ဆီစက် လုပ်ငန်းများ ရပ်ဆိုင်းထားရ
အောင်သက်ဝိုင်း| ဧပြီ ၃၊ ၂၀၀၈

မြန်မာနိုင်ငံရှိ ပဲဆီထုတ်လုပ်သည့် အသေးစားဆီစက်များတွင်စက်သုံးဆီ ဈေးနှုန်းများအဆမတန်မြင့်မားမှု၊ ကုန်ကြမ်းပဲရှားပါးပြီး ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့် အရှုံးပေါ်သဖြင့်ဆီစက်အများစုလုံးဝနီးပါး လုပ်ငန်းရပ်ဆိုင်း ထားရကြောင်း ကြားသိရသည်။

မြန်မာနိုင်ငံတွင် အသေးစားဆီစက်စုစုပေါင်း ၇၀၀ ကျော်ရှိသည့်အနက်မှ ၅၀၀ ကျော်ခန့် လုပ်ငန်းရပ်ဆိုင်း ထားရပြီး ဆီထုတ်လုပ်မှုအများဆုံး ဖြစ်သည် မန္တလေးတွင်ပင် ဆီစက်စုစုပေါင်း ၂၀၂ စက်အနက် ၁၅၀ ကျော်ရပ်ဆိုင်းနေကြောင်း မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီစက်လုပ်ငန်းရှင်ကြီးများသတင်းရပ်ကွက်မှ တဆင့် သိရှိရသည်။

ပဲဆီထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပန်းနှမ်းများ အိမ်နီးချင်းတရုတ်နိုင်ငံသို့
မူဆယ်လမ်းကြောင်းနှင့် အခြားသော မှောင်ခိုလမ်းကြောင်းများမှတဆင့် ပမာဏအမြောက်အမြားတရားမ၀င် ခိုးထုတ်ရောင်းချမှုများ ရှိနေကြောင်းနှင့် ထိုသို့ခိုးထုတ်မှုများကို ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးဝင်းမြင့်က မတ်လ ၁၁ရက်နေ့ မန္တလေးမြို့ တွင်ကျင်းပသည့် ဆီကုန်သည်ကြီးများနှင့် ဆီစက် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲတွင်ပြောသည်။

မှောင်ခို ခိုးထုတ်မှုကြောင့် မြေပဲဆံများဈေးကောင်းရနေပြီး မှောင်ခို ကုန်သည်များက နယ်များ အထိဆင်းကာ တောင်သူများထံမှ မြေပဲများကို ဈေးကွက်ပေါက်ဈေးထက်ပိုပေး၍ ၀ယ်ယူမှုများ ရှိနေကြောင်းလည်း ကြားသိရသည်။

“မြေပဲပေါ်ချိန်မဟုတ်တဲ့ ဇန်နဝါရီ ဖေဖော်ဝါရီမှာ တပိဿာကို ကျပ်၂၅၀၀ ပေါက်ရင် နယ်စပ်ကို တရားမ၀င်ပို့တဲ့ကုန်သည်တွေက တောင်သူတွေဆီကနေ ကျပ် ၂၇၀၀ လောက်နဲ့ ပေးဝယ်တယ်။ အခု ပဲပေါ်ချိန်မှာ မြေပဲတပိဿာ ၁၇၀၀ ပေါက်တယ်။ မှောင်ခိုတွေက ၁၉၀၀ လောက်ပေးဝယ်တယ်။ တောင်သူကလည်း ဈေးကောင်းပေးတဲ့ကုန်သည်တွေကိုပဲ ရောင်းတယ်” ဟု နယ်စပ်ကုန်သည်ကြီး တဦးကပြောသည်။

ဆီစက်များသည် လုပ်ငန်းလည်ပတ်လိုသည့်အတွက် ကုန်ကြမ်းမြေပဲများကို ဈေးကွက်ပေါက်ဈေး ထက်ပိုပေးကာ ၀ယ်ယူ၍ ဆီထုတ်လုပ်ရပြီး စားသုံးသူများလက်လှမ်းမီသော ဈေးနှုန်းဖြင့် ပြန်လည်ရောင်းချ ရသည့်အတွက် အရှုံးပေါ်နေရကြောင်း ရန်ကုန်ဆီလုပ်ငန်းရှင်ကြီးတဦးကပြောသည်။

ကုန်ကြမ်းမြေပဲဈေးနှုန်းမြင့်မားမှုအပြင် ဆီကြိတ်ရာတွင် အသုံးပြုရသည့် စက်သုံးဆီ ပြင်ပမှောင်ခို ပေါက်ဈေးနှုန်း မြင့်တက်လာမူကလည်း ဆီစက်များကို အခက်အခဲဖြစ်စေပြီး လုပ်ငန်းရပ်ဆိုင်းစေခြင်း ဖြစ်ကြောင်း သိရသည်။

“ပြင်ပပေါက်ဈေး ဒီဇယ်တဂါလန်ကို ကျပ်၅၀၀၀ နဲ့ဝယ်ရတယ်။ ဒါတောင် လိုသလောက်ဝယ်လို့မရဘူး။ ပြီးတော့ ဒီဇယ်ဈေးနှုန်းက နေ့စဉ် ငွေရာဂဏန်းအတက်အကျရှိတယ်။ လွန်ခဲတဲ့ ၃ ရက်လောက်က ဒီဇယ်တဂါလန်ကို ကျပ်၄၈၀၀ ပဲရှိတာ” ဟု ရန်ကုန်ဆီစက်ပိုင်ရှုင်တဦးက ပြောသည်။

စားသုံးဆီဈေးကွက်တွင် လက်ရှိ မြေပဲဆီတပိဿာ ကျပ်၄၅၀၀ နှင့် ၄၈၀၀ အကြားနှင့် စားအုန်းဆီ တပိဿာ ကျပ် ၃၀၀၀ ဝန်းကျင် ပေါက်ဈေးရှိသည့်အတွက် မြေပဲဆံများ အိမ်နီးချင်း တရုတ်နိုင်ငံသို့ တရားမ၀င် တင်ပို့မှုများကို တားဆီးနိုင်ပါက ဆီစက်များအတွက် ကုန်ကြမ်းရှားပါးမှုကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ပဲဆီဈေး နှုန်းများ ကျဆင်းသွားနိုင်မည် ဖြစ်ကြောင်း ဆီစက်ပိုင်ရှင်များကသုံးသပ်သည်။

မှော်ဘီမြို့နယ်မှဆီစက်ပိုင်ရှင်တဦးကလည်း “ရပ်ထားတဲ့ဆီစက်တွေပြန်လည် ဖို့ဆိုရင် အစိုးရကလျှပ်စစ် မီးမှန်အောင်လုပ်ပေးရင်ပေး ဒါမှမဟုတ် ဆီစက်တွေအတွက် စက်သုံးဆီတွေ ဈေးသက်သက် သာသာနဲ့ ရောင်းပေးမှရမယ်” ဟု ဆိုသည်။

ဆီစက်များရပ်ဆိုင်းမှုကြောင့် ဆီကြိတ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ်ရရှိသည့် ပဲဖတ်၊ နှမ်းဖတ် စသည့် တိရစ္ဆာန်အစာ ရှားပါးမှုများနှင့်ပါ ကြုံတွေ့နေရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များလည်း အခက်တွေ့နေရကြောင်းသိရသည်။

“တိရစ္ဆာန်အစာ ပဲဖတ် တပိဿာကို အရင်တုန်းက ၈၀၀ လောက်ပဲရှိတာ။ အခု တော့ ၁၀၀၀လောက်အထိ ရောက်တော့မယ်” ဟု မှော်ဘီမြို့နယ်မှ ၀က်မွေးမြူရေးလုပ်ငန်းရှုင်တဦးကဆိုသည်။

မြန်မာနိုင်ငံတွင် လူတဦးလျင် တနှစ် ဆီ ၁၀ ကီလို (၆ပိဿာ)စားသုံးပြီး လူဦးရေ ၅၆ သန်းအတွက် တနှစ်စားသုံးဆီတန်ချိန် ၅.၆ သိန်းလိုအပ်ကာ ပြည်တွင်းတွင်တနှစ်စားသုံးဆီတန်ချိန် ၃သိန်းထုတ်လုပ်နိုင်၍ ပြည်ပမှတနှစ်စားအုန်းဆီတန်ချိန် ၂ သိန်းနှင့် ၃ သိန်းအကြားတင်သွင်းရကြောင်း မြန်မာနိုင်ငံဆီကုန် သည်ကြီးများ အသင်း၏ထုတ်ပြန်ချက်တွင်ဖော်ပြ ထားသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!