ကူညီထောက်ပံ့မှု၏ နောက်ကွယ်
ဘာတေးလ် လင့်တနာ | ဒီဇင်ဘာ ၂၆၊ ၂၀၀၇

၁၉၄၅ ခုနှစ် ဒီဇင်ဘာလ၏ အေးစက်လှသော နေ့တစ်နေ့တွင် တိုကျိုမြို့၊ ဆူဂါမို အကျဉ်းထောင်ထဲသို့ ထရပ်ကားတစီး မောင်းဝင်လာခဲ့သည်။ ကားနောက်ခန်းထဲတွင် အသက် ၄၀ ခန့် လူလတ်ပိုင်းအရွယ် လူတယောက်သည် ဂျပန် ဘုရင့် ရေတပ်မတော်၏ စစ်ချီသီချင်းကို တီးမှုတ်လျှက်လိုက်ပါလာသော စစ်တီးဝိုင်းနှင့်အတူ “ဘန်ဇိုင်း၊” “ဘန်ဇိုင်း” ဟု အော်ဟစ် လိုက်ပါလာပါသည်။

ရယိုအိချီ ဆာဆာကာဝါ

ထိုသူမှာ ပထမတန်းစား စစ်ရာဇ၀တ်ကောင်အဖြစ် သံသယရှိနေသူ ရယိုအိချီ ဆာဆာကာဝါ (Ryoichi Sasakawa) ဖြစ်ပြီး သူ့ဘာသာသူ အမေရိကန်တို့လက်သို့ လာရောက် အဖမ်းခံခြင်း ဖြစ်ပါသည်။ ထိုစဉ်က အမေရိကန်တို့သည် ဆူဂါမိုတွင် ဂျပန်စစ်ခေါင်းဆောင်များကို ထောင်ချ ထားချိန် ဖြစ်သည်။ သူသည် စစ်ကာလတလျှောက်လုံး ရှန်ဟိုင်းတွင် နေထိုင်ပြီး ဂျပန်စစ်တပ်က လိုအပ်သမျှ အရာအားလုံးကို ထောက်ပံ့ပေး ခဲ့သူဖြစ်ပြီး၊ တရုတ်ပြည်မကြီးမှ စိန်၊ ရွှေနှင့် အခြား အဖိုးတန် ကျောက် မျက်ရတနာများကို ခိုးယူလုယက်ကာ စစ်တပ်သို့ ရောင်းစားခဲ့သူ ဖြစ်သည်။

ထိုစဉ်က သူ၏ အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်မှာ နောက်ပိုင်းတွင် အဓိကကျသော ‘ကုရုမာကို’ ခေါ် ယာကူဇာများအတွက် နောက်ကွယ်မှ ထိန်းချုပ်ကြိုးကိုင်သူဖြစ်လာသည့် လက်ျာ အစွန်းရောက်ဝါဒီ ယိုရှီယို ကိုဒါမာ (Yoshio Kodama) ဖြစ်ပါသည်။ ယာကူဇာသည် ဂျပန်တွင် အုပ်စုလိုက် ရာဇ၀တ်မှု ကျူးလွန်သော အဖွဲ့တဖွဲ့ ဖြစ်ပါသည်။ စစ်ကြီးပြီး သွားသောအခါ သူတို့နှစ်ဦးစလုံး ဆူဂါမိုအကျဉ်းထောင်ထဲရှိ တိုက်ခန်း တခန်းတွင် အတူထောင်နန်းစံခဲ့ကြပါသည်။

အမေရိကန် စစ်ထောက်လှမ်းရေးအဖွဲ့မှ ၁၉၄၇ ခုနှစ် ဇွန်လတွင် ထုတ်ပြန်သော အစီရင်ခံစာတစောင်တွင် ဆာဆာကာဝါကို “အနာဂတ် ဂျပန်နိုင်ငံရေးအတွက် အန္တရာယ်ရှိသူ ဖြစ်သည်။ သူသည် ဂျပန်စစ်တပ်၏ ရက်စက်ကြမ်းကြုတ်ရေးနှင့် နိုင်ငံခြား မုန်းတီးရေး မူဝါဒကို အနှစ်နှစ်ဆယ်ကြာ နောက်ကွယ်မှ တိုက်ရိုက်ကြိုးကိုင်ခဲ့သူဖြစ်သည်။ သူသည် လူချမ်းသာတဦးဖြစ်ပြီး အသုံးအစွဲ လက်ဖွာသည်။ အာဏာမက်သူ ဖြစ်သည်။ အခွင့်အရေးသာရမည် ဆိုလျှင် ဘာမဆိုလုပ်မည့်သူမျိုး ဖြစ်သည်” ဟု အစီရင်ခံထားပါသည်။

နောင်အနှစ်နှစ်ဆယ် ခန့်ကြာသောအခါ ဆာဆာကာဝါသည် သူ့နာမည်ဖြင့် ထူထောင်ထား သည့် နိုင်ငံတကာ ဖောင်ဒေးရှင်း တခု၏ အကြီးအကဲ ဖြစ်လာပါသည်။ ထိုဖောင်ဒေးရှင်း သည် အဓိကအားဖြင့် အာရှတိုက်တွင် ကျန်းမာရေးနှင့် ပညာရေး ပရိုဂရမ်များကို ငွေကြေး ထောက်ပံ့ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ သူက သူ့ကိုသူ ငြိမ်းချမ်းရေးသမားဘွဲ့ ခံယူထားပြီး သူ၏ စေတနာဖြင့် အလှူငွေများ ထောက်ပံ့ပေးနေသည့် အဖွဲ့ခွဲ တခုကို “ဆာဆာကာဝါ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း”ဟုပင် အမည်ပေးထားပါသည်။ ၁၉၉၅ ခုနှစ် သူသေဆုံးသည့်အချိန်တွင် သူစိတ်မကောင်းအဖြစ်ရဆုံးမှာ “ငြိမ်းချမ်းရေး နိုဘယ်ဆု အချီးမြှင့်မခံလိုက်ရခြင်း” ပင် ဖြစ်ကြောင်း မသေခင်ပြောသွားသည်ဟု ဆိုပါသည်။

စကတည်းကပင် မြန်မာနိုင်ငံသည် ဆာဆာကာဝါဖောင်ဒေးရှင်းနှင့် ယင်း၏အဖွဲ့ခွဲတခုဖြစ်သည့် နိပွန်ဖောင်ဒေးရှင်းတို့ တက်ကြွစွာ လုပ်ငန်းဆောင်ရွက်ခဲ့ကြသော နိုင်ငံဖြစ်ပါသည်။ ဆာဆာကာဝါသည် ကိုဒါမာနှင့် အဆက်အစပ်ရှိသူ ဖြစ်သည့် အပြင် ၁၉၅၇ ခုနှစ်မှ ၁၉၆၀ ခုနှစ်အထိ ဂျပန်ဝန်ကြီးချုပ်ဖြစ်ခဲ့သော နိုဘူဆုကီ ကီရှိနှင့်လည်းနီးစပ်သူ ဖြစ်သည်။ ၁၉၄၀ ခုနှစ် နှောင်းပိုင်းများတွင် နိုဘူကီ ကီရှိသည်လည်း ဆူဂါမိုတွင် ထောင်ကျခဲ့ဖူးသူဖြစ်သည်။ ကီရှိသည် တချိန်က ဂျပန်တွင် သြဇာကြီးသော မြန်မာ့စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ နှင့် အဖွဲ့ဝင်ကုန်သွယ်ရေးကုမ္ပဏီ ၁၁ ခု၏ အထောက်အပံ့ဖြင့် ဖွဲ့စည်း ထားသော ဂျပန်-မြန်မာအသင်းတို့ကို ဦးဆောင်ခဲ့သူဖြစ်သည်။ ထိုအဖွဲ့များသည် ၁၉၈၈ ခုနှစ်မတိုင်ခင်အထိ မြန်မာ နိုင်ငံတွင် အမျိုးမျိုးသော ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

မကြာသေးမီကာလများက ဆာဆာကာဝါနှင့် နိပွန်ဖောင်ဒေးရှင်းတို့သည် သေနင်္ဂဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဌာနကြီးက ကြီးမှူး၍ ရန်ကုန်မြို့တွင်ကျင်းပသော “မြန်မာနိုင်ငံတွင်းရှို နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ လေ့လာချက် စာတမ်းဖတ်ပွဲ”များနှင့် အခြား ကျန်းမာရေးစီမံကိန်းများကို အထောက်အပံ့ပေးခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ် မတ်လတွင် စတင်ထုတ်ဝေသော မြန်မာတိုင်းမ်းအပတ်စဉ်သတင်းဂျာနယ် ကိုလည်း ဆာဆာကာဝါဖောင်ဒေးရှင်းက တစိတ်တပိုင်း ငွေကြေး ထောက်ပံ့ပေးခဲ့သည်။ ထိုအကြောင်းနှင့်ပတ်သက်၍ လစဉ်ထုတ် သြစတြေးလျသတင်းစာ တစောင်ဖြစ်သည့် သံခင်းတမန်ခင်း (The Diplomat) စာစောင်က ၂၀၀၇ ခုနှစ် နိုဝင်ဘာ-ဒီဇင်ဘာလထုတ်စာစောင်က “စစ်အစိုးရအတွက် အားပေးအားမြှောက်ပြုနေသူ တဦးထက် မည်သို့မျှ ပိုမထူးခြား” ဟု ဝေဖန်ရေးသားထားပါသည်။

ရန်ကုန်နှင့် အခြားမြို့ကြီးများတွင်ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဘုန်းတော်ကြီးများဦးဆောင်သည့် ဒီမိုကရေစီဆန္ဒပြပွဲများကို စစ်အစိုးရက ကြမ်းတမ်းရက်စက်စွာ နှိမ်နင်းဖြိုခွဲခဲ့ခြင်းကို ပြောင်ကျကျ ထောက်ခံခဲ့ခြင်းကြောင့် ပြင်းပြင်းထန်ထန် လူထု ဆန့်ကျင်ခံရသူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးဟောင်း ယိုအိချီ ယာမာဂူချီသည်လည်း ဆာဆာကာဝါအဖွဲ့ကြီး၏ လုပ်ငန်းဆောင်တာအချို့တွင် ပါဝင်ပတ်သက်နေသူဖြစ်ပါသည်။ မြန်မာ့အလင်းသတင်းစာက ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ထိုစဉ်ကထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်မှ  ယာမာဂူချီ (သံအမတ်ကြီးဟောင်း) ကို နိပွန် ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ယိုဟိ ဆာဆာကာဝါနှင့် အတူလက်ခံတွေ့ဆုံသည့် သတင်းကို ဖော်ပြခဲ့ပါသည်။ ယိုဟိ ဆာဆာ ကာကာဝါသည် ရယိုအိချီ ဆာဆာကာဝါ၏ အငယ်ဆုံးသားဖြစ်ပြီး စစ်ရာဇ၀တ်ကောင်အဖြစ်စွပ်စွဲခံထားရသူ ဖခင်ဖြစ်သူ သေဆုံးပြီးနောက် ၁၂ နှစ်ကြာသောအခါတွင် ဖခင်၏လူမှုကူညီ ထောက်ပံ့ရေးအင်ပါယာကို ဆက်ခံ ဦးဆောင်ခဲ့သူ ဖြစ် သည်။

မည်သို့ဖြစ်သွားပါသနည်း၊ ဆာဆာကာဝါက အမှန်တကယ်ပင် ငြိမ်းချမ်းရေးသမား ဖြစ်သွားခြင်းလော၊ သူ၏ အရေခြုံ အတိတ်ဘ၀ကို (အသက်ညှာဆုံးပြောရလျင်) စွန့်လွှတ်သွားပြီ ဆိုသည်ကို ယုံကြည်ရန် ခက်ခဲလှပါသည်။

သူ့ကို ၁၈၉၉ ခုနှစ် အိုဆာကာမြို့တွင် ဆာကေးအရက်ချက်သည့် ချမ်းသာသောမိသားစုမှ မွေးဖွားခဲ့သည်။ ၁၉၃၀ ခုနှစ် များတွင် သူသည် အစွန်းရောက်အမျိုးသားရေးဝါဒီအုပ်စုဖြစ်သည့် ကိုကုစူအိ တိုင်ရှုတို (Kokusui Taishuto) သို့မဟုတ် “မျိုးချစ်ပြည်သူများ၏ လူထုပါတီ” ကို ခေါင်းဆောင်ခဲ့သည်။ ပါတီဝင်အင်အား ၁၅,၀၀၀ အထိ စည်းရုံးနိုင်ခဲ့သည်။ သူ့ပါတီ
ဝင်တိုင်းက ဘင်နီတို မူဆိုလီနီ၏ အီတလီ အင်္ကျီနက် လှုပ်ရှားမှုကို အတုယူ၍ အနက်ရောင်ယူနီဖောင်းကို ၀တ်ဆင်ခဲ့ကြ သည်။ သူ့တွင် ဂျပန် စစ်တပ်အတွက် အထောက်အပံ့ပစ္စည်များ သယ်ယူပို့ဆောင်ပေးသည့် ကိုယ်ပိုင်လေယာဉ်ပျံများ ရှိသည်။ ၁၉၃၉ ခုနှစ်တွင် ဆာဆာကာဝါသည် ထိုလေယာဉ်များအနက် တစီးကို ရောမမြို့အထိပျံသန်းခဲ့ပြီး မူဆိုလီနီနှင့် သွားရောက် တွေ့ဆုံခဲ့သေးသည်။ နောက်နှစ်များတွင် သူက ထိုစဉ်ကဥရောပ၏ အလွန်ကြီးကျယ်သော ခေါင်းဆောင်ကြီး တဦးနှင့် မတွေ့ဆုံဖြစ်လိုက်သည်ကို ၀မ်းနည်းစကားပြောခဲ့သည်။ “ဟစ်တလာက သူ့ကို စောင့်နေဖို့ ငါ့ဆီ ကြေးနန်း ရိုက်ခဲ့ တယ်ကွ၊ ဒါပေမယ့် ကံဆိုးတာက ငါ့မှာက အချိန်မရှိတော့ဘူး” ဟု ပြန်ပြောပြခဲ့လေသည်။

စစ်ပြီးကာလ ဂျပန်ကို သိမ်းပိုက်ထားသော အမေရိကန်တပ်များအတွက် ပြဿနာတရပ်မှာ ၁၉၄၀ ခုနှစ်များတွင် အင်အား ကြီးထွားလာနေသော လက်ဝဲလှုပ်ရှားမှုကို ဆန့်ကျင် ခုခံနိုင်ရန်အတွက် လက်ယာအလွန်အကျွံသမားများကို မဖြစ်မနေ လိုအပ်နေခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ၁၉၄၈ ခုနှစ်တွင် ဆာဆာကာဝါ၊ ကိုဒါမာနှင့် ကီရှီတို့အားလုံးကို လွှတ်ပေး လိုက်ပြီး သူတို့၏ မူလအဖွဲ့အစည်းများကို ပြန်လည်ဖွဲ့စည်းခွင့် ပေးလိုက်ရပါတော့သည်။

ကိုဒါမာက ယာကူဇာအဖွဲ့ကို ထိန်းချုပ်နိုင်ခဲ့ပြီး ကီရှီက ၀န်ကြီးချုပ်ဖြစ်လာပါသည်။ သူ၏အားကောင်းလှသော အဆက် အသွယ်များမှတဆင့် ဆာဆာကာဝါသည် ထိုစဉ်က တခုတည်းသော လိုင်စင်ရလောင်းကစားလုပ်ငန်း ဖြစ်သည့် မော်တော် ဘုတ်ပြိုင်ပွဲကို လက်ဝါးကြီးအုပ်ထားနိုင်လိုက်ပါသည်။ အကျိုးဆက်အားဖြင့် ဆာဆာကာဝါသည် မတန်တဆ ချမ်းသာ လာပြီး အမျိုးမျိုးသော လက်ျာစွန်းအဖွဲ့အစည်းများကို ဆက်တိုက်ထောက်ပံ့ထားနိုင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းက ဆာဆာကာဝါ၏ အပြော“ကျုပ်က ကမ္ဘာ့ အချမ်းသာဆုံး ဖက်ဆစ်ပဲ”ကို ကိုးကားဖော်ပြခဲ့ပါသည်။

ဂျပန်ပြည်တွင်းတွင် သူသည် ယာကူဇာနှင့်အဆက်အသွယ်ရှိသော လက်ျာစွန်းအဖွဲ့အစည်းများကို အထောက်အပံ့ပေးသည်။ ဇင် နိဟွန်း အိုက်ကိုကူရှာ ဒန်တိုင် ကိုင်ဂျီယ (Zen-Nihon Aikokusha Dantai Kaigi) သို့မဟုတ် “ဂျပန်နိုင်ငံ လုံးဆိုင်ရာ မျိုးချစ်အဖွဲ့များ အသင်းချုပ်” နှင့် ဆီနန် ရှိရှို ကန်ကျူ ကိုင် (Seinan Shisho Kenkyu Kai) ဟုခေါ်သော ထူးထူးဆန်းဆန်း နိုင်လှသည့် “လူငယ် အဘိဓမ္မာ သုတေသန အဖွဲ့” တို့ကို အထောက်အပံ့ပေးခဲ့သည်။

နိုင်ငံတကာတွင် သူသည် အာရှလက်ျာဝါဒီများကို စုစည်းထားသော ကမ္ဘာ့ကွန်မြူနစ်ဆန့်ကျင်ရေးအဖွဲ့ချုပ်နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့သည်။ ကြောက်စရာကောင်းလှသော ပါရာဂွေးလျို့ဝှက်ရဲအဖွဲ့၏ အကြီးအကဲဖြစ်လာသော ဘုန်းတော်ကြီး ကော်ရိုနဲ (Pastor Colonel) အပါဝင် လက်တင်အမေရိကမှ ဖက်ဆစ်အုပ်စုနှင့်လည်း ပူးပေါင်းဆောင်ရွက်ခဲ့ သည်။ ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျာမဏီနှင့် အီတလီတို့နှင့်ပူးပေါင်းဆောင်ရွက်ခဲ့သည့်အပြင် ခရိုအေးရှားမှ ယူစတာ ရှာလှုပ်ရှားမှု
အဖွဲ့ဝင်များ၊ ရိုမေးနီးယားမှ သံမဏိကိုယ်ရံတော်တပ်ဖွဲ့၊ ယူကရိန်းနာဇီအဖွဲ့များနှင့် အမေရိကန် ထောက်လှမ်းရေးတပ်ဖွဲ့ဝင် ဟောင်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်ခဲ့သည်။

ယင်းနောက်တွင် လူမှုကူညီထောက်ပံ့ရေးအသင်းအဖွဲ့များကို ထူထောင်ပါတော့သည်။ လိုအပ်သော ငွေကြေးအားလုံးကို ကံမကောင်းရှာသော ဂျပန်လောင်းကစားသမားများထံမှ ရယူသုံးစွဲခြင်းဖြစ်သော်လည်း ပြည်သူလူထုကြားတွင် နာမည် ကောင်းရလာသူမှာ ဆာဆာကာဝါ ဖြစ်သည်။ သူ့သားသမီးများကလည်း သူတို့မိသားစုပိုင်မဟုတ်သော ငွေကြေးများကို လှူဒါန်းဝေငှရာမှ ထွက်ရှိလာသည့် အကျိုးအမြတ်များကို ရယူခံစားနေကြသည်။ ထို့အပြင် နိပွန်ဖောင်ဒေးရှင်း၏ ဂေါပက ဘုတ်အဖွဲ့တွင် ဂျပန်မော်တော်ဘုတ်ပြိုင်ပွဲအသင်း၏ နာမည်ကြီးအဖွဲ့ဝင်နှစ်ဦး ဖြစ်သော ယူကီယို ကဂျီယာမာ နှင့် တိုရှီယို တာကုချီတို့ အဖွဲ့ဝင်အဖြစ် ပါဝင်နေဆဲဖြစ်ပါသည်။

ဆာဆာကာဝါနှင် မြန်မာနိုင်ငံကြားတွင်ရှိသော ဆက်ဆံရေးမှာ မတော်တဆတိုက်ဆိုင်ခြင်းမျိုး မဟုတ်ပါ၊ ဗိုလ်ချုပ်ကြီး
နေ၀င်း အာဏာရထားစဉ် ကာလကတည်းက ထူထောင်ထားခဲ့သော ဆက်ဆံရေးဖြစ်ပါသည်။ ဗိုလ်ချုပ်နေ၀င်းကို ဒုတိယ ကမ္ဘာစစ်ကာလအတွင်း ဂျပန် လျို့ဝှက်ရဲအဖွဲ့ ဖြစ်သည့် ကင်ပေတိုင်က လေ့ကျင့်ပေးလိုက်ခြင်းလည်း ဖြစ်သည်။

ယခုမူ ဆာဆာကာဝါ၏ ဖောင်ဒေးရှင်းများ မြန်မာစစ်အစိုးရနှင့် အဆင်ပြေပြေ ဆက်ဆံဆောင်ရွက်နိုင်နေကြပါသည်။ သို့သော် ကမ္ဘာ့အထူးဆန်းဆုံးသော လူမှု ကူညီထောက်ပံ့ရေး ဖောင်ဒေးရှင်း အသင်းစု နှစ်ခု၏ နောက်ခံသမိုင်းနှင့် မူလ ဇစ်မြစ်ကို နားလည်ကြမည်ဆိုပါက အထက်ပါဆက်ဆံရေးအတွက် တအံ့တသြ ဖြစ်ရန် လိုမည်မထင်တော့ပါ။ [Top]

Bertil Lintenr ရေးသားသည့် A Charity’s Checkered Past ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ ဘာတေးလ် လင့်တနာသည် အာရှနိုင်ငံရေးနှင့် ယဉ်ကျေးမှုများကို အထူးပြုလေ့လာသူဖြစ်ပြီး ထိုင်းနိုင်ငံ ဇင်းမယ်မြို့တွင် နေထိုင်လျှက် ရှိသည်။


Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!