ကြိတ်ဝိုင်း၏ အကန့်အသတ်များ
ဒေါ်နယ်အမ် ဆိခ်ခင်း | ဒီဇင်ဘာ ၂၅၊ ၂၀၀၇

စက်တင်ဘာဆန္ဒပြပွဲ အရှိန်အမြင့်ဆုံးအချိန်တွင် ဂျပန်သတင်းထောက် ကင်ချီ နာဂါအီကို တမင်တကာပစ်သတ်လိုက်ခြင်း က ဂျပန်ပြည်သူများအား ဒေါသအမျက် ချောင်းချောင်းထွက်စေခဲ့ပါသည်။ ထို့ကြောင့် တုံ့ပြန်သည့်အနေဖြင့် ဂျပန်အစိုးရက ရန်ကုန်တက္ကသိုလ်အတွက် ထောက်ပံ့ပေးရန် လျာထားသည့် ဂျပန် ယန်းငွေ ၅၅၂ သန်း (အမေရိကန်ဒေါ်လာ ၄. ၇ သန်း) တန်ဖိုးရှိ စီမံကိန်းတခုကို ရပ်ဆိုင်းပစ်ခဲ့သည်။

အချို့က ဂျပန်အစိုးရ၏တုံ့ပြန်မှုသည် လုံလောက်အောင်မပြင်းထန်ဟု ဆိုကြပြီး၊ ဂျပန်အစိုးရအနေဖြင့် နောက်ဆုံးတွင် အနောက်နိုင်ငံများနှင့်လက်တွဲပြီး မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှု ပြုလာလေမည်လားဟု မေးခွန်း ထုတ်နေကြပါသည်။

ဂျပန်သတင်းထောက် နာဂါအီ တရားမဲ့ အသတ်ခံခဲ့ရခြင်း ဖြစ်လင့်ကစား ထိုသို့သော စီးပွားရေး ပိတ်ဆို့အရေးယူမှုမျိုးကို ဂျပန်အစိုးရက ဆောင်ရွက်မည့်ပုံ မပေါ်ပါ။ ၁၉၈၈ ခုနှစ် ဗိုလ်ချုပ်နေ၀င်းဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရပြုတ်ကျပြီး နောက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) အာဏာသိမ်းခဲ့ချိန်မှစ၍ ဂျပန်အစိုးရက စီးပွားရေးပိတ်ဆို့ အရေးယူမှုကို အလုပ်မဖြစ်စေနိုင်သည့် မူဝါဒတရပ်သဖွယ် သဘောထား၍ မြန်မာနိုင်ငံကို ဆက်ဆံကျင့်သုံးနေခဲ့ပါသည်။ ထိုမူဝါကို ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိကြီးတဦးက ၂၀၀၁ ခုနှစ်တွင် တိုကျိုတွင်ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲတရပ် တွင် လူသိရှင်ကြား ထုတ်ပြောခဲ့ပါသေးသည်။

မြန်မာနိုင်ငံအပေါ်ထားရှိသည့် မူဝါဒနှင့် ပတ်သက်၍ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာန ပထမ အရှေ့တောင်အာရှဆိုင်ရာ ဌာနကြီး၏ ညွှန်ကြားရေးမှူး ဖြစ်သူ မစ္စ တေကို တကာဟာရှီ (Ms. Taeko Takahashi) က မြန်မာနိုင်ငံနှင့် ဆက်ဆံ နေကြသော နိုင်ငံခြားတိုင်းပြည်များကို အမျိုးအစားသုံးမျိုး ခွဲခြား၍ ဖွင့်ဆိုရှင်းပြခဲ့ပါသည်။ ပထမအမျိုးအစားတွင် ဒီမို ကရေစီနှင့် လူ့အခွင့်အရေးကို အမြင့်ဆုံး ဦးစားပေးအဆင့်တွင်ထားရှိပြီး မြန်မာနိုင်ငံကို ပြင်းထန်စွာဝေဖန် ပြောဆိုသည့် အပြင် စီးပွားရေးပိတ်ဆို့အရေးယူကြသော အနောက်နိုင်ငံအစိုးရများ ပါဝင်သည်။ ဒုတိယအမျိုးအစားတွင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်လိုကြသည့်အပြင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှတဆင့် မြန်မာနိုင်ငံတွင် တိုးတက်ဖြစ် ပေါ်ပြောင်းလဲများ ဖြစ်ပေါ်လာနိုင်သည်ဟု မျှော်လင့်နေကြသော အိမ်နီးချင်း အာဆီယံနိုင်ငံများပါဝင်ပါသည်။ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အရေးတကြီး တန်ဖိုးထားသော်လည်း မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုနှင့် ခတ်ခွါခွါနေပြီး “မိတ်ဆွေဆက်ဆံရေး”ကို ဦးစားပေးလိုသော ဂျပန်နိုင်ငံမှာ တတိယနိုင်ငံအမျိုးအစားတွင် ပါဝင်သည်ဟု သူကဆိုပါသည်။

မစ္စ တကာဟာရှီက “နိုင်ငံတကာမိသားစုရဲ့ မျှော်လင့်ချက်တွေက ဘာလဲ၊ နိုင်ငံတကာ အသိုက်အ၀န်းက မြန်မာနိုင်ငံကို လက်ခံနိုင်လာအောင် ဘာတွေလုပ်ပေးရမှာလဲ” ဟု မေးခွန်းထုတ်ခဲ့ပါသည်။ “အဲဒီမေးခွန်းတွေရဲ့ အဖြေတွေကို ကျမတို့က ကြိတ်ဝိုင်းတွေမှာ အဖြေရှာပေးရမယ့်အနေအထားမှာ ရှိနေပါတယ်” ဟု သူက ပြောပါသည်။

၁၉၈၈ ခုနှစ်ကတည်းက ဂျပန်နှင့်မြန်မာတို့ကြားတွင်တည်ရှိခဲ့သည့် ကြိတ်ဝိုင်းများတွင်  ဂျပန်တို့ဘက်မှ မြန်မာ့ အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ဓာတ်ရေးရာအရ အားပေးကူညီမှု ပါဝင်ခဲ့ပါသည်။ (ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်တွင်လူသိများပြီး လူကြိုက်များသူတဦးလည်း ဖြစ်ပါသည်။) ထို့အပြင် ဖွံ့ဖြိုးရေး စီမံကိန်းများ ပုံစံဖြင့် ဖွံ့ဖြိုးရေး ချေးငွေအကူအညီ (ODA) များကို ထောက်ပံ့ကာ စစ်အစိုးရ၏ ပြုမူဆောင်ရွက်ပုံများ ပြုပြင်ပြောင်းလဲလာစေ ရန်အတွက် စီးပွားရေးမက်လုံးများအဖြစ် ကူညီထောက်ပံ့ခြင်းမျိုးလည်း ပါဝင်ပါသည်။

၁၉၉၅ ခုနှစ် ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့စဉ်တွင် ဂျပန်အစိုးရက အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဟု မြင်ခဲ့ကြသည်။ ထိုအတွက် ရန်ကုန်သူနာပြုတက္ကသိုလ်ပြင်ဆင်ရန်အတွက် ဂျပန် ယန်းငွေ
၁. ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၅သန်း) အကူအညီ ပေးခဲ့သည်။ ထိုသို့ ကူညီခဲ့ခြင်းသည် ဒီမိုကရေစီ ပြုပြင်ပြောင်း လဲရေးတွင် နောက်ထပ်ဖြစ်ပေါ်တိုးတက်မှုများရှိလာလျှင် အလားတူဆုလာဘ်များ ထပ်မံရရှိမည်ဟု မက်လုံးပေးလိုက်ခြင်း ဖြစ်ပါသည်။

တရုတ်၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့နှင့်နှိုင်းစာလျှင် ဆိုရှယ်လစ်ခေတ်လွန် မြန်မာနိုင်ငံ၌ ဂျပန်နိုင်ငံ၏ စီးပွားရေး လုပ်ဆောင်မှု ပမာဏ နည်းပါးသည်ဟု ဆိုရမည်ဖြစ်ပါသည်။ သို့သော် နိုင်ငံချင်း ဖွံ့ဖြိုးရေးအကူအညီ (ODA) ပေးအပ်ရာ တွင် ၁၉၆၂-၈၈ ဗိုလ်ချုပ်နေ၀င်းခေတ်ကအတိုင်း ဂျပန်သည် အကူအညီ အများဆုံးပေးသောနိုင်ငံ ဖြစ်မြဲ ဖြစ်နေခဲ့ပါသည်။

၁၉၉၀ ခုနှစ်နှင့် ၂၀၀၂ ခုနှစ်ကြားတွင် ဂျပန်အစိုးရသည် မြန်မာနိုင်ငံအား ဂျပန်ယန်းငွေ ၆၈ ဘီလီယံ (အမေရိကန် ဒေါ်လာ ၅၇၃ သန်း) ကို ကြွေးမြီလျှော့ပေါ့ရေးချေးငွေအဖြစ် ပေးအပ်ခဲ့ပါသည်။ ထို့အပြင် ၁၉၈၈ ခုနှစ်မတိုင်မီက သဘောတူထားခဲ့ ပြီးသော ဖွံ့ဖြိုးရေးစီမံကိန်းများအတွက် လက်ကျန်ချေးငွေများကိုလည်း အပြည့်အ၀ ထပ်မံပေးအပ်ခဲ့ပါသည်။ မြန်မာအစိုးရ က ဂျပန်ကြွေးမြီအချို့ကို ပြန်ဆပ်သည့်အခါတွင်လည်း ဂျပန်အစိုးရက ထိုငွေများကို ဂျပန် ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှု များ ၀ယ်ယူနိုင်ရန်အတွက် မြန်မာအစိုးရသို့ ပြန်ပေးခဲ့ပါသည်။

ဗိုလ်ချုပ်နေ၀င်းအာဏာရှိစဉ်က တံခါးပိတ်ဝါဒ ကျင့်သုံးနေခဲ့သော မြန်မာနိုင်ငံအပေါ် ဂျပန်နိုင်ငံက အခြားနိုင်ငံများထက် ပိုမို သြဇာလွှမ်းမိုးထားနိုင်ခဲ့သည်။ ပမာဏများပြားလှသည့် ဖွံ့ဖြိုးရေးအကူအညီများ (၁၉၇၀နှင့် ၁၉၈၈ ခုနှစ်အတွင်း ဖွံ့ဖြိုး ရေး စီမံကိန်းချေးငွေများအဖြစ်ပေးအပ်ခဲ့သော အတိုးနှုန်းနည်း ချေးငွေ ၁. ၉ ဘီလီယံ ဒေါ်လာ) နှင့် ဒုတိယ ကမ္ဘာစစ် အတွင်း တည်ရှိခဲ့သည့်ဆက်ဆံရေးပေါ်တွင် အခြေခံသည့် ရင်းနှီးကျွမ်းဝင်မှု နှောင်ကြိုးများဖြင့် ထိုသို့ သြဇာသက်ရောက် နိုင်ခဲ့ခြင်း ဖြစ်ပါသည်။

၁၉၄၁ ခုနှစ်တွင် ဗမာ့တပ်မတော်၏ အမြုတေဖြစ်သော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဂျပန်ဘုရင့်တပ်မတော်က စတင် တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်းသည်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းသည် လည်းကောင်း ဗမာ့လွတ်လပ်ရေးတပ်မတော်၏ ခေါင်းဆောင်များ ဖြစ်ကြပြီး ဆက်ဆံရေးအရ ရင်းနှီးမှု ရယူထားနိုင်ခဲ့သည်။

အကယ်၍ အိမ်နီးချင်းအာဆီယံနိုင်ငံများက မိတ်ဆွေမြန်မာနိုင်ငံများအတွက် ကြိတ်ဝိုင်းတွင် အဖြေရှာသည့်နည်းဖြင့်  စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုဆီသို့ တဖြည်းဖြည်းချင်း ဦးတည်ထိန်းကြောင်းသွားနိုင်ခဲ့လျှင် သာဓုခေါ်ဖွယ် ဖြစ်ပါ သည်။ သို့သော်လည်း အလုပ်မဖြစ်ခဲ့ကြပါ။ မြန်မာစစ်အစိုးရက ပြောင်းပြန်ကြီး လျှောက်နေခဲ့သည်။

ဂျပန်နိုင်ငံတွင်းရှိ အင်အားကြီးစီးပွားရေးလုပ်ငန်းများက (န၀တ) စစ်အစိုးရနှင့် စီးပွားရေးလုပ်ငန်းများ အင်ပြည့်အားပြည့် လက်တွဲလုပ်ကိုင်လိုသော သဘောရှိခဲ့ကြသည်။ ဂျပန်အစိုးရကိုလည်း ၁၉၈၈ ခုနှစ်မတိုင်ခင်ကာလက ပေးခဲ့သော အကူ အညီ အဆင့်မျိုးအထိ မြန်မာနိုင်ငံကို ပြန်လည်း ပေးစေချင်ခဲ့ကြသည်။ ဤသို့သော အကူအညီများသည် ဂျပန်ကုမ္ပဏီများ အတွက် မက်လောက်သော အခွင့်အလန်းများကို ဖန်တီးပေးနိုင်သည် မဟုတ်ပါလား။ အထူးသဖြင့် ကုန်သွယ်ရေးလုပ်ငန်း များအတွက် အကျိုးအမြတ်များလာနိုင်သည်။ ထို့အပြင် (န၀တ) စစ်အစိုးရ၏ ဆိုရှယ်လစ် ခေတ်လွန် စီးပွားရေးစနစ်တွင် စီးပွားရေးအခွင့်အလန်းသစ်များ မြင်ထားကြပြီး၊ တောင်ကိုးရီယားနှင့် စင်္ကာပူနိုင်ငံတို့လို အာဆီယံနိုင်ငံများက အမြတ် ထုတ်နေကြသည်ကို မရှုစိမ့် ဖြစ်နေကြသည်။

၎င်းကဲ့သို့ ရင်းနှီးစွာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က အနှောင့်အယှက်ဟု မြင်လာ ကြသည်။ ထို့ကြောင့်ပင် သူမကို စီးပွားရေးလုပ်ငန်းကြီးများနှင့် ၎င်းတို့ဘက်တော်သား ပညာရှင်များ၊ နိုင်ငံရေး သမားများ နှင့် သံတမန်အသိုင်းအ၀ိုင်းက ပစ်မှတ်တစ်ခုအဖြစ် ရွေးချယ်တိုက်ခိုက်လာခဲ့ကြသည်မှာ အံ့သြစရာ မဟုတ်ခဲ့ပါ။ ဂျပန် စာနယ်ဇင်း ဆရာတဦးကဆိုလျှင် ဤလုပ်ရပ်မျိုးကို “စုကြည် ထိုးနှက်ပွဲ” ဟုပင် ညွှန်းဆို ခဲ့ဖူးပါသည်။ ဥပမာအားဖြင့် ၁၉၉၆ ခုနှစ်က ကီအို (Kieo) တက္ကသိုလ်မှ ပါမောက္ခတဦးက “သူမ၏ သူရဲကောင်းရုပ်ပုံလွှာသည် နိုင်ငံတကာ မီဒီယာများ ၏ လှည့်စားသိုင်းဝိုင်းဖွဲ့နွဲ့မှုမျှသာဖြစ်ပြီး စစ်အစိုရ၏ ကြိုးပမ်းအားထုတ်မှုများကိုမူ မည်သူကမျှ အသိအမှတ်မပြုကြပါ” ဟု လစဉ် ထုတ်မဂ္ဂဇင်း တစောင်တွင် ရေးသားခဲ့ဖူးပါသည်။

မြန်မာနိုင်ငံပေါ်လစီနှင့်ပတ်သက်၍ ဂျပန်အနေဖြင့် သူ၏အရေးအကြီးဆုံး မိတ်ဆွေနိုင်ငံ အမေရိကန်ပြည်ထောင်စု၏ သဘောထား အမြင်ကို ဂရုမစိုက်၍ မရနိုင်ပါ။ အမေရိကန်ပြည်ထောင်စုက ၁၉၉၇ ခုနှစ်မှစ၍ မြန်မာနိုင်ငံအပေါ် ပြင်းထန် သော ပထမအချီ စီးပွားရေးပိတ်ဆို့အရေးယူမှုများကို စတင် ပြုလုပ်လာခဲ့ပါသည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှ စ၍ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တိုင် ကြာမြင့်ခဲ့သော၊ မြန်မာနိုင်ငံသို့ ပေးအပ်နေသည့် အကူအညီများ အားလုံး ရပ်ဆိုင်း ထားရန် ဂျပန်နိုင်ငံက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် နောက်ကွယ်တွင် အမေရိကန် ဖိအားကြောင့်  ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင်မှ (န၀တ) စစ်အစိုးရကို မြန်မာနိုင်ငံအစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုပြီး ချေးငွေအကူအညီများကို ကိစ္စတခုချင်း အလိုက် ပြန်လည် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစီးပွားရေးအကျိုးအမြတ်နှင့် အမေရိကန်ပြည်ထောင်စု၏ မူဝါဒနှစ်ရပ်စလုံးကို ဖြည့်ဆည်းရခြင်းဖြစ်သည့် အတွက် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာမူဝါဒသည် တခါတရံ ဒွိဟ နိုင်လှပါသည်။ ဒီမိုကရေစီ အတွက်ဟု ဂျပန်အစိုးရက ကတိ
က၀တ်များပြုခဲ့သော်လည်း၊ နောက်ပိုင်း ပြည်တွင်းမှ “စီးပွားရေး ပထမ” ဟူသော မဲဆန္ဒရှင် အုပ်စု၏ တောင်းဆိုချက်ကို ဖြည့်ဆည်းရန်ကြိုးစားရင်း အရည်ပျော် အားပျော့သွားခဲ့ရပါသည်။

ဥပမာအားဖြင့် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလတွင် ဂျပန်အစိုးရက မြန်မာနိုင်ငံအား ယန်းငွေ ၂ . ၅ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၉. ၈ သန်း) ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းနှင့် ထိန်းချုပ်မှုမျှော်စင်တို့ကို ပြုပြင်ရန် အတွက် ထုတ်ချေးမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။ ဂျပန်အစိုးရက ဤစီမံကိန်းကို ဆီလျော်မှုမရှိသော်လည်း “လူသား ချင်း စာနာမှုအကူအညီ”ဟု အမည်တပ်ခဲ့ပါသည်။ သို့အတွက် အမေရိကန်ပြည်ထောင်စုကရော ဒေါ်အောင်ဆန်းစုကြည်ပါ ဤ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ကြပါသည်။

အချို့အကဲဖြတ်များက ထိုချေးငွေကို နီချီဘေး မြန်မာ့ မာဆတ်ဆု (မြန်မာနိုင်ငံကို အကြောင်းပြု၍ဖြစ်ပေါ်သော အမေ ရိကန်-ဂျပန်ဆက်ဆံရေး သဘောကွဲမှု အဖုအထစ်) ၏ အကျိုးဆက်ကြောင့် ဟုတ်မဟုတ် စဉ်းစားနေခဲ့ကြပါသည်။ ထိုအဖု အထစ်သည် မိမိတို့သည် အမေရိကန်မူဝါဒလမ်းကြောင်းအတိုင်း လိုက်နာဆောင်ရွက်ရန် အမြဲတမ်း ဖိအားပေး ခံနေရ သည်ဟု ခံစားနေကြရသည့် ဂျပန်မူဝါဒရေးရာ ခေါင်းဆောင်များ၏ ခါးသီးသောခံစားမှုကို ထုတ်ဖော်ပြသခြင်း တမျိုးလည်း ဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြပါသည်။

(န၀တ/နအဖ) အုပ်စိုးမှု အနှစ်နှစ်ဆယ်ပြည့်ကာနီးအချိန်တွင် အချက် တချက်က ထင်ရှား လာပါသည်။ အမြတ် အစွန်း များလှသည့် အရေးကြီး သဘာဝ ကုန်ကြမ်းပစ္စည်းများ (အထူးသဖြင့် သဘာဝဓာတ်ငွေ့) ရောင်းချမှုကြောင့်လည်းကောင်း၊ စီးပွားရေး ပြန်လည်ဦးမော့လာသော အာဆီယံနိုင်ငံများနှင့် အိန္ဒိယ၊ ရုရှားနှင့် အထူးသဖြင့်၊ တရုတ်ပြည်တို့မှ စီးပွားရေးနှင့် အခြားသော ပုံစံအမျိုးမျိုးသော ကူညီထောက်ပံ့မှုများ ကျေးဇူးဖြင့် မြန်မာစစ်အစိုးရ အသက်ဆက်နေနိုင်ခဲ့ပါသည်။ လူ့ အခွင့်အရေးကိစ္စအပေါ် မည်သည့်မေးခွန်းမျှ အထုတ်မခံရတော့ဘဲ ၎င်းတို့ လိုအပ်သည့် အရင်းအမြစ်များကို အလျှံပယ် သိုမှီးထားနိုင်ခဲ့ပြီ ဖြစ်သည်။ ဂျပန်နိုင်ငံမှ ကူညီထောက်ပံ့မှုများနှင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို စောင့်ဆိုင်းနေရန်လည်း မလိုအပ်တော့ပါ။ သို့ဖြင့် မြန်မာခေါင်းဆောင်များအပေါ် ဂျပန်နိုင်ငံ၏ သမိုင်းနှင့်ချီသော သြဇာသက်ရောက်မှုလည်း ပါးလျှ အားလျှော့ လာရပါသည်။

ဒီမိုကရေစီဘက်သား မြန်မာများနှင့် နိုင်ငံတကာမှ ၎င်းတို့အပေါ် ထောက်ခံကူညီသူများက ဆိုနီ သို့မဟုတ် တိုယိုတာ ကုမ္ပဏီတို့ကို သပိတ်မှောက်ရန် တောင်းဆိုကြရမည့်အစား ၂၀၀၈ ခုနှစ် ဘေဂျင်းအိုလံပစ် ပွဲတော်ကို သပိတ်မှောက်ကြရန် တောင်းဆိုနေကြပြီ မဟုတ်ပါလား။ [Top]

Donald M Seekins သည် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့၊ မေယို (Mieo) တက္ကသိုလ်မှ အရှေ့တောင်အာရှလေ့လာရေးဆိုင်ရာ ပါမောက္ခတဦးဖြစ်ပြီး၊ ၁၉၄၀ ခုနှစ်ကတည်းက ဂျပန်နှင့်မြန်မာနိုင်ငံတို့နှင်ပတ်သက်သော စာအုပ်စာတမ်းများ ရေးသား ထုတ်ဝေခဲ့သူ ဖြစ်သည်။ ၎င်း ရေးသားခဲ့သည့် စာအုပ်များတွင် “အတူတကွ ချမ်းသာကြွယ်ဝခြင်းမှသည် ကြိတ်ဝိုင်းအဖြေ ရှာရေးသို့။ မြန်မာနှင့် ဂျပန်၏ ၁၉၄၀ ခုနှစ်မှ စတင်၍ ဆက်ဆံရေး” (Burma and Japan Since 1940: From Co-prosperity to Quiet Dialogue) စာအုပ်အပါအ၀င် ဖြစ်ပြီး၊ ကိုပင်ဟေဂင် နောဒစ်တက္ကသိုလ်၊ အာဆီယံ လေ့လာရေးဌာန က ၂၀၀၇ ခုနှစ်တွင် ထုတ်ဝေခဲ့ပါသည်။

Donald M Seekins ရေးသားသည့် The Limits of ‘Quiet Dialogue’ ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။

Copyright (C) 2002 - 2007. Irrawaddy Publishing Group (Burmese Version). All rights reserved.
Click to go back!