ကျောင်းသားခေါင်းဆောင်၏မျက်စိကျန်းမာရေး အမေရိကန်နိုင်ငံခြားရေးဌာနက စိုးရိမ်
ဧရာဝတီ | ဧပြီ ၂၃၊ ၂၀၀၈

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏မျက်စိ ဆေးကုသခွင့်မရသေးသည့်အပေါ် အမေရိကန် နိုင်ငံခြားရေးဌာနက မြန်မာစစ်အစိုးရကို ယမန်နေ့က အပြစ်တင်ဝေဖန်လိုက်သည်။

ကိုမင်းကိုနိုင်

အမေရိကန်နိုင်ငံခြားရေးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မစ္စတာ တွမ် ကေစီက ကိုမင်းကိုနိုင်၏ မျက်စိဆေးဝါးကုသခွင့် မရသဖြင့် မျက်စိကွယ်သွားနိုင်သည်ဟုပြောဆိုပြီး အကျဉ်းသားများကို ကျန်းမာရေးကြည့်ရှူစောင့်ရှောက်မှုများ ပေးရန် စစ်အစိုးရအား တောင်းဆိုလိုက်သည်။

မစ္စတာ တွမ် ကေစီက နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန် နအဖ စစ်အစိုးရအား တောင်းဆိုသည့်အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လစဉ်ကျန်းမာရေး စစ်ဆေးခွင့် မရသည့်အပေါ် စိုးရိမ်မိကြောင်းလည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား မိသားစုဆရာဝန်နှင့် လစဉ်ကျန်းမာရေး စစ်ဆေးခွင့်ပြုရန် မြန်မာနိုငံဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနှင့် နအဖ တို့ သဘောတူခဲ့ပြီး ဖြစ်သည်။

ကိုမင်းကိုနိုင်သည် သင်္ကြန်မတိုင်မီကတည်းက မျက်စိဝေဒနာကို အပြင်းအထန်ခံစားနေရသဖြင့် အထူးကု ဆရာဝန်နှင့်ကုသရန် အာဏာပိုင်တို့အားတောင်းဆိုခဲ့သော်လည်း အကြောင်းအမျိုးမျိုးပြကာ ပယ်ချခဲ့ပြီး သာမန်မျက်စဉ်းဆေးကိုသာ ပေးခဲ့ကြောင်း သိရသည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “အရှေ့မှာလည်း ကျနော်တို့ ၈၈ က ကိုလှမျိုးနောင်နဲ့ မတ္တရာအမတ် ဦးသန်းလွင် ထောင်ထဲမှာမျက်စိကွယ်သွားရပြီ၊ ဒါဟာ နိုင်ငံရေး အကျဉ်းသားတွေကို သွယ်ဝိုက်သောနည်းနဲ့ သတ်ဖြတ်နေတာ၊ သူတို့ရဲ့ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ချွတ်ယွင်းအောင်လုပ်နေတာ” ဟု ဧရာဝတီကို ပြောသည်။

အကျဉ်းကျခံနေရသူအားလုံး၏ ကျန်းမာရေးနှင့် စားသောက်နေထိုင်ရေးတို့သည် အကျဉ်းဦးစီးဌာနတွင် အပြည့်အ၀တာဝန်ရှိသည်ဟုလည်း ကိုထွန်းမြင့်အောင်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “ကျနော်တို့ကြားသလောက် အတွင်းတိမ်ဖြစ်တယ်လို့လဲကြားတယ်၊ မျက်စိက စူးပြီးအောင့်တယ်၊ မျက်ရည်ကျတာ ၃ ပတ်ကျော် တလနီးပါးရှိပြီ။ အဲဒီအချိန်တွေမှာကောင်းကောင်းမအိပ်နိုင် မစားနိုင်ဘူးဆိုတော့ သူ့ရဲ့ကျန်းမာရေးက တဖြည်းဖြည်းပိုဆိုးလာမယ့်သဘောရှိတယ်” ဟု ပြောသည်။

ကိုမင်းကိုနိုင်ကို လွန်ခဲ့သည့်နှစ် သြဂုတ်လအတွင်းက အခြား ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အတူ အာဏာပိုင်တို့က ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်တွင် ချုပ်နှောင်ထားသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!