အခြေခံဥပဒေ ဆန္ဒခံယူပွဲကို ကန့်ကွက်မဲပေးရန် အန်အယ်လ်ဒီ ကြေညာချက်ထုတ်
အေးလဲ့ | ဧပြီ ၂၊ ၂၀၀၈

စစ်အစိုးရ၏ လာမည့် မေလတွင်ကျင်းပမည်ဖြစ်သော အခြေခံ ဥပဒေအတည်ပြု ဆန္ဒခံယူပွဲအား ကန့်ကွက်မဲ ပေးရန်နှင့် မဲပေးရာတွင် လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကို စောင့်ကြပ်ကြည့်ရှုရန် မြန်မာပြည်သူလူထုတရပ် လုံးသို့ ပထမဆုံးအကြိမ် ပန်ကြားသည့် ကြေညာချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) က ယနေ့ ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်တွင် လူထုလူတန်းစားအလွာအသီးသီးမှ တိုင်းရင်းသားပြည်သူများအားလုံးနှင့် အဖွဲ့ အစည်းများက သက်ဆိုင်ရာ မဲရုံများသို့မပျက်မကွက်သွားရောက်ကြ၍ ကန့်ကွက်မဲကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ပေးကြပါရန် ပန်ကြားအပ်ပါသည်ဟု ပါရှိသည်။

“ကိုယ့်ရဲ့ ဆန္ဒခံယူပွဲ ဥပဒေ အခွင့်အရေးကို ကိုယ်က ရယူလိုက်တာ၊ ကန့်ကွက်မဲပေးခြင်းဖြင့် လူထုရဲ့ သူရဲကောင်း စိတ်ဓာတ်၊ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို သတ္တိရှိရှိဖော်ပြလိုက်တာပဲ”ဟု အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးသိန်းညွန့်က ပြောသည်။

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်မည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှုကြမ်းကို ပြည်သူလူထုက ရွေးကောက် တင်မြောက်ထားသည့် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များက ရေးဆွဲခဲ့ရခြင်း လုံးဝမဟုတ် ကြောင်း၊ နိုင်ငံတော်ကို အုပ်ချူပ်နေသော အဖွဲ့အစည်းတခုသည် ပြည်သူ့ထောက်ခံမှုမရရှိလျှင် တည်တံ့ခိုင်မြဲ ခြင်းမရရှိ နိုင်ကြောင်းကို မိမိနိုင်ငံသမိုင်းများနှင့် နိုင်ငံတကာသမိုင်းများက သက်သေထူလျက်ရှိကြောင်း လည်း ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်အစိုးရဘက်မှ ထောက်ခံမဲများပေးရန် စည်းရုံးလှုံ့ဆော်နေခြင်းနှင့်ပတ်သက်၍လည်း ဦးသိန်းညွန့်က “သူတို့မှာ ထောက်ခံမဲပေးဖို့ပြောခွင့်ရှိသလို ကျနော်တို့အဖွဲ့ချူပ်ကလည်း ပြည်သူလူထုကို ကန့်ကွက်မဲပေးဖို့ ပြောခွင့်ရှိပါတယ်၊ ဒီအခွင့်အရေးကို တန်းတူညီမျှစွာ ကျနော်တို့ ရယူလိုက်တာပါ”ဟု ပြောဆိုသည်။

ယမန်နေ့ကလည်း မိထ္တီလာ အန်အယ်လ်ဒီအဖွဲ့၏ ခရိုင်အစည်းအဝေးတွင် ကန့်ကွက်မဲပေးရန်နှင့် ဆန္ဒခံယူ ပွဲတွင် လွတ်လပ်၍တရားမျှတမှု ရှိမရှိစောင့်ကြည့်ရန်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆုံးဖြတ် ချက်ချမှတ်ကြောင်း သိရသည်။

“ဒီဆန္ဒခံယူပွဲမှာ မတရားမှု မမှန်ကန်မှုတွေကို မိထ္တီလာအဖွဲ့ချုပ်ဝင်တွေက လေ့လာစောင့်ကြည့်ပြီး မှတ်တမ်းတင်ဖို့နဲ့ ကန့်ကွက်မဲကိုပြတ်ပြတ်သားသားထည့်ကြဖို့ မနေ့က အစည်းအဝေးမှာ ဆုံးဖြတ်ချက် ချခဲ့ပါတယ်” ဟု မိထ္တီလာ အန်အယ်လ်ဒီ အဖွဲ့မှ မမြင့်မြင့်အေး ကပြောပြသည်။

ယင်းအစည်းအဝေးဆုံးဖြတ်ချက်တွင် ပြည်သူလူထုအနေနှင့်လည်း ကန့်ကွက်မဲပေးရန်နှင့် တရားမျှတမှု ရှိမရှိ စောင့်ကြည့်ရန် ပန်ကြားချက်လည်း ပါဝင်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ ဆန္ဒခံယူပွဲနှင့်ပတ်သက်ပြီး တရာမျှတမှုရှိမရှိကို စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ရှိ ပြည်သူလူထုကလည်း လေ့လာစောင့်ကြည့်မည်ဟု သိရသည်။

“ကန့်ကွက်မဲပေးခြင်းဖြင့် ပြည်သူရဲ့အဆုံးအဖြတ်က အများစုဖြစ်လာရင် ပြည်သူ့ဆန္ဒအတိုင်း ရေးဆွဲထားတာ မဟုတ်တဲ့ အခြေခံဥပဒေမျိုးကို ကျနော်တို့ရရှိမှာမဟုတ်ဘူး၊ ရဲရဲရင့်ရင့်လုပ်မှ အချူပ်အခြာအာဏာကို လူထု ပိုင်မယ်၊ ဒီအာဏာက လူထုထံပြန်လည် ပေးအပ်ဖို့အတွက် အရွယ်ရောက်သူတိုင်း အားလုံးတာဝန်ရှိကြ တယ်”ဟုလည်း ဦးသိန်းညွန့်က ဆိုသည်။ [Top]


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!