အနာဂတ် နိုင်ငံတော်ကို တည်ဆောက်စို့
ရဲနည် | နိုဝင်ဘာ ၁၉၊ ၂၀၀၇

ဒဏ်ရာတွေက မျိုးဆက်တွေကို လက်ဆင့်ကမ်းကြ
၈၈ မျိုးဆက်တွေ အနားမရသေးဘူး
၉၆ မျိုးဆက်တွေ အနားမရသေးဘူး
၂၀၀၇ မျိုးဆက်တွေလည်း အနားမရကြပြန်ဘူး။

ဒို့ ၈၈ မျိုးဆက်တွေက
စိတ်ဒဏ်ရာ မကျက်သေးခင်
နောက်မျိုးဆက်တခုလည်း
အညွန့်ချိုးခံလိုက်ရတယ်။

မြန်မာကဗျာဆရာ ယောဟန်အောင်က သူ၏ “တွန့်လိမ်နေသော နိုင်ငံတော်” အမည်ရသည့် ကဗျာတွင် အထက်ပါအတိုင်း ရေးခဲ့သည်။ ရဟန်းသံဃာများဦးဆောင်သည့် စက်တင်ဘာ လွတ်မြောက်ရေး လူထုလှုပ်ရှားမှုကြီး အကြမ်းဖက်ချေမှုန်း ခံရပြီး နောက်ပိုင်း ခံစားရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ (http://yaw-han-aung.blogspot.com/ ကိုကြည့်ပါ)

သေချာသည်မှာ ကျနော်တို့ မြန်မာပြည်သူများသည် အာဏာရှင်စနစ်အောက်တွင် နေထိုင်ကြီးပြင်းလာခဲ့ကြရပြီး ကိုယ့်နိုင်ငံ ကမ္ဘာ့အလယ်တွင် ဆယ်စုနှစ်ပေါင်းများစွာ မည်မျှ အောက်ကျနောက်ကျ ကျန်နေခဲ့ပြီဆိုတာ နာကျင်စွာ သိနေခဲ့ကြသည်။

ဤသို့အသိများနှင့် အတွေ့အကြုံများကြောင့် ထောင်ပေါင်းများစွာသော မြန်မာပြည်သူများကို လမ်းမများပေါ်ထွက်လာစေ သည်။ လွတ်လပ်သည့်၊ ဒီမိုကရေစီ ရှိသည့်၊ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကို မျှော်မှန်းရင်း ပစ်ခတ်ချေမှုန်းခံကြရပြီး အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ကြသည်။ ထောင်ကျသူ ကျသည်။ နိုင်ငံနှင့် ဝေးရာခိုလှုံခဲ့ကြရသူများလည်း အများအပြား ရှိခဲ့သည်။

၁၉၈၈ ခုနှစ်တုန်းက ကျနော်က တက္ကသိုလ်ကျောင်းသားတဦးအနေနှင့်ပင် ရှိသေးသည်။ ၁၉၈၇ ခုနှစ် ပိုက်ဆံများ တရား
မ၀င် ကြေငြာခဲ့ပြီး နောက်ပိုင်းတွင် ကျနော်နှင့် နီးစပ်သူ သူငယ်ချင်းအသိုင်းအ၀န်း၌ စကားပြော ဆွေးနွေးခဲ့ကြစဉ်ကပင် တိုင်းပြည်တွင် ဖြစ်ပေါ်လာတော့မည့် ဒုက္ခပြဿနာ အ၀၀ကို အနည်းနှင့်အများဆိုသလို သိရှိနေခဲ့သည်။ ဤသို့ ငွေကြေး များကို တရားမ၀င်ဖျက်သိမ်းလိုက်မှုကြောင့် နိုင်ငံအတွင်းလည်ပတ်နေသည့် ငွေကြေးများ၏ ၈၀% မှာ တရားမ၀င်ဖြစ်ကာ လူထု စားဝတ်နေရေး အင်မတန်ကြပ်တည်း သွားခဲ့ရသည်။

ကျနော်တို့က လမ်းမများပေါ်ထွက်၍ ပြုပြင်ပြောင်းလဲရေးများလုပ်ရန် တောင်းဆိုခဲ့ကြသည်။ ကံမကောင်း အကြောင်းမလှခဲ့ ကြပါ။ ဆန္ဒပြပွဲများအတွင်း လူများစွာကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြသည်။ လွတ်လပ်ရေး လိုလားတောင့်တနေသူ များကို “အဖျက်သမား” ဟု သမုတ်ခဲ့ကြသည်။ ကွန်မြူနစ်များနှင့် အမေရိကန် စီအိုင်အေ တို့၏ လက်ပါးစေ ပုဆိန်ရိုးများဟု စွပ်စွဲခဲ့ကြသည်။

ယခုတကြိမ် သြဂုတ်လ ၁၉ ရက်နေ့မှစတင်လာခဲ့သည့် လွတ်လပ်ရေး လှုပ်ရှားတောင်းဆိုမှုတွင်လည်း ရဟန်းပျိုများ၊ ကျောင်းသားလူငယ်များက နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြပြန်သည်။

နောက်ထပ်တက်လာသည့် မျိုးဆက်သစ်တိုင်းက တိုင်းပြည်၏ ဆုတ်ယုတ်ကျဆင်းလာနေသော အခြေအနေကို မျက်ဝါး ထင်ထင် ကိုယ်တွေ့ကြုံနေကြရသည်။ ကမ္ဘာ့ကုလသမဂ္ဂနှင့် အခြားယုံကြည်အားထားလောက်သည့် အဖွဲ့အစည်းကြီးများက မြန်မာနိုင်ငံ၏ လူထုကျန်းမာရေးနှင့် ပညာရေးစောင့်ရှောက်ပေးမှုသည် ကမ္ဘာပေါ်တွင် အနိမ့်ကျဆုံးနိုင်ငံများအတွင်း ရှိနေ သည်ဟု ဖော်ပြခဲ့ကြသည်။ မြန်မာနိုင်ငံ၏ လူတဦးချင်းဝင်ငွေ (တဦးချင်း၏ ဂျီဒီပီတန်ဖိုး) သည် ဖွံ့ဖြိုးမှုနည်းပါးသည်ဆိုသော ကမ္ဘောဒီးယားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများရှိ လူတဦးချင်းဝင်ငွေ၏ တ၀က်အောက်ပင် လျော့နည်းနေခဲ့ပေပြီ။ အနာဂတ် မျိုးဆက်များအတွက် မျှော်လင့်ချက်နှင့် လားရာအနာဂတ်မှာ လုံးဝ ပိန်းပိန်းမှောင်နေတော့သည်။

အစဉ်အလာအရ မြန်မာ့လူမှုအဖွဲ့အစည်းသည် တန်ဖိုးထားအပ်သည့် အဖွဲ့အစည်း (၃) ခု၊ “သား ၃ သား” ဟု ခေါ်ဆိုကြ သည့် “ကျောင်းသား၊ ရဟန်း (ဘုရားသား)၊ စစ်သား” အပေါ် မှီတည်နေသည်ဟု ဆိုလေ့ရှိကြသည်။ ဤသား ၃ သားက ဗြိတိသျှကိုလိုနီ လက်အောက်မှ လည်းကောင်း၊ ဂျပန်ကျူးကျော်မှုမှ လည်းကောင်း မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ညီညွတ်စွာ တိုက်ယူပေးခဲ့ကြသည်။ ၎င်းသား ၃ သားက နိုင်ငံတော်သစ်အတွက် မျှော်လင့်ချက် အိပ်မက်များ အသီးသီး ထားရှိခဲ့ကြသည်။

ကံဆိုးသည်ဟုပင် ဆိုရတော့မည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး မကြာမီမှာပင် ကွန်မြူနစ်၊ ကရင်နှင့်အခြား တိုင်းရင်းသား သူပုန်များကို တိုက်ခိုက်ရင်း စစ်တပ်ကအလျှင်အမြန်ပင် အာဏာကြီးထွားလာခဲ့သည်။ သို့သော်လည်း လွတ်လပ်ရေးရပြီး နောက်ပိုင်း ဤကာလတွင် တပ်မတော်သည် လူထုကရွေးကောက်တင်မြှောက်သည့် အရပ်သားအစိုးရ ထိန်းချုပ်မှုအောက် တွင်ပင် ရှိနေခဲ့သေးသည်။

၁၉၆၂ ခုနှစ် နောက်ပိုင်းမှစ၍ အလုံးစုံ ပြောင်းလဲသွားတော့သည်။ ယခုအခါ ကွယ်လွန်ခဲ့ပြီဖြစ်သော အာဏာရှင်ဟောင်း ဦးနေ၀င်းဦးဆောင်သည့် စစ်တပ် (သား ၃ သားမှ စစ်သားလူတန်းစား) က ကျောင်းသားများနှင့် ဘုရားသားတော် ရဟန်း သံဃာများကို သစ္စာဖောက်ခဲ့သည်။ စစ်အာဏာဖြင့် တိုင်းပြည်ကို အုပ်ချုပ်သကဲ့သို့ ကျောင်းသား၊ သံဃာများနှင့် လူထု ကိုလည်း သတ်ဖြတ်ခြင်း၊ ထောင်သွင်း အကျဉ်းချခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုကျင့်ကျူးလွန်ခဲ့ကြသည်။

အထက်ပါ ကဗျာကဖော်ပြသကဲ့သို့ မျိုးဆက်သစ်တိုင်း၏ အလားအလာကောင်းများသည်လည်း အညွန့်ချိုးခံခဲ့ကြရသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်နေသည့် လက်ရှိ စစ်အာဏာရှင် အစိုးရသည်လည်း ပိုမို၍ဆိုးရွား ကြမ်းကြုတ်လွန်းသည့် အစိုးရသာ ဖြစ်သည်။

မည်သည့် နိုင်ငံမဆို ၎င်း၏ပြည်သူများကို စောင့်ရှောက်ကာကွယ်ပေးရန်အတွက် စစ်သားများ သို့မဟုတ် တပ်မတော် တခု လိုအပ်ကြောင်း မြန်မာနိုင်ငံသားများက သဘောပေါက်နားလည်ထားကြသည်။ သို့သော် ပြည်သူကို သတ်ဖြတ်၊ ဖိနှိပ်နေမည့် လက်နက်ကိုင်များ မဟုတ်ရပါ။ နိုင်ငံတွင် တန်ဖိုးထားအပ်သည့် နိုင်ငံတော်အဖွဲ့အစည်းတခုအနေဖြင့် ရှိရပါမည်။ ခြစား ပျက်ယွင်းနေသည့် ဖိနှိပ်ရေးယန္တရား မဖြစ်စေရပါ။ “စစ်သား” များက မြန်မာနိုင်ငံ၏ မျိုးဆက်သစ်များကို ဆက်လက်ဖိနှိပ် ချိုးနှိမ်နေသည်ကတော့ အလွန်အကျည်းတန်ဖွယ်၊ ရှက်ဖွယ်ကိစ္စဖြစ်သကဲ့သို့ နိုင်ငံ၏ အနာဂတ်ကိုလည်း အညွန့်တုံးသွား စေသည်။

သာမန်မြန်မာပြည်သူများပင် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်၊ နိုင်ငံ၏ ဗိသုကာနှင့် ယနေ့ခေတ် မြန်မာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်လှုပ်ရှားဖွယ် စကားတခွန်းကို အမှတ်ရနေကြပါသေးသည်။ “စစ်သား မဟုတ်သော်လည်း တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြတဲ့ သူတွေအများကြီးပဲ။ ဒို့စစ်သားတွေကပဲ အရေးပါတယ် ဆိုတဲ့ အမြင်မျိုးကိုတော့ ပြောင်းလဲကြဖို့လိုတယ်” ဟု ဆိုခဲ့ဖူးပါသည်။

ပိုမိုကောင်းမွန်သည့် မြန်မာ့အနာဂတ်သစ်ကို ဖန်တီးနိုင်ရန်အတွက်ဆိုလျှင် ပထမဦးစွာ မြန်မာပြည်သူများက မိမိတို့၏ မျှော်လင့်ယုံကြည်ထားချက်များကို လက်မြှောက်အရှုံးမပေးလိုက်ရန် အထူးအရေးကြီးပါသည်။ ကျောင်းသားများနှင့် ရဟန်း သံဃာများ လက်တွဲပူးပေါင်း၍ ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ၀ိုင်းဝန်းဖန်တီး တည်ဆောက်ကြရန် လိုအပ်ပါသည်။

ဒုတိယ အရေးကြီးဆုံးအချက်မှာ “စစ်သား” ဆိုသည့် လူတန်းစားက ၎င်းတို့မူလ လာခဲ့ကြသည့် အခန်းကဏ္ဍနေရာသို့ ပြန်ရန်လိုအပ်ပြီး နိုင်ငံ၏တန်ဖိုးထားဖွယ် အဖွဲ့အစည်းတခုအဖြစ် ဆက်လက်၍ဂုဏ်သိက္ခာရှိစွာတည်ရှိနေနိုင်ရန် လိုအပ်ပါ သည်။ မိမိကိုယ်တိုင် စွန့်လွှတ်အနစ်နာခံမှု၊ စည်းကမ်းသေ၀ပ်မှုနှင့် ပြည်သူများအပေါ် အလုပ်အကျွေးပြုရန် စိတ်ဓာတ်မျိုး နှင့် ခံယူနေထိုင်သွားမှသာ တပ်မတော်၏ အခန်းကဏ္ဍသည် အနာဂတ်သမိုင်း မော်ကွန်းတွင်ရစ်နိုင်မည် ဖြစ်သတည်း။     ။ [Top]

၂၀၀၇ ခုနှစ် နိုဝင်ဘာ ၉ ရက် ဧရာဝတီ အင်တာနက် စာမျက်နှာမှ ရဲနည်ရေးသားသည့် How to Save Burma's Future Generation? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!