မြန်မာဝန်ကြီးချုပ် ထိုင်းနိုင်ငံ ခရီးစဉ် စတင်
အေးချမ်းမြေ့ | ဧပြီ ၂၉၊ ၂၀၀၈

မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၏ ထိုင်းနိုင်ငံ သုံးရက်တာ တရားဝင် ခရီးစဉ် ယနေ့ စတင်၍ ထိုင်းဝန်ကြီးချုပ် စမတ်ခ် ဆန်ဒရာရဝတ် နှင့် အလုပ်သဘော ဆွေးနွေးမှုများ စတင် ပြုလုပ်နေပြီ ဖြစ်ကြောင်း ထိုင်းသတင်းစာများတွင် ရေးသားဖော်ပြထားသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ တပ်မတော်လေဆိပ်သို့ ယနေ့ရောက်ရှိလာသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး မင်ခွမ်ဆန်းဆူဝမ်နှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

ယခုခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ဆီအုန်းနှင့် ရော်ဘာစိုက် ပျိုးရေး စီမံကိန်းများကို နှစ်နိုင်ငံ ဖက်စပ် အကောင် အထည်ဖော်ရန် လက်မှတ်ရေးထိုးမှုများ ပြုလုပ်မည်ဖြစ် ကြောင်း အေပီ သတင်းဌာနက ရေးသားထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်း နယ်စပ်မှ ဖြတ်ကျော်ဝင် ရောက်နေသည့် ရွှေ့ပြောင်းနေ ထိုင်သူ ဦးရေမှာ ၂ သန်း ခန့် ရှိနေပြီး ၎င်းတို့နှင့် ပတ်သက်သည့် လူမှုရေးပြဿနာ အကျိုးဆက်များ၊ ရောဂါ ဝေဒနာများ၊ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ် သုံးစွဲမှုများ စသည့် ဆိုးကျိုးများကို ထိုင်းနိုင်ငံတွင်ပါ ခံစားနေရပြီဖြစ်ကြောင်း သိရှိသော် လည်း လက်ရှိထိုင်းအစိုးရက မြန်မာစစ်အစိုးရကို စီးပွား ရေး အကျိုးအမြတ်အတွက် မျှော်ကိုး၍ ဆက်ဆံနေကြောင်း လေ့လာသူတို့က သုံးသပ်သည်။

လွန်ခဲ့သည့် တပတ်ကျော်ကာလက ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရွှေ့ပြောင်းအလုပ်သမား များအား ထိုင်းရဲများက ဖမ်းဆီး အရေးယူမှု စိပ်လာကြောင်း မြန်မာပြည်ဒီမိုကရေစီ ရရှိရေး ထိုင်းလုပ်ငန်းကော်မတီ (TACDB) ၏ ထိုင်းတောင်ပိုင်း ဒေသတာဝန်ခံ ကိုသက်ခိုင်က ဧရာဝတီသို့ပြောသည်။

“ဗိုလ်ချုပ်ကြီး သိန်းစိန်လာမှာမို့ ဒီဘက်မှာ လူတွေဒီလောက် လက်မခံထားပါဘူးဆိုတာ ပြတဲ့အနေနဲ့ ကြိုရှင်းထားတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီး ၅၄ ယောက်သေတဲ့ကိစ္စက နိုင်ငံတကာမှာ တော်တော်လေး အရှက်ကွဲသွားတယ်ဆိုတော့ အထက်က ညွှန်ကြားပြီး မြန်မာတွေကို ရှင်းထားခိုင်းတာလည်း ဖြစ်နိုင်တယ်” ဟု ကိုသက်ခိုင်က ပြောပြသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာ လူဦးရေ တဝက်ခန့်မှာ တောင်ပိုင်းဒေသတွင် နေထိုင် လုပ်ကိုင်စားသောက်လျှက် ရှိပြီး ယခုအခါ ထိုင်းတောင်ပိုင်း ဒေသများဖြစ်သည့် ရနောင်း၊ ဖူးခက်၊ ဆူရပ်ဌာနီ စသည်တို့ကို စီမံချက်ပုံစံ ဝင်ရောက် ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

“အရင်က အဲဒီလိုမျိုး တခါမှ မဖြစ်ဖူးဘူး။ အခု လူတွေက ကြောက်လန့်ပြီး တောထဲ ဝင်ပြေး၊ တောင်ပေါ် တက်ပုန်းနဲ့ တော်တော်ကို ဒုက္ခရောက်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (ဗမာနိုင်ငံ) (AAPPB) ၏ တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က ထိုင်းနိုင်ငံ အစိုးရသစ်၏ မြန်မာနိုင်ငံအပေါ် ထားသည့် နိုင်ငံခြားရေး မူဝါဒမှာ စီးပွားရေးအရ ၎င်းတို့ စိတ်ဝင်စားမှုရှိသည့် အပေါ်တွင် မူတည်နေ သဖြင့် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ခံခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။

“နှစ်နိုင်ငံထိစပ်နေတဲ့ နယ်နိမိတ် ရှည်လျားတာကလည်း ထိုင်းက မြန်မာအပေါ် စိတ်ဝင်စားတဲ့ အကြောင်းတခုပဲ။ တကယ် လို့သာ ထိုင်းက မြန်မာကို လူ့ကျင်ဝတ်သိက္ခာ ပေါ်မှာ အခြေခံပြီး စိတ်ဝင်စားနိုင်မယ်ဆိုရင် ပိုကောင်းလာနိုင်မယ်” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ လာရောက်သည့် အခြားသောကိစ္စရပ်မှာ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံကြား ဆက်သွယ်မှု ကောင်းမွန်သည်ကို ပြသလို၍လည်း ဖြစ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ နိုင်ငံခြား ရေးတာဝန်ခံ ကိုညိုအုန်းမြင့်ကပြောသည်။

“နှစ်နိုင်ငံကြားမှာ အချင်းချင်း ဘယ်လောက် ယုံကြည်မှုရှိတယ်ဆိုတာကို ဒီခရီးအရ ပြချင်ပုံရတယ်” ဟု ၎င်းက သုံးသပ်သည်။

သို့ရာတွင် မြန်မာအရေး လေ့လာသူတဦးဖြစ်သည့် ကိုအောင်နိုင်ဦးကမူ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးကိစ္စအတွက် အရေးမကြီးလှဟု ဆိုသည်။

“ထိုင်းက စီးပွားရေးအခြေခံတဲ့ နိုင်ငံပဲ။ နှစ်နိုင်ငံပြဿနာတက်ရင် မြန်မာက နယ်စပ်ကို ပိတ်လိုက်မယ်။ အဲဒီအခါကျ ထိုင်းရဲ့စီးပွားရေး တရိပ်ရိပ်ကျမယ်။ အဲဒီအပေါ်မှာ မူတည်ပြီး သူတို့ရဲ့ နိုင်ငံခြားရေးမူဝါဒကို သွားမှာပဲ” ဟု ကိုအောင်နိုင်ဦးကပြောသည်။

မြန်မာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ထိုင်းဝန်ကြီးချုပ် စမတ်ဆန်ဒရာရဝတ်က ကိုယ်တိုင်ချက်ပြုတ်ထားသော ညနေစာဖြင့် ယနေ့ညနေတွင် တည်ခင်းဧည့်ခံမည်ဟု ဖိတ်ကြားထားကြောင်း ဘန်ကောက်အခြေစိုက် သည် နေးရှင်း သတင်းစာတွင် ဖော်ပြထားသည်။

၎င်း သတင်းစာတွင် ထိုင်းဝန်ကြီးချုပ်က မြန်မာဝန်ကြီးချုပ်စားရန် ညနေစာ ကိုယ်တိုင် ချက်ပြုတ်မည်ဟု ဆိုသော်လည်း မည်သည့် ဟင်းအမျိုးအစားများ ချက်မည်ကိုမူ ထုတ်ဖော်ပြောဆိုရန် ငြင်းဆန်ကြောင်း ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဝီချီယံချိုတီက ပြောကြားသည်ဟုလည်း ရေးသားထားသည်။

ဗိုလ်ချုပ်ကြီးသိန်းစိန်သည် မြန်မာပြည်သို့ မပြန်မီ ထိုင်းနိုင်ငံ ချင်းရိုင်ဒေသ၊ ရွှေတြိဂံ ရှိ စိုက်ပျိုးရေးစီမံကိန်းများကို သွားရောက်လေ့လာမည် ဖြစ်ကြောင်း သည်နေရှင်း သတင်းစာက ရေးသားဖော်ပြထားသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!