ပြည်ပရောက်မြန်မာများ အခြေခံဥပဒေ ကန့်ကွက်ရေး ဆန္ဒပြမည်
ကိုစိုး | ဧပြီ ၂၅၊ ၂၀၀၈

အာရှနိုင်ငံ တချို့တွင်ရောက်ရှိနေသော မြန်မာနိုင်ငံသားများက စစ်အစိုးရ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ပတ်သက်ပြီး ယခုအပတ် ရုံးပိတ်ရက်များအတွင်း သက်ဆိုင်ရာ သံရုံးများရှေ့တွင် ဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြရန် စီစဉ်နေသော နိုင်ငံများမှာ မလေးရှား၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်ဟု ယင်းနိုင်ငံများတွင်ရောက်ရှိနေသော မြန်မာ့အရေးလှုပ်ရှားသူများက ပြောသည်။

မလေးရှားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူ ကိုရဲမင်းထွန်း က မနက်ဖြန်တွင် ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့ ၌ တိုင်းရင်းသားများ၊ အလုပ်သမားများနှင့် သံဃာတော်များ ပါဝင်သော လူ ၅၀၀ ခန့် က စစ်အစိုးရ အခြေခံ ဥပဒေကို ကန့်ကွက် ဆန္ဒပြမည်ဖြစ်သည်ဟု ဧရာဝတီ သို့ ပြောသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား ၅ သိန်းခန့်ရှိသည့် အနက် ၁၈၀၀၀၀ ခန့်သာ တရားဝင် အထောက်အထား လက်မှတ်ဖြင့် နေထိုင်ကြောင်း သိရှိရသည်။

ဧပြီလ ၂၇ ရက် တနင်္ဂနွေနေ့တွင်လည်း တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနိုင်ငံသား ၇၀ ခန့်စုရုံး၍ အခြေခံဥပဒေအား ကန့်ကွက်ပါသည်ဟူသောစာတန်းပါသည့်မဲပုံးကိုထောင်ပြီး ဆန္ဒပြမည်ဖြစ်သည် ဟု တောင်ကိုရီးယားရှိ မြန်မာ့အရေး လှုပ်ရှားသူ ကိုရန်နိုင်ထွန်းက ပြောပြသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာကျောင်းသား တဦးကလည်း တနင်္ဂနွေနေ့တွင် ၎င်းနှင့်အတူ တခြားသော ကျောင်းသား များစုပေါင်း၍ မြန်မာသံရုံးသို့ သွားရောက်ဆန္ဒပြမည်ဟု ဆိုသည်။

စင်္ကာပူနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၇၀၀ ခန့်ကလည်း လာမည့်တနင်္ဂနွေနေ့တွင် မြန်မာသံရုံးသို့ တချိန် တည်း သွားရောက် ဆန္ဒမဲပေးမည်ဖြစ်ကြောင်း၊ ယင်းသို့ ဆန္ဒမဲပေးရာတွင် ကန့်ကွက်မဲပေးမည့်သူများက အနီရောင်အင်္ကျီ များဝတ်ဆင်လာရန် လှုံ့ဆော်မှုများ ပြုလုပ်ကြကြောင်း စင်္ကာပူမှ မြန်မာ့အရေးလှုပ်ရှားသူ ကိုမျိုး က ပြောပြသည်။

စင်္ကာပူနိုင်ငံတွင် တရားဝင်နေထိုင်နေသော မြန်မာနိုင်ငံသား ၅၀၀၀၀ ခန့်ရှိပြီး တောင်ကိုရီးယားတွင် ၂၀၀၀ ခန့်ရှိသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းနေထိုင် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ၂ သန်းကျော်ရှိကြောင်း သိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!