မြန်မာ့ အရှုပ်ထုတ် ဘယ်သို့ ရှင်းရပါ့
ဝီလီယမ် ဘွတ်၊ ဘန်ကောက် | နိုဝင်ဘာ ၁၅၊ ၂၀၀၇
စစ်အစိုးရ၏ နှစ်ပေါင်းများစွာ လွဲမှားသောစီမံခန့်ခွဲမှုကို ဆက်ခံကြရမည့်သူများအနေဖြင့် နိုင်ငံ၏စီးပွားရေးပြန်လည်
တည်ဆောက်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းကြရပါလိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်မှာ ပြိုင်ဆိုင်နိုင်စွမ်း မရှိခြင်း၊ အကြီးအကျယ်ခြစားမှုနှင့် မတော်လောဘများကြောင့် ပြိုကျပျက်စီးလျှက် ရှိနေပါသည်။
မြန်မာနိုင်ငံ၏ ပေါကြွယ်လှသော သဘာဝအရင်းအမြစ်များမှ ရလာသည့်ဝင်ငွေများကို ကြီးကျယ်ခမ်းနားပြီး ငွေကုန် ကြေးကျများလှသည့် စီမံကိန်းကြီးများဖြင့် အလဟဿ ဖြုန်းတီးနေသည့်အချိန်တွင် လူထုက ငတ်မွတ်နေကြရပါသည်။ နိုင်ငံ၏စီးပွားရေးသည်လည်း ဖရိုဖရဲ ဆင်းရဲတွင်းနက်ထဲသို့ နစ်မြုပ်ကျဆင်းနေရပေသည်။
 |
ရန်ကုန်ရှိ လမ်းဘေးဖိနပ်ပြင်သမားတဦး ဖောက်သည်ကို မျှော်နေစဉ်။ ဒီမိုကရေစီ လိုလားသည့် အင်အားစုများအပေါ် မကြာသေးမီက အကြမ်းဖက်ဖြိုခွဲပြီးသည့်နောက်ပိုင်း အနောက်နိုင်ငံများက စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ တိုး၍ ဆောင်ရွက်လာခဲ့ကြသည်။ သို့သော်လည်း အချို့
ဝေဖန်သူများက ဤဆောင်ရွက်ချက်သည် မူလကတည်းက ဆင်းရဲပြီးသား မြန်မာပြည်သူများကိုသာ ပို၍ထိခိုက်နစ်နာစေမည်ဟု ဆိုနေကြပါသည်။ [ဓာတ်ပုံ - AFP] |
ဤသို့ဆင်းရဲတွင်းနက်နေသည့် အရှေ့တောင်အာရှနိုင်ငံ တနိုင်ငံကို စောင့်ကြည့်လေ့လာနေကြသော စီးပွားရေးပညာရှင် များက လူထုဆူပူမငြိမ်မသက်မှုများဖြစ်လာမည်ဟု ကြိုတင်နိမိတ်ဖတ်ခဲ့ကြသည့်အတိုင်း ပြည်တွင်း၌လောင်စာဆီဈေးများ ကို အဆမတန်မြှင့်တင်ခဲ့ပြီးသည့်နောက်တွင် လမ်းပေါ်လူထုဆန္ဒပြပွဲများလည်း နေရာအနှံ့အပြားတွင် ဖြစ်ပွားလာခဲ့သည်။
မြန်မာစစ်အစိုးရသည် ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ထံတွင် ပေးဆပ်ရန် ကြွေးမြီ အမေရိကန်ဒေါ်လာ ၃. ၅ ဘီလီယံတင်ရှိနေပြီး ဤအဖွဲ့အစည်းများက ကြွေးမြီလျှော့ပေါ့ပေးရေး အစီအစဉ်များ ဆောင်ရွက် ပေးပါရန် အဆိုပြုချက်ကိုပင် ပျက်ကွက်နေခဲ့ပါသည်။
