ရဲတံခွန် ဓာတ်ငွေ့ပိုက်လိုင်း အရောင်းရပ်ဆိုင်းထား
အေးချမ်းမြေ့| ဧပြီ ၄၊ ၂၀၀၈

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ရဲတံခွန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဧပြီ ၁ရက်နေ့ ညမှစတင်၍ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း မြန်မာ့ ကမ်းလွန်ရေနံလုပ်ငန်းနှင့် နီးစပ်သည့် အသိုင်းအဝန်းမှ ကြားသိရသည်။

၎င်းဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့များစိမ့်ထွက်နေသဖြင့် ပြင်ဆင်ရန် ခေတ္တ ပိတ်ထားခြင်း ဖြစ်ပြီး ပိုက်လိုင်းပြင်ဆင်မည်ဆိုပါက ၅ ရက်ခန့်အချိန်ယူရမည်ဟု မလေးရှား အင်ဂျင်နီယာများက ပြောသည်။ သို့ရာတွင် ၎င်းလုပ်ငန်းခွင်သို့ ဧရာဝတီမှ မေးမြန်းကြည့်ရာ မြန်မာအင်ဂျင်နီယာများကပြင်ဆင်ချိန် အနည်းဆုံး ၁၀ ရက်မှ ၁၅ ရက် အတွင်းကြာမြင့်နိုင်သည်ဟု ဆိုသည်။

ရဲတံခွန်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ထိုင်းနိုင်ငံသို့ နေ့စဉ် သဘာဝဓာတ်ငွေ့ပမာဏ ကုဗပေသန်းပေါင်း ၄၆၀ ရောင်းချနေခြင်းဖြစ်ပြီး ၎င်းဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းကို မြန်မာ(MOGE)၊ ထိုင်း(PTT)၊ မလေးရှား(Petronas) နှင့် ဂျပန်(Nippon oil) တို့ဖက်စပ် လုပ်ကိုင်ကြခြင်းဖြစ်သည်။

ရဲတံခွန်ဓာတ်ငွေ့ပိုက်လိုင်းမှတဆင့် ဝယ်ယူသည့်သဘာဝဓာတ်ငွေ့များကို ထိုင်းနိုင်ငံအနောက်ပိုင်းတွင် အဓိကအသုံးပြုလျှက်ရှိရာ ယခုကဲ့သို့ ပိတ်ဆို့လိုက်သ ဖြင့် ထိုဒေသများအတွက် ဧပြီ၂ရက်နေ့မှစ၍ လျှပ်စစ်မီးနှင့် လောင်စာရှားပါးပြတ်လပ်မှု ကြုံတွေ့နေရကြောင်း PTT မှ ဒုဥက္ကဌ ကျစ်သဖုန် ကွမ့်စွပ်စထိ က ဘန်ကောက်ပို့စ် သတင်းစာတွင် ပြောထားသည်။

ယခုကဲ့သို့ ဓာတ်ငွေ့အရောင်းရပ်ဆိုင်းထားသည့် ပြဿနာကို ဖြေရှင်းသည့်အနေနှင့် ရတနာ ဓာတ်ငွေ့ပိုက် လိုင်းမှ နေ့စဉ် ဓာတ်ငွေ့ပမာဏ ကုဗပေသန်းပေါင်း ၄၀၀ ပိုမိုထုတ်လွှတ် အစားထိုးရောင်းချရန် သဘောတူထားသည်။ သို့ရာတွင် ရတနာဓာတ်ငွေ့ပိုက်လိုင်းတခုတည်းမှ ပမာဏအမြောက်အမြား ထုတ်လုပ်လျင် အန္တရာယ် ရှိနိုင်ကြောင်း PTT ကပြောထားသည်။

ယခင်က ရဲတံခွန်နှင့် ရတနာ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်း နှစ်ခုပေါင်း၍ နေ့စဉ် ဓာတ်ငွေ့ပမာဏ ကုဗပေသန်းပေါင်း ၁၁၆၀ ထုတ်လုပ်ရောင်းချခဲ့ခြင်း ဖြစ်သည်။

ရဲတံခွန်ဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့စိမ့်ထွက်နေသည်မှာ ၂ နေရာဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်နေရာတွင် ယိုစိမ့်နေကြောင်း ပတ်ထရိုနတ်စ်ကပြောသည်ဟု မလေးရှားအခြေစိုက် ဘာနမ သတင်းဌာနတွင်ဖော်ပြ ထားသည်။

“ဓာတ်ငွေ့စိမ့်ထွက်တဲ့နေရာက နှစ်နေရာတကယ်ပဲဆိုရင် မတော်တဆမဖြစ်နိုင်ဘူးဗျ။ တချိန်တည်းမှာ နှစ်နေရာက ဓာတ်ငွေ့စိမ့်တာ တခါမှမကြားဖူးဘူး” ဟု ၎င်းရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းမှ အင်ဂျင်နီယာတဦးက သူ၏အမြင်ကိုပြောပြသည်။

၎င်းတို့အင်ဂျင်နီယာများအနေနှင့် ပိုက်လိုင်းတည်ရှိရာ မြေနေရာကို နှစ်စဉ်တိုင်းထွာသော်လည်း ထူးခြား သည့် ပျက်စီးမှုမရှိခဲ့ကြောင်း ဆက်ပြောသည်။

“အရင်အပတ်က မိုးရွာလိုက်တော့ မြေလွှာရွေ့သွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့် နှစ်နေရာဆိုရင်တော့ ထူးဆန်းတယ်” ဟု ၎င်းကပြောသည်။

ယခုအခါ ဓာတ်ငွေ့ယိုစိမ့်သည့်နေရာများကို PTT နှင့် မလေးရှား ပညာရှင်များပေါင်း၍ အမြန်ဆုံး ပြင်ဆင်နိုင်ရန် ကြိုးစားလျှက်ရှိကြောင်း ဘန်ကောက်ပို့စ်သတင်းစာတွင် ဖော်ပြထားသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!