စက်တင်ဘာ ရန်ကုန် ဒိုင်ယာရီ
ရှယ်ရီ ဖာလိုက်စ် | နိုဝင်ဘာ ၂၀၊ ၂၀၀၇
ကိုးရက်ကြာဖြစ်ပွားခဲ့သော မြန်မာနိုင်ငံမှ ဆန္ဒပြအုံကြွမှုသည် တနိုင်ငံလုံးကို လှုပ်ခါစေခဲ့သည်သာမက လွတ်လပ်သော ကမ္ဘာတခုလုံးကို အံအားသင့် တုန်လှုပ်စေခဲ့သည်။ ရက်သတ္တတပတ်ကျော်ကြာ ဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို ရန်ကုန်မြို့၊ တခြားမြို့ကြီးများနှင့် တိုင်းပြည်တ၀န်းရှိ ဘုန်းတော်ကြီးကျောင်း ပရ၀ုဏ်များအတွင်း သွေးထွက်သံယိုနှိမ်နှင်း ချေမှုန်းမှုသည် မြန်မာ့သမိုင်းတွင် ၂၀၀၇ စက်တင်ဘာလ အုံကြွမှုအရေးတော်ပုံဟု ကမ္ပည်းထိုး မှတ်တမ်းတင်ကြရတော့မည် ဖြစ်သည်။
 |
| ရန်ကုန်မြို့လယ်တွင် ရွှေဝါရောင်သင်္ကန်းနှင့် ရဟန်းသံဃာများက စက်တင်ဘာဆန္ဒပြပွဲ ကာလအတွင်း မေတ္တာသုတ် ရွတ်ဆိုနေကြစဉ် [ဓာတ်ပုံ - မြတ်မိုးမောင်/ ဧရာဝတီ] |
ဘန်ကောက်အခြေစိုက် စာရေး ဆရာတဦးနှင့် ဓာတ်ပုံ သတင်းထောက်တဦးဖြစ်သူ ရှယ်ရီ ဖာလိုက်စ် (Thierry Falise) က ဤဖြစ်ရပ်များအတွင်း ရန်ကုန်မြို့တွင်ရှိနေ ခဲ့ပြီး ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ ထိုကိုးရက်တာ အကြမ်း ဖက်မှုကို သူက နေ့စဉ်မှတ်တမ်း တင်ထားခဲ့သည်။
သောကြာနေ့(စက်တင်ဘာ ၂၁ရက်)။ ။ မိုးက တနေကုန် သဲသဲမဲမဲရွာသွန်းနေသည်မှာ ရက်အတော် ကြာပြီ။ မြို့တော်ဟောင်း ရန်ကုန်တွင် သံဃာတော်များ ပထမဆုံး အကြိမ် ဆန္ဒပြကြသည့်အကြောင်းကို မနေ့က ကျနော်ကြား သည်နှင့် ချက်ချင်း မန္တလေးမှ ကသောကမျောဆင်းလာ ခဲ့သည်။ ကျနော် ဟိုတယ်တွင် အလုပ်လုပ်နေစဉ် ညနေ ၃ နာရီခန့်တွင် လမ်းမထက်မှ တရားဓမ္မ ရွတ်ဆိုသံတချို့ကို ကြားလိုက်ရသည်။ ပြူတင်းပေါက်မှ ကျနော်ကြည့်လိုက် တော့ နှစ်ရာသုံးရာခန့်ရှိမည့် သံဃာတော်များမိုးရေထဲတွင် လမ်းလျှောက်လာနေသည်ကို ကျနော် မြင်တွေ့လိုက် ရသည်။
ကင်မရာပစ္စည်းများကိုဆွဲပြီး ကျနော် လမ်းပေါ် အမြန်ပြေး ဆင်းလိုက်ချိန်တွင် ဆန္ဒပြသံဃာတော်များသည် ဆူးလေ ဘုရားအနီးတ၀ိုက်သို့ရောက်နေကြပြီ။ သံဃာအများစုက သက်တော် ၃၀ အောက်အရွယ်ရှိ ရဟန်းပျိုများဖြစ်ကြ သည်။ အရပ်သားလူစုလူဝေးလည်း ၎င်းတို့နှင့်အတူ လိုက်ပါလာကြသည်။ တချို့က လက်ခုပ်တီး အားပေးနေ ကြပြီး တခြားသူများက မိုးရေစိုနေသည့် မြေကြီးတွင် ပြားပြားဝပ် ဦးတိုက် ရှိခိုးနေကြသည်။ လူငယ်အုပ်စုတစုက ယခုအချိန်တိုင် မမြင်ရသေးသည့်ရန်သူမှ အကာအကွယ်ပေးနေသည့်အလား လက်ချင်း ချိတ်၍ လူသားတံတိုင်းပမာ
စုဖွဲ့ဝန်းရံ ပေးထားကြသည်။
သံဃာတော်များ မြို့တော်ခန်းမနေရာမှ ထွက်ခွာလာကြသည်။ တဟုန်ထိုးရွာသွန်းနေသော မုတ်သုန်မိုးအောက်တွင် ရန်ကုန်မြို့လမ်းမများက မြစ်များအလား ပြောင်းလဲသွားခဲ့ပြီး ရေတင်နေသော လမ်းမများပေါ်တွင် ဆန္ဒပြနေသူများက ခပ်သုတ်သုတ် ခြေလှမ်းသွားနေကြသည်။ သံဃာတော်များက ဗုဒ္ဓ၏ မေတ္တာ သုတ်ကိုသာ ထပ်ခါတလဲလဲ ရွတ်ဆိုလာ ခဲ့ကြသည်။ ကျနော် ဓာတ်ပုံရိုက်နေစဉ် လူတဦးက ပြုံးပြုံးရွှင်ရွှင်ပင် ထီးမိုးပေး၍ ကူညီခဲ့ သည်။ နှစ်နာရီမျှ ကြာသော အခါတွင် စီတန်းလှည့်လည်ခြင်းကို ဗိုလ်တထောင်ဘုရားတွင် အဆုံးသတ်လိုက်သည်။
နေ့လယ်ခင်းတခုလုံး ယူနီဖောင်းဝတ်များကို တဦးမှ ကျနော်မတွေ့ခဲ့ရသလို၊ ကျနော့်ကိုလည်းမေးခွန်းထုတ်လာသူ တစုံ တဦးမျှ မရှိခဲ့။ သို့သော် သေချာသည်မှာ ဤလူအုပ်ထဲတွင် အရပ်ဝတ်ရဲများနှင့် အစိုးရက ကျောထောက်နောက်ခံပြုပေး ထားသည့် လူရမ်းကားအဖွဲ့ဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ (USDA) မှ အဖွဲ့ဝင်များ ရောနှောပါဝင်နေလိမ့်မည်။ “မနက်ဖန်ကျရင် ထပ်တွေ့ကြမယ်” လူတယောက် ကျနော့်ကို ခပ်တိုးတိုး ကပ်ပြောသွားခဲ့သည်။
 |
| ဂျပန်သတင်းထောက်တဦး ဒဏ်ရာဖြင့်လဲကျနေစဉ် (နောက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်)။ စစ်သား တဦးက ပစ်သတ်ခဲ့ခြင်း ဖြစ်သည် [ဓာတ်ပုံ - Reuters] |
စနေနေ့ (စက်တင်ဘာ ၂၂ ရက်)။ ။ရွှေတိဂုံဘုရားတ၀ိုက် ပင်ပင်ပန်းပန်းလိုက်ရှာနေစဉ် ရှာမတွေ့တော့သည့် အဆုံး နောက်ဆုံးတွင် ဆူးလေဘုရားသို့ သွားရာလမ်းပေါ်တွင် ဆန္ဒပြသူများကို ကျနော်ဆုံလိုက်ရသည်။ ယမန်နေ့ကထက် သံဃာများ၊ လူများ ပိုများလာသည်။ “သတင်းမီဒီယာ”ဟူသော ရင်ဘတ်တံဆိပ်ကို ချိတ်ထားသည့် ရုပ်ခပ်ကြမ်းကြမ်း လူတဦးက ဖြစ်စဉ်တခုလုံးကို ရုပ်ရှင်ရိုက်ယူနေသည်။ လူတွေ၏ မျက်နှာကိုသာ အထူးစိတ်ဝင်တစား ရိုက်ယူနေပုံရသည်။ လူစုမခွဲခင် ညနေ ၆ နာရီအထိ သဲသဲမဲမဲရွာနေသော မိုးအောက်တွင် ပြိုင်ပွဲဝင်နေသည့်အလား ခပ်သွက်သွက်ခြေလှမ်း များဖြင့်လူတန်းရှည်ကြီးက ရန်ကုန်မြို့အနှံ့လှည့်လည် လမ်းလျှောက်နေကြသည်။
တချို့သူများက ကျနော့်ကို ပြောလာကြသည်။ ရာပေါင်းများစွာသော သံဃာများက ရန်ကုန်တက္ကသိုလ်လမ်း တလျှောက်ရှိ အတားအဆီးများကိုဖြတ်ကျော်၍ ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏အိမ်ရှေ့ ရောက်ခဲ့ကြသည်။ သူမ အိမ်ရှေ့တွင် မေတ္တာသုတ်ကိုရွတ်ဆိုခဲ့ကြသည်ဟု ဆိုသည်။ အာဏာပိုင်များကလည်း သံဃာများကို မတားဆီးခဲ့ကြ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်ရှေ့ထွက်လာပြီး သံဃာတော်များကို ၀တ်ပြုအရိုအသေပေးခဲ့သည်။
တစုံတရာတော့ လေးလေးနက်နက် ဖြစ်နေပြီဟု ကျနော် စတင်ခံစားလာရသည်။ သမိုင်းတခုအဖြစ် ရေးနေသည့် ဖြစ်စဉ် ကြီးတခုအတွင်း၌ ကိုယ်တိုင်ကိုယ်ကျရှိနေသည်မှာ ထူးလည်းထူးဆန်းသည်။ စိတ်လှုပ်ရှားဖွယ်လည်း ဖြစ်သည်။ ရင်လည်း ခုန်နေရသည်။
တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၃ရက်)။ ။ဒီကနေ့ ဆန္ဒပြသူများကို ဆူးလေဘုရားတွင် ကျနော်တွေ့ရသည်။ ရဟန်း ၂ ပါးက “မေတ္တာတရားဖြင့် အရာရာကို အောင်မြင်နိုင်ရမည်” (The loving kindness must win everything) ဟု အင်္ဂလိပ်စာတန်း ဖြင့် ဆိုင်းဘုတ်ကို ကိုင်ထားသည်ကို တွေ့ရသည်။ အလေးအနက် ဆန္ဒပြနေသည့် သင်္ကေတအဖြစ် ရဟန်းတပါးက သပိတ်ကိုမှောက်၍ ကိုင်မြှောက်ထားသည်ကို တွေ့ရသည်။
ရဟန်းသံဃာ ၂,၀၀၀ နှင့်အတူ ပထမဦးဆုံးအကြိမ်အဖြစ် ပိတ်ဖြူဝတ် သီလရင်များလည်း စတင်ပူးပေါင်းလာပြီး ရွှေတိဂုံ ဘုရားမှတဆင့် မြို့လယ်သို့ ချီတက်လာသည်။ ရာနှင့်ချီသော လူငယ်များ၊ ကျောင်းသားများလည်း လိုက်ပါလာကြပြီး ကုန်ဈေးနှုန်းကျဆင်းရေး၊ အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ စတင်ရေး၊ ဒေါ်ဆောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး စသည့် တောင်းဆိုချက်များ ကြွေးကြော်တောင်းဆိုလာကြသည်။
တနင်္လာနေ့ (စက်တင်ဘာ ၂၄ရက်)။ ။ဒီနေ့အတွက် နောက်တကြိမ် နေထွက်ပြူလာပြီ။ ရွှေတိဂုံဘုရား ခြေရင်းတွင် စုဝေး နေသော ထောင်နှင့်ချီသည့် သံဃာတော်များကို ကျနော်သွားရောက် စောင့်ကြည့်နေသည်။ ပြုံခဲနေသည့်လူစုလူဝေးကြီးကို နီညိုရောင်နှင့် ကြက်သွေးရင့်ရောင် လှိုင်းကြီးတခုက ဖြတ်ထားသည်။ ဤလှိုင်းကြီးက အထွတ်အမြတ်ထားရာ ရွှေတိဂုံ ဘုရားတ၀ိုက်တွင် ချက်ချင်းပြည့်လျှံလာပြီး မြို့လယ်ခေါင်ဆီသို့ ဆက်လက်စီးဆင်းသွားခဲ့သည်။ မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများ ပါဝင်နေသည့် ချိုမြိန်သည့် စိတ်ခံစားမှု မုန်တိုင်းတခုက ကျနော့်ကို ရစ်သိုင်းဖြတ်သန်းသွားလိုက် သည့်နှယ် ခံစားလိုက်ရသည်။ လူသွားလမ်း ပလက်ဖောင်းများ၊ ၀ရန်တာများ၊ တိုက်ခန်း ပြူတင်းပေါက်များ၊ အရောင်းဆိုင် ခေါင်မိုးများ၊ စီးပွားရေး လုပ်ငန်းများ၊ တမြို့လုံးရှိနေရာတိုင်းမှ ရန်ကုန်မြို့သူ မြို့သားများက လက်ခုပ်လက်ဝါးတီး အားပေးနေကြသည်။
 |
| လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေကြရသော သံဃာများ [ဓာတ်ပုံ - AFP] |
အင်္ဂါနေ့ (စက်တင်ဘာ ၂၅ရက်)။ ။ချစ်ချစ်တောက်ပူနေသော အပူလှိုင်းက တမြို့လုံးကို လွှမ်းခြုံထားသည်။ ယနေ့ ဆန္ဒပြ မှုသည် နိုင်ငံရေးပိုဆန်လာသည်။ လူများက ဒေါ်အောင်ဆန်းစုကြည်ပုံပါသော တီရှပ်များ၊ သူမ၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ပုံပါသော တီရှပ်များကိုလည်း ၀တ်ဆင်၍ ထွက်လာကြသည်။ ဆူးလေဘုရားတွင် ယာယီဆေးရုံတခု တည်ထောင်လိုက် သည်။ ရေကြည်ဖုထနေသော သံဃာတော်များ၏ ခြေထောက်များကို အရပ်သားများက ပလာစတာဖြင့် ကပ်ပေးနေသည်။ နာကျင်နေသော ခြေထောက်များကို နှိပ်နယ်ပေးနေကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ မိန့်ခွန်းပြော မည်ဟု တစုံတဦးက ကြေညာလိုက်ပြီး လော်စပီကာများ ယူဆောင်လာကြသည်။ သို့သော်လည်း သံဃာတော်များက နိုင်ငံရေး ကိစ္စများ မိန့်ခွန်းမပေးကြရန် မေတ္တာရပ်ခံခဲ့ကြသည်။
သံဃာတော်များ ဆက်လက်၍ ချီတက်ကြသည်။ လူအများ ပို၍ ပို၍ အားပေးလာကြသည်။ ဒီမိုကရေစီဟူသော ကြွေးကြော် သံများလည်းရှိလာပြီး ဆန္ဒပြသူများကို ကြည့်ရသည်မှာ လုံးဝလွတ်မြောက်ပြီးသည့် အသွင်ပေါက်နေကြသည်။ ယခုအချိန် တွင် နိုင်ငံခြားဓာတ်ပုံဆရာ အများအပြားကလည်း ဆန္ဒပြမှုကို မှတ်တမ်းတင်နေကြသည်။ ခေတ္တရပ်နားချိန်တွင် ဒါဇင်နှင့် ချီသောလူများက ကျနော်တို့ကို လာရောက်အား ပေးစကားပြောကြပြီး “ကျနော်တို့ရဲ့ ၀မ်းနည်းကြေကွဲဖွယ်ရာ ဘ၀တွေကို ကမ္ဘာကို အသိပေးကြပါ။ ကျနော် တို့က စစ်သားတွေကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး၊ စစ်တပ်ခေါင်းဆောင်တွေကိုသာ ဆန့်ကျင်နေကြတာပါ”ဟု ကျနော်တို့ကို ပြောပြသည်။
ညနေ ၅ နာရီခန့် ဟိုတယ်သို့အပြန်တွင် ဆူးလေဘုရားဆီသို့ ဦးတည်မောင်းနေသော စစ်သားအပြည့် တင်ဆောင်ထား သည့် စစ်ကားလေးစီးကို ကျနော်တွေ့လိုက်ရသည်။ ရက်ပေါင်း ၆၀ ကြာ နေ၀င်မီးငြိမ်း ကာဖျူး အမိန့် ထုတ်လိုက်သည်။ ဖိနှိပ်ဖြိုခွဲမှု စတင်ခဲ့ပေပြီ။
ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၆ရက်)။ ။မွန်းတည့်ခါနီး၌ ရွှေတိဂုံဘုရားအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး သုံးကာ လူအုပ်ကြီးအား လူစုခွဲသည်။ သံဃာအပါး ၁၀၀ ခန့် ရွှေတိဂုံ ဘုရားခြေတော်ရင်းရှိ လမ်းမတခုပေါ်တွင် စုဝေးနိုင် ခဲ့ကြသည်။ တနာရီမျှပင် မကြာလိုက် လူသွားလမ်းမများ၊ ဘတ်စ်ကားများပေါ်မှ လာပေါင်းကြသော ထောင်နှင့်ချီသည့် ပြည်သူများနှင့် သံဃာတော်များ ဆုံတွေ့မိကြသည်။ ထောက်ခံသူများကလည်း စိတ်ရောကိုယ်ပါ ခံစားမှုအပြည့်နှင့် ဤဆန္ဒပြသူများကို ကြိုဆိုကြသည်။
