ကြံ့ဖွံ့စည်းရုံးရေးမှူးတဦးကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား
အေးလဲ့ | ဧပြီ ၂၅၊ ၂၀၀၈

ရခိုင်ပြည်နယ် စစ်တွေမြို့ တွင် ဆန္ဒခံယူပွဲကိုထောက်ခံမဲထည့်ရန် အတင်းအကျပ် စည်းရုံးနေသည့် ကြံ့ဖွံ့စည်ရုံးရေးမှူး တဦးကို အရပ်သားလူငယ်တဦးက ဓားဖြင့်ထိုးသတ်လိုက်သည်ဟု ဒေသခံ မျက်မြင် သက်သေများထံမှ ကြားသိရသည်။

အဂါင်္နေ့က ကြံ့ဖွံ့စည်းရုံးရေးမှူး ကိုထွန်းသိန်း (၂၆နှစ်) ကို ၎င်း၏ နေအိမ်တွင်ပင် မောင်ထွန်းလင်း(၁၉နှစ်) က ဓားဖြင့် ခုနစ်ချက် ထိုးသတ်ခဲ့သည် ဟု မျက်မြင်သက်သေ တဦးကပြောသည်။

စစ်တွေမြို့ အမှတ်၂ ရဲစခန်းမှ တာဝန်ရှိသူ တဦးက ၎င်းအမှု ဟုတ်မှန်ကြောင်းနှင့် ကိုယ်ရေး ကိုယ်တာ ကိစ္စနှင့်စကားများ ရန်ဖြစ်ရာမှဒေါသထွက် ဓားထိုးမှုသာ ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

“သူတို့ဖြစ်ကြတာ ဆန္ဒခံယူပွဲနဲ့ ပတ်သက်လား၊ မပတ်သက်လား ဆိုတာတော့မသိပါဘူး။ ခုတော့ တရားခံကို အမှတ် ၂ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။ ဆောင်ရွက်စရာရှိတာတွေ ဆက်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းကဆက်ပြောသည်။

ကြံ့ဖွံစည်းရုံးရေးမှူး ကိုထွန်းသိန်းမှာ ဆန္ဒခံယူပွဲတွင် ၎င်း၏နယ်မြေအတွင်း နေထိုင်သူအားလုံး ထောက်ခံမဲသာ ထည့်ကြရ မည်ဟု ကြိမ်းမောင်းပြောဆိုလေ့ရှိကြောင်း ဒေသခံတဦးကပြောသည်။

ဆက်လက်၍ ၎င်းက “မောင်ထွန်းလင်းက အဲဒီရပ်ကွက်မှာ အပေါင်းအသင်းကောင်းတော့ သူ့ကို စည်းရုံးတာ။ သူ့ကို စည်းရုံး လို့မရတော့ ဆိပ်ကမ်းမှာ ကူလီထမ်းတဲ့ သူ့အဖေကို လုပ်ခ နှိမ်ပေးတာတို့၊ လုပ်ငန်းခွင်မှာ အကြောင်းမရှိဘဲ ဆဲတာတို့ လုပ်တယ် အမျိုးမျိုးစိတ်ဒုက္ခပေးတယ်” ဟုပြောသည်။

“ကြာသပတေးနေ့က ကိုထွန်းသိန်းကို မီးသင်္ဂြိုဟ်တယ်။ ဒေသခံတော်တော်များများကတော့ ဝမ်းသာနေကြတယ်။ မောင်ထွန်းလင်းလို လူတွေအများကြီးရှိဖို့လိုတယ် လို့လည်း ပြောကြတယ်” ဟု ဒေသခံ တဦးကပြောသည်။

လာမည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ပြည်သူလူထုက ထောက်ခံမဲပေးရန် ကြံ့ဖွံ့အဖွဲ့ဝင်များသည် အတင်းအကျပ် မြန်မာတနိုင်ငံလုံးအနှံ့ စည်းရုံးရေး ဆင်းနေသည်ဟု သိရသည်။

မကြာသေးမီ ကလည်း လှိုင်သာယာမြို့နယ်တွင် ကြံ့ဖွံ့ခေါင်းဆောင် တဦးကို သတ်ဖြတ်ခဲ့သည့် အလားတူ အမှုတခု ဖြစ်ပွားခဲ့ပြီး ယမန်နှစ်အတွင်းကလည်း ကြည့်မြင်တိုင်မြို့နယ်မှ ကြံ့ဖွံ့စည်းရုံးရေးမှုး တဦး ဆိုင်ကယ်နှင့် အိမ်အပြန်တွင် အမည်မသိ လူတစုက ဓားဖြင့်ထိုးသတ်သွားကြောင်း သိရသည်။ [Top]

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!