လွတ်လပ်သော စောင့်ကြည့်ရေးအဖွဲ့များလိုအပ်ဟု အန်အယ်လ်ဒီ တောင်းဆို
ကိုစိုး | ဧပြီ ၁၀၊ ၂၀၀၈

စစ်အစိုးရက မေလတွင် ပြုလုပ်မည့် အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှုရှိရေး အတွက် စိုးရိမ်ဖွယ်ရာအခြေအနေဖြစ်နေသောကြောင့် ကုလသမဂ္ဂအပါအဝင် စောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) က အထူးကြေညာချက်တစောင် ယနေ့ ထုတ်ပြန် လိုက်သည်။

ယင်းအခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက် အာဏာပိုင်များ ကျောထောက်ခံပြုထားသော အဖွဲ့အစည်းများက စုဝေး ဟောပြော စည်းရုံးခြင်းများ လုပ်ဆောင်နေသည်ကို ခွင့်ပြုထားသော်လည်း အန်အယ်လ်ဒီ ၏ လုပ်ဆောင်မှုများ ကို ပိတ်ပင်တားမြစ် နှောင့်ယှက်မှုများ ပြုလုပ်နေသောကြောင့် စိုးရိမ်ဖွယ်ရာ ခြေအနေဖြစ်ကြောင်း ယခုထုတ်ပြန် ချက်တွင် ပါရှိသည်ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း က ပြောသည်။

“ဒီလိုလုပ်တဲ့အတွက် ဆန္ဒခံယူပွဲဟာ တရားမျှတမှုရှိပါ့မလားလို့ စိုးရိမ်စရာ အခြေအနေတွေရှိနေတယ်၊ ဒါကြောင့် လာမယ့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ အခြေအနေမျိုးရရှိအောင် နိုင်ငံတကာ အသိုင်းအဝန်းရဲ့ ယုံကြည်လေးစားမှုကိုရရှိတဲ့ ကုလသမဂ္ဂအပါအဝင် စောင့်ကြည့်ရေးအဖွဲ့တွေကိုခွင့်ပြုဖို့ လိုအပ် ကြောင်း အန်အယ်လ်ဒီ ကကြေညာချက်ထုတ်တာ”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ပြောပြသည်။

ဆန္ဒခံယူပွဲကို ၎င်းတို့ကိုယ်တိုင် လေ့လာစောင်ကြည့်ရေးလုပ်ရန် အစိုးရသဘောတူညီမှုရရှိမှ ပြုလုပ်၍ရမည်ဖြစ် သောကြောင့် ယခုကဲ့သို့ ဖြစ်နိုင်သည့် အခြေအနေကို ကြေညာချက်ထုတ်ရခြင်းဖြစ်သည်လည်း ဦးဥာဏ်ဝင်းက ဆိုသည်။

ယင်းဆန္ဒခံယူပွဲ ကို စစ်အစိုးရ အခြေခံဥပဒေ အတည်ပြု ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင် က လာမည့် မေလ ၁၀ ရက် နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

အဆိုပါကြေညာချက် ၄/၂၀၀၈ ကို ဧပြီ ၉ ရက်နေ့ ရက်စွဲဖြင့် ကော်မရှင်ဥက္ကဌ ဦးအောင်တိုးက လက်မှတ်ထိုး ထုတ်ပြန် ကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာက ဖော်ပြသည်။

ကြေညာချက်၌ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဥပဒေ အခန်း(၂) ၊ ပုဒ်မ ၄ ၊ ပုဒ်မခွဲ (က) အရ ဧပြီ ၉ ရက်က ကျင်းပခဲ့သည့်  အစည်းအဝေး ၆/၂၀၀၈ တွင် ရက်သတ်မှတ် ၍ ဆုံးဖြတ် လိုက်ခြင်းဖြစ် သည်ဟုလည်း ပါရှိသည်။

ယခုလ ၂ ရက်နေ့ကလည်း စစ်အစိုးရ၏ အခြေခံ ဥပဒေအတည်ပြု ဆန္ဒခံယူပွဲအား ကန့်ကွက်မဲ ပေးရန်နှင့် မဲပေးရာတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကို စောင့်ကြပ်ကြည့်ရှုရန် မြန်မာပြည်သူလူထုတရပ် လုံးသို့ ပန်ကြားသည့် ကြေညာချက်ကို အန်အယ်လ်ဒီ က ထုတ်ပြန်ခဲ့သည်။

ယင်းကြေညာချက်နှင့်ပတ်သက်ပြီး အများပြည်သူ သိရှိသင့်သည်များကိုရှင်းလင်းသည့် လုပ်ဆောင်ချက်များအား အာဏာ ပိုင်များက နှောင့်ယှက်ဟန့်တားမှုများပြုလုပ်ကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။

“ကန့်ကွက်ပေးရေးကြေညာချက်နဲ့ပတ်သက်ပြီး တောင်ကုတ်၊ ဝါးခယ်မ၊ ဒေးဒရဲ မြို့တွေမှာတော့ ကျနော်တို့ဆီက ထုတ်တဲ့ စာရွက်စာတမ်းတွေကို သက်ဆိုင်ရာ မြို့နယ်ရဲတွေက သိမ်းတယ်၊ တရားဝင်ရှာဖွေပုံစံနဲ့ သိမ်းတာမျိုး တော့ မဟုတ်ဘူး၊ လူတော့ မဖမ်းဘူး၊ ပစ္စည်းတွေကို သိမ်းတာ၊ ကျနော်တို့ကလည်း အဲဒီ သိမ်းသွားတာတွေပြန်ရ ဖို့ တရားဝင်တောင်းဆို တာတွေလုပ်နေပါတယ်”ဟု ၎င်းက ပြောပြသည်။

ထို့ကြောင့် ယခုဆန္ဒခံယူပွဲမတိုင်မီ တလ ခန့်သာ ကျန်ရှိသောအချိန်အတွင်း လုပ်ဆောင်ဖွယ်ရာရှိသည်များကို လုပ်ဆောင် သွားမည်ဖြစ်သော်လည်း အနှောင့်အယှက် ပိုများနိုင်သောကြောင့် ကြိုတင်ကြေညာပြောဆိုမည် မဟုတ်ဟုလည်း ၎င်းက ဆိုသည်။

ယင်းဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ၂၀၀၈ စာအုပ်ကို ရန်ကုန်မြို့အစိုးရစာအုပ်အရောင်းဆိုင်များတွင် အများ ပြည်သူဖတ်ရှု နိုင်ရန် စစ်အစိုးရက တအုပ်လျှင် ကျပ် ၁၀၀၀ ဖြင့် ယခုအပတ်တနင်္လာနေ့က စတင်ရောင်းချသည်။

စစ်အစိုးရ အခြေခံဥပဒေ ရေးဆွဲရေးကော်မရှင်က မေလ ၁၀ ရက်တွင် အတည်ပြု ဆန္ဒခံယူပွဲကျင်းပမည့် အခန်း (၁၅) ခန်းပါ ယင်းအခြေခံဥပဒေမူကြမ်း ပြီးစီးကြောင်းကို ဖေဖော်ဝါရီ ၁၈ ရက် ကထုတ်ပြန် ကြေညာခဲ့ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ၎င်းတို့ရေးဆွဲထားသော အခြေခံဥပဒေမူကြမ်းသည် လူတဦး တယောက်၊ ပါတီတဖွဲ့၊ အဖွဲ့အစည်းတခုအတွက် မဟုတ်ဟုပြောဆိုကြောင်း ဧပြီ ၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာ က ဖော်ပြသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!