သတင်းသမားတယောက်၏ အန္တိမနိဂုံး
ယာမာမိုတို မိုနေဆုကီ | ဒီဇင်ဘာ ၂၅၊ ၂၀၀၇
စက်တင်ဘာလ ၂၇ ရက်နေ့က တကမ္ဘာလုံးသို့ ထုတ်လွှင့်ခဲ့သည့် သတင်းကို ကြည့်ရသည်မှာ စိတ်ထိခိုက် နာကျင်ဖွယ် ကောင်းလှပါသည်။ ဂျပန် ဓါတ်ပုံသတင်းထောက် ကန်ဂျီ နာဂါအီ က ရန်ကုန်မြို့၏ လမ်းမကြီးတခုပေါ်တွင် လဲကျသေဆုံး နေသည်။ စစ်သားတယောက်၏ ရိုင်ဖယ်မှ ပစ်လွှတ်လိုက်သော ကျည်ဆံလေထုထဲသို့ တိုးဝင်လာသည့် အသံကို ကြားလိုက် ရသည်။
 |
| ဓာတ်ပုံသတင်းထောက် ကန်ဂျီ နာဂါအီ [Photo: AFP] |
လုပ်ဖော်ကိုင်ဖက်အဖြစ် ကျနော်သတ်မှတ်ထားသူ ကန်ဂျီ နာဂါအီ သေဆုံးခဲ့ပါပြီ။ ချက်ချင်းပင် ကျနော်တွေးမိသည်မှာ သူ့အစား ကျနော်လည်း သေသွားနိုင်သည်။ ဓာတ်ပုံသတင်း ထောက်တဦးအဖြစ် ပဋိပက္ခများနှင့် အဓိကရုဏ်း သတင်း ဓာတ်ပုံများကို ကျနော်လည်း ပေးပို့ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ အပါအ၀င် အာဆီယံနိုင်ငံအတော်များများသို့ ကျနော်ရောက်ခဲ့ ဖူးပါသည်။ ပြီးနောက် ရန်ကုန်မြို့၏ လမ်းမကြီးတခုပေါ်တွင် လဲကျသေဆုံးနေသော ကန်ဂျီနာဂါအီ၏ နေရာတွင် ကျနော့ ကိုယ် ကျနော် အစားထိုးကြည့်မိပါသည်။
သို့သော် သူက ရန်ကုန်တွင်ရောက်နေပြီး ကျနော်က ဂျပန်တွင် ရှိနေခြင်းဖြစ်ပါသည်။ ဒီမိုကရေစီတောင်းဆိုဆန္ဒပြမှု ဖြစ်ပွား ခဲ့သော ရန်ကုန်မြို့၏ လမ်းများကို ကျနော် ကောင်းကောင်း မှတ်မိနေပါသည်။ မြင်နေရသော မြင်ကွင်းများကလည်း ကျနော် နှင့် ရင်းနှီးလှပါသည်။
ကျနော့အတွက်တော့ ထိုပစ်ခတ်မှုသည် မြန်မာစစ်အစိုးရ၏ စိတ်ဓာတ်အရင်းခံကို မီးမောင်းထိုး သက်သေခံနေခြင်းပင် ဖြစ်သည်။ မြန်မာစစ်အစိုးရသည် မြန်မာပြည်သူတို့အား ဆယ်စုနှစ်ပေါင်းများစွာ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးထောင်ချခြင်း များကို တရားလက်လွတ် အဟန့်အတားကင်းစွာဖြင့် ကျူးလွန်နိုင်နေခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်း အဖြစ်အပျက်များကို ကျနော် စတင်သတင်းလိုက်ခဲ့သော ၁၉၈၈ ခုနှစ် တနှစ်တည်းတွင်ပင် မြန်မာပြည်သူ ၃,၀၀၀ သို့မဟုတ် ထို့ထက်ပိုပြီး သေဆုံးခဲ့ကြရပါသည်။
ကန်ဂျီ နာဂါအီ အသတ်ခံရသောနေ့တွင် ကျနော်သည် တိုကျိုရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေကြသော အဝေးရောက် မြန်မာများ၏ ဆန္ဒပြပွဲကို သွားရောက်ပြီး သတင်းဓာတ်ပုံ ရိုက်ယူနေခဲ့ပါသည်။ ဆန္ဒပြသူများက မြန်မာ (နအဖ) စစ်အစိုးရ ကို ဂျပန်က ဘဏ္ဍာရေး အရထောက်ပံ့မှု ရပ်ဆိုင်းရန် တောင်းဆိုနေကြခြင်းဖြစ်သည်။
ထိုနေ့နှောင်းပိုင်းတွင် ကျနော့လက်ကိုင်ဖုန်း စမြည်လာပါသည်။ ခေါ်ဆိုမှုများက မရပ်မနား တခုပြီးတခု ၀င်ရောက်လာပါ တော့သည်။ သတင်းဌာနများနှင့် သတင်းစာတိုက်များက ရန်ကုန်တွင် အသတ်ခံလိုက်ရသော အမည်မသိ ဂျပန်သတင်း ထောက်သည် ကျနော် ဟုတ်-မဟုတ် လှမ်း၍ စုံစမ်းနေကြခြင်း ဖြစ်သည်။ သြစတြေးလျတွင် နေထိုင်သော မြန်မာမိတ်ဆွေ တဦးကလည်း သတင်းကြားကြားချင်း ကျနော့အတွက်စိုးရိမ်တကြီး ဖြစ်ရကြောင်း ဖုန်းဖြင့်လှမ်းပြောပါသည်။ သူက ကျနော် ရန်ကုန်သွားတိုင်း စကားပြန် လုပ်ပေးသူဖြစ်ပါသည်။ သိပ်မကြာခင်မှာပင် ဂျပန်သတင်း မီဒီယာများက သေဆုံးသူ သတင်းထောက်မှာ ကန်ဂျီ နာဂါအီဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ကြပါသည်။ သူ့နာမည်မှာ ကျနော့အတွက် စိမ်းနေပါ သည်။ ကျနော်တို့ မတွေ့ဖူးခဲ့ကြပါ။
ရုပ်မြင်သံကြားသတင်းများက ရက်ပေါင်းများစွာ ကန်ဂျီနာဂါအီအပစ်ခံရသော သတင်းကို ထပ်ခါတလဲလဲ ထုတ်လွှင့် ပြသ နေခဲ့ပါသည်။ ဂျပန်ပြည်သူများ တုန်လှုပ်ခြောက်ခြားသွားကြပြီး ဒေါ်သလည်းထွက်ခဲ့ကြရသည်။ ဂျပန်အစိုးရသည်လည်း ထိတ်လန့်သွားပုံ ရပါသည်။ ဂျပန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရသည် အမှန်တကယ်ပင် ဆိုးညစ်ယုတ်မာသော အစိုးရ တရပ်ဖြစ်ကြောင်းကို ပထမဆုံးအကြိမ် သိရှိနားလည်လာခြင်း ဖြစ်တန်ရာသည်။
အောက်တိုဘာလ (၈) ရက်နေ့ တိုကျိုတွင် ကျင်းပသော ကန်ဂျီနာဂါအီ၏ ဈာပနအခမ်းအနားသို့ရာပေါင်းများစွာသော
အဝေးရောက် မြန်မာများက သူ့ကို ဂုဏ်ပြုရန်အတွက် တက်ရောက်ခဲ့ကြပါသည်။ သူတို့မုန်းသော (နအဖ) စစ်အစိုးရ ကိုယ်စား ကန်ဂျီ နာဂါအီ သေဆုံးရမှုတွက် တောင်းပန်ခဲ့ကြပါသည်။ မြန်မာ့ဒီမိုကရေစီရေးတိုက်ပွဲတွင် သူရဲကောင်းတဦး ဖြစ်လာသော ကန်ဂျီ နာဂါအီအတွက် ဂျပန်နိုင်ငံတွင် နေထိုင်ကြသော မြန်မာများက သူတို့၏ ၀မ်းနဲကြေကွဲမှုကို ထုတ်ဖော် ပြသခဲ့ကြခြင်းမှာ သဘာဝကျပါသည်။
မီဒီယာများက ကန်ဂျီနာဂါအီအကြောင်း ဖော်ပြကြရာတွင် သူ၏ပုဂ္ဂိုလ်အရည်အသွေးပေါ်တွင် အဓိကထားပြီး အီရတ်နှင့် အခြားနိုင်ငံများတွင် သူ၏စွမ်းဆောင်ချက်များ အသားပေးဖော်ပြခဲ့ကြပါသည်။ သို့သော်လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း စစ်အစိုးရအုပ်စိုးမှုအောက် မြန်မာနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော နောက်ခံ အချက်အလက်များကို ချန်လှပ်ထားခဲ့ကြပါသည်။ စစ်အစိုးရ အပေါ်ထားရှိသည့် ဂျပန်အစိုးရ၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ ဝေဖန်မေးခွန်းထုတ်ခြင်းမျိုး မပါဝင် သလောက်ပင် ဖြစ်သည်။ ဂျပန်အစိုးရက မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖြစ်ထွန်းရေးလမ်းကြောင်းဆီသို့ ဦးတည်ကူညီ ပို့ဆောင် နေခြင်းလော၊ သို့မဟုတ် (နအဖ) စစ်အစိုးရကို ကူညီနေခြင်းလော ဟူသည့်မေးခွန်းမျိုးကို မမေးခဲ့ပါ။
ဒီမိုကရေစီအင်အားစုများ၊ လူမျိုးစုငယ်တိုင်းရင်းသားကို ပိုမိုဦးစားပေးကူညီရမည့်အစား (နအဖ) စစ်ဗိုလ်ချုပ်ကြီးများကို ပို၍ မျက်နှာသာပေးနေသော ဂျပန်အစိုးရ၏ မူဝါဒကို ဓာတ်ပုံသတင်းထောက်တဦးအဖြစ် ကျနော်ဝေဖန်နေခဲ့ပါသည်။ ဂျပန် ထိပ်တန်းသံတမန်များ၏ အမျိုးမျိုးသော ပြောဆိုမှုများမှတဆင့် (နအဖ) စစ်အစိုးရအပေါ် ထားရှိသည့် ဂျပန်အစိုးရ၏
မူဝါဒကို ခံစားသိမြင်နိုင်ပါသည်။
ဥပမာအားဖြင့် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ယိုရီကို ကာဝါဂူချီက ၂၀၀၃ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည် ၏ မော်တော်ယာဉ်တန်းကို ဒီပဲရင်းအနီး တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍မေးမြန်းရာတွင် သူမက အောင်ဆန်းစုကြည်နဲ့ နအဖတို့ကြားမှာရှိတဲ့ စေ့စပ်ဆွေးနွေးနိုင်မှုအခြေအနေတွေကို မထိခိုက်နိုင်ပါဘူးဟု လက်လွတ်စပယ် ဖြေကြားခဲ့ဖူးပါသည်။ နောက်တနေ့တွင် ထိုဖြေကြားချက်ကို ပြန်လည်ရုတ်သိမ်းသွားခဲ့ပါသည်။
 |
| [Photo: Reuters] |
၂၀၀၆ ခုနှစ် မေလတွင် ကုသမဂ္ဂဆိုင်ရာ ဂျပန်သံအမတ်ကြီး ကင်ဇိုအိုရှီမာကလည်း မြန်မာနိုင်ငံ၏အခြေအနေသည် ဒေသတွင်းတည်ငြိမ်မှုကို မထိခိုက်စေနိုင်သေးပါ ဟု မှတ်ချက်ပြုပြီး တရုတ်၊ ရုရှားနိုင်ငံတို့နှင့်အတူ အမေရိကန်နှင့် ဥရောပပြည်ထောင်စုတို့၏ မြန်မာနိုင်ငံအရေးကိစ္စကို လုံခြုံရေးကောင်စီ၏ အစည်းအဝေးခေါင်းစဉ်တရပ်အဖြစ် ထားရှိရန် အဆိုပြု အားထုတ်မှုကို ဆန့်ကျင်ခဲ့ပါသည်။ နောက်ဆုံးနှင့်အရှက်အမဲ့ဆုံးသော မှတ်ချက်ကိုပြုခဲ့သူမှာ ၁၉၉၅ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော ယိုအိချီ ယာမာဂူချီပင် ဖြစ်သည်။ နာဂါအီ အသတ်ခံရပြီးနောက် ဂျပန်မီဒီယာများက သူပြောဆိုခဲ့သော ရှက်ရွံ့စရာကောင်းလှသည့် မှတ်ချက်အချို့ကို ပြန်လည် ကိုးကား ဖော်ပြခဲ့ကြပါသည်။
“အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆန္ဒပြသူများကို ငွေကြေးပေးခဲ့တယ်”
“အမှန်တကယ်တော့ အဲဒီမှာ (မြန်မာနိုင်ငံမှာ) နိုင်ငံရေးအကျဉ်းသားလို့ ဆိုရလောက်တဲ့သူ တယောက်မှ မရှိပါဘူး”
“စစ်အစိုးရက နိုင်ငံစီးပွားရေးကို နှစ်စဉ် ၅ % ပုံမှန်တိုးတက်နေအောင် စွမ်းဆောင်နိုင်ခဲ့တယ်၊ ဒါ့အပြင် ပြည်သူလူထု အများစုရဲ့ ယုံကြည်မှုကိုလည်း ရရှိနေပါပြီ” ဟု ဆိုခဲ့သေးသည်။
ကန်ဂျီ နာဂါအီသေဆုံးပြီးနောက် ဂျပန်အစိုးရက သိသိသာသာ တင်းမာသော ရပ်တည်ချက်မျိုးဖြင့်ရပ်တည်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီး ကိုမူရာက နယူးယောက် ကုလသမဂ္ဂအထွေထွေညီလာခံသို့ တက်ရောက်စဉ် (နအဖ) စစ်အစိုးရအား ဖြစ်ပျက်ခဲ့ရမှုများအတွက်တောင်းပန်ရန် တောင်းဆိုခဲ့ပါသည်။ သို့သော် အချိန်ကြာလာသည်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မြန်မာ အတိုက်အခံများအား ဆက်လက်ဖမ်းဆီး နှိပ်ကွပ်နေခြင်းကို ဂျပန်အစိုးရက တုံဏှိဘာဝေ ရေငုံနှုတ်ပိတ်နေလိုက် ပြန်ပါတော့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူဆောင်ရွက်မှုကို စောင့်မျှော်ခြင်းပင် ဖြစ်ပါသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ ကျေငြာချက်ထုတ်ပြန်ပြီး နောက်တွင် ဂျပန်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဖြစ်ပေါ်လာစေရန်အတွက် ကုလသမဂ္ဂနှင့် အာဆီယံနိုင်ငံများနှင့်အတူ ပူးပေါင်းကြိုးပမ်း အားထုတ် သွားပါမည်ဟု ကိုမူရာက ပြောခဲ့သည်။
နောက်ပိုင်းတွင် ဂျပန်နိုင်ငံက ယန်း ၅၅၂ သန်း (အမေရိကန်ဒေါ်လာ ၄. ၇ သန်း) တန် ချေးငွေအကူအညီကို ဖျက်သိမ်း ခဲ့ပါသည်။ ထိုချေးငွေကို လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးဌာန အဆောက်အဦး ဆောက်လုပ်ရန် လျာထားသောငွေ ဖြစ်သည်။
အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့ကြသော မြန်မာများကို ကူညီရန်အတွက် ၁၉၉၆ ခုနှစ်က တိုကျိုတွင်စတင်တည်ထောင်ခဲ့သည့် အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် မြန်မာပြည်သူ့ဖိုရမ်က ဂျပန်အစိုးရသို့ မေတ္တာရပ်ခံချက်တရပ် ပေးပို့မေတ္တာရပ်ခံခဲ့ပါသည်။ ထိုမေတ္တာရပ်ခံချက်တွင် ထိုင်းနိုင်ငံဒုက္ခသည်စခန်း များတွင် ပြောင်းရွှေ့အခြေချနေထိုင်နေကြနေရသော နေရပ်ရင်းစွန့်ခွါခဲ့ရသူ မြန်မာပြည်သူ ၁၆၀,၀၀၀ တို့အား လူသားချင်း စာနာမှုအကူအညီအပြည့်အ၀ ထောက်ပံ့ပေးခြင်းအားဖြင့် (နအဖ) စစ်အစိုးရအပေါ် ထားရှိသည့် ဂျပန်အစိုးရ၏ မူဝါဒကို အခြေခံကျကျပြောင်းလဲပေးရန် တင်ပြထားပါသည်။ ထိုအဖွဲ့ကပင် ဒီမိုကရေစီရေးဆန္ဒပြထုတ်ဖော်မှုကို ဖြိုခွဲတိုက်ခိုက် ရာတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအသင်းသို့ ပေးအပ်နေသော အကူအညီများကိုလည်း ရပ်တန့်ပေးရန် တောင်းဆိုခဲ့ပါသည်။
၂၀၀၆ ခုနှစ်အတွင်း ဂျပန်အစိုးရထံမှ ကြံ့ဖွံ့အသင်းက ကမကထပြုသည့် မူလတန်းကျောင်း ၃ ကျောင်း ဆောက်လုပ်ရန် အတွက် ဂျပန်ယန်းငွေ ၂၄ သန်း (အမေရိကန်ဒေါ်လာ ၂၀၉,၀၀၀) အကူအညီ ရရှိခဲ့ပါသည်။ ၎င်းအဖွဲ့ကပင် မြန်မာ စစ်အစိုးရသည် နိုင်ငံ၏ဘတ်ဂျက်ငွေ ၅၀ % ကျော်ကို စစ်ရေးအတွက် အသုံးပြုနေချိန်၌ မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေးဌာနများကို ပံ့ပိုးပေးနေသော လူသားချင်းစာနာမှုအထောက်အပံ့များကို ရပ်တန့်ရန် အတွက်လည်း မေတ္တာရပ်ခံ တောင်းဆိုထားပါသည်။ ထိုအဖွဲ့က ဂျပန်အစိုးရကို ဗိုလ်ချုပ်ကြီးများ ဆက်လက် အာဏာတည်မြဲရေးအတွက် အထောက် အပံ့ပေးနေမည့်အစား မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် မြန်မာပြည်သူများကိုသာ အကူအညီပေးစေလိုကြောင်း ဖော်ပြခဲ့ ကြသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သော တိုကျိုမြို့မှ မြန်မာတဦးက အဝေးရောက်မြန်မာများအနေဖြင့် ဂျပန် နိုင်ငံသား နှစ်ဦးကို အမှတ်ရနေကြမည်ဖြစ်ကြောင်း၊ တဦးကို မုန်းတီးမှုနှင့် အမှတ်ရနေမည်ဖြစ်ပြီး အခြားတဦးကိုမူ ချစ်ခင်လေးစားမှု ဖြင့် သတိတရဖြစ်နေမည် ဖြစ်ကြောင်း ပြောပါသည်။ တဦးမှာ ဂျပန်သံအမတ်ကြီးဟောင်း ယိုအိချီ ယာမာဂူချီဖြစ်ပြီး၊ နောက်တဦးမှာ ဓာတ်ပုံသတင်းထောက် ကန်ဂျီ နာဂါအီ ဖြစ်ပါတော့သည်။ [Top]
Yamamoto Monesuke ရေးသားထုတ်ဝေခဲ့သော စာအုပ်များတွင် မြန်မာကလေးငယ်များအကြောင်း (Burma's Children) စာအုပ်နှင့် မြန်မာ့ မဟာလှည့်စားမှု (Burma's Great Illusion) စာအုပ်တို့ ပါဝင်ပါသည်။ သူက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်းကို ဖော်ပြခဲ့ပြီးနောက်၊ ၁၉၉၈ ခုနှစ် မြန်မာနိုင်ငံတွင် သတင်းရယူနေစဉ် နှင်ထုတ်ခံခဲ့ရသူ တဦးလည်း ဖြစ်ပါသည်။
Yamamoto Monesuke ရေးသားသည့် Death of a Journalist ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ |