နိုင်ငံရေးအင်အားစုများကို ဆရာတော်ကြီးက နအဖစစ်အစိုးရ မှ ၅ လ ပိုင်းမှာ ကျင်းပမည့် ပြည်သူ့ဆန္ဒ ခံယူပွဲနှင့်ပတ်သက်ပြီး ဆရာတော်ကြီး၏ဆန္ဒသဘောထားကတော့ ကန့်ကွက်မဲ လည်း ပေးစရာမလို၊ ထောက်ခံမဲလည်း ပေးစရာမလို၊ လုံးဝသပိတ်မှောက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်” ဟု ဦးပညာဇောတမှ ပြန်လည်ပြောပြသည်။

ဆရာတော်ကြီးက သပိတ်မှောက်ခြင်းအကြောင်းနှင့် ပတ်သက်၍ နအဖမှ မေ၉၀ရွေးကောက်ပွဲကိုအသိ အမှတ် မပြုခြင်း၊ ရွေးကောက်ပွဲမှ တင်မြှောက်ထားသည့် လွတ်တော်အမတ်များနှင့်အတူ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေကို ရေးဆွဲခြင်း မဟုတ်ဘဲ နအဖလိုကျ အာဏာတည်မြဲရေးအတွက်သာ အဓိကထားပြီး ပြည်သူတွေ စစ်ကျွန်ဘဝ ကို ရောက်နိုင်သည့် အခြေခံဥပဒေအား လက်ရှိ အတည်ပြုရေးကြိုးစားနေမှုကို လုံးဝ သပိတ်မှောက်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်းပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့ကြီးကလည်း ဆရာတော်ကြီးပျံလွန်တော်မူသွားခြင်းသည် သာသနာတော် အတွက်ဆုံးရှုံးနစ်နာရုံသာမက မြန်မာပြည်သူ များနှင့် ကမ္ဘာ့ပြည်သူများအတွက်လည်း ဆုံးရှုံးမှုကြီး တရပ်ဖြစ်သဖြင့် နှမြောတသအထူးတလည် ဝမ်းနည်း ကြေကွဲရပါကြောင်း ဝမ်းနည်းခြင်း သဝဏ်လွှာကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ဆရာတော်ကြီး၏ အန္တိမ ဈာပန အခမ်းအနားကို မေလ ၅ ရက်နေ့ တွင် နယူးယောက်မြို့ ရှိ Greenwood သုသာန်တွင် သင်္ဂြီုဟ်မည်ဟု သိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!