“မြန်မာနိုင်ငံအနေဖြင့် (လိုအပ်သည့်) ကိန်းဂဏန်း အချက်အလက်များ ချို့ယွင်းအားနည်းနေသောကြောင့် (စီမံကိန်းအရ) ထောက်ပံ့မှုများကို လက်ခံရယူနိုင်မည့် အနေအထား မရှိပါ”ဟု ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့ အစီရင်ခံစာတွင် ဖော်ပြထားခဲ့ပါသည်။ “မြန်မာနိုင်ငံသည် မည်သည့်အစီအစဉ် တွင်မှ ပါဝင်ဆောင်ရွက်လိမ့်မည် မဟုတ် ကြောင်းနှင့် ၎င်းတို့၏ကြွေးမြီအနေအထားကို အကဲဖြတ်သုံးသပ်နိုင်မည့် လိုအပ်သော ကိန်းဂဏန်း အချက်အလက်များ မထောက်ပံ့ပေးနိုင်သည့်အတွက် ၀မ်းနည်းရကြောင်း မြန်မာအာဏာပိုင်တို့ ပြောဆိုသည်” ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။
တနည်း အဓိပ္ပာယ်ဖွင့်ရသော် မြန်မာနိုင်ငံ၏ စီးပွားရေးစနစ် စီမံခန့်ခွဲမှုမှာ ဖရိုဖရဲနှင့် ပြိုကွဲနေပြီ ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံ မက်ကွိုင်းယားတက္ကသိုလ် (Macquire University) မှ မြန်မာ့အရေး ကျွမ်းကျင်သူစီးပွားရေးပညာရှင် ရှောင် တာနဲလ် (Sean Turnell) က ပြောပါသည်။
“ယနေ့ မြန်မာ့စီးပွားရေး၏ ထိုင်းမှိုင်းကျဆင်းနေရသော အခြေအနေသည် (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) နအဖ စစ်အစိုးရလက်အောက်ရှိ ၄၅ နှစ်ကြာ ညံ့ဖျင်းသည့် စီးပွားရေးစီမံခန့်ခွဲမှုများ လုပ်ဆောင်ခဲ့မှု၏ ထွက်ကုန် ပင် ဖြစ်တော့သည်”ဟု တာနဲလ် က ၎င်း၏ မြန်မာနိုင်ငံ စီးပွားရေးအခြေအနေသုံးသပ်ချက် အထူးအစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။ ဤအစီရင်ခံစာကို လွန်ခဲ့သောရက်သတ္တပတ် လူထုဆန္ဒပြပွဲများဖြစ်ပေါ်နေစဉ်နှင့် စစ်တပ်က အကြမ်းဖက်အင်အား သုံး ဖြိုခွင်းနေစဉ်ကာလတွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ လူဦးရေ ၅၄ သန်းအနက် အများစုသော လူထုကြီးမှာ “အသက်ရှင်ရပ်တည်နိုင်ရုံ အနေအထားထက် အနည်းငယ်မျှသာ ပိုသည့် အခြေအနေ၌” ရှင်သန်နေကြရသည်ဟု ၎င်းက ရေးခဲ့သည်။ သြဂုတ်လ လောင်စာဆီဈေးနှုန်း များကို ၁၀၀% မှ ၅၀၀% အကြား မြှင့်တင်လိုက်ပြီးသည့်နောက်၊ အစိုးရထောက်ပံ့ထားမှုများ ဖယ်ရှားခဲ့ပြီးသည့်နောက် တွင် ဤ “အနည်းငယ်ပိုသည်ဆိုသည့် အခြေအနေပင် များစွာယုတ်လျှော့ကျဆင်းနေပေပြီ” ဟု ဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကလည်း အတည်တကျ ခြေချရန် မ၀ံ့ရဲကြပါ။ လူအနည်းအကျဉ်းမျှသာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စဉ်းစားကြလိမ့်မည် ဖြစ်သည်။ အကြောင်းမှာ အနောက်နိုင်ငံများက စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုများ မြန်မာနိုင်ငံအပေါ် ချမှတ်ထားကြပြီး စစ်အစိုးရနှင့် အခွင့်ထူးခံ လူနည်းစုကသာ ချုပ်ကိုင်ထားသည့် ဤသို့ ဖရိုဖရဲ အခြေအနေ၌ ထိရောက်စွာ စီးပွားရေးလုပ်ကိုင်နိုင်ရန် ယုံကြည်မှု မရှိကြသောကြောင့်လည်း ဖြစ်ပါ သည်။
