ဆန္ဒခံယူပွဲလုံခြုံရေး အပစ်ရပ်အဖွဲ့များကို အကူအညီတောင်း
ကိုစိုး | ဧပြီ ၃၀၊ ၂၀၀၈

တိုင်းရင်းသား လက်နက်ကိုင် အပစ်အခတ်ရပ်စဲရေး အဖွဲ့တချို့အား အခြေခံဥပဒေ ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်တွင် ပါဝင် စောင့်ကြပ် ကြည့်ရှုရန်နှင့် လုံခြုံရေးတာဝန်ယူရန် စစ်အစိုးရက ပြောဆိုတိုက်တွန်းမှုများပြုလုပ်ကြောင်း သိရှိရသည်။

အဆိုပါ အပစ်ရပ်အဖွဲ့များမှာ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (DKBA)၊ ကရင် ငြိမ်းချမ်းရေး တပ်ဦး(KPF)၊ ပအိုး အမျိုးသား အဖွဲ့(PNO) စသည့် အဖွဲ့များဖြစ်သည်ဟု ယင်းအဖွဲ့များနှင့် နီးစပ်သူ များက ပြောသည်။

လွန်ခဲ့သည့် အပတ်အတွင်းက ထိုင်း မြန်မာနယ်စပ် ဘုရားသုံးဆူတွင် ပြုလုပ်သော အစည်းအဝေး၌ စစ်အစိုးရ ဆန္ဒခံယူ ပွဲကျင်းပရေးကော်မရှင် တာဝန်ရှိသူများက အထက်ပါ အစီအစဉ်ကို တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။

ယင်း ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် တာဝန်ရှိသူများက အပစ်ရပ်ဒေသများရှိ ဆန္ဒခံယူပွဲလုံခြုံရေးကို စိုးရိမ် သောကြောင့် မဲရုံများ၊ မဲပုံးများ၊ ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင် အဖွဲ့ဝင်များ၊ ဆန္ဒခံယူပွဲ ပြုလုပ်သည့် နယ်မြေ များ နှင့် ဆန္ဒခံယူပွဲ လုပ်ငန်းစဉ်များ၏ လုံခြုံမှုကို ကူညီ တာဝန်ယူပေးရန် အပစ်ရပ်တဖွဲ့ခြင်းသို့ အကြောင်းကြား ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

သို့သော် အပစ်ရပ်အဖွဲ့ဝင်အများစုကမူ ယင်းအစီအစဉ်ကို စိတ်ဝင်စားမှုမရှိကြကြောင်း အပစ်ရပ်အဖွဲ့များနှင့် နီးစပ်သူ များက ပြောသည်။

“ဒါ မြန်မာစစ်အစိုးရ အလုပ်ပဲ၊ ကျနော်တို့ အလုပ်မှ မဟုတ်တာ၊ ဘာဖြစ်လို့ ကျနော်တို့က တာဝန်ယူရမှာလဲ” ဟု မွန်ပြည် သစ်ပါတီ တာဝန်ရှိသူ တဦးကပြောသည်။

ဧရာဝတီ၏ စစ်တမ်းကောက်ယူချက်အရ မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်သူ အများစုမှာ အခြေခံဥပဒေ ဆန္ဒခံယူပွဲကို စိတ်ဝင်စားမှုမရှိကြောင်းသိရပြီး မွန်ပြည်နယ် ဝေဇင်ရွာ လက်ဖက်ရည်ဆိုင် ပိုင်ရှင် တဦး၏ ပြောဆိုချက်အရ ၎င်းနေထိုင်ရာ အရပ်ရှိ လူအများစုမှာ မဲသွားမပေးသူများလိမ့်မည်ဖြစ်ကြောင်း သိရသည်။

တချိန်တည်းတွင်ပင် DKBA တပ်ဖွဲ့ဝင်များကိုလည်း ၎င်းတို့ ထိန်းချုပ်ရာဒေသရှိ ဆန္ဒခံယူပွဲလုံခြုံရေးနှင့်ဒေသခံများ ထောက်ခံမဲထည့်ရေး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်ရန် စစ်အစိုးရက တိုက်တွန်းပြောဆိုကြောင်း ထိုင်း မြန်မာ နယ်စပ် မြဝတီမြို့မှ DKBA အဖွဲ့ဝင်တဦးကပြောသည်။

“ကျနော်တို့ နယ်မြေမှာလုပ်မယ့် ဆန္ဒခံယူပွဲလုပ်ငန်းစဉ် အားလုံးကို DKBA အဖွဲ့ဝင်တွေအနေနဲ့ စောင့်ကြပ် ကြည့်ရှုပေးဖို့ ၊ နယ်ခံလူထုတွေ ထောက်ခံမဲပေးရေးကို စည်းရုံးဖို့ ပြောတယ်၊ ပြီးတော့ အာဏာပိုင်တွေက ကန့်ကွက်မဲပေးရင် နောက်ထပ် အနှစ် ၂၀ ကြာသွားမယ် လို့လည်း ပြောပါတယ်”ဟု လည်း ၎င်းက ပြောပြသည်။

အခြေခံဥပဒေ ဆန္ဒခံယူပွဲကျင်းပစဉ် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြဝတီမြို့များ နှင့် ရွှေကုက္ကိုလ်ရွာ စသည့် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေများကိုစောင့်ကြပ်ကြည့်ရှုရန် အာဏာပိုင်များက DKBA ကို ပြောဆို ညွှန်ကြားကြောင်း သိရသည်။

DKBA က ထိုင်း မြန်မာနယ်စပ် တလျှောက် လုံခြုံရေးနှင့် လှည့်ကင်းများပြုလုပ်နေပြီး စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်လျှက် ရှိသည်ဟုလည်း အထက်ပါ DKBA တပ်ဖွဲ့ဝင်က ပြောဆိုသည်။

ထို့ပြင် အခြေခံဥပဒေ ဆန္ဒခံယူပွဲ နှင့်ပတ်သက်ပြီး ဗဟုသုတ နည်းပါးသော ရွာသားအများစုက အာဏာပိုင်များ စည်းရုံး ညွှန်ကြားသည့် ထောက်ခံမဲကိုသာ ပေးနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

အလားတူ စစ်အစိုးရက PNO အပစ်ရပ်အဖွဲ့ကိုလည်း ၎င်းတို့ထိန်းချုပ်ရာနယ်မြေ ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး စောင့်ကြပ် ကြည့်ရှုရန် ပြောဆိုညွှန်ကြားထားကြောင်း သိရသည်။

“ကျနော်တို့ နယ်မြေမှာ ဆန္ဒမဲပေးတာနဲ့ မဲပုံးတွေကို ကျနော်တို့ အဖွဲ့ဝင်တွေက စောင့်ကြပ်ကြည့်ရှုကြဖို့ အာဏာ ပိုင်တွေက လွန်ခဲ့တဲ့ ၂ ရက်က ညွှန်ကြားလာပါတယ်”ဟု PNO အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။

ယင်း PNO အဖွဲ့သည် ၁၉၉၁ ခု ဧပြီလ ၁၁ ရက်နေ့တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူ၍ အပစ်အခတ်ရပ်စဲ ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ ထိန်းချုပ်ရာ ရှမ်းပြည် တောင်ပိုင်း ကို အထူးဒေသ (၆) ဟု ခေါ်ဆိုကြောင်း သိရသည်။

တချိန်တည်းတွင် ဝ တိုင်းရင်းသား အပစ်ရပ်အဖွဲ့ဖြစ်သည့် ဝ ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့(UWSA) က စစ်အစိုးရ၏ အစီအစဉ်ဖြင့် ပန်ဆန်းမြို့အပါအဝင် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေများတွင် ဆန္ဒမဲပေးရန် မဲရုံ များ ဆောက်လုပ်နေကြောင်း ရှမ်းသံတော်ဆင့် သတင်းစဉ်က ဖော်ပြထားသည်။

UWSA တာဝန်ရှိသူများအနေနှင့် ယခု ခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲကို အမှန်တကယ် စိတ်ဝင်စားခြင်းမရှိ ဟုလည်း UWSA အဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။

တရုတ်မြန်မာ နယ်စပ် အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောကလည်း“ဒီ ဆန္ဒခံယူပွဲလုပ်ငန်းစဉ် နဲ့ပတ်သက်ပြီး ဘယ်အတိုင်းအတာအထိ ပါဝင်ရမလဲဆိုတာ ဝ ခေါင်းဆောင်တွေအနေနဲ့ အခုထိ မဆုံးဖြတ်ရ သေးပါဘူး၊ စစ်တပ်အစိုးရဘက်ကလည်း ဝ ကို ဖိအားပေးဖို့ မလွယ်ဘူး၊ သူတို့ကြားမှာ မကြသေးခင်က ဖြစ်ထား တဲ့ တင်းမာမှု ရှိနေသေးတယ်”ဟု ရှင်းပြသည်။

ထို့ပြင် ၎င်း က တခြားသော ကချင်တိုင်းရင်းသား အပစ်ရပ်အဖွဲ့ဖြစ်သည့် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့(KIO) ကို ယင်းသို့ ဆန္ဒခံယူပွဲလုပ်ငန်းစဉ်တွင် ပါဝင်ပတ်သက်ရန် စစ်အစိုးရအနေနှင့် ဖိအားပေးမည်မဟုတ် ကြောင်း ဆက်လက်ပြောဆိုသည်။

KIO အဖွဲ့သည် တရုတ် မြန်မာနယ်စပ် လိုင်ဇာ အခြေစိုက်ဖြစ်ပြီး ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ က စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

ထို့အတူ မုန်းလား(NDAA-ESS) အဖွဲ့က အခြေခံဥပဒေ ဆန္ဒခံယူပွဲကို သပိတ်မှောက်မည်ဖြစ်ပြီး ကိုးကန့်အဖွဲ့ဝင်များ အနေနှင့် ဆန္ဒမဲပေးရေး မပေးရေးကို ယခုအချိန်အထိ မဆုံးဖြတ်ရသေးကြောင်း ဦးအောင်ကျော်ဇောက ပြော သည်။

မတ်လအစောပိုင်းတွင် အာဏာပိုင်များက မှတ်ပုံတင် မရှိသူများ ဆန္ဒမဲပေးရန်အတွက် ယာယီသက်သေခံ ကတ်ပြားများ ထုတ်ပေးရာ၌ KIO , UWSA , DKBA နှင့် NMSP အဖွဲ့များမှ မိသားစုဝင်များကိုလည်း ထုတ်ပေး ခဲ့သည်။

တိုင်းရင်းသား နိုင်ငံရေးပါတီ ၁၂ ဖွဲ့ ခေါင်းဆောင်များကမူ မြန်မာပြည်သူများ မဲရုံသို့ သွား၍ ကန့်ကွက်မဲပေးကြရန် နှိုးဆော်သည့် ကြေညာချက်တစောင် ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ အခြေစိုက် ဇိုမီးအအမျိုးသား ကွန်ဂရက် ဥက္ကဌ ဦးကျင်ရှင်းထန်ကလည်း“ပြည်သူအများစုက ဒီအခြေခံ ဥပဒေကို လက်မခံဘူးဆိုတာ စစ်အစိုးရက သိပါတယ်၊ ဒါပေမယ့် လက်မခံလို့ မဲမပေးဘူးဆိုရင် သူတို့ အခြေခံ ဥပဒေက အတည်ဖြစ် ပြီးတော့ သူတို့ကပဲ အနိုင်ရသူတွေဖြစ်သွားမှာပါ” ဟု ပြောဆိုသည်။

“ဒီ အခြေခံ ဥပဒေသာ အတည်ပြုပြီးသွားရင် မြန်မာပြည်ဟာ အခုထက်ပိုဆိုးဖို့ပဲရှိပါတယ်၊ ဒါကြောင့် မြန်မာပြည်သူ အားလုံး ကန့်ကွက်မဲ ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟုလည်း ဦးကျင်ရှင်းထန်က ပြောသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!