ယမန်နေ့ကထက် လူအဆမတန် ပိုမိုများပြားသည်။ လူထုက ကျနော်တို့ဓာတ်ပုံဆရာများကို ရေ၊ သကြားလုံးများနှင့် အကယ်၍ မျက်ရည်ယိုဗုံးသုံး၍ တိုက်ခိုက်လာပါက ကာကွယ်နိုင်ရန် မျက်နှာဖုံးများ ပေးကြသည်။ ရန်ကုန်ရှိ အချို့သော နေရာများတွင် စစ်သားများက လူအုပ်အတွင်းသို့ သေနတ်နှင့် တည့်တည့်ပစ်ထည့်နေကြကြောင်းလည်း လူများက ကျနော် တို့ကို ပြောပြသည်။ လေထုအတွင်း ဒေါသများနှင့် စိတ်လှုပ်ရှားမှုများက ပြည့်နှက်နေပြီ။
ကြာသပတေးနေ့ (စက်တင်ဘာ ၂၇ရက်)။ ။ရန်ကုန်မြောက်ပိုင်း ငွေကြာယံဘုန်းကြီးကျောင်းအနီး ရုန်းရင်း ဆန်ခတ်မှုတခု ဖြစ်နေသည်ဟု ကျနော့်အဆက်အသွယ်တဦးက သတင်းပို့လာခဲ့သည်။ လုပ်ဖော်ကိုင်ဖက် နှစ်ဦးနှင့်အတူ ကျနော်တို့ ကမန်း ကတန်း လိုက်သွားခဲ့ကြသည်။ စစ်သား၊ ရဲများနှင့် အရပ်သားလုံခြုံရေးများက လမ်းများကို ပိတ်ဆို့ထားကြသည်။
မနေ့ညပိုင်းတွင် အနည်းဆုံး သံဃာ ၂၀၀ ခန့်ကို ထိုဘုန်းကြီးကျောင်းတွင် ရက်ရက်စက်စက်ရိုက်နှက်ပြီး ဖမ်းဆီးသွားသည် ဟု သိရသည်။ သံဃာတပါး သေဆုံးခဲ့သည်ဟုလည်း ကြားရသည်။ ထိုဖမ်းဆီးမှုအပေါ် ဒေါသထွက်နေသော ရာနှင့်ချီသည့် ဒေသခံလူထုက လမ်းများပေါ်ထွက်လာခဲ့ကြသည်။ လမ်းပြည့်လျှံသွားသည်။ တာမွေမြို့နယ်တွင် ဆန္ဒပြသူ ကျောင်းသား များကို စစ်သားများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြသည်ဟု ကျနော်တို့ကိုပြောပြကြပြီး လုံခြုံရေးတပ်ဖွဲ့များနေရာယူထားသည့် နောက်တွင် မူလတန်းကျောင်းသား ကလေးငယ်တအုပ်လည်း ချောင်ပိတ်မိနေခဲ့သည်ဟု ဆိုကြသည်။
 |
| သံဃာများနှင့်လူထုကို အကြမ်းဖက်နှိမ်နင်း ဖြိုခွဲမှုအပြီး မခံမရပ်နိုင်ဖြစ်နေကြသော သံဃာများ [ဓာတ်ပုံ - ရှယ်ရီ ဖာလိုက်စ်] |
“ဆူးလေဘုရားမှာ လူ ၃၀ အသတ်ခံရတယ်” ဟု အမျိုးသားတဦးက ပြောပြသည်။ ကျနော်တို့ မြို့ထဲသို့ ချက်ချင်း ပြန်ပြေး ကြပြန်သည်။ ထိုပြောပြချက် မမှန်ကန်ပါ။ သို့သော်လည်း ထိုနေရာတခုလုံးကို စစ်သားများ၊ ရဲများက အပြည့် နေရာယူထား ကြသည်။ သွေးကွက်ကြီးကြီး နှစ်ကွက်နှင့် ညှပ်ဖိနပ်များ အများအပြားပြန့်ကျဲနေသည်ကို ထိုလမ်းမကြီးပေါ်တွင် ကျနော် တွေ့ရသည်။ မျက်နှာဖြူသတင်းထောက်တဦး အသတ်ခံခဲ့ရသည်ဟု ကျနော့်ကို ပြောပြကြသည်။ ဂျပန်သတင်းထောက်တဦး ပစ်သတ်ခံခဲ့ရသည်ဟု နောက်ပိုင်းတွင် အတည်ပြုနိုင်ခဲ့သည်။
ရန်ကုန် မီးရထားဘူတာရုံကြီးအနီး လမ်းလေးဆုံတွင် သံဃာတော် အုပ်စုငယ်တခုက မည်သည့်နေရာကမှန်းမသိ ပေါ်ထွက် လာခဲ့သည်။ မိနစ်အနည်းငယ်အတွင်းတွင် ထောင်နှင့်ချီသော လူများက သံဃာတော်များကို ၀န်းရံလိုက်ကြပြီး နီးစပ်ရာ တံတားဆီသို့ ဦးတည်လျှောက်လာကြသည်။ တံတား၏ တဖက်တချက်ဆီမှ စစ်သားများ ရုတ်တရက် ပေါ်ထွက်လာကြပြီး ကျနော်တို့ကို ပစ်တော့သည်။ ပြေး..ပြေး…။ လူများလည်း ကိုယ့်အသက် ကိုယ်လုကာ ပြေးကြရတော့သည်။
သောကြာနေ့ (စက်တင်ဘာ ၂၈ရက်)။ ။ရန်ကုန်မြို့ နေရာအနှံ့အပြားတွင် လူစုလူဝေးများက စစ်တပ်ကို ဆန့် ကျင် အံတု၍ ထွက်လာကြသည်။ လူအုပ်စုများက ဆန္ဒပြပွဲများကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းကြသော်လည်း လုံခြုံရေးတပ်ဖွဲ့
ဝင်များ ရောက်လာပြီး လူစုခွဲခံရသည်နှင့်ချည်း ကြုံကြရသည်။ ရာနှင့်ချီသော ဆန္ဒပြသူများ ဖမ်းဆီးခံကြရသည်။ ကြိုးဖြင့် တုပ်နှောင်ခံကြရသည်။ ရိုက်နှက်ခံကြရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆောက်အဦများ၊ အိမ်များအတွင်းသို့ပင် လိုက်လံရှာဖွေကြပြီး ကင်မရာကိုင်ဆောင်ထားသူများကိုလည်း ရွေး၍ သဲသဲမဲမဲ လိုက်ကြသည်။
လူထုက အင်တာနက်အသုံးပြု၍ သတင်းပို့နေမှုများ အားလုံးကို ဖြတ်တောက်ရန်အတွက် မွန်းတည့်ချိန်ခန့်တွင် ရန်ကုန် တက္ကသိုလ် လှိုင်ကျောင်းဝင်းအတွင်းရှိ မြန်မာနိုင်ငံ၏ အဓိကအင်တာနက် ၀န်ဆောင်မှု ပေးနေသော မြန်မာအင်ဖိုတက်ခ် (Myanmar Info-Tech) ကို စစ်သားများအပြည့် တင်ဆောင်ထားသော ထရပ်ကားများ ၀င်ရောက်လာပြီး စီးနင်းလိုက်ကြ သည်။ နိုင်ငံတကာမီဒီယာများနှင့် ကမ္ဘာ့တ၀န်းရှိ မြန်မာနိုင်ငံသားများထံသို့ တိုင်းပြည်အတွင်းမှ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ သတင်းများနှင့် အီးမေးလ်များ တရဟောထွက်နေမှုကို ပိတ်ဆို့နိုင်ရန် တန်ပြန်ဆောင်ရွက်မှုလည်း ဖြစ်သည်။ မြန်မာနိုင်ငံက အမှောင်ခေတ်သို့ တကျော့ပြန်၍သွားနေပြီ ဖြစ်သည်။
စနေနေ့ (စက်တင်ဘာ ၂၉ရက်)။ ။ယခုအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျနော်တို့ နိုင်ငံခြားသား သတင်းထောက်များ ကြောင်နှင့်ကြွက် လိုက်တမ်းပြေးတမ်း ကစားနေသကဲ့သို့ ဖြစ်နေရပြီ။ ကျနော်တို့က အရပ်သားများထံ ချည်းကပ်လာတိုင်း စစ်သားများ ရောက်လာကြသည်။ လူအများလည်း ကြောက်လန့်တကြား ဖြစ်ကြရသည်။ ဖြစ်ရပ်တခုတွင် ကျနော်တို့က တံတားမှ ဆင်းပြေးလာပြီး ဘုန်းကြီးကျောင်း တကျောင်းတွင် ၀င်ပုန်းကြရသည်။ သံဃာများကလည်း ကူညီဝှက်ထားပေး ကြသည်။
 |
| သွေးစွန်းနေသော ဖိနပ်များ လမ်းပေါ်ကျန်နေစဉ်။ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သည့် နေရာများရှိ အထောက်အထားများပင် ဖြစ်သည် [ဓာတ်ပုံ - အေအက်ဖ်ပီ] |
မွန်းလွဲပိုင်းတွင် တခြားသတင်းထောက် နှစ်ယောက်နှင့်အတူ ကျနော်တို့ ငွေကြာယံဘုန်းကြီးကျောင်းသို့ ပြန်သွားသည်။ အသက်အရွယ်ကြီးရင့်သော ဘုန်းတော်ကြီး အနည်းအကျဉ်းသာ ကျန်ရှိခဲ့သည်။ ပထမပိုင်းတွင် ကျနော်တို့ကနိုင်ငံခြား ခရီးသွားများအဖြစ် ဟန်ဆောင်၍၀င်ကြသည်။ သို့သော် ကျနော်တို့က ရိုးရိုးတန်းတန်း မဟုတ်သည့် မေးခွန်းများ စတင် မေးကြလာကြသည့်အခါ မနှစ်မြို့ဖွယ် အကြည့်များဖြင့် အကြည့်ခံရသည်။ စာနာတတ်သူ၊ စိတ်ဝင်စားသူအဖြစ်ဟန်ဆောင် ထားသော လူကောင်ခပ်ကြီးကြီးနှင့် လူတယောက် ထွက်လာသည်။ ကြံ့ဖွံ့ (USDA) ပဲဟု ကျနော်မှန်းဆမိသည်။ စစ်ကား လေးစီးပေါ်ထွက်လာပြီး ဘုန်းကြီးကျောင်းတ၀ိုက် စစ်သားများနေရာယူလိုက်ကြသည်။ အငှားကားတစီးပေါ်သို့ ကျနော်တို့ ကသောကမျောပြေးတက်ပြီး ထွက်ခဲ့ကြရသည်။
နောက်ပိုင်းတွင် ကျနော်သိရသည်မှာ ကမ္ဘာ့ကုလသမဂ္ဂ၏ အထူးသံ ကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီ ရန်ကုန်မြို့သို့ရောက်နေပြီး ကုလသမဂ္ဂ၀န်ထမ်းများက အခြေအနေများကိုတင်ပြနေ သည်ဟုလည်း သိခဲ့ရသည်။ စစ်အစိုးရခေါင်းဆောင်များနှင့် တွေ့ဆုံရန်အတွက် မြို့တော်နေပြည်တော်သို့ သူချက်ချင်း ဆင်းသွားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထူးသံနှင့် မြန်မာ့အရေးဆွေးနွေးနေစဉ်တွင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်ဆောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ပြင်ဆင်နေသည်ဟုလည်း အစိုးရပိုင်သတင်းဌာနများက ကြေညာခဲ့ကြသည်။ လုံခြုံရေးကောင်စီကလည်း တညီတညွတ်တည်း စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွင်းမှုများကို “ပြင်းထန်စွာရှုံ့ချကြောင်း” ထုတ်ပြန်လာခဲ့သည်။ သို့သော်လည်း မည်သို့ပင်ရှိစေ ဖမ်းဆီးမှုများ၊ ခြိမ်း ခြောက်မှုများက ဆက်လက်ဖြစ်ပေါ်နေဆဲပင် ဖြစ်သည်။ [Top]
(ရဲနည် ဖြည့်စွက်တင်ပြသည်)
၂၀၀၇ ခုနှစ် နိုဝင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်းမှ Thierry Falise ရေးသားသည့် A Rangoon Diary ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ |