တရားမျှတမှု ရှေ့မှောက် ရောက်ရတော့မည့် အချိန်
ဘာတေးလ် လင့်တ်နာ | နိုဝင်ဘာ ၇၊ ၂၀၀၇

၁၉၁၇ ခုနှစ်တွင် ဗြိတိသျှ ကိုလိုနီအရှင်သခင်များက ဘုန်းကြီးကျောင်းများ၊ ဘုရားပရ၀ုဏ်များအတွင်းသို့ ၀င်ရောက်သည့် အခါ ဖိနပ်ချွတ်၍ ၀င်လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့စဉ်က မြန်မာအမျိုးသားတို့ကို အမျက်ဒေါသ ချောင်းချောင်း ထွက်စေခဲ့သည်။ ဤပြဿနာကြောင့် အမျိုးသားရေး နိုးကြားလာစေရန် လှုံ့ဆော်ပေးသကဲ့သို့လည်း ဖြစ်ခဲ့ရသည်။

ဤမျှကိစ္စအပေါ် အမျက်ကြီးစွာ ထွက်ကြခြင်းသည် အနောက်တိုင်းသားများအတွက် အထူးအဆန်း ဖြစ်ကောင်းဖြစ်နေနိုင် သော်လည်း မြန်မာတို့အတွက် ဘာသာရေးအရ အထွဋ်အမြတ်ထားရာနေရာများသို့ ဖိနပ်မချွတ်ဘဲ ၀င်ရောက်ခြင်းသည် ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှု ဘာသာရေးအပေါ် အကြီးအကျယ်ဆုံး ဆန့်ကျင်စော်ကားလိုက်မှုဟု ခံယူကြသည်။ ၁၉၂၀ ခုနှစ် ကာလများက “ဖိနပ် ပြဿနာ” သည် အရေးကြီးသော အမျိုးသားရေးလှုံ့ဆော်မှုတရပ် ဖြစ်ခဲ့သည်။ ထိုလှုံ့ဆော်မှုသည် အင်္ဂလိပ်ကိုလိုနီ အုပ်ချုပ်ရေး အဆုံးသတ်စေရန် အစပျိုးခဲ့သော လှုပ်ရှားမှုဟုလည်း သတ်မှတ်နိုင်သည်။

ယနေ့အခြေအနေသည် သမိုင်းဘီးတပတ် လည်လာသည်ဆိုနိုင်ပြီး ပို၍ ရက်စက်ကြမ်းကြုတ်မှုဖြင့် သမိုင်းဘီးတကျော့ ပြန်လည်လာခြင်း ဖြစ်သည်။ သံဃာတော်များဦးဆောင်ခဲ့သော ဆန္ဒပြပွဲကြီးကို လက်နက်အပြည့်အစုံတပ်ဆင်ထားသည့် အစိုးရစစ်သားများက ရက်ရက်စက်စက် နှိမ်နင်းခဲ့ကြပြီးနောက် ဘုန်းကြီးကျောင်းဝင်းများနှင့် ၀တ်ပြုဆုတောင်းရာ နေရာများသို့လည်း စစ်ဖိနပ်များကို မချွတ်ဘဲ ၀င်ရောက်ခဲ့ကြသည်။ ထိုမျှမက ဘာသာရေးဆိုင်ရာ ရွှေထည်ပစ္စည်းများ၊ ရုပ်မြင်သံကြားစက်များ၊ မိုဘိုင်းဖုန်းများ၊ ပန်ကာများနှင့် အခြားသော အဖိုးတန်ပစ္စည်းများကိုလည်း စစ်သားများက ဘုန်းကြီးကျောင်းတွင်းမှ လုယက် ယူငင်ခဲ့ကြသည်။

ဘုန်းတော်ကြီးများကို စစ်သားများက ရိုက်နှက်ဖမ်းဆီးခဲ့ကြသည်။ တချို့ သံဃာတော်များ အသက်ပင် ဆုံးရှုံးခဲ့ကြရသည်။ ထိုကဲ့သို့ စစ်သားများက ဘုန်းတော်ကြီးကျောင်းများအတွင်းသို့ အဓမ္မ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းသည် မြန်မာပြည်တွင် စစ်အာဏာရှင် အုပ်ချုပ်ရေး အဆုံးသတ်ရန် အစပျိုးသည်ဟုလည်း ဆိုနိုင်ပါလိမ့်မည်။

သို့သော်လည်း စစ်အာဏာရှင်စနစ် မည်သို့အဆုံးသတ်၍ ဒီမိုကရေစီစနစ်ကို မည်သို့ အစားထိုးမည်နည်း ဆိုသည်ကတော့ မေးရန်ကျန်နေသေးသည့် မေးခွန်းဖြစ်သည်။ အာဏာတည်မြဲရန်အတွက် ဘာမဆိုလုပ်ရဲသည့်၊ တိုင်းပြည်၏ ဆည်းကပ် ကိုးကွယ်ရာဖြစ်သော ဘာသာတရားကိုပါ စော်ကားရဲသည့်  စစ်အာဏာရှင်ခေါင်းဆောင် သန်းရွှေ နှင့် သူ၏ စိတ်တူကိုယ်တူ လူမိုက်တစုတို့နှင့် တွေ့ဆုံဆွေးနွေးအဖြေရှာပြီး အပြောင်းအလဲများ ဖြစ်လာရန် ဆိုသည့်ကိစ္စမှာ သေချာ ပေါက်မဖြစ်နိုင်ဟု ဆိုချင်ပါသည်။

“တွေ့ဆုံဆွေးနွေးအဖြေရှာရေး” နောက်ပိုင်းတွင် ကပ်၍လိုက်ပါလာခဲ့သော “အမျိုးသား ပြန်လည်သင့်မြတ်ရေး”  ဟူသည့် စကားလုံးများကတော့ အန်ဂျီအိုလောကနှင့် ထိုအန်ဂျီအိုများ၏ ငွေကြေးအထောက်အပံ့ကို မှီခိုနေကြရသော အဖွဲ့အစည်း များ အကြားတွင် ရေပန်းစားနေသော ဝေါဟာရများ ဖြစ်ကြသည်။ သို့သော် လက်ရှိမြန်မာပြည်တွင် ဖြစ်ပွားနေသော အခြေ အနေများအရ အထက်ပါနည်းအတိုင်း ချဉ်းကပ်မှုသည် လုံးလုံး လက်တွေ့ကျလိမ့်မည် မဟုတ်ပေ။ ဤအခြေအနေများ အောက်တွင် တွေ့ဆုံဆွေးနွေးမည်ဟုဆိုသော ချဉ်းကပ်မှုက အာဏာရှင်များအတွက် ပို၍အားသာစေကာ အမြတ်ထွက် စေမည်မှာ သံသယဖြစ်စရာ မလို။

ဆန္ဒပြပွဲများကို နှိမ်နင်းအပြီး အောက်တိုဘာလ ၉ ရက်နေ့ ဧရာဝတီမဂ္ဂဇင်း အွန်လိုင်းပါ သတင်းဝေဖန်ချက်တွင် ဆောင်းပါးရှင် ကျော်စွာမိုးက “ဗိုလ်ချုပ်ကြီးများ၏ ကစားကွက်ထဲသို့ ရောက်ပြန်လေပြီ” ဟု ဝေဖန်သုံးသပ်ထားသည်။ လူပေါင်းများစွာကို သတ်ဖြတ်အပြီး အာဏာရှင်တို့က ဗျူဟာအရ ငါးမျှားချိတ်များ ပစ်လွှတ်ခဲ့ပြန်ပြီ။ နိုင်ငံတကာမိသားစု အတွက် သို့လော သို့လော စဉ်းစားဝေဖန်စရာများ၊ အတွေးပွားစရာများ လမ်းထွင်ပေးရင်းဖြင့် အချိန်ကုန်စေရန်သာ ဆောင်ရွက်ခဲ့ပြန်သည်။

ယခုအချိန်တွင် အာဏာရှင်များက အလုပ်သမား ဒု ၀န်ကြီး ဗိုလ်ချုပ်အောင်ကြည်ကို အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကြားခံဆက်သွယ်ရန် ဆက်ဆံရေးဝန်ကြီး တာဝန်ပေးအပ်လိုက်သည်။ ဤသည်ကို အာဏာရှင် တို့ဘက်မှ လိုက်လျောပေးလာသည်ဟုထင်ပါက အလွန်မှားသွားပါလိမ့်မည်။ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်နေသူ များကို ဤဖြစ်စဉ်က ဖြည်းဖြည်းခြင်း ရွေ့လျားအလုပ်ဖြစ်နေသည်ဟု ထင်နေစေရန် တနည်းအားဖြင့် အချိန်ဆွဲနေခြင်းသာ ဖြစ်သည်။

တချိန်တည်းတွင်လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကမ်းလှမ်းလာမှုကို ခါးခါးသီးသီးငြင်းဆန်၍ သူတို့ကိုယ်ပိုင် တီထွင်ထားသော “လမ်းပြမြေပုံကြီး”နှင့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ကို တည်ဆောက်မည်ဟု ဆက်လက် ခေါင်းမာ နေပြန်သည်။ အမှန်ကတော့ စစ်အာဏာရှင်စနစ်နှင့် ဆက်လက်သွားဦးမည်ဟု စကားလှလှ သုံး၍ ဆိုနေခြင်းသာ ဖြစ်သည်။ တချိန်တည်းမှာလည်း ဗိုလ်ချုပ်များကိုယ်တိုင် ဖန်တီးထားသည့် လူထုစုဝေးပွဲ အတု အယောင်များဖြင့် သူတို့ကိုယ် သူတို့ ကာကွယ်ရန် ပြုလုပ်နေသည်။

ကျနော်၏မိတ်ဆွေ ကနေဒါနိုင်ငံသားတဦး ဖြစ်သူ ဘရက်ဖို့ဒ် ဒူပလီစီး (Bradford Duplisea) ဆိုသူက အီးမေးလ် ပို့လာ ပါသည်။ အာဏာရှင်အစိုးရကို ထောက်ခံသည်ဟု ဆိုသော အဆိုပါလူထုစုဝေးပွဲများအကြောင်း သူဖတ်ရသောအခါ ဂျော့အော်ဝဲလ်က “၁၉၄၈” ဟူသော ၀တ္ထုအတွင်း ပြောခဲ့သည်များကို သူ ပြန်လည်သတိရမိကြောင်း ရေးသည့်စာ ဖြစ် သည်။ “ ဒီမနက်လမ်းပေါ်ကြည့်လိုက်တော့ အိုရှင်းနီးယားနိုင်ငံတခွင်လုံးမှာ လူတွေဟာပင်လယ်ရေစီးကြောင်းကြီးလို ဖြစ်နေတယ်။ အလုပ်သမားတွေကလည်း သူတို့စက်ရုံတွေထဲကနေ ချီတက်လာတယ်၊ ရုံးသူရုံးသားတွေကလည်း သူတို့ ရုံးတွေထဲကနေ ချီတက်လာကြတယ်။ လမ်းပေါ်မှာလည်း အလံတွေကတလူလူနဲ့။ သူတို့ဟာ အုပ်ချုပ်သူ သူတို့အကိုကြီးရဲ့ ဉာဏ်အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှုနဲ့၊ သူတို့ အကိုကြီးရဲ့ကျေးဇူးကြောင့် ဘ၀သစ်တွေမှာပျော်ပျော်ရွှင်ရွှင် နေထိုင်ခွင့် ရတဲ့အတွက်လည်း ကောင်းချီးပေးတဲ့ ကြွေးကြော်သံတွေနဲ့ ချီတက်လာကြတယ်” ဟု သူက ကိုးကားဖော်ပြခဲ့သည်။

သေချာသည်မှာ မြန်မာပြည်ရှိ အုပ်စိုးသူ အကိုကြီးသည်လည်း အိုရှင်းနီးယားဇာတ်လမ်းထက် မည်သို့မျှ မထူးခြားပါ။ ကျိုးကြောင်းဆီလျော် ဆင်ခြေများကို နားမထောင်လိုပါ။ လိုအပ်ပါက လူအများကို ကြာပွတ်ဖြင့်ရက်ရက်စက်စက် ရိုက်နှက် ၍ လမ်းမများပေါ် တင်ပေးမည့်သူများသာ ဖြစ်သည်။

သံဃာတော်များနှင့် အခြားပြည်သူများကို ရက်စက်စွာချေမှုန်းခဲ့သော မကြာသေးမီက ဖြစ်ရပ်များသည် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရနှင့် “အပြုသဘော အပေးအယူလုပ်ဆက်ဆံ”လို ကြသည့် အနောက်တိုင်းသားများနှင့် အာရှတိုက်သားတချို့အတွက် အလေးအနက်ပြန်သုံးသပ်ရန် သတိပေးလိုက်ခြင်းသာ ဖြစ် သည်။ သူတို့ သဘောပေါက်သင့်ကြပေပြီ။

ဤသို့ စစ်အစိုးရနှင့် အပေးအယူလုပ် ဆက်ဆံရေးအတွက် တိုက်တွန်းပြောကြားနေသူများ အကြားတွင် ရောဘတ် တေလာ ဆိုသူက အထင်ရှားဆုံးပုဂ္ဂိုလ် ဖြစ်သည်။ မြန်မာစစ်အစိုးရသည် အကြမ်းဖက်မှုများကို တိုက်ခိုက်ရာတွင် အမေရိကန်နိုင်ငံ အတွက် အကောင်းဆုံး မဟာမိတ်ဖြစ်နိုင်သည်ဟု သူက ၂၀၀၄ ခုနှစ်ထုတ် “အာရှလေ့လာရေး အမျိုးသားဗျူရို” (National Bureau of Asian Research) ၏ အစီရင်ခံစာတွင်  Reconciling Burma/Myanmar ဟူသည့် စာတမ်းဖြင့် အကြံပေးခဲ့ ဖူးသေးသည်။ နောက်တဦးကတော့ မော်တင် ပီဒါဆင် (Morten Pederson) ဆိုသည့် ဒိန်းမတ် နိုင်ငံသားတဦး ဖြစ်သည်။ သူကတော့ မြန်မာနိုင်ငံမှာ လူအခွင့်အရေးတိုးတက်လာစေရန်အတွက် အကောင်းဆုံး နည်းကတော့ စစ်အစိုးရနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းသာ ဖြစ်သည်ဟု ရေးသားခဲ့သည်။ သူက "Promoting Human Rights in Burma: A Critique of Western Sanctions Policy" ဟု အမည်ရသည့် စာအုပ်ရေးခဲ့သေးသည်။

ပို၍ အံ့သြထူးဆန်းဖွယ်ကိစ္စ ရှိသေးသည်။ ယခုကဲ့သို့ သံဃာတော်များနှင့် ပြည်သူများအား စစ်တပ်က သတ်ဖြတ်ဖမ်းဆီး နေသည့် အခြေအနေထဲတွင် နာမည်ကြီး ဂျာမန်အဖွဲ့အစည်းတခု ဖြစ်သော "Friderich Ebert Stiftung" (FES) က မြန်မာပြည်သို့ သွားရောက်ပြီး စစ်အစိုးရနှင့် တွေ့ဆုံခဲ့သည်။ ထိုသို့အလည်အပတ်လာရောက်ခြင်းကို အောက်တိုဘာ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာက ဖော်ပြထားရာ၌ “ဥရောပ သမဂ္ဂနှင့် ဥရောပပါလီမန်မှ ပညာရှင်နှစ်ဦး အပါအ၀င် နိုင်ငံခြားပညာရှင် ၁၃ ဦး မြန်မာနိုင်ငံသို့ ရောက်ရှိဟု ဖော်ပြခဲ့သည်။ အဆိုပါ FES အဖွဲ့က မြန်မာစစ်အစိုးရ၏ဟန်ပြ မူးယစ် ဆေးဝါးပပျောက်ရေး အစီအစဉ်များကို လာရောက်လေ့လာရန်ဖြစ်ပြီး ဝေးလံသည့် မြန်မာနိုင်ငံမြောက်ဖျားသို့ပင် ရောက်ခဲ့ သေးသည်။ ဤခရီးစဉ်တွင် ဒေသခံခေါင်းဆောင်တဦးဖြစ်သူ ဦးဖုန်ကျားရှင်နှင့်လည်းတွေ့ဆုံခဲ့သည်ဟုဖော်ပြထားသည်။ အမှန်ဆိုရပါက ဦးဖုန်ကျားရှင်၏ နောက်ထပ်အမည်မှာ ဖန်ဂျီရှန်း (Peng Jiasheng) ဖြစ်၍ နာမည်ဆိုးဖြင့်ကျော်ကြား သော ဘိန်းရာဇာတဦးသာ ဖြစ်သည်။

ဆိုရပါက မြန်မာပြည်အတွက် ရှင်းရှင်းလင်းလင်းရှိသော ချဉ်းကပ်မှုများ အမှန်တကယ်လိုနေပါသည်။ မြန်မာပြည်မှ ထိပ်သီးစစ်ခေါင်းဆောင် အာဏာရှင်များကို တရားမျှတမှု ရှေ့မှောက် ခေါ်ဆောင်ရန်အတွက် ဖြစ်နိုင်ခြေရှိသည်များကို တွက်ချက်လေ့လာရန် လိုအပ်နေပေပြီ။

လက်ရှိကာလတွင် လူသားတို့အပေါ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုကြီးများနှင့် စပ်လျဉ်း၍ အတိုင်းအတာတခုအရ အရေးယူ ဆောင်ရွက်နိုင်သော နိုင်ငံတကာအဖွဲအစည်းဆို၍ တခုသာရှိသည်။ ထိုအဖွဲ့ကတော့ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့တွင် အခြေစိုက်သော အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံး (International Criminal Court) ဖြစ်သည်။ သို့ရာတွင် အခြား နည်းလမ်းများလည်း ရှိနေပါသေးသည်။ ဥပမာဆိုရပါက ဆာဗီးယားအာဏာရှင် စလိုဗိုဒန် မီလိုစဗစ် ကို တရားစွဲဆိုခဲ့ သောအဖွဲ့ကြီးမှာ ကုလသမဂ္ဂက ကမကထပြုသည့် ယခင်ယူဂိုဆလားဗီးယားနိုင်ငံဟောင်းရှိ ရာဇ၀တ်မှုများအတွက် နိုင်ငံ တကာခုံရုံး (Special UN-initiated International Criminal Tribunal for Former Yugoslavia) ကဲ့သို့ ဖြစ်သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနှင့်လည်း ရ၀မ်ဒါနိုင်ငံတွင်ဖြစ်ပွားခဲ့သော လူမျိုးတုံး သတ်ဖြတ်မှုများအတွက် အထူး တရားရုံးတော်များ စီစဉ်ဆောင်ရွက်ခဲ့ခြင်းမျိုးလည်း ရှိခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံတွင် ခမာနီတို့အာဏာရှိစဉ် ၁၉၇၅ မှ ၁၉၇၉ အတွင်း လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှုအပေါ် တာဝန်ရှိသူများအား တရားစွဲဆိုရန် အထူးခုံရုံးများ ဖွဲ့စည်းနေသည်ကိုလည်း တွေ့နိုင်ပေသည်။

နိုင်ငံတကာရာဇ၀တ်မှုများဆိုင်ရာ တရားရုံးတော်အား ၂၀၀၂ ခုနှစ်တွင် အမြဲတမ်းတရားရုံးတော်အဖြစ်စတင်တည် ထောင် ခဲ့ ၍ လူမျိုးတုံး သတ်ဖြတ်မှုများ၊ လူသားတို့ အပေါ်ကျူးလွန်ချိုးဖောက်သည့် ရာဇ၀တ်ပြစ်မှုများနှင့် စစ်ရာဇ၀တ်မှုများ အတွက် တာဝန်ရှိသူများကို အပြစ်ပေးအရေးယူခဲ့သည်။ နိုင်ငံတကာရာဇ၀တ်မှုများဆိုင်ရာ တရားရုံးတော်အား အပြည် ပြည်ဆိုင်ရာ တရားမျှတရေးဆိုင်ရာ ရုံးတော် (International Court of Justice) နှင့် မရောထွေးမိစေရန် လိုပါသည်။ ထိုရုံးတော် သည်လည်း သည်ဟိဂ်မြို့တွင်ပင် တည်ရှိပြီး “ကမ္ဘာ့တရားရုံး”ဟု အလွယ်ခေါ်လေ့ရှိသည်။ ထိုကမ္ဘာ့တရားရုံး တော်သည် ကုလသမဂ္ဂ၏ ဖွဲ့စည်းပုံအောက်တွင် တည်ရှိသော အဖွဲ့အစည်းတခု ဖြစ်သည်။ ထိုတရားရုံးတော်သည် နိုင်ငံများ အချင်းချင်း အကြား ဖြစ်ပွားလေ့ရှိသော အငြင်းပွားမှုများကို ဖြေရှင်းပေးလေ့ရှိသည့် နေရာဌာနသာ ဖြစ်သည်။ ဥပမာ အားဖြင့် ၁၉၆၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပရိဝိဟာရကျောင်းတော် (Preach Vihear) အား ထိုင်းနိုင်ငံနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံတို့ သူပိုင်သည် ငါပိုင်သည်ဟု အငြင်းပွားခဲ့ကြသည့် ကိစ္စမျိုး ဖြစ်သည်။

နိုင်ငံတကာ ရာဇ၀တ်မှုများဆိုင်ရာ တရားရုံးတော် ဖွဲ့စည်းပုံတွင် တရုတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံ စသဖြင့် အင်အားကြီး နိုင်ငံတို့ မပါဝင်သေးသော်လည်း အဆိုပါရုံးတော်က အမှုကြီးလေးမှုကို အမှုဖွင့်၍ စွဲချက်တင်နိုင်ခဲ့သည့် သာဓကများ ရှိခဲ့ သည်။ ထိုအမှုကြီးများတွင် မြောက်ပိုင်း ယူဂန္ဓာ အမှု၊ ဒီမိုကရက်တစ် ရီပတ်ဘလစ် ကွန်ဂို၊ အလယ်ပိုင်းအာဖရိက ရီပတ် ဘလစ်နှင့် ဆူဒန်ရှိ ဒါဖော ပြဿနာများ ဖြစ်ကြသည်။ နိုင်ငံတကာရာဇ၀တ်မှုများဆိုင်ရာ တရားရုံးတော်မှ ဖမ်းဝရမ်း ၈ ခု ထုတ်ခဲ့ဖူးသည်။ ရာဇ၀တ်မှုကျူးလွန်ခဲ့သူ ကွန်ဂိုစစ်ဘုရင်နှစ်ဦးအား ဖမ်းဆီးထားနိုင်၍ တရားစတင် စွဲဆိုလျှက်ရှိသည်။

နိုင်ငံတကာရာဇ၀တ်မှုများဆိုင်ရာ တရားရုံးတော်မှ တရားသူကြီးများသည် လွတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ရှိသည်။ ထို့ အပြင် အောက်ဖော်ပြပါအခြေအနေ ၃ ရပ်တွင် အမှုများကို လက်ခံအမှုဖွင့် စုံစမ်းစစ်ဆေးနိုင်ကြသည်။

၁။ နိုင်ငံတခုမှ ရုံးတော်သို့အမှုဖွင့်ရန် အခြေအနေအမျိုးမျိုးအား လွှဲအပ်ခြင်း။
၂။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ အခြေအနေအရပ်ရပ်သည် နိုင်ငံတကာလုံခြုံရေးနှင့် ငြိမ်းချမ်းရေးအား ထိခိုက်လာနိုင် သည့်အတွက် ရုံးတော်သို့လွှဲအပ်ခြင်း။
၃။ တသီးပုဂ္ဂလ (သို့မဟုတ်) အန်ဂျီအိုများထံမှ ရရှိလာသော သတင်းအချက်အလက်၊ အရင်းအမြစ်များအပေါ် အခြေခံ၍ ရုံးတော်၏ အကြိုတရားစီရင်ရေးအဖွဲ့မှ တရားသူကြီးများရုံးသို့ လွှဲအပ်ကာ အမှုဖွင့်စေ၍ စတင်စုံစမ်းစစ်ဆေးခြင်း တို့ဖြစ် သည်။

သို့သော် အဖုအထစ်ဖြစ်နိုင်သည့် အခြေအနေများလည်း ရှိနိုင်သေးသည်။ အကယ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာစစ်အစိုးရ ကျူးလွန်နေသော ပြစ်မှုများသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိခိုက်လာနေသည်ဟု ဆုံးဖြတ်သော်လည်း အမြဲတမ်းလုံခြုံရေးကောင်စီ အဖွဲ့ဝင်များဖြစ်သည့် တရုတ်နှင့် ရုရှားတို့က ဗီတိုအာဏာသုံး၍ ထိုဆုံး ဖြတ်ချက်ကို ပယ်ဖျက်နိုင်သေးသည်။ ထိုသို့ဆုံးဖြတ်ချက်ကို တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာသုံးနိုင်သော်ငြားလည်း အမှန်တကယ် တွေ့ဆုံဆွေးနွေးမှု လုပ်လိုသော ဆန္ဒမရှိသော်လည်း လုပ်ပါ့မည်ဟု တဖွဖွဆိုနေသော စစ်အစိုးရအတွက် တွေ့ဆုံဆွေးနွေးမှု လုပ်လာစေရန် များစွာ အထောက်အကူ ပြုစေနိုင်ပါသည်။ ထို့အတွက် နိုင်ငံတကာဥပေဒေ ပညာရှင် များအနေဖြင့် ၀င်ရောက်၍ စစ်အစိုးရကို တရားမျှတမှုရှေ့ ခေါ်ဆောင်လာနိုင်ရန်အတွက် ဖြစ်နိုင်ခြေ အချက် အလက်များ ကို စုံစမ်းပြုစုခြင်းတို့သည်လည်း အကျိုးရှိနိုင်ပေသည်။

မြန်မာစစ်အစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များကို နိုင်ငံတကာရာဇ၀တ်မှုများဆိုင်ရာ တရားရုံးတော်တွင် သို့မဟုတ် အခြား နိုင်ငံတကာဆိုင်ရာ တရားရေးအဖွဲ့အစည်းများတွင် တရားစွဲဆိုမည်ဆိုသည့် လှုပ်ရှားမှုကန်ပိန်းသည် မြန်မာစစ်တပ်၏ အပြု အမူကို နိုင်ငံတကာမှ လက်သင့်မခံကြောင်း အခြား မြန်မာ စစ်ဗိုလ်ချုပ်များကိုလည်း ပြသရာ ရောက်စေပါသည်။ ထိုသို့ ဆောင်ရွက်ခြင်းသည် အခြားအရာရှိများအတွက်လည်း မင်းမဲ့စရိုက်ဆိုးရှိသော အနာဂတ်ကောင်းမရှိသော စစ်ခေါင်းဆောင် များကို ဆက်လက်ပံ့ပိုးနေခြင်းသည် အကျိုးမရှိတော့ကြောင်း သိလာစေရန်လည်း ဖြစ်သည်။ ထို့နောက် အမှန်အတိုင်း မြင်နိုင်သော တပ်မတော်အရာရှိများကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းပွင့်လာနိုင်သည်။ ဖြစ်နိုင်ခြေပိုများလာနိုင်သည်။

နောက်ထပ်ပြဿနာတခုမှာ စစ်အစိုးရပြုတ်ကျသွားပြီးနောက် လစ်လပ်သွားသော အာဏာနေရာတွင် ဖြည့်ဆည်းရန် အတွက် တက်လာမည့်အတိုက်ခံအဖွဲ့အစည်းသည် လိုအပ်သည့် အုပ်ချုပ်စီမံခန့်ခွဲရေး အရည်အချင်းများနှင့် ပြည့်မီရန်ကိစ္စ ဖြစ်သည်။ ၁၉၆၂ ခုနှစ်ကတည်းက မြန်မာပြည်တွင် စစ်မှန်သောအရပ်သားအစိုးရမရှိခဲ့ခြင်းကြောင့် လိုအပ်သော စီမံ ကွပ်ကဲ အုပ်ချုပ်ရေး အရည်အချင်းနှင့် အတွေ့အကြုံများ ကင်းမဲ့နေရမှုများကိုလည်း ရင်ဆိုင်ရနိုင်သည်။ စစ်တပ်အုပ်ချုပ်ခဲ့ သော ၄၅ နှစ်တာ ကာလတလျှောက်လုံး စစ်တပ်မှလွဲ၍ အခြားအာဏာရှိသော ဗဟိုမဏ္ဍိုင် မရှိခဲ့။ အရပ်ဘက် လူထုအဖွဲ့ အစည်းများ သည်လည်း ဖိနှိပ်ခံထားရသည့်အတွက် အားကောင်းသန်စွမ်း မလာနိုင်ခဲ့။ ထို့အတွက် အရပ်သားအုပ်ချုပ်သော အသွင် ကူးပြောင်းရေးကာလသည် လွယ်လွယ်ကူကူ ဖြတ်သန်းကြရလိမ့်မည်တော့ မဟုတ်ပေ။

တဘက်တွင်လည်း သန်းရွှေနှင့်သူ၏အပေါင်းအပါများကတော့ သူတို့သဘောနှင့်သူတို့ အာဏာကို လွယ်လွယ်စွန့်မည့်သူ များ မဟုတ်ကြပါ။ သူတို့အာဏာနှင့် အခွင့်အရေး၊ အကျိုးစီးပွားများကို တွေ့ဆုံဆွေးနွေးပြီးနောက် စွန့်လွှတ်ပေးအပ်လိုက် ကြမည့် သူများလည်း မဟုတ်ကြပါ။ တပြိုင်တည်းတွင် လမ်းပေါ်မှဆန္ဒပြပွဲများသည်လည်း ထိုသူတို့ကို ဖြုတ်ချဖယ်ရှားနိုင် သည်အထိ အားမကောင်းသေးသည်ကိုလည်း တွေ့နေရပြန်သည်။

မြန်မာပြည်၏တခုတည်းသော မျှော်လင့်ချက်ကို ပြောရမည်ဆိုပါက စစ်တပ်အတွင်းမှ အပြောင်းအလဲလိုလားသူများနှင့် ဒီမိုကရေစီ လိုလားသည့် အဖွဲ့အစည်းများ၏ ပေါင်းဆုံမှုပေါ်တွင်သာ မူတည်ပါလိမ့်မည်။ စစ်အစိုးရထိပ်ပိုင်း ခေါင်းဆောင် များ ပြိုကျသည့်အချိန်တွင် ဤအုပ်စုများ လက်တွဲ၍ တိုင်းပြည်အတွက် လက်တွဲဆောင်ရွက်နိုင်ပါလိမ့်မည်။ သို့သော် စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များကို ဖယ်ကျဉ်ထားနိုင်ရန်အတွက် ဆွေးနွေးပြေလည်နိုင်သော စစ်တပ်ထဲမှ အုပ်စုကိုလည်း ပထမဦးဆုံး အသိအမှတ်ပြုထားရန် လိုပါသည်။

နိုင်ငံတကာ ဆိုင်ရာတရားစီရင်ရေးကဏ္ဍများက ပထမ အဆင့်အဖြစ်သတ်မှတ်ပြီး နည်းဗျူဟာပိုင်းဆိုင်ရာ လှုပ်ရှားမှု သက်သက်ဟုသာ ဖြစ်ကြောင်း မရှုမြင်ထားရန် လိုသည်။ ရန်ကုန်အပါအ၀င် နေရာအနှံ့ ဖမ်းဆီးသတ်ဖြတ်နှိပ်စက်ခဲ့သော လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် ကျူးလွန်ခဲ့ကြသူများကို တရားသည့် နည်းလမ်းအတိုင်း အပြစ်စီရင်ရန်လိုအပ်ပါ သည်။ သို့မှသာ လူအများတောင်းဆိုနေကြသော တရားမျှတမှု၊ စစ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်မှုများကို နစ်နာခံစား ခဲ့ကြရသူ ကာယကံရှင်များအတွက် လျှော်ကန် မျှတ စေလိမ့်မည် ဖြစ်သည်။

သဘောထားမတင်းမာသော စစ်ခေါင်းဆောင်များနှင့် လူထုအကြား တွေ့ဆုံဆွေးနွေးခြင်းသည်သာ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ဖေါ်ဆောင်နိုင်လိမ့်မည် ဖြစ်သော်လည်း သန်းရွှေအပါအ၀င် သူ၏ လက်ရုံးများနှင့်မည်သို့မျှ ဆွေးနွေး၍ ရနိုင်မည် မဟုတ်သည်မှာ သေချာလွန်းနေကြောင်း။     ။ [Top]

၂၀၀၇ ခုနှစ် နိုဝင်ဘာလထုတ် ဧရာဝတီမဂ္ဂဇင်း တွင် Bertil Lintner ရေးသားသည့် Putting the Boot in ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Bertil Lintner သည် ထိုင်းနိုင်ငံ အခြေစိုက်သတင်းထောက်တဦးဖြစ်ပြီး မြန်မာနိုင်ငံနှင့် ဒေသဆိုင်ရာ စာအုပ်များ အမြောက်အများ ရေးသားခဲ့သည်။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!