နိုင်ငံ၏ ပင်မစီးပွားရေးကုမ္ပဏီ အများစုကို ပိုင်ဆိုင်ထားကြသူများမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ၊ သို့မဟုတ် အငြိမ်း စား ယူထားပြီးသော စစ်တပ်အရာရှိများ ဖြစ်သည်။ တာနဲလ်က ပြောရာ၌ “မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင်ဆိုင်မှုကို ထိရောက်စွာ ကာကွယ်ပေးထားခြင်း မရှိသကဲ့သို့ သဘောတူညီချက် စာချုပ်စာတမ်းများကိုလည်း စည်းကြပ်ပေးခြင်း မရှိသလောက် ပင်ဖြစ်သည်။ အမျိုးသား မက္ကရိုစီးပွားရေး စီမံခန့်ခွဲမှုမှာလည်း အမိန့်ပေးပုံစံဖြင့်သွားနေသည်။ မပြည့်စုံသော လွဲမှားသည့် သတင်းအချက်အလက်များဖြင့် ကောက်ချက်ချ ဆုံးဖြတ်လုပ်ဆောင်နေသည်”ဟု ဖော်ပြခဲ့ပါ သည်။
“မြန်မာ အစိုးရသည်လည်း အကုန်လုံးစားသုံးနေသည့် သူရဲသဘက်သဖွယ် ဖြစ်နေသည်။ အိမ်ရှင်အပေါ် မှီခို စားသောက် နေသည့် ကပ်ပါးကောင်မျှ မဟုတ်တော့ဘဲ ရရှိသမျှအားလုံးကို စားသုံးနေတော့သည်။ အခြားနိုင်ငံများတွင် အုပ်ချုပ်နေကြ သည့် အာဏာရှင်အစိုးရများကမူ မာဖီးယားဆန်ဆန် ကြွယ်ဝချမ်းသာသည့် စီးပွားရေးလုပ်ငန်းများ အပေါ်မှ အဆီအနှစ် များကို ခေါင်းပုံဖြတ်စားသုံးနေရုံမျှသာ ဖြစ်သော်လည်း မြန်မာစစ်အစိုးရကမူ သူကဖန်တီးနိုင်ခြင်း မရှိသည့်၊ သူနားမလည် သည့် ကိစ္စများအားလုံးကို ဖျက်ဆီးကာ လုယက်စားသောက်နေသူနှင့် ပို၍တူနေသည်” ဟု ဖော်ပြခဲ့သည်။
ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က သူတို့၏မှတ်ချက်များကို သံတမန်ဆန်ဆန်ပို၍ သုံးနှုန်းရေး သားထားခဲ့သော်လည်း သူတို့ဖော်ပြလိုသည့်အချက်မှာ ရှင်းလှသည်။ နအဖ အနေဖြင့် ကြွေးမြီထူပြောလှသည့် ဆင်းရဲ နိုင်ငံများကို ထောက်ပံ့ပေးသည့် အစီအစဉ် (Heavily Indebted Poor Countries initiative) အတွက်ပင် အရည်အချင်း ပြည့်မီရန် အတော်ကြီးလိုနေသေးကြောင်း ဖော်ပြထားသည်။ ဤအစီအစဉ်မှာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများအတွက် ကြွေးမြီ ၀န်ထုပ်ဝန်ပိုးလျော့ကျစေရေးနှင့် နောက်ထပ်စီးပွားရေး အကူအညီအသစ်များ ပေးနိုင်သည့် အစီအစဉ်ပင် ဖြစ်သည်။
မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်ဆီမှ ၁၉၈၇ ခုနှစ်ကပင် စ၍ ကြွေးတင်နေခဲ့သည်။ ကြွေးမြီလျှော့ပေါ့ပေးရေး အစီအစဉ်က ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့ပြီး လွန်ခဲ့သောနှစ်ကုန်ဆုံးချိန်တွင် ကမ္ဘာတလွှားရှိ နိုင်ငံပေါင်း ၃၂ နိုင်ငံက အကျိုးခံစားခွင့် ရရှိခဲ့ကြသည်။
မြန်မာနိုင်ငံကို ဆူဒန်၊ ကွန်ဂို၊ အာဖရိက အလယ်ပိုင်း သမတနိုင်ငံများနှင့် တတန်းတည်း အုပ်စုဖွဲ့ဖော်ပြခံနေရပြီ ဖြစ်ပြီး ၎င်းနိုင်ငံများက လိုအပ်သောစာရင်းဇယားများကို ထောက်ပံ့ပေးနိုင်စွမ်း မရှိခြင်း၊ ထောက်ပံ့ပေးရန် ဆန္ဒမရှိခြင်းတို့ ကြောင့် အထက်ပါအခွင့်အရေးများ လက်လွတ်နေရခြင်း ဖြစ်သည်။
စက်တင်ဘာလက နိုင်ငံများ၏ ဘဏ္ဍာရေးဆိုင်ရာ ရိုးသားပွင့်လင်းမှုကို စောင့်ကြည့်နေသည့် ဘာလင်အခြေစိုက် အပြည် ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာရေးအဖွဲ့ကြီး (Transparency International) က မြန်မာနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံကို ကမ္ဘာ ပေါ်တွင် အထူးခြစားပျက်ယွင်းနေသောနေရာများအဖြစ် သတ်မှတ်ဖော်ပြခဲ့ပါသည်။ ဤအကဲဖြတ်မှုမှာ နိုင်ငံပေါင်း ၁၈၀ ကို စောင့်ကြည့်၍ တိုင်းတာခဲ့ခြင်း ဖြစ်သည်။
၎င်းအဖွဲ့၏ နောက်ဆုံးအစီရင်ခံစာတွင် မြန်မာနိုင်ငံအနေဖြင့် ခြစားမှုတိုက်ဖျက်ရေးအတွက် လိုအပ်သည့် အသင်းအဖွဲ့၊ စနစ်ယန္တယားများ နိုင်ငံအတွင်း မရှိဟု ဖော်ပြခဲ့ပါသည်။
ဤသို့ဖြစ်နေရသည်မှာလည်း အံ့သြဖွယ်မရှိဟု တာနဲလ်ကဆိုပါသည်။ သူ၏အမြင်တွင် စစ်အစိုးရကိုယ်နှိုက်က “ရည်ရွယ်ချက် ရှိ ရှိဖြင့် ဤဈေးကွက်ဆိုင်ရာ အဖွဲ့အစည်း၊ ယန္တယားများကို ပြိုကွဲစေခြင်း၊ ဖျက်ဆီးခြင်း၊ ပိတ်ဆို့တားဆီး ခြင်းနှင့် လုပ်ငန်းများကို အနှောင့်အယှက်ပေးခြင်း ပြုလုပ်ခဲ့ကြသည်” ဟု ဆိုသည်။
မြန်မာ့စီးပွားရေး အကဲဖြတ်ချက် အထူးအစီရင်ခံစာတွင် နိုင်ငံ၏ရှေ့အလားအလာနှင့် ပတ်သက်၍ အကဲဖြတ်ထားရာ၌ ပို၍ ပွင့်လင်းသော၊ စာရင်းဇယားများဖြင့် စနစ်တကျ တာဝန်ခံမှုရှိသော၊ ဒီမိုကရေစီနည်းကျ အစိုးရရှိသည့် အခြေအနေအောက် တွင်ပင် စီးပွားရေးအရ ရှင်သန်လုပ်ကိုင်နိုင်မည့် လက္ခဏာများ အားနည်းလှသည်။ အလားအလာမကောင်း ဟု နိဂုံးချုပ် ထားခဲ့ပါသည်။
“နိုင်ငံကို အုပ်ချုပ်သည့် စစ်အစိုးရနှင့် သီးခြားရပ်တည်ပြီး ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံ တွင် ရပ်တည်ရန် နေရာမရှိသကဲ့သို့ လက်ရှိကာလတွင်သော်လည်းကောင်း၊ လာမည့် အနာဂတ်မျှော်မှန်းချက်အရသော် လည်းကောင်း သီးခြား ခွဲခြား၍ အခြားအာဏာအင်အားစုအဖြစ် ရပ်တည်နိုင်သည့် အနေအထား မမြင်ရပါ။
မြန်မာနိုင်ငံတွင် စစ်တပ်က ပိုင်ဆိုင်ထားသည့် ကုမ္ပဏီအုပ်စုကြီးများသာ ကြီးစိုးနေသည့်အပြင် တိုင်းရင်းသားလုပ်ငန်း ရှင်ဟု ဆိုကြသူများ၏ အကျိုးစီးပွားဆိုင်ရာကိစ္စများနှင့် နိုင်ငံတော်နှင့် ပုဂ္ဂလိက လက်ဝါးကြီးအုပ်ကုမ္ပဏီများကသာ ချယ်လှယ် နေကြပါသည်။ ဤသို့လက်ဝါးကြီးအုပ် မောင်ပိုင်စီးထားသူများ၏ အကျိုးစီးပွားများလွှမ်းမိုးနေသည့် အချိန်တွင် ယေဘုယျ အားဖြင့် ဒီမိုကရေစီလိုလားသူများက အားနည်းနေနိုင်ပါသည်။
မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် စီးပွားရေးအင်အားစု လူလတ်တန်းစားများကို မတွေ့ရပါ။ လက်ဝါးကြီးအုပ် မောင်ပိုင် စီးထားသူများနှင့် (ယခင်ရပ်တည်နိုင်သေးသည့် လူလတ်တန်းစား အဆင့်မှလျှောကျလာသော) တနည်းမဟုတ်တနည်း စစ်အစိုးရနှင့် ဆက်စပ်နေကြရသူများသာ ရှိတော့သည့် အခြေအနေတွင် ဖြစ်လာမည့်စီးပွားရေးစနစ်သည် အကျယ်အပြန့် ခန့်မှန်းသုံးသပ်ရလျှင် ဆိုးရွားပျက်စီးဖွယ်ပင် ရှိနေပါတော့သည်” ဟု တာနဲလ်က သုံးသပ်ဖော်ပြထားခဲ့ပါသည်။
ဤအခြေအနေများကြောင့် မြန်မာနိုင်ငံကိုလည်း ကမ္ဘောဒီးယားနိုင်ငံကဲ့သို့ပင် ကျရှုံးနိုင်ငံ စာရင်းသွင်းထားနိုင်ကြောင်း လေ့လာသူများက ဆိုခဲ့ကြပါသည်။ ကမ္ဘောဒီးယားနိုင်ငံသည်လည်း အလယ်ခေတ် လယ်ယာစိုက်ပျိုးရေးနှင့် အာဏာရှင် ဆန်ဆန် ခမာနီတို့၏ နှစ်ပေါင်းများစွာ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုးထလာခဲ့ပြီး ဤအခြေအနေမျိုးနှင့်ပင် ဆက်၍ ရုန်းကန်နေကြရပါသည်။ အာဏာရှင်အစိုးရကို ဖယ်ရှား၍ လွတ်မြောက်နိုင်ခဲ့သည်မှာ ၁၆ နှစ်ကျော် ကြာလာပြီ ဖြစ်သော် လည်း ကမ္ဘောဒီးယားပြည်သူများမှာ ကမ္ဘာ့ အဆင်းရဲဆုံးလူသားများ အဖြစ် ကမ္ဘာ့ဘဏ်နှင့် ကုလသမဂ္ဂမှ အကူအညီ၊ ပေးစာကမ်းစာများကို မှီခိုစားသောက်နေကြရသည့် အဆင့်မှ မတက်နိုင်ကြသေးပါ။
“ဒီလိုဖြစ်လာနိုင်တဲ့ အလားအလာက မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်ဖို့ တိုက်တွန်းနေကြတဲ့ နိုင်ငံတွေအတွက် ရင်လေးစရာ၊ စိုးရိမ်ပူပန်ဖွယ်ရာ အခြေအနေတွေပါ”ဟု အမည်မဖော်လိုသည့် ဘန်ကောက် အခြေစိုက် ဥရောပသမဂ္ဂ သံရုံး တခုမှ ဒေသဆိုင်ရာ စီးပွားရေး သံကိုယ်စားလှယ်တဦးက ပြောပါသည်။
“ကျနော်တို့က (နအဖ) စစ်အစိုးရ နိဂုံးချုပ်သွား တာတော့ မြင်လိုပါတယ်။ ဒါပေမယ့် သူတို့ချန်ခဲ့တဲ့ အပျက်အစီးပုံကြီးကို တွေးမိပြီးတော့ လန့်နေကြရတယ်”ဟု လည်း အဆိုပါသံကိုယ်စားလှယ်က ပြောကြားသည်။ ။ [Top]
၂၀၀၇ ခုနှစ် နိုဝင်ဘာလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ William Boot ရေးသားသည့် Who'll Clean Up the Mess? